Minimally Invasive Surgery (မှန်ပြောင်းထည့် ခွဲစိတ်ကုထုံး)

Minimally Invasive Surgery (မှန်ပြောင်းထည့် ခွဲစိတ်ကုထုံး)

လွန်ခဲ့သော နှစ်ပေါင်းများစွာက ကိုယ်တွင်းအင်္ဂါရောဂါများကို ခွဲစိတ်ကုသရာတွင် ခွဲကြောင်းရာရှည်ရှည်ပေး၍ ခွဲစိတ်ခဲ့ကြသည်။ ၄င်းကို ဝမ်းဗိုက်ဖွင့်ခွဲစိတ်ခြင်း (Open Surgery) ဟုခေါ်သည်။ ၄င်း Open Surgery များထက် လူနာကို ခွဲစိတ်မှုဒဏ်ခံရမှုနည်းသော ခွဲစိတ်နည်းများကို အသုံးပြုရန် ကြိုးစားလာရာမှ မှန်ပြောင်းထည့်ခွဲစိတ်နည်းများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဝမ်းဗိုက်အတွင်းရှိ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများကို မှန်ပြောင်းဖြင့် စစ်ဆေး၍ ရောဂါရှာဖွေခြင်း (Diagnostic Laparoscopy) သည် ပထမဆုံးသော မှန်ပြောင်းအသုံးပြုသည့်ကုထုံးဖြစ်သည်။

Minimally Invasive Surgery
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
မှန်ပြောင်းထည့် ခွဲစိတ်နည်းအမျိုးမျိုး
  • ဝမ်းဗိုက်အတွင်းရှိ ကိုယ်တွင်းအင်္ဂါရောဂါများကို မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Laparoscopic surgery)
    ဥပမာ_
    • သည်းခြေအိတ်ထုတ်ခြင်း (Cholecystectomy)
    • အစာအိမ်ကင်ဆာ ဖြတ်ထုတ်ကုသခြင်း (Stomach cancer surgery)
    • အူလမ်းကြောင်း အလုံးအကျိတ်ရောဂါများ ဖြတ်ထုတ်ကုသခြင်း (Colon and Rectal surgery)
    • ဘေလုံးထုတ်ခြင်း (Splenectomy)
    • ကျောက်ကပ်ဖြတ်ထုတ်ကုသခြင်း (Nephrectomy)
    • ကျောက်ကပ်အစားထိုးကုသခြင်း (Kidney transplant)
  • ရင်ဘတ်အတွင်းရှိ ကိုယ်တွင်းအင်္ဂါရောဂါများကို ခွဲစိတ်ခြင်း (Video-assisted thoracoscopic surgery)
    ဥပမာ_
    • နှလုံးခွဲစိတ်ကုသခြင်း (Heart surgery)
    • အဆုတ်ခွဲစိတ်ကုသခြင်း (Lung surgery)
    • မီးယပ်ရောဂါများ ခွဲစိတ်ကုသခြင်း (Gynaecological surgery)
    • နားနှာခေါင်းလည်ချောင်းရောဂါများ ခွဲစိတ်ကုသခြင်း (ENT surgery)
    • ဆီးလမ်းကြောင်းရောဂါများ ခွဲစိတ်ကုသခြင်း (Urologic surgery)
    • အူကျရောဂါ ခွဲစိတ်ကုသခြင်း (Hernia surgery)
    • အရိုးရောဂါများ ခွဲစိတ်ကုသခြင်း (Orthopaedic surgery)
    • သွေးကြောရောဂါများ ခွဲစိတ်ကုသခြင်း (Endovascular surgery)
    • ကျောရိုးမကြီး ခွဲစိတ်ခြင်း (Spine surgery)
    • ဦးနှောက်ခွဲစိတ်ခြင်း (Brain Surgery) စသည်တို့တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီဖြစ်သည်။
မှန်ပြောင်းထည့်ခွဲစိတ်ကုထုံး၏အားသာချက်များ
  • လူနာတွင် ခွဲစိတ်မှုဒဏ် ပိုမိုနည်းပါးခြင်း
  • ခွဲစိတ်စဥ်သွေးဆုံးရှုံးမှု ပိုနည်းခြင်း
  • အနာရွတ်ပိုမိုသေးငယ်ခြင်း
  • အနာပိုးဝင်နိုင်ခြေပိုနည်းခြင်း
  • နာလန်ထပိုမြန်ခြင်း
  • ဆေးရုံတက်ရက် ပိုမိုတိုတောင်းခြင်း (အချို့တွင် ခွဲစိတ်သည့်နေ့တွင်ပင် ဆေးရုံဆင်းခွင့်ရနိုင်သည်)
  • နာကျင်မှုပိုနည်းခြင်း
  • နောက်ဆက်တွဲဆိုးကျိုးများ ပိုနည်းခြင်း
  • ပုံမှန်လုပ်ငန်းဆောင်တာများ မြန်မြန်ပြန်လည်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရှိသည်။
ကုသပုံအဆင့်ဆင့်

သမားရိုးကျခွဲစိတ်နည်းနှင့်မတူဘဲ ခွဲစိတ်ဆရာဝန်သည် တစ်စင်တီမီတာခန့်ရှိ ခွဲကြောင်းအတိုကိုသာ‌ပေးပြီး ပြွန်ငယ်တစ်ခုကို ထည့်သည်။ ခွဲကြောင်းအရေအတွက်နှင့် နေရာသည် ခွဲစိတ်သည့်ရောဂါပေါ် မူတည်၍ ကွဲပြားသည်။ ခွဲစိတ်သည့်ပြွန်ကို (၂)ခု မှ (၅)ခုထိ အသုံးပြုသည်။ ပြွန်ငယ်တစ်ခုမှနေ၍ ထိပ်တွင် ဗီဒီယိုကင်မရာပါသည့် ကိရိယာဖြင့် အတွင်းသို့ကြည့်ပြီး အခြားပြွန်ငယ်များမှ ခွဲစိတ်ကိရိယာများကိုထည့်ကာ ခွဲစိတ်မှု လုပ်ဆောင်သည်။

ဝမ်းဗိုက်ခွဲစိတ်ခြင်းကဲ့သို့ပင် ခွဲစိတ်ရာတွင် မြင်ကွင်းပိုကောင်းစေရန် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အသုံးပြု၍ ဝမ်းဗိုက်ကို ဖောင်းစေသည်။ Minimal invasive surgery သည် အင်္ဂါအစိတ်အပိုင်းများကို ခွဲကြောင်းရှည်ဖြင့် ခွဲစိတ်သကဲ့သို့ တိုက်ရိုက်မမြင်ရသဖြင့် ပိုမိုလက်ဝင်ပြီး အချို့ခွဲစိတ်မှုများတွင် အချိန်ပို၍ကြာနိုင်သည်။ တစ်ခါတစ်ရံ ခွဲကြောင်းငယ်ဖြင့် ခွဲစိတ်မှု ပြုလုပ်နေစဉ် အတွင်းရှိအင်္ဂါများကို တိုက်ရိုက်ကိုင်တွယ်ရန် လိုအပ်လာလျှင် ခွဲကြောင်းကိုချဲ့၍ သမားရိုးကျ ခွဲကြောင်းရှည်ခွဲစိတ်နည်းဖြင့် ဖွင့်ပြီးခွဲစိတ်ရခြင်းမျိုးလည်း ရှိတတ်သည်။

(၁၉၈၀) ခုနှစ်မှစ၍ နည်းပညာတိုးတက်လာခြင်းနှင့်အတူ ခွဲစိတ်ကုသနည်းများလည်း တိုးတက်ပြောင်းလဲလာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း (၂၀) ကျော်အထိ ခွဲစိတ်ဆရာဝန်အများစုသည် သမာရိုးကျခွဲကြောင်းဖြင့်ခွဲစိတ်ခြင်း (Traditional Open Surgery) ကိုသာ အားသန်ခဲ့ကြသည်။ ယနေ့ခေတ်တွင်မူ Minimally Invasive Surgery ဟုခေါ်သော မှန်ပြောင်းထည့် ခွဲစိတ်ကုထုံးများ ပိုမိုတွင်ကျယ်လာပြီး စိတ်ချရသော၊ ကောင်းမွန်ထိရောက်သော ကုထုံးတစ်မျိုး ဖြစ်လာပြီဖြစ်သည်။

မှန်ပြောင်းထည့် ခွဲစိတ်နည်းများ၏ နောက်ဆုံးပေါ် ခွဲစိတ်နည်းဖြစ်သည့် စက်ရုပ်အသုံးပြုခွဲစိတ်နည်း (Robotic surgery) လည်း ပြုလုပ်နေကြပြီဖြစ်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

Minimal Invasive Surgery သည် အကြီးစားခွဲစိတ်မှုကြီး (Major Surgery) အမျိုးအစားတွင် ပါဝင်သော်လည်း စက်ကိရိယာများ တိုးတက်လာခြင်းကြောင့် အလွန်စိတ်ချရပြီး နောက်ဆက်တွဲပြဿနာ နည်းပါးသည့် ခွဲစိတ်မှုမျိုးဖြစ်သည်။

သို့သော် မည်သည့် အကြီးစားခွဲစိတ်မှုတွင်မဆို ဖြစ်ပွါးနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်သည်။

၄င်းတို့မှာ_

  • ခွဲစိတ်ဒဏ်ရာမှ သွေးထွက်ခြင်း
  • ခွဲစိတ်စဥ် အခြားကိုယ်တွင်းအင်္ဂါများ၊ သွေးကြောများကို ထိခိုက်နိုင်ခြင်း
  • အနာရင်းပြီး ပိုးဝင်ခြင်း
  • မေ့ဆေးအသုံးပြုခြင်းကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲပြဿနာများနှင့်
  • ခြေထောက် (သို့မဟုတ်) အဆုတ် သွေးကြောများတွင် သွေးခဲပိတ်ခြင်း စသည်တို့ဖြစ်သည်။

References:

  1. Cleveland Clinic. (2025). Laparoscopy. Retrieved July 8, 2025, from https://my.clevelandclinic.org/health/procedures/4819-laparoscopy
  2. Mayo Clinic. (n.d.). Minimally invasive surgery. Retrieved July 3, 2025, from https://www.mayoclinic.org/tests-procedures/minimally-invasive-surgery/about/pac-20384771

Published Date: 30 August 2024

Last updated: 25 September 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.