အစာဟောင်းအိမ် (Rectum) နှင့် စအိုလမ်းကြောင်း (Anal Canal) တွင် ဖြစ်နိုင်သော ရောဂါများအတွက် အဆိုပါအင်္ဂါများအတွင်းပိုင်းကို စမ်းသပ်စစ်ဆေးရန် လိုအပ်သည်။ လက်ချောင်းဖြင့် စအိုအတွင်း စစ်ဆေးခြင်း (Digital rectal examination) ဦးစွာပြုလုပ်ပြီးလျှင် လိုအပ်ပါက စအိုမှန်ပြောင်းတို (Proctoscope) ဖြင့် ကြည့်ရှုစစ်ဆေးလေ့ရှိသည်။ စအိုမှန်ပြောင်းတိုကို သတ္တု (သို့မဟုတ်) ပလတ်စတစ်ဖြင့် ပြုလုပ်ထားပြီး စအိုလမ်းကြောင်းတစ်လျှောက်မှ အစာဟောင်းအိမ်အောက်ပိုင်းအထိ ကြည့်ရှုစစ်ဆေးနိုင်သည်။ စအိုမှန်ပြောင်းတိုစစ်ဆေးခြင်းသည် ရောဂါရှာဖွေရေးအတွက်သာမက အချို့ သောကုသမှုများကို ပြုလုပ်ပေးနိုင်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
- အစာဟောင်းအိမ် (သို့မဟုတ်) စအိုအတွင်းရှိ ရောဂါများ ရှာဖွေဖော်ထုတ်ခြင်း
- စအိုအတွင်း သွေးယိုစိမ့်ရသည့် အကြောင်းရင်းကို ရှာဖွေခြင်း
- ဝမ်းချုပ်ခြင်း (သို့မဟုတ်) ချွဲဝမ်းသွားရခြင်း အကြောင်းရင်းကို ရှာဖွေခြင်း
- အသားပိုအလုံး (သို့မဟုတ်) အလုံးအကျိတ်များရှိပါက ဖယ်ရှားခြင်း
- အစာဟောင်းအိမ်ကင်ဆာ ကုသမှုအပြီး အကျိတ်ပြန်တည်မှုကို စောင့်ကြည့်စစ်ဆေးခြင်း
- အူမကြီးကင်ဆာရောဂါ ပုံမှန်စစ်ဆေးခြင်း စသည်တို့ဖြစ်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
မှန်ပြောင်းကြည့်ရှုခြင်း
- စအိုအတွင်း မှန်ပြောင်းတိုဖြင့် ကြည့်ရှုစစ်ဆေးရာတွင် မေ့ဆေး၊ အိပ်ဆေးများ အသုံးပြုရန် မလိုအပ်ဘဲ မိနစ်ပိုင်းမျှသာ ကြာမြင့်ပြီး ပြင်ပလူနာအနေဖြင့်သာ ကြည့်ရှုစစ်ဆေးနိုင်သည်
- မှန်ပြောင်းတိုမကြည့်ရှုမီ လက်ချောင်းဖြင့် စအိုအတွင်းစစ်ဆေးခြင်းကို ကနဦးပြုလုပ်သည်
- ထို့နောက် ထုံဆေးချောဆီ သုတ်လိမ်းထားသော စအိုတွင်းကြည့်မှန်ပြောင်းတိုဖြင့် စအိုအတွင်း ဖြည်းညင်းစွာထည့်သွင်းကာ အနာ၊ အလုံးအကျိတ်၊ လိပ်ခေါင်းသွေးကြောနှင့် ပြောင်းလဲမှုများကို ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်
- သံသယဖြစ်ဖွယ်နေရာများ တွေ့ရှိပါက အထူးပြုလုပ်ထားသော ကိရိယာဖြင့် အသားစထုတ်ယူပြီး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည်
- စစ်ဆေးမှုပြီးဆုံးလျှင် မှန်ပြောင်းတိုကို ဖြည်းညင်းစွာ ပြန်ထုတ်မည်ဖြစ်သည်
- ကြည့်ရှုစစ်ဆေးစဥ် ဝမ်းသွားချင်စိတ် ဖြစ်ပေါ်လာတတ်သည်
- နာကျင်မှု မခံစားရသော်လည်း အနည်းငယ် ကသိကအောက်ဖြစ်တတ်သည်
- လိုအပ်ပါက မှန်ပြောင်းမှတစ်ဆင့် အသုံးပြုရသော ခွဲစိတ်ခန်းသုံးကိရိယာများဖြင့် အသားပိုအလုံး (သို့မဟုတ်) အကျိတ်ထုတ်ခြင်း၊ သွေးထွက်နေသောနေရာ တွေ့ပါက သွေးတိတ်အောင်ပြုလုပ်ခြင်းများကို ပြုလုပ်နိုင်သည်
- တချို့သော အတွင်းလိပ်ခေါင်းတို့ကို သွေးတိတ်အောင် သားရေကွင်းပစ်ခြင်း၊ ဆေးထိုးခြင်းတို့ကို မှန်ပြောင်းမှတစ်ဆင့် ပြုလုပ်၍ရသည်
နောက်ဆက်တွဲဆိုးကျိုးများ
မှန်ပြောင်းထည့်သွင်းချိန် စအိုနှင့် အစာဟောင်းအိမ်နံရံများ ပွန်းခြင်းကြောင့် တစ်ခါတစ်ရံ သွေးအနည်းငယ်ထွက်နိုင်ပြီး ပိုးဝင်နိုင်သည်။ ယင်းနောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေမှာ အလွန်နည်းသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မှန်ပြောင်းတိုကြည့်ပြီး အောက်ပါလက္ခဏာများပြသပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပြန်လည်ပြသပါ။
- ဖျားခြင်း
- ပြင်းထန်စွာ ဗိုက်အောင့်ခြင်း
- ဝမ်းသွားသွေးပါခြင်း
- ရက်အနည်းငယ်ကြာသည့်အထိ စအိုဝမှ သွေးထွက်ခြင်း
လိုက်နာဆောင်ရွက်ရမည့် အချက်များ
ကြည့်ရှုစစ်ဆေးမှု မပြုလုပ်မီပြင်ဆင်ခြင်း
အစာဟောင်းအိမ်အတွင်း မစင်များကင်းစင်ပါက ပိုမိုလွယ်ကူစွာ ကြည့်ရှုစစ်ဆေးနိုင်ပြီး ရောဂါကို ပိုမိုတိကျစွာ ဖော်ထုတ်နိုင်သည်။ ထို့ကြောင့် အစာဟောင်းအိမ်အတွင်းရှိ မစင်များ အကုန်အစင်သန့်စင်ရန် အရေးကြီးသည်။
- ဝမ်းချူသည့်နည်းလမ်းများစွာရှိသည့်အနက် ဝမ်းချူဆေးရည်ကို အသုံးများပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ရမည်
References:
- Al-Hureibi, K. A., Chan, J. W., & Ziprin, P. (2022). Evaluation of pelvic disease. In G. R. McLatchie, N. H. S. Kumar, & A. W. Craig (Eds.), Oxford handbook of clinical surgery (5th ed., pp. 66–67). Oxford University Press.
- Cleveland Clinic. (2024). Proctoscopy (rigid sigmoidoscopy). Retrieved July 12, 2025, from https://my.clevelandclinic.org/health/procedures/10749-proctoscopy
- WebMD. (2025). What is proctoscopy? Retrieved July 12, 2025, from https://www.webmd.com/colorectal-cancer/proctoscopy
Published Date: 30 August 2024
Last updated: 17 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.