Muscle cramps (ကြွက်တက်ခြင်း)

Muscle cramps (ကြွက်တက်ခြင်း)

မိမိကိုယ်တိုင် ထိန်းချုပ်မရဘဲ ခန္ဓာကိုယ်ရှိ ကြွက်သားတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ကြွက်သားများ ရုတ်တရက် တင်းမာလာပြီး နာကျင်မှုဖြစ်ပေါ်ခြင်းကို ကြွက်တက်ခြင်းဟုခေါ်သည်။ ကြွက်တက်ခြင်းသည် အလွန်အဖြစ်များသော အခြေအနေတစ်ခုဖြစ်ပြီး အထူးသဖြင့် အားကစားလုပ်ပြီးချိန် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုများခြင်းကြောင့် ကြွက်သားများ ပင်ပန်းနွမ်းနယ်သောအခါတွင် ပို၍အဖြစ်များသည်။ ကြွက်တက်ခြင်းသည် စက္ကန့်အနည်းငယ်မှ မိနစ်ပိုင်းအထိ ကြာမြင့်နိုင်ပြီး ညအိပ်ပျော်နေစဉ်တွင်လည်း ရုတ်တရက်ဖြစ်ပေါ်တတ်သည်။ လက်၊ လက်မောင်း၊ ဝမ်းဗိုက်၊ ပေါင်နှင့် ခြေသလုံးစသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများရှိ ကြွက်သားများတွင် ကြွက်တက်နိုင်သော်လည်း ခြေသလုံးကြွက်သားတွင် အဖြစ်အများဆုံးဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကြွက်တက်ခြင်းကို ဖြစ်စေသောအကြောင်းရင်း မျိုးစုံရှိသော်လည်း အများစုတွင်အကြောင်းရင်းကို တိကျစွာမသိရပါ။ ကြွက်တက်ခြင်းအများစုမှာ အန္တရာယ်ကင်းသော်လည်း အချို့တွင် အောက်ဖော်ပြပါ အခြေအနေများနှင့် ဆက်စပ်မှုရှိတတ်သည်။

  1. ကြွက်သားများကို အလွန်အကျွံ အသုံးပြုခြင်း
    ပြင်းထန်သော လေ့ကျင့်ခန်းပြုလုပ်နေစဉ် သို့မဟုတ် ပြုလုပ်ပြီးနောက်တွင် ကြွက်တက်ခြင်း မကြာခဏ ဖြစ်ပွါးလေ့ရှိသည်။ အချိန်လုံလောက်စွာ အနားမယူဘဲ ကြာရှည်စွာ သို့မဟုတ် ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကြွက်သားများဒဏ်ဖြစ်ခြင်းဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက် လုံလောက်သေချာစွာ ကြွက်သားများကို ဖြေလျော့ခြင်း (အကြောလျော့ခြင်း) မပြုလုပ်ပါက ကြွက်တက်နိုင်သည်။ ထို့ပြင် အလွန်ပူပြင်းသော ရာသီဥတု၊ ပတ်ဝန်းကျင်တွင် လေ့ကျင့်ခန်းလုပ်သောအခါ အပူကြောင့် ကြွက်သားတောင့်တင်းခြင်း၊ ချွေးထွက်များခြင်းနှင့် သတ္တုဓာတ်များဆုံးရှုံးခြင်းတို့ကြောင့်လည်း ကြွက်တက်နိုင်သည်။
  2. ရေဓာတ်ခန်းခြောက်ခြင်း
    ကြွက်တက်ခြင်းကို ဖြစ်စေသောအကြောင်းရင်းများတွင် ‌ရေဓာတ်ခန်းခြောက်ခြင်းလည်း ပါဝင်သည်။ အထူးသဖြင့် ပူပြင်းသောရာသီဥတုတွင် အားကစားလုပ်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ အန်ခြင်းနှင့် ဝမ်းလျှောခြင်း စသည့်အခြေအနေများတွင် အရည်လုံလောက်စွာ မသောက်သုံးပါက ကြွက်တက်ခြင်း ဖြစ်နိုင်သည်။
  3. သတ္တုဓာတ်များမညီမျှခြင်း
    ကြွက်သားလုပ်ဆောင်ချက်အတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များ မညီမျှခြင်း သို့မဟုတ် ချို့တဲ့ခြင်းတို့ကြောင့် ကြွက်တက်နိုင်သည်။ ဓာတ်ဆားများမှာ_
    • ပိုတက်ဆီယမ် (Potassium)
    • ကယ်လ်ဆီယမ် (Calcium)
    • မဂ္ဂနီဆီယမ် (Magnesium)
    • ဆိုဒီယမ် (Sodium) တို့ဖြစ်ကြပြီး အစားအသောက် လုံလောက်မျှတစွာမစားခြင်း၊ ‌ရေဓာတ်ခန်းခြောက်ခြင်းနှင့် အချို့သော ဆေးဝါးများသောက်သုံးခြင်း တို့ကြောင့် အဆိုပါ သတ္တုဓာတ်များ ချို့တဲ့ခြင်းဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင်လည်း သတ္တုဓာတ်များ ချို့တဲ့ခြင်းကြောင့် ကြွက်တက်နိုင်သည်။
  4. သွေးလှည့်ပတ်မှုနှင့် အာရုံကြောဆိုင်ရာ ပြဿနာများ
    အထူးသဖြင့် ခြေထောက်နှင့် ခြေဖဝါးရှိ ကြွက်သားများသို့ သွေးစီးဆင်းမှု နည်းပါးသော အခြေအနေများ (ဥပမာ _ သွေးကြောကျဥ်းရောဂါ) နှင့် ကျောရိုးပြဿနာများ [ဥပမာ _ ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း (Sciatica)] ကြောင့် လမ်းလျှောက်ခြင်း၊ မတ်တတ်ရပ်ခြင်းများ ပြုလုပ်ပါက ကြွက်တက်ခြင်း ဖြစ်စေသည်။ ထို့ပြင် ဆီးချိုရောဂါ၊ အရက်စွဲခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါ စသည်တို့တွင်လည်း ကြွက်တက်ခြင်းဖြစ်နိုင်သည်။
  5. ဆေးဝါးများသောက်သုံးခြင်း
    ဆီးဆေးများ၊ သွေးတွင်းအဆီချဆေးများ [ဥပမာ _ ကိုလက်စထရောကျစေသော စတက်တင်ဆေးများ (Statins)]၊ ဟော်မုန်းဆေးများနှင့် အနာသက်သာစေရန်သုံးသော ဆေးများ (ဥပမာ _ naproxen, pregabalin) စသည့်ဆေးများသည် ဆားဓာတ်မျှခြေ သို့မဟုတ် ရေဓာတ်ပမာဏကို ပြောင်းလဲစေနိုင်ပြီး ကြွက်တက်ခြင်း ဖြစ်နိုင်သည်။
  6. စိတ်ဖိစီးမှုများခြင်း
    စိုးရိမ်စိတ်များ၊ စိတ်ခံစားမှုများသော အခြေအနေများကြောင့် အသက်ရှူမြန်လာပြီး ကယ်လ်ဆီယမ်ဓာတ် ပြောင်းလဲမှုဖြစ်ကာ ကြွက်တက်နိုင်သည်။
  7. ညပိုင်းခြေသလုံးကြွက်တက်ခြင်း
    အများအားဖြင့် အောက်ပါအခြေအနေတို့နှင့် ဆက်စပ်နေသည်။
    • လှုပ်ရှားမှုမရှိဘဲ အချိန်ကြာမြင့်စွာ ထိုင်ခြင်း
    • ထိုင်ခုံတွင် ကိုယ်ဟန်အနေအထား မှန်ကန်စွာ မထိုင်ခြင်း
    • ခြေထောက်ကြွက်သားများကို အလွန်အကျွံ အသုံးပြုခြင်း
    • ကွန်ကရစ်ကြမ်းပြင်အမာများပေါ်တွင် အချိန်ကြာမြင့်စွာ ရပ်ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်း

ပို၍ဖြစ်နိုင်ချေများသော အခြေအနေများမှာ_

  • အသက်အရွယ်ကြီးခြင်း (အသက် ၆၅ နှစ်နှင့်အထက်)
  • ကြွက်သားကြံ့ခိုင်မှု အားနည်းခြင်း
  • အလွန်အကျွံ ချွေးထွက်ခြင်း (ဥပမာ _ အားကစားသမားများ)
  • ကိုယ်ဝန်ဆောင်ခြင်း
  • နောက်ခံကျန်းမာရေး ပြဿနာများရှိခြင်း (ဥပမာ _ ဆီးချိုရောဂါ၊ သိုင်းရွိုက်ရောဂါနှင့် အာရုံကြောရောဂါများ)
  • ကိုယ်အလေးချိန်များခြင်း

ယှဉ်တွဲလာတတ်သောလက္ခဏာများ
ကြွက်တက်ခြင်းသည် အများအားဖြင့် ခန္ဓာကိုယ်အောက်ပိုင်း ခြေသလုံးကြွက်သားများတွင် ဖြစ်ပွါးလေ့ရှိသည်။ ကြွက်တက်ခြင်းသည် စက္ကန့်ပိုင်း (သို့မဟုတ်) မိနစ်ပိုင်းထိ ကြာတတ်သော်လည်း ကြွက်တက်ခြင်း သက်သာသွားပါက ကြွက်သားနာကျင်မှုကို နာရီပိုင်း (သို့မဟုတ်) ရက်ပိုင်းအထိ ခံစားရနိုင်သည်။

ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲဆိုးကျိုးများမှာ _

  • ကြွက်သားဒဏ်ဖြစ်ခြင်း (သို့မဟုတ်) ဒဏ်ရာရခြင်း
    အလွန်ပြင်းထန်စွာ (သို့မဟုတ်) ကြာရှည်စွာ ကြွက်တက်ပါက ကြွက်သားအမျှင်များ စုတ်ပြဲဒဏ်ရာရနိုင်သည်
  • လှုပ်ရှားမှုများခက်ခဲလာခြင်း
    ထိခိုက်သော ကြွက်သားအုပ်စုပေါ်မူတည်ပြီး လမ်းလျှောက်ခြင်း၊ အဆစ်အမြစ်လှုပ်ရှားခြင်း (သို့မဟုတ်) အလုပ်လုပ်ခြင်းများ ခက်ခဲနိုင်သည်
  • အားကစားသမားများ (သို့မဟုတ်) ကာယအလုပ်သမားများတွင် စွမ်းဆောင်ရည်ကျဆင်းခြင်း
  • အိပ်စက်မှုအား အနှောင့်အယှက်ဖြစ်ခြင်း
    ညဘက် ခြေသလုံးကြွက်တက်ခြင်းကြောင့် အိပ်စက်ခြင်းကိုထိခိုက်နိုင်သည်
  • မတော်တဆထိခိုက်မှုများဖြစ်ခြင်း
    လမ်းလျှောက်နေစဉ်၊ ရေကူးနေစဉ်၊ ကားမောင်းနေစဉ် ရုတ်တရက်ကြွက်တက်ပါက ချော်လဲခြင်း၊ ရေနစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်း စသည်တို့ဖြစ်နိုင်သည်
  • နေ့စဉ်ဘဝအရည်အသွေးကို ထိခိုက်ခြင်း
    နာတာရှည် (သို့မဟုတ်) ပြင်းထန်စွာ ကြွက်တက်ခြင်းများကြောင့် ထပ်မံ၍ ကြွက်တက်မည်ကို စိုးရိမ်ပြီး ပုံမှန်လှုပ်ရှားမှုများ ရှောင်ရှားလာနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

ကြွက်တက်ခြင်းသည် များသောအားဖြင့် သူ့အလိုလို ပျောက်ကင်းသွားတတ်ပြီး ဆေးကုသမှုခံယူရန် မလိုအပ်ပါ။ သို့သော် အောက်ပါအခြေအနေမျိုးတွင် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။

  • ပြင်းထန်စွာ နာကျင်ခြင်း
  • ခြေထောက် နီရဲရောင်ရမ်းခြင်း သို့မဟုတ် အရေပြားအရောင် ပြောင်းလဲခြင်း
  • ကြွက်တက်ခြင်းနှင့်အတူ ကြွက်သားအားနည်းခြင်းများဖြစ်ပေါ်ခြင်း
  • မကြာခဏ ဖြစ်ပွါးခြင်း
  • မိမိကိုယ်တိုင် ဂရုတစိုက်နေထိုင်သော်လည်း မသက်သာခြင်း၊ ပိုဆိုးလာခြင်း

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ကြွက်တက်ခြင်းသည် များသောအားဖြင့် အန္တရာယ်မရှိသောကြောင့် ဆေးကုသမှုခံယူရန် လိုအပ်လေ့မရှိသော်လည်း ကြွက်တက်ခြင်းပြင်းထန်လျှင် သို့မဟုတ် ပုံမှန်အကြောလျှော့ခြင်းဖြင့် မသက်သာလျှင် သို့မဟုတ် အချိန်ကာလအတော်ကြာ ကြွက်တက်ခြင်းဖြစ်လျှင် အကြောင်းရင်းခံရောဂါအခြေအနေများကြောင့် ဖြစ်နိုင်သဖြင့် သက်ဆိုင်ရာဆရာဝန်နှင့် ပြသရန်လိုအပ်သည်။ သက်ဆိုင်ရာဆရာဝန်မှ ကြွက်တက်ခြင်းဖြစ်ပေါ်သော အကြိမ်အရေအတွက်၊ ပြင်းထန်မှု၊ ကြွက်တက်သော ကြွက်သားနေရာ၊ သောက်လက်စဆေးများ၊ လေ့ကျင့်ခန်းပြုလုပ်သည့် အလေ့အထများနှင့် တစ်နေ့သောက်သုံးသည့် အရည်ပမာဏ စသည်တို့ကို မေးမြန်းခြင်း၊ ကြွက်သားများကို စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်၍ ရောဂါများကို ရှာဖွေသည်။ ထို့ပြင် အခြားသောအကြောင်းရင်းများကို ရှာဖွေရန် အောက်ပါစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။

  • သွေးစစ်ဆေးမှု
    သွေးတွင်းရှိ ဓာတ်ဆားများ၊ သကြားဓာတ်ပမာဏ၊ ကျောက်ကပ်လုပ်ငန်းနှင့် သိုင်းရွိုက်ဟော်မုန်း ပမာဏကို သိရှိရန် အသုံးပြုသည်။
  • အာရုံကြောနှင့် ကြွက်သားများ၏ လုပ်ဆောင်မှု၊ တုံ့ပြန်မှုများကို စစ်ဆေးခြင်း (Nerve Conduction Studies – NCS and Electromyography – EMG)
    အာရုံကြောများ၏ အချက်ပြမှုနှင့် ကြွက်သားများ၏ တုံ့ပြန်လှုပ်ရှားမှုများကို အကဲဖြတ်ရန် အသုံးပြုသည်။
  • သံလိုက်ဓာတ်မှန် (MRI)
    အာရုံကြော၊ အရွတ်နှင့် ကြွက်သားများ၏ အသေးစိတ်အခြေအနေကို သိရှိနိုင်သည်။
ကုသခြင်း

ကြွက်တက်ခြင်းသည် ရုတ်တရက်ဖြစ်ပေါ်တတ်ပြီး နာကျင်မှုကို ခံစားရနိုင်သော်လည်း စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း သဘာဝအလျောက် သက်သာပြေလျော့သွားတတ်သည်။ ကြွက်တက်ခြင်းကို ချက်ချင်းသက်သာစေသော သောက်ဆေး၊ ထိုးဆေးများမရှိသော်လည်း ရောဂါလက္ခဏာကို သက်သာစေရန် ပြုလုပ်နိုင်သော နည်းလမ်းများစွာရှိသည်။ လျင်မြန်စွာ သက်သာစေရန် _

  • ကြွက်တက်သောနေရာကို ဆန့်တန်းပါ
  • ကြွက်တက်သော ကြွက်သားကို လက်ဖြင့်ဖြစ်စေ၊ နှိပ်နယ်သည့် roller ဖြင့်ဖြစ်စေ ညင်သာစွာ နှိပ်နယ်ပေးပါ
  • သွေးလည်ပတ်မှု ကောင်းမွန်စေရန် မတ်တတ်ရပ်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်း ပြုလုပ်ပေးပါ
  • ရေအေးဝတ် သို့မဟုတ် ရေနွေးဝတ် ကပ်ပေးပါ
  • နာကျင်မှုသက်သာစေရန် ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင် ကဲ့သို့သော အကိုက်အခဲပျောက်ဆေးတို့ကို သောက်သုံးနိုင်သည်။

ကြွက်တက်ခြင်းပြင်းထန်ပါက သို့မဟုတ် မကြာခဏဖြစ်ပေါ်ပါက လက္ခဏာများကို သက်သာစေရန် သက်ဆိုင်ရာဆရာဝန်မှ ကြွက်သားပြေလျော့ဆေးများကို ညွှန်ကြားနိုင်သည်။ သို့သော် ကြွက်သားပြေလျော့ဆေးများသည် ငိုက်မျဉ်းခြင်း၊ ခေါင်းမူးခြင်းနှင့် ပျို့အန်ခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်၍ သောက်ရန် လိုအပ်သည်။ ထို့ပြင် ကြွက်တက်ခြင်းဖြစ်စေသော အကြောင်းရင်းကို ရှာဖွေ၍ ကုသခြင်းဖြင့် ကြွက်တက်ခြင်း သက်သာနိုင်သည်။ ဥပမာ _ မညီမျှသော သတ္တုဓာတ်များ ပြန်လည်ဖြည့်ခြင်း၊ ‌သောက်လက်စဆေးများကြောင့် ဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်၍ ဆေးများပြန်ညှိခြင်းနှင့် ဆုံးရှုံးသွားသော ရေဓာတ်များ ပြန်လည်ဖြည့်တင်းခြင်းတို့ဖြစ်သည်။

ကာကွယ်ခြင်း

ကြွက်တက်ခြင်းသည် အချိန်မ‌ရွေး ဖြစ်ပေါ်နိုင်ပြီး ခန့်မှန်းရန်ခက်ခဲသောကြောင့် ကြိုတင်ကာကွယ်ရန် ခက်ခဲသည်။ သို့သော် ဖြစ်နိုင်ခြေများသော အကြောင်းရင်းများကို မဖြစ်စေရန် ပြုလုပ်ခြင်းဖြင့် ကြွက်တက်ခြင်း ကို လျှော့ချနိုင်သည်။ ကြွက်တက်ခြင်း ဖြစ်ပွါးမှုကို လျှော့ချရန် လုပ်ဆောင်ရမည့် နည်းလမ်းများမှာ _

  • သင့်တင့်မျှတသော လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ရန်
  • အားကစားမလုပ်မီနှင့် လုပ်ပြီးချိန်များတွင် အကြောလျှော့ခြင်းကို သေချာပြုလုပ်ရန်
  • အလွန်ပူပြင်းသော ရာသီဥတုအချိန်တွင် လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ရှောင်ကြဥ်ရန်
  • အစာစားပြီးချိန် ချက်ချင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းမှ ရှောင်ကြဥ်ရန်
  • ရေများများသောက်ရန်
  • မိမိနှင့် သင့်လျော်‌၍ သက်သောင့်သက်သာရှိသော ဖိနပ်ကို ရွေးချယ်ဝတ်ဆင်ရန်
  • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်
  • ကြွက်တက်ခြင်းသည် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆေးနွေး၍ ဆေးပြန်ညှိရန်
  • မိမိ၏ခန္ဓာကိုယ် လိုအပ်သော အာဟာရနှင့် သတ္တုဓာတ်များ ရရှိစေရန် ဗီတာမင်ဖြည့်စွက်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်၍သောက်သုံးရန်
  • ညအိပ်စဥ် ကြွက်တက်ခြင်းမှ ကာကွယ်ရန် ခြေထောက်ကို ခေါင်းအုံးပေါ်ထား၍ ခန္ဓာကိုယ်ထက် အနည်းငယ်မြင့်သော အနေအထားတွင် ထားအိပ်ရန်
  • အာဟာရပြည့်ဝသော အစားအစာများကို ပုံမှန်စားသောက်ရန် (ဥပမာ _ ကယ်လ်ဆီယမ်ကြွယ်ဝသော နွားနို့သောက်ခြင်း၊ ပိုတက်ဆီယမ်ကြွယ်ဝသော ငှက်ပျောသီးစားခြင်း) စသည်တို့ကို ပြုလုပ်နိုင်သည်။

References:

  1. Healthline. (n.d.). Muscle cramps. Retrieved May 6, 2025, from https://www.healthline.com/health/muscle-cramps
  2. Cleveland Clinic. (n.d.). Muscle spasms (muscle cramps): Causes, treatment & prevention. Retrieved May 6, 2025, from https://my.clevelandclinic.org/health/diseases/muscle-spasms-muscle-cramps
  3. Cleveland Clinic. (n.d.). Leg cramps at night: Causes, pain relief & prevention. Retrieved May 6, 2025, from https://my.clevelandclinic.org/health/diseases/14170-leg-cramps
  4. Mayo Clinic. (n.d.). Muscle cramp: Symptoms and causes. Retrieved May 6, 2025, from https://www.mayoclinic.org/diseases-conditions/muscle-cramp/symptoms-causes/syc-20350820
  5. Better Health Channel. (n.d.). Muscle cramp. Retrieved May 6, 2025, from https://www.betterhealth.vic.gov.au/health/conditionsandtreatments/muscle-cramp
  6. MedlinePlus. (n.d.). Muscle cramps. Retrieved May 6, 2025, from https://medlineplus.gov/musclecramps.html

Published: 22 August 2025

Share

Category

22 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.