Colonoscopy (အူမကြီး မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း)

Colonoscopy (အူမကြီး မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း)

အူမကြီး မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းသည် အူမကြီးလမ်းကြောင်းတစ်လျှောက် အတွင်းနံရံများတွင် ရောဂါရှိမရှိ ရှာဖွေစစ်ဆေးခြင်းဖြစ်သည်။ အူမကြီးမှန်ပြောင်းကြည့်ခြင်းဖြင့် အူမကြီးရောင်ရမ်းရောဂါများ၊ အူမကြီးကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာစသည့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ရှာဖွေနိုင်သည်။ အူမကြီးကင်ဆာကို စောစောရှာဖွေသိရှိနိုင်သည့်အပြင် ကင်ဆာအဖြစ်ပြောင်းနိုင်သော အူမကြီးရှိ အသားပိုများကို ဖြတ်ခြင်းဖြင့် အူမကြီးကင်ဆာဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။

အူမကြီးမှန်ပြောင်းဆိုသည်မှာ လက်သန်းလုံးအရွယ်ခန့်ရှိသည့် ကွေးနိုင်ကောက်နိုင်သော သေးငယ်သည့် ပြွန်တစ်ခုဖြစ်သည်။ ယင်းပြွန်ထိပ်တွင် အလွန်သေးငယ်သော ဗီဒီယိုကင်မရာနှင့် အလွန်သေးငယ်သောဓာတ်မီးတို့ကို တပ်ဆင်ထားသည်။

ယင်းမှန်ပြောင်းကို လူနာ၏စအိုဝမှတစ်ဆင့်ထည့်ပြီး အူလမ်းကြောင်းအတွင်းနံရံများရှိ အသားပိုများ၊ အနာများ၊ ရောင်ရမ်းခြင်းများ၊ အကျိတ်များကို ကြည့်ရှုနိုင်သည်။ ပုံရိပ်များကို ကင်မရာမှဖမ်းယူပြီး တီဗီဖန်သားပြင်တွင် ထင်ရှားစွာမြင်တွေ့နိုင်သည်။

Colonoscopy image
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

အူမကြီးမှန်ပြောင်းကို

  • အူမကြီးကျန်းမာရေးစစ်ဆေးရန်
  • အူမကြီးအတွင်း ရောဂါ ရှိမရှိ ရှာဖွေရန်
  • အူမကြီးမှ သံသယဖြစ်ဖွယ် နေရာများ၊ အသားပိုများ၊ အနာများတွေ့ပါက အသားစယူ စစ်ဆေးရန်
  • အူမကြီးအတွင်းမှ အသားပိုများနှင့် ကင်ဆာ အဖုအကျိတ်များကို ဖြတ်ထုတ်ကုသရန် ရည်ရွယ်အသုံးပြုနိုင်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ

အူမကြီးမှန်ပြောင်းကြည့်ရန် ကြိုတင်ပြင်ဆင်ခြင်းသည်​ အလွန်အရေးကြီးသည်။ အူလမ်းကြောင်းတွင် အစာဟောင်းများ၊ မစင်တုံးများ ကျန်ရှိနေပါက အူလမ်းကြောင်းနံရံများကို ကောင်းစွာ မမြင်တွေ့နိုင်ပါ။ ထို့ကြောင့် အူမကြီး မှန်ပြောင်းကြည့်ရက်မတိုင်မီ လိုက်နာရန် ညွှန်ကြားချက်အသေးစိတ်ကို ရှင်းပြထားရမည်ဖြစ်သည်။ ယင်းညွှန်ကြားချက်များကို သေချာလိုက်နာမှသာ အူမကြီးလမ်းကြောင်းတွင် ဝမ်း (မစင်) များကင်းစင်ပြီး ကောင်းစွာမြင်တွေ့ စစ်ဆေးနိုင်မည်ဖြစ်သည်။ အူမကြီးလမ်းကြောင်းတွင် ဝမ်းများမကုန်ဘဲ မြင်ကွင်းမရှင်းပါက ရောဂါကို ဖုံးကွယ်နေနိုင်သဖြင့် ထိုသို့သောအခြေအနေမျိုးတွင် အူမကြီးမှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်းကို ရပ်တန့်ပြီး နောက်တစ်ကြိမ် ပြန်ကြည့်ရန် ရက်ချိန်းပေးလိမ့်မည်။

စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

အူမကြီးမှန်ပြောင်းကြည့်မည့်နေ့
အူမကြီးမှန်ပြောင်းကြည့်ရာတွင် အိပ်ဆေး (သို့မဟုတ်) မေ့ဆေး အပျော့စား အသုံးပြုမည်ဖြစ်သဖြင့် လူနာသည် အဖော်တစ်ဦးနှင့် အတူလာရန် လိုအပ်သည်။ ဆေးရုံ၊ ဆေးခန်းသို့ ရောက်လျှင် ဆေးရုံအဝတ်အစားများ လဲရမည်။ သူနာပြုဆရာမမှ အနာသက်သာဆေး၊ အိပ်ဆေးစသည့် လိုအပ်သောဆေးများထိုးရန် သွေးကြောထဲ အပ်တစ်ချောင်း ထိုးထားပေးမည်ဖြစ်သည်။

မေ့ဆေးအသုံးပြုလျှင် အူလမ်းကြောင်း ကြည့်ရှုစစ်ဆေးခြင်းကို လုံးဝသိရှိခံစားရမည် မဟုတ်သော်လည်း အိပ်ဆေးအသုံးပြုလျှင် သတိမလစ်သွားဘဲ မှိန်းနေရုံသာ ဖြစ်သဖြင့် မှန်ပြောင်းကြည့်ရှု စစ်ဆေးလုပ်ဆောင်ခြင်းကို အနည်းငယ် သိနေနိုင်သည့်အတွက် အူမကြီးမှန်ပြောင်းကြည့်စဥ် ပြုလုပ်ပေးသူဆရာဝန်နှင့် ဆွေးနွေးစကားပြောနေနိုင်သည်။

မှန်ပြောင်းကြည့်သည့်နေ့တွင် အောက်ဖော်ပြပါ အစီအစဥ်အတိုင်း ဆောင်ရွက်မည်ဖြစ်သည်။

  1. မှန်ပြောင်းကြည့်ရန် ခုတင်ပေါ်တွင် ဘယ်ဘက်စောင်း၍ လှဲနေရမည်
  2. စအိုဝမှတစ်ဆင့် မှန်ပြောင်းကို ဖြည်းညင်းစွာထည့်သွင်းပြီး အစာဟောင်းအိမ်၊ အူမကြီးတို့ကို ဖြည်းညင်းစွာဖြတ်ပြီး အူမကြီးအစပိုင်းအထိ ရောက်အောင် သွားရမည်ဖြစ်သည်
  3. အတွင်းနံရံများကို ရှင်းလင်းစွာ မြင်နိုင်ရန် မှန်ပြောင်းမှတစ်ဆင့် လေမှုတ်သွင်း၍ ကြည့်ရှုရသည်
  4. တီဗီဖန်သားပြင်တွင် အူလမ်းကြောင်းပုံများကို မြင်ရမည်ဖြစ်သည်
  5. အူလမ်းကြောင်းတွင် မသင်္ကာစရာများ ရှိပါက မှန်ပြောင်းကို အူမကြီးနှင့် အူသိမ်စပ်ကြားနေရာအထိ ပြန်လည်ထည့်သွင်းကာ နောက်တစ်ကြိမ် ထပ်မံကြည့်ရှု စစ်ဆေးရသည်
  6. လိုအပ်လျှင် သံသယဖြစ်ဖွယ် အူနံရံနေရာမှ သေးငယ်သောအသားစကို ဖြတ်ယူ၍ ဓာတ်ခွဲခန်းပို့ကာ စစ်ဆေးရသည်
  7. လိုအပ်လျှင် အသားပိုဖြတ်ခြင်း၊ သွေးတိတ်အောင်ပြုလုပ်ခြင်း၊ ဆေးထိုးခြင်း စသည့် ကုသမှုများ ပြုလုပ်သည်၊ မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းသည် မိနစ် (၃၀) မှ တစ်နာရီခန့် ကြာမြင့်နိုင်သည်

အူမကြီးမှန်ပြောင်းကြည့်လျှင် နာကျင်မှု ရှိမရှိ
မှိန်းနေရုံအိပ်ဆေးအသုံးပြုသည့်အတွက် နာကျင်မှု မရှိသလောက်ပင်ဖြစ်သည်။ အူလမ်းကြောင်းမှ အသားစရယူခြင်း၊ အသားပိုတွေ့ရှိပါက အသားပိုဖြတ်ခြင်း ပြုလုပ်လျှင်ပင် နာကျင်မှု မခံစားရပေ။ သို့သော် ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် အူလမ်းကြောင်းအတွင်းသို့ လေမှုတ်သွင်းပြီး ကြည့်ရှုစစ်ဆေးရသဖြင့် ဝမ်းဗိုက်တင်းခြင်း၊ လေထိုးလေပွခြင်း စသည်တို့ ခံစားရနိုင်သည်။ အူမကြီးမှန်ပြောင်း ထည့်သွင်းချိန်တွင် အူလမ်းကြောင်းအတွင်းသို့ တစ်စုံတစ်ခု ထိုးသွင်းခံရသည့်ဖိအားကို ခံစားရနိုင်သည်။

သိရှိနိုင်သော အဖြေများ

အူမကြီးမှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်းဖြင့် အောက်ပါရောဂါအခြေအနေများကို စစ်ဆေးတွေ့ရှိနိုင်သည်။

ကင်ဆာ​ ရှိမရှိ ပုံမှန်စစ်ဆေးနိုင်ခြင်း
အူမကြီးကင်ဆာသည် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ပြီး လေ့လာချက်များအရ အသက်ကြီးလျှင် ဖြစ်ပွားနှုန်း ပိုများသည်။ ထို့ကြောင့် အမေရိကန်ကင်ဆာ ရောဂါအဖွဲ့ကြီးမှ အသက် (၄၅) နှစ် ပြည့်ပြီးသူတိုင်း အူမကြီး ကင်ဆာ ရှိမရှိ စစ်ဆေးရန် ညွှန်ကြားထားသည်။ အဘယ်ကြောင့်ဆိုသော် အူမကြီးကင်ဆာ၏ သိသာထင်ရှားသော လက္ခဏာများသည် ရောဂါဆိုးသည့်အချိန်၊ ရောဂါကျွမ်းသည့်အဆင့်ရောက်မှ ပြလေ့ရှိသောကြောင့်ဖြစ်သည်။

ထို့ကြောင့် အောက်ပါအချက်များ ရှိပါက အူမကြီးကင်ဆာကို စောစီးစွာသိရှိကာကွယ်နိုင်ရန် ကြိုတင် မှန်ပြောင်းကြည့် စစ်ဆေးသင့်သည်။

  • အသက် (၄၅) နှစ်ကျော်သည်အထိ အူမကြီးမှန်ပြောင်းတစ်ကြိမ်မျှ မကြည့်ဖူးသူဖြစ်ခြင်း
  • မိသားစုဝင်ထဲတွင် အူလမ်းကြောင်းကင်ဆာ ဖြစ်ဖူးသူရှိခြင်း
  • မျိုးရိုးလိုက်သော ကင်ဆာမျိုးဗီဇ (Cancer Gene) ရှိကြောင်း စစ်ဆေးတွေ့ရှိထားခြင်း
  • နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory bowel disease) ရှိခြင်းး

ရောဂါအဖြေရှာခြင်း
အောက်ပါရောဂါလက္ခဏာများကို အခြားနည်းလမ်းများဖြင့် အကြောင်းရင်းရှာမရပါက အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးခြင်းဖြင့် ရောဂါအဖြေရှာရန် လိုအပ်သည်။

  • ဝမ်းသွားသွေးပါခြင်း
  • ဝမ်းသွားချွဲပါခြင်း
  • ဝမ်းသွားသည့် အမူအကျင့် ပြောင်းလဲခြင်း
  • ဗိုက်အောင့်ဗိုက်နာခြင်း
  • ပိန်ကျသွားခြင်း

အူမကြီးမှန်ပြောင်းကြည့်စဥ် သံသယဖြစ်ဖွယ်တွေ့ရှိပါက အူမကြီးမှန်ပြောင်းမှတစ်ဆင့် အသားစယူ၍ ဓာတ်ခွဲခန်းပို့ စစ်ဆေးနိုင်သည်။

အူမကြီးမှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်းဖြင့် အောက်ဖော်ပြပါရောဂါများကို သိရှိနိုင်သည်။

  • နာတာရှည် အူမကြီး ရောင်ရမ်းခြင်းရောဂါ
  • အူလမ်းကြောင်း အူအတက်အပိုများ
  • အူလမ်းကြောင်း အနာများနှင့် အူပေါက်ခြင်းများ
  • အူမကြီးလမ်းကြောင်း ပိတ်ခြင်း
  • အူမကြီး အသားပိုများ
  • အူမကြီး ကင်ဆာ စသည့်ရောဂါများဖြစ်သည်။

ရောဂါကုသမှုများ
အူမကြီးမှန်ပြောင်းကြည့်စမ်းသပ်ခြင်းကို ရောဂါရှာဖွေခြင်းအပြင် တွေ့ရှိသောရောဂါအား ကုသမှုလည်း တစ်ပြိုင်နက်တည်းပေးနိုင်သည်။

အောက်ပါကုထုံးများကို အူလမ်းကြောင်းမှန်ပြောင်းကြည့် စစ်ဆေးစဥ် တစ်ချိန်တည်း ပြုလုပ်နိုင်သည်။

  • အသားပိုများ ဖြတ်ထုတ်ခြင်း (Polypectomy)
  • သွေးထွက်နေပါက သွေးတိတ်အောင်ပြုလုပ်ခြင်း
  • ပိတ်ဆို့နေသော အရာများကို ဖယ်ခြင်း
  • အူလမ်းကြောင်းဖွင့်ပြွန် (Stent) ထည့်သွင်းခြင်း
  • အူလမ်းကြောင်း အနာများကို ချုပ်ခြင်း
  • လေဆာကုထုံးဖြင့် ကုသခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ

မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းသည် နောက်ဆက်တွဲပြဿနာအလွန်နည်းပါးသည့် အန္တရာယ်မရှိသော စမ်းသပ်နည်းဖြစ်သော်လည်း တစ်ခါတစ်ရံ ဖြစ်ပွါးနိုင်သော နောက်ဆက်တွဲပြဿနာအချို့မှာ_

  • အူမကြီးနံရံ ထိခိုက်ခြင်း (ပြဲခြင်း၊ ပေါက်ခြင်း)
  • အသားစယူရာမှ သွေးအထွက်လွန်ခြင်း၊ သွေးမတိတ်ခြင်း
  • အူမကြီး ပိုးဝင်ခြင်း
  • မေ့ဆေး၊ အိပ်ဆေးများဖြင့် မတည့်ခြင်း စသည်တို့ဖြစ်သည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
  • အူမကြီးမှန်ပြောင်းမကြည့်မီ လိုက်နာရမည့်အချက်များ
    • အူမကြီးမှန်ပြောင်း မကြည့်မီ (၂)ရက် သို့မဟုတ် (၃)ရက်အလိုမှ စတင်၍ အမျှင်ဓာတ်နည်းသော အစားအသောက်များ (low-fiber diet) စားသောက်ရမည်
    • မှန်ပြောင်းမကြည့်မီ တစ်ရက်အလိုတွင် တစ်နေ့လုံး အရည်ကြည်သာ သောက်ရမည်
    • မှန်ပြောင်းမကြည့်မီ တစ်ရက်အလို နေ့လည်ပိုင်းတွင် အူလမ်းကြောင်းဆေးသော ဆေးရည်သောက်ရမည်၊ သို့မှသာ အူလမ်းကြောင်းရှိ အညစ်အကြေးများ အားလုံးထွက်သွားမည် ဖြစ်သည်၊ ထိုအချိန်တွင် မကြာခဏ အိမ်သာတက်ရလေ့ရှိသည်၊ အိပ်ရေးဝဝအိပ်ပြီး နောက်ရက်မနက်ပိုင်းတွင် အူမကြီးမှန်ပြောင်း ကြည့်ရမည်
  • မှန်ပြောင်းကြည့်ပြီးသည့်အခါ
    • ပေးထားသော အိပ်ဆေး၊ မေ့ဆေး ပြယ်သည်အထိ ဆေးရုံတွင် နာရီပိုင်းခန့် ခေတ္တအနားယူရမည်၊ အိပ်ဆေး၊ မေ့ဆေးပြယ်လျှင် အိမ်သို့ ပြန်နိုင်သည်၊ အသုံးပြုလိုက်သော မေ့ဆေး၊ အိပ်ဆေးများကို ခန္ဓာကိုယ်ထဲမှ အကုန်အစင်ရှင်းထုတ်နိုင်ရန် (၂၄) နာရီခန့် ကြာမြင့်သောကြောင့် မှန်ပြောင်းကြည့်ပြီး (၂၄) နာရီအတွင်း ကားမောင်းခြင်း၊ စက်ပစ္စည်းကိရိယာများ ကိုင်တွယ်ခြင်း၊ အရက်သောက်ခြင်း၊ အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်ခြင်း (ဥပမာ _ စာချုပ်လက်မှတ်ထိုးခြင်း) စသည်တို့ မပြုလုပ်သင့်ပေ
    • မှန်ပြောင်းကြည့်ပြီးခါစအချိန်တွင် အနည်းငယ်ပျို့ခြင်း၊ ဗိုက်ကယ်ခြင်း၊ လေပွခြင်း စသည်တို့ ခံစားရနိုင်သည်၊ မှန်ပြောင်းကြည့်ပြီးချိန်တွင် အစာပြန်စားနိုင်သည်၊ အကယ်၍ အသားစယူခြင်း ပြုလုပ်ထားပါက ဝမ်းသွားလျှင် သွေးအနည်းငယ် ပါနိုင်သည်

References:

  1. Cleveland Clinic. (2025). Colonoscopy. Retrieved June 26, 2025, from https://my.clevelandclinic.org/health/diagnostics/4949-colonoscopy
  2. Mayo Clinic. (n.d.). Colonoscopy. Retrieved June 26, 2025, from https://www.mayoclinic.org/tests-procedures/colonoscopy/about/pac-20393569
  3. National Institute of Diabetes and Digestive and Kidney Diseases. (2025). Colonoscopy. Retrieved June 26, 2025, from https://www.niddk.nih.gov/health-information/diagnostic-tests/colonoscopy

Published Date: 30 August 2024

Last updated: 22 September 2025

Share

26 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.