အေအက်စ်အို (Anti-Streptolysin O – ASO) ဆိုသည်မှာ Streptococcus ခေါ် ဘက်တီးရီးယားပိုး ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ ထိုပိုးကို တုံ့ပြန်သည့်အနေဖြင့် ခန္ဓာကိုယ်မှ ထုတ်လုပ်လိုက်သော ခုခံဓာတ် (ပဋိပစ္စည်း) တစ်မျိုးဖြစ်သည်။ ASO သည် ရောဂါပိုး မဟုတ်သကဲ့သို့ ASO ပမာဏ တက်နေရုံဖြင့် ရောဂါအမည်တပ်၍ မရပေ။
ASO စစ်ဆေးခြင်းဖြင့် လွန်ခဲ့သော တစ်ပတ် မှ တစ်လအတွင်း Streptococcus ဘက်တီးရီးယားပိုး ဝင်ရောက်ခဲ့ကြောင်းကို အထောက်အထားပြနိုင်သည်။ လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း သို့မဟုတ် အရေပြားပြည်တည်နာများကဲ့သို့ ရောဂါလက္ခဏာများကြောင့် ASO တက်နေနိုင်သည်။
နောက်ဆက်တွဲရောဂါများနှင့် ဆက်စပ်မှု
Streptococcus ဘက်တီးရီးယားပိုး ဝင်ရောက်လာပြီးနောက် ခန္ဓာကိုယ်၏ ကိုယ်ခံအားတုံ့ပြန်မှုများကြောင့် အချို့သောသူများတွင် နောက်ဆက်တွဲရောဂါများ ဆက်လက်ဖြစ်ပေါ်လာတတ်သည်။
- လေးဘက်နာနှလုံးရောဂါ (Rheumatic Fever)
ခြေလက်အဆစ်ကြီးများ တစ်ဆစ်ပြီးတစ်ဆစ် ရောင်ရမ်းခြင်း၊ အရေပြားတွင် အနီရောင်အကွက်အဖုများ ဖြစ်ပေါ်ခြင်း၊ ခြေလက် အကြောဆွဲပုံစံ (Chorea) ဖြစ်ပေါ်ခြင်းနှင့် နှလုံးရောင်ရမ်းခြင်းစသော လက္ခဏာများ ဖြစ်ပေါ်တတ်သည်။ - ကျောက်ကပ်ရောင် ရောဂါ (Acute Glomerulonephritis)
မျက်နှာဖောလာခြင်း၊ ဆီးသွားနည်းလာခြင်း၊ ဆီးအနီရောင်သွားခြင်းနှင့် သွေးတိုးခြင်းစသော လက္ခဏာများ တွေ့ရသည်။
သို့သော် Streptococcus ဘက်တီးရီးယားပိုးဝင်တိုင်း အထက်ပါ နောက်ဆက်တွဲရောဂါများ မဖြစ်ပါ။ ဥပမာ_ ရောဂါပိုးဝင်သူ အယောက် (၃၀၀) တွင် လေးဘက်နာဖြစ်သူ တစ်ယောက်ခန့်သာရှိသည်။
ASO စစ်ဆေးခြင်း ပြုလုပ်ရန် သင့်မသင့်
ASO စစ်သင့်သောအချိန်
လေးဘက်နာနှင့် ကျောက်ကပ်ရောင်ရောဂါတို့၏ ရောဂါလက္ခဏာများ ရှိနေလျှင် ယခင်က Streptococcus ဘက်တီးရီးယားပိုး ဝင်ရောက်ခဲ့ခြင်း ရှိမရှိကို အထောက်အထားယူရန် ASO ကို စစ်ဆေးသင့်သည်။
ASO မစစ်သင့်သောအချိန်
လေးဘက်နာနှင့် ကျောက်ကပ်ရောင်ရောဂါများ၏ လက္ခဏာများ မရှိဘဲ သာမန် ညောင်းညာကိုက်ခဲရုံမျှဖြင့် ASO ကို လုံးဝ မစစ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ရောဂါလက္ခဏာမရှိဘဲ ASO တက်နေပါက ထိုရောဂါများအဖြစ် သတ်မှတ်၍မရသောကြောင့် စိုးရိမ်ပူပန်မှုများသာ ပိုဖြစ်စေနိုင်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
ASO စစ်ဆေးရန်အတွက် အထူးကြိုတင်ပြင်ဆင်မှု မလိုအပ်ပေ။ အစာရှောင်ရန်လည်း မလိုအပ်ပါ။ များသောအားဖြင့် လက်ဖျံသွေးပြန်ကြောမှ သွေးကိုယူ၍ ဓာတ်ခွဲခန်းသို့ ပို့စစ်ဆေးပြီး တစ်ရက်အတွင်း အဖြေကို သိရှိနိုင်သည်။
သိရှိနိုင်သောအဖြေများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်
သွေးအဖြေမှ ASO ပမာဏ ပုံမှန် သို့မဟုတ် တက်နေကြောင်း သိနိုင်သည်။
- ASO တက်နေပြီး လေးဘက်နာ သို့မဟုတ် ကျောက်ကပ်ရောင် ရောဂါလက္ခဏာများလည်း ရှိနေလျှင် ၎င်းရောဂါများ ဖြစ်နေကြောင်း သတ်မှတ်နိုင်သည်
- ASO တက်နေသော်လည်း လေးဘက်နာ သို့မဟုတ် ကျောက်ကပ်ရောင် ရောဂါလက္ခဏာများ လုံးဝမရှိလျှင် လက်ရှိတွင် ၎င်းရောဂါများ ဖြစ်နေခြင်းဟု သတ်မှတ်၍မရဘဲ၊ ယခင်က ရောဂါပိုးဝင်ရောက်ဖူးကြောင်းသာ ပြဆိုသည်
ASO စစ်ဆေးခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုး မရှိပါ။
အချုပ်ဆိုရလျှင်
- ASO သည် ရောဂါပိုး မဟုတ်ပါ၊ ယခင်က ရောဂါပိုးဝင်ခဲ့၍ ခန္ဓာကိုယ်မှ ထုတ်လုပ်သော ပဋိပစ္စည်း (ခုခံဓာတ်) သာဖြစ်သည်
- လောလောဆယ် ပြည်တည်နာ သို့မဟုတ် အာသီးရောင်ခြင်းများ ဖြစ်နေပါက ပဋိဇီဝပိုးသတ်ဆေးများဖြင့် ထိထိရောက်ရောက် ကုသပါ
- ASO တက်နေသော်လည်း ရောဂါလက္ခဏာ တစ်စုံတစ်ရာမှ မရှိပါက လက်ရှိရောဂါဖြစ်နေခြင်း မဟုတ်သောကြောင့် ပိုးသတ်ဆေး ထပ်မံသောက်ရန် မလိုပေ
- သာမန် ညောင်းညာကိုက်ခဲပြီး၊ လေးဘက်နာ၊ ကျောက်ကပ်ရောင် လက္ခဏာများ မရှိလျှင် ASO ကို လုံးဝ မစစ်သင့်ပါ။
- ASO တက်တိုင်း လေးဘက်နာရောဂါ မဟုတ်ပါ
References:
- WebMD. (2025). What to know about antistreptolysin O titer. Retrieved July 17, 2025, from https://www.webmd.com/oral-health/what-to-know-antistreptolysin-o-titer
- UCSF Health. (n.d.). Antistreptolysin O titer. Retrieved July 17, 2025, from https://www.ucsfhealth.org/medical-tests/antistreptolysin-o-titer
Published Date: 30 August 2024
Last updated: 11 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.