Kidney transplant (ကျောက်ကပ်အစားထိုးကုသခြင်း)

Kidney transplant (ကျောက်ကပ်အစားထိုးကုသခြင်း)

ကျောက်ကပ်အစားထိုးကုသခြင်းသည် နာတာရှည် ကျောက်ကပ်လုပ်ငန်းပျက်စီးနေသော သို့မဟုတ် ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့် လူနာများအတွက် ကုသနည်းတစ်မျိုးဖြစ်သည်။

ကျောက်ကပ်အလှူရှင်ထံမှ ကျောက်ကပ်ကို ခွဲစိတ်ထုတ်ယူပြီး အစားထိုးခံမည့်လူနာ၏ ခန္ဓာကိုယ်တွင်းသို့ ခွဲစိတ်တပ်ဆင်ပေးခြင်းဖြစ်သည်။ ကျောက်ကပ်အလှူရှင်သည် သေဆုံးပြီဟု သတ်မှတ်ထားသော လူ (သို့မဟုတ်) သက်ရှိလူထံမှ ဖြစ်နိုင်သည်။ ပျက်စီးနေသော ကျောက်ကပ် (၂) ခုလုံးအတွက် ကျောက်ကပ်တစ်လုံးသာ အစားထိုးနိုင်သည်။

ခန္ဓာကိုယ်တွင် ပဲကြီးစေ့သဏ္ဌာန် ကျောက်ကပ် ဘယ်၊ ညာ တစ်စုံပါရှိသည်။ လက်သီးဆုပ်အရွယ်ခန့်ရှိပြီး နံရိုးအောက်ဘက် ကျောရိုးမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် တည်ရှိသည်။ ကျောက်ကပ်၏ အဓိကလုပ်ငန်းမှာ သွေးအတွင်းမှ အညစ်အကြေးများကို ဆီးအဖြစ်စွန့်ထုတ်ခြင်းနှင့် ကိုယ်ခန္ဓာအတွက် အကျိုးပြုသော သတ္တုဓာတ်နှင့်ရေဓာတ်ကို ပြန်လည်စစ်ယူထားခြင်းဖြစ်သည်။

ကျောက်ကပ်လုပ်ငန်းဆောင်တာများ မပြုလုပ်နိုင်ပါက အန္တရာယ်ဖြစ်စေသည့် အရည်နှင့်အညစ်အကြေးများ ခန္ဓာကိုယ်အတွင်း စုပုံလာမည်ဖြစ်သည်။ ရလဒ်အနေဖြင့် သွေးပေါင်ချိန်တက်လာခြင်း၊ ဖောလာခြင်းနှင့် နောက်ဆုံး ကျောက်ကပ်ပျက်စီးခြင်းအထိ ဖြစ်ပွါးနိုင်သည်။

Kidney transplant image1
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

ကျောက်ကပ်အစားထိုးကုသခြင်းကို

  1. ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့်ဖြစ်ခြင်း
  2. နာတာရှည် ကျောက်ကပ်လုပ်ငန်း ပျက်စီးခြင်း စသည့်အခြေအနေများတွင် ပြုလုပ်ကုသလေ့ရှိသည်။

ကျောက်ကပ်ရောဂါနောက်ဆုံးအဆင့် ဖြစ်ပေါ်စေနိုင်သော (သို့မဟုတ်) နာတာရှည် ကျောက်ကပ်လုပ်ငန်းပျက်စီးစေနိုင်သော အကြောင်းရင်းများမှာ_

  • ဆီးချိုရောဂါ
  • ကုသရခက်သော နာတာရှည် သွေးတိုးရောဂါ၊ နာတာရှည် ကျောက်ကပ်ရောင်ရောဂါ
  • ကျောက်ကပ် အရည်အိတ်တည်ရောဂါ စသည့်ရောဂါများ အဖြစ်များဆုံးဖြစ်သည်။

အခြားကျောက်ကပ်ရောဂါများဖြစ်သော

  • SLE ရောဂါ
  • ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း ကျောက်တည်ခြင်းနှင့်
  • မွေးရာပါ ကျောက်ကပ်ဖွဲ့စည်းပုံမမှန်ခြင်း စသည်တို့ကြောင့်လည်း ကျောက်ကပ်လုပ်ငန်းများ ပျက်စီးနိုင်သည်။
ကျောက်ကပ်အစားထိုးရန် မဖြစ်နိုင်သော အခြေအနေများ
  • အသက်အရွယ်ကြီးလွန်းခြင်း
  • ပြင်းထန်သော နှလုံးရောဂါရှိခြင်း
  • ကင်ဆာရောဂါရှိခြင်း (သို့မဟုတ်) ကင်ဆာရောဂါကုသမှု ခံယူပြီးခါစ လူနာဖြစ်ခြင်း
  • မှတ်ဉာဏ်ချို့ယွင်းခြင်း ရောဂါစု (သို့မဟုတ်) စိတ်ရောဂါ ဆိုးဝါးနေခြင်း
  • အရက် (သို့မဟုတ်) မူးယစ်ဆေး စွဲခြင်း စသည့်အခြေအနေများတွင် အကြီးစားခွဲစိတ်မှုများ ပြုလုပ်ရန် မသင့်တော်သောကြောင့် ကျောက်ကပ်အစားထိုးခြင်း ပြုလုပ်၍ မရနိုင်ပါ။

ရရှိနိုင်သော အကျိုးကျေးဇူးများ

  • ကျောက်ကပ်ဆေးရန် မလိုအပ်တော့ခြင်း
  • ယခင်ကျောက်ကပ် ရောဂါလက္ခဏာများဖြစ်သော နုံးချည့်ခြင်း၊ မောခြင်းများ မခံစားရတော့ခြင်း
  • အကန့်အသတ်ဖြင့် စားသောက်ခြင်းကို လျော့ကျစေခြင်း
  • သက်တမ်းပိုရှည်စွာနေနိုင်ခြင်း
  • အသက်ရှင်နေထိုင်မှု ဘဝအရည်အသွေးကို မြင့်တက်လာခြင်းစသည့် ကောင်းကျိုးများရှိသည်။
ကြိုတင်သိရှိထားရမည့် အချက်များ
ကျောက်ကပ်အစားထိုးခြင်း မပြုလုပ်မီ

ကျောက်ကပ်အစားထိုးဌာနမှ ကျန်းမာရေးအဖွဲ့သည် ကျောက်ကပ်အစားထိုးကုသမှု ခံနိုင်ရည်ကောင်းစွာ ရှိမရှိ စစ်ဆေးမည်ဖြစ်သည်။ ရက်သတ္တပတ်ပေါင်းများစွာ ရက်ချိန်းများအတိုင်း အဆင့်ဆင့် စစ်ဆေးမှုခံယူရသည်။

  • သွေးအုပ်စုစစ်ဆေးခြင်း၊ အလှူရှင်၏သွေးအုပ်စု၊ အလှူရှင်၏တစ်ရှူးနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးခြင်း
  • ရောဂါပိုးများ ရှိမရှိ သွေးစစ်ခြင်း
  • တစ်ကိုယ်လုံး၏ အရေပြားပေါ်တွင် ကင်ဆာဖြစ်နိုင်သည့် အလုံးအကျိတ် အကွက်များကို စစ်ဆေးခြင်း
  • အီးစီဂျီ (ECG)၊ အသံလှိုင်းသုံးနှလုံးပုံရိပ်​ဖော်စက်ဖြင့်စစ်​ဆေးခြင်း (Echo)
  • အခြားကင်ဆာရောဂါများ ရှိမရှိ
  • အသည်းအနီးတစ်ဝိုက်ရှိ သည်းခြေအိတ်၊ ပန်ကရိယ၊ အူသိမ်၊ သွေးကြောများစသည့် ကိုယ်တွင်းကလီစာများကို စစ်ဆေးခြင်း
  • လိုအပ်လျှင် အူမကြီး မှန်ပြောင်းကြည့်ခြင်း စသည်တို့ ပြုလုပ်ရန် လိုအပ်သည်။
သိရှိထားရမည့် အရေးကြီးအချက်များ
  • ကျောက်ကပ်အစားထိုးခြင်းသည် နာတာရှည် ကျောက်ကပ်လုပ်ငန်း ပျက်စီးနေသော လူနာများကို သက်တမ်းရှည်စေပြီး ဘဝအရည်အသွေးကို မြှင့်တင်ပေးသည်
  • ကျောက်ကပ်အစားထိုးခြင်းဖြင့် မူလကျောက်ကပ်ရောဂါများ ပျောက်ကင်းသွားမည်မဟုတ်ပါ
  • ကျောက်ကပ်အစားထိုးခြင်းတွင် ကောင်းကျိုးများ ရှိသလို အန္တရာယ်ဖြစ်နိုင်ခြေများလည်း ရှိသည်
  • ကျောက်ကပ်အစားထိုးမပြုမီ ခွဲစိတ်မှု အောင်မြင်ရန် စစ်ဆေးမှုများစွာ ပြုလုပ်ရန် လိုအပ်သည်
  • ကျောက်ကပ်ရောဂါ လူနာတိုင်းတွင် ကျောက်ကပ်အစားထိုး၍ မရနိုင်ပါ
ကုသပုံအဆင့်ဆင့်
ကျောက်ကပ် အစားထိုးကုသခြင်း အမျိုးအစားများ
  1. သေဆုံးပြီးဟု ကျွမ်းကျင်ကျန်းမာရေးပညာရှင်များအဖွဲ့မှ သတ်မှတ်ထားသော သက်မဲ့အလှူရှင်ထံမှ ကျောက်ကပ်ဖြင့် အစားထိုးခြင်း (Deceased-donor kidney transplant)
  2. သက်ရှိအလှူရှင်ထံမှ ကျောက်ကပ်ဖြင့် အစားထိုးခြင်း (Living-donor kidney transplant) ဟူ၍ ရှိသည်။
Kidney Transplant IMG2
ကျောက်ကပ်အစားထိုးခွဲစိတ်မှု
  • မေ့ဆေးအသုံးပြု၍ ခွဲစိတ်မည်
  • ခွဲစိတ်နေစဥ် နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ သွေးတွင်းအောက်ဆီဂျင်ပမာဏတို့ကို စောင့်ကြည့်တိုင်းတာထားမည်
  • ဝမ်းဗိုက်ဘေးဘက်အောက်ပိုင်းတွင် ခွဲကြောင်းပေး၍ ပျက်စီးနေသော ကျောက်ကပ်ကို မထုတ်ဘဲ အစားထိုးကျောက်ကပ်ကို ခွဲစိတ်ထည့်သွင်းမည်
  • သို့သော် ပျက်စီးနေသော ကျောက်ကပ်ကြောင့် မကြာခဏပိုးဝင်ခြင်း၊ သွေးတိုးခြင်း၊ ကျောက်တည်ခြင်းကြောင့် နာကျင်ခြင်းစသည့် ပြဿနာများရှိပါက ပျက်စီးနေသော ကျောက်ကပ်ကို ခွဲထုတ်မည်ဖြစ်သည်
  • အစားထိုးကျောက်ကပ်သို့ သွေးကြောများ၊ ဆီးပြွန်များ ပြန်ဆက်မည်
ခွဲစိတ်မှုပြီးနောက်
  • ကျောက်ကပ်အစားထိုးခွဲစိတ်ပြီးနောက် ဆေးရုံတွင် တစ်ပတ်ခန့် ဆက်လက်စောင့်ကြည့်ကုသရန် လိုအပ်သည်၊ အစားထိုးထားသော ကျောက်ကပ်သည် အချို့လူနာများတွင် ချက်ချင်း အလုပ်ပြန်လုပ်သော်လည်း အချို့လူနာများတွင် ရက်ပေါင်းများစွာ စောင့်ရတတ်သည်၊ ယင်းကာလတွင် ယာယီကျောက်ကပ်ဆေးခြင်း လိုအပ်နိုင်သည်
  • ကျောက်ကပ်အစားထိုးပြီး (၈) ပတ်ခန့်အတွင်း အလုပ်ပြန်တက်နိုင်ပြီး ပုံမှန်လုပ်ငန်းဆောင်တာများ ပြုလုပ်နိုင်သည်
  • အနာမကျက်မချင်း [ခွဲစိတ်ပြီး ခြောက်ပတ်ခန့်အတွင်း၊ (၁၀) ပေါင်အထက် လေးလံသောအရာဝတ္ထုများကို မ ခြင်း မလုပ်ရပါ
  • ဆေးရုံဆင်းပြီးခါစတွင် အစားထိုးကျောက်ကပ်ကို မိမိခန္ဓာကိုယ်မှ တိုက်ထုတ်ခြင်းကို စောင့်ကြည့်ရန် မကြာခဏ သွေးစစ်ဆေးရန် လိုအပ်သည်၊ ဆရာဝန်နှင့် မကြာခဏ ပြန်လည်ပြသရမည်
  • ခုခံအားနှိမ့်ချဆေးဝါးများကို ဘဝတစ်သက်တာလုံး သောက်သုံးရမည်
နောက်ဆက်တွဲဆိုးကျိုးများ

ကျောက်ကပ်အစားထိုးခွဲစိတ်ခြင်းသည် ကြီးမားသော ခွဲစိတ်မှုကြီးဖြစ်ပြီး နောက်ဆက်တွဲပြဿနာများလည်း ဖြစ်ပေါ်နိုင်သည်။ ၎င်းတို့မှာ_

  • သွေးထွက်ခြင်း
  • ခြေထောက်သွေးကြောပိတ်ခြင်း၊ အဆုတ်သွေးကြောပိတ်ခြင်း
  • ပိုးဝင်ခြင်း၊ ပိုးဆိပ်တက်ခြင်း
  • ဆီးလမ်းကြောင်းမှ ဆီးယိုစိမ့်ခြင်း
  • ဆီးလမ်းကြောင်းကျဥ်းခြင်း
  • အစားထိုးကျောက်ကပ်ကို မိမိခန္ဓာကိုယ်မှ လက်မခံပဲ တိုက်ထုတ်ခြင်း
  • အစားထိုးကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်ခြင်း
  • အစားထိုးကျောက်ကပ်တွင် ပိုးဆက်ဝင်ခြင်း (သို့မဟုတ်) ကင်ဆာဆက်ဖြစ်ခြင်း
  • သွေးတိုးရောဂါရှိလာခြင်း၊ နှလုံးအမောဖောက်ခြင်း၊ ထိုရောဂါများ နဂိုကတည်းကရှိခဲ့လျှင် ပိုဆိုးလာခြင်း၊ လေဖြတ်ခြင်း
  • အသက်ဆုံးရှုံးခြင်း စသည်တို့ ဖြစ်ပွါးနိုင်သည်။

နောက်ဆက်တွဲပြဿနာများကြောင့် ထပ်မံခွဲစိတ်ကုသရမှုများလည်း ရှိနိုင်သည်။ ကျောက်ကပ်အစားထိုးပြီး အချိန်အတော်ကြာမှ အထက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်နိုင်သည်။

ကျောက်ကပ်အစားထိုးပြီး သောက်သုံးရသည့် ခုခံအားနှိမ့်ချဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ

ကျောက်ကပ်အစားထိုးပြီးချိန်တွင် အစားထိုးကျောက်ကပ်ကို မိမိခန္ဓာကိုယ်မှ မတိုက်ခိုက်ရန် ခုခံအားနှိမ်သည့်ဆေးဝါးများ (Anti-rejection medication) ကို တစ်သက်စာ သောက်သုံးရန် လိုအပ်သည်။ ယင်းဆေးဝါးများကြောင့် ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ_

  • အရိုးပါးခြင်း
  • သွေးချို၊ ဆီးချိုရောဂါ
  • ခန္ဓာကိုယ်ပေါ်ရှိ အမွေးများ ပိုထွက်လာခြင်း (သို့မဟုတ်) အမွေးများကျွတ်ခြင်း
  • သွေးတိုးခြင်း
  • သွေးတွင်း ကိုလက်စထရောအဆီများခြင်း စသည်တို့ဖြစ်သည်။

အခြားဘေးထွက်ဆိုးကျိုးများမှာ_

  • အရေပြားကင်ဆာ၊ အကျိတ်ကင်ဆာရောဂါ (Lymphoma) စသည့် ကင်ဆာရောဂါများ ပိုဖြစ်ပွါးနိုင်ခြင်း
  • ပိုးဝင်ခြင်း
  • ဖောရောင်ခြင်း (အထူးသဖြင့် _ မျက်နှာ)
  • ကိုယ်အလေးချိန်တိုးလာခြင်း
  • ဝက်ခြံများထွက်လာခြင်း စသည်တို့ဖြစ်သည်။
လိုက်နာဆောင်ရွက်ရမည့်အချက်များ
ကျောက်ကပ်အစားထိုးပြီး စားသောက်မှုပုံစံ

အစားထိုးကျောက်ကပ် ကျန်းမာနေရေးအတွက် အာဟာရပြည့်ဝစွာ စားသုံးရန် လိုအပ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန် ရရှိထိန်းထားရန်အတွက် အာဟာရကျန်းမာရေးပညာရှင်ထံမှ အကြံဉာဏ်ရယူရမည်။ အောက်ပါအချက်များကို လိုက်နာသင့်သည်။

  • တစ်နေ့လျှင် အသီးနှင့်အရွက်ကို အနည်းဆုံး (၅) ကြိမ်ခန့် စားသုံးခြင်း
  • ဂရိတ်ဖရုသီးနှင့် ဂရိတ်ဖရုသီးဖျော်ရည်များကို ရှောင်ကြဥ်ခြင်း
  • အမျှင်ဓာတ် လုံလောက်အောင် စားသုံးခြင်း
  • အဆီနည်းသော နို့နှင့်နို့ထွက်ပစ္စည်းများကို စားသုံးခြင်း
  • အသား၊ ငါးများ စားသုံးခြင်း
  • ဆားဓာတ်နည်းသော၊ အဆီနည်းသော အစားအစာများ စားသုံးခြင်း
  • ရေဓာတ်ပြည့်ဝစေရန် ရေ၊ အရည်များများ သောက်ခြင်း
  • တစ်ရက်လျှင် မိနစ် (၃၀) ခန့်၊ တစ်ပတ် (၅) ရက် လေ့ကျင့်ခန်းလုပ်ခြင်း စသည်တို့ဖြစ်သည်။

References:

  1. Johns Hopkins Medicine. (2024). Kidney transplant. Retrieved July 10, 2025, from https://www.hopkinsmedicine.org/health/treatment-tests-and-therapies/kidney-transplant
  2. Mayo Clinic. (n.d.). Kidney transplant. Retrieved July 10, 2025, from https://www.mayoclinic.org/tests-procedures/kidney-transplant/about/pac-20384777

Published Date: 30 August 2024

Last updated: 25 September 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.