ဦးရေပြားဗောက်ထခြင်းသည် အတွေ့ရအများဆုံးနှင့် အဖြစ်အများဆုံးသော ဦးရေပြားပြဿနာတစ်မျိုး ဖြစ်သည်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ယောက်ျားလေးများတွင် ပို၍တွေ့ရတတ်သည်။ ဦးရေပြားပေါ်တွင် အဖြူရောင် သို့မဟုတ် အဝါရောင် အဖတ်များ၊ အချပ်များအဖြစ် တွေ့ရှိရသည်။ ၎င်းတို့ကို တစ်ခါတစ်ရံ မျက်ခုံး၊ မုတ်ဆိတ်မွေးနှင့် ပခုံး စသည့်နေရာများအထိ တွေ့ရနိုင်သည်။ ဗောက်များသည် ဦးရေပြားယားယံခြင်းကို ဖြစ်စေသည့်အပြင် လူမှုပတ်ဝန်းကျင်တွင် စိတ်မသက်မသာဖြစ်ခြင်း၊ ယုံကြည်မှုလျော့နည်းခြင်း စသည့်တို့ကိုလည်းဖြစ်စေသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဦးရေပြားဗောက်ထခြင်းသည် ဦးရေပြားရှိ အဆီဂလင်းများမှ အဆီများထုတ်လုပ်မှု လွန်ကဲခြင်းကြောင့်ဖြစ်သော အပျော့စား အရေပြားရောင်ရမ်းခြင်း (Seborrheic dermatitis) ဖြစ်သည်။ ဦးရေပြားဗောက်ထခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိသည်။ ၎င်းတို့မှာ_
- မှိုပိုးကြောင့်ဗောက်ထခြင်း
- Malassezia ဟုခေါ်သော မှိုတစ်မျိုးလွန်ကဲမှုကြောင့် ဗောက်ထခြင်းဖြစ်နိုင်သည်၊ အဆိုပါမှိုသည် ပုံမှန်အနေဖြင့် ဦးရေပြားတွင်ရှိနေတတ်ပြီး အဆီလွန်ကဲပါက ပို၍များပြားလာကာ ဗောက်ထခြင်းကို ဖြစ်စေသည်
- အဆီပြန်၊ ခြောက်သွေ့သောဦးရေပြား
- ခြောက်သွေ့သောဦးရေပြားဖြစ်ပါက ဦးရေမှ အဆီကိုပုံမှန်ထက်ပို၍ ထုတ်ပေးခြင်းကြောင့် အဆီထုတ်လုပ်မှု လွန်ကဲပြီး ဗောက်ထခြင်းကို ပို၍ဖြစ်စေသည်
- ဦးရေပြားရောင်ရမ်းခြင်း
- ဆံသားပြုပြင်သော ထုတ်ကုန်အချို့၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းကြောင့် ဦးရေပြားရောင်ရမ်းခြင်းဖြစ်ပြီး ဗောက်ထနိုင်သည်၊ ထို့ကြောင့် မိမိဦးရေပြားနှင့် ကိုက်ညီသည့် ဆံသားနှင့် ဦးရေပြားပြုပြင်သော ထုတ်ကုန်များကို ရွေးချယ်အသုံးပြုရန် လိုအပ်သည်
- အချို့ဦးရေပြားပြဿနာများ
- နှင်းခူ၊ ခုခံအားမူမမှန်တုံ့ပြန်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း (Psoriasis) စသော ဦးရေပြားပြဿနာများကြောင့်လည်း ဗောက်ထခြင်းကို ဖြစ်စေသည်
- အင်ဒရိုဂျင်ဟော်မုန်း (ကျားဟော်မုန်း) ပမာဏများခြင်း
- အဆိုပါဟော်မုန်းများခြင်းကြောင့် ဦးရေနှင့် အရေပြားတွင် အဆီထုတ်မှုပိုများစေသည်၊ ထိုကြောင့် အင်ဒရိုဂျင်ဟော်မုန်းများသော အခြေအနေများတွင် ဗောက်ထခြင်းကို တွေ့ရသည်၊ (ဥပမာ_ သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သောရောဂါစု (PCOS)၊ Cushing’s syndrome စသောရောဂါများ)
- ခေါင်းမကြာခဏလျှော်ခြင်း သို့မဟုတ် ပုံမှန်မလျှော်ခြင်း
- ဦးရေပြားအခြေအနေ မတူညီမှုကြောင့် ခေါင်းလျှော်ရန် အကြိမ်ရေသတ်မှတ်ခြင်းသည် လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ၊ ခေါင်းမကြာခဏလျှော်ခြင်းသည် ဦးရေပြားခြောက်သွေ့ခြင်းကို ဖြစ်စေပြီး ဗောက်ထစေနိုင်သည်၊ ထို့ပြင် ပုံမှန်ခေါင်းမလျှော်ခြင်းသည်လည်း ဦးရေပြားတွင် အညစ်အကြေးများ၊ ချေးများစုပုံလာပြီး ယားယံ၍ ဗောက်ထခြင်းဖြစ်စေသည်
- အချို့သောရောဂါအခြေအနေများ
- ပါကင်ဆန်ရောဂါ (Parkinson’s disease)နှင့် ကိုယ်ခံအားနည်းသည့်ရောဂါများ (ဥပမာ – HIV) စသည်တို့တွင် ဆံသားနှင့် ဦးရေပြားအဆီထွက်မှုများသောကြောင့် ဗောက်ထခြင်းပိုဖြစ်နိုင်သည်
- စိတ်ဖိစီးမှုများခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
သာမန်ဗောက်ပျောက်ခေါင်းလျှော်ရည်များ အသုံးပြု၍ ဗောက်ထခြင်း မသက်သာဘဲ ဦးရေပြားအလွန်ယားယံခြင်း၊ ဦးရေပြားရောင်ရမ်းခြင်း စသည်တို့ဖြစ်လာပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ပြီး လိုအပ်ပါက မိသားစုဆရာဝန်မှ အရေပြားအထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ယေဘုယျအားဖြင့် ဆံပင်နှင့် ဦးရေပြားကို ကြည့်၍ ဗောက်ထခြင်းကို သတ်မှတ်နိုင်သည်။ အရေပြားအထူးကုဆရာဝန်မှ ဗောက်ထခြင်းဖြစ်စေသော အကြောင်းအရာများကို ရှာဖွေရန် ရောဂါရာဇဝင်မေးမြန်ခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်၍ ရောဂါရှာဖွေပေးမည်ဖြစ်သည်။
ကုသခြင်း
ဦးရေပြားဗောက်ထခြင်းသည် ပျောက်လိုက်၊ ပြန်ဖြစ်လိုက် ဖြစ်တတ်သော အခြေအနေ ဖြစ်သောကြောင့် အချိန်ယူ၍ ကုသရန်လိုအပ်သည်။ ဦးရေပြားဗောက်ထခြင်းကို ကုသရန် နည်းလမ်းများမှာ _
- ဗောက်ပျောက်ခေါင်းလျှော်ရည်များသုံးစွဲခြင်း
ဗောက်ပျောက်ခေါင်းလျှော်ရည် အမျိုးအစားများစွာရှိပြီး တစ်မျိုးနှင့်တစ်မျိုး ပါဝင်ပစ္စည်းများ တူညီမှုမရှိပေ။ ထို့ကြောင့် ဘူးပေါ်တွင်ပါရှိသော အညွှန်းအတိုင်း လိုက်နာရန်လည်း လိုအပ်သည်။ ဗောက်ထခြင်း ပျောက်ကင်းစေရန် (၄)ပတ် မှ (၆)ပတ်အထိ သုံးရန်လိုအပ်သည်။ ပါဝင်ပစ္စည်းပေါ်မူတည်၍ တွေ့ရှိရသော ခေါင်းလျှော်ရည်များမှာ- Pyrithione zinc ပါဝင်သောခေါင်းလျှော်ရည်
ဦးရေပြားပေါ်ရှိ ဘက်တီးရီးယားနှင့် မှိုများ ပေါက်ပွါးမှုကို ထိန်းသိမ်းပေးသည်။ - Tar ပါဝင်သောခေါင်းလျှော်ရည်
ဦးရေပြားပေါ်ရှိဆဲလ်များ လျှင်မြန်စွာသေဆုံးမှုနှင့် မှိုများပေါက်ပွါးမှုကို ကာကွယ်ပေးသည်။ Tar သည် နေရောင်နှင့် ထိတွေ့ပါက ဦးရေပြားတုံ့ပြန်မှုများ ဖြစ်ပေါ်တတ်သောကြောင့် နေပူထဲ သွားပါက ဦးထုပ်၊ ပဝါ စသည်တို့ကို အသုံးပြုရန်လိုသည်။ ထို့ပြင် အရောင်ဆိုးထားသော ဆံပင်များတွင် အသုံးမပြုရပါ။ - Salicylic acid ပါဝင်သောခေါင်းလျှော်ရည်
ဦးရေပြားမှဗောက်ဖတ်များ ကွာကျခြင်းကိုကာကွယ်ပေးသည်။ - Selenium sulfide ပါဝင်သောခေါင်းလျှော်ရည်
ဦးရေပြားတွင် မှိုပေါက်ပွါးခြင်းကို ထိန်းသိမ်းပေးသည်။ ဆံပင်အရောင်ကျွတ်ခြင်း ဖြစ်တတ်သောကြောင့် လျှော်ပြီးပါက ရေဖြင့်သေချာဆေးရန် လိုအပ်သည်။ - Ketoconazole ပါဝင်သောခေါင်းလျှော်ရည်
မှိုသတ်ဆေးပါဝင်သောကြောင့် ဦးရေပြားပေါ် ရှိမှိုများကို သေစေသည်။ - Fluocinolone ပါဝင်သောခေါင်းလျှော်ရည်
စတီးရွိုက်ပါဝင်သောကြောင့် ဦးရေပြားရောင်ရမ်းခြင်းနှင့် ယားယံခြင်းများကို သက်သာပျောက်ကင်းစေသည်။ဗောက်ထခြင်း သက်သာပျောက်ကင်းပါက ဗောက်ပျောက်ခေါင်းလျှော်ရည်ဖြင့် တစ်ပတ်လျှင်တစ်ကြိမ် သို့မဟုတ် တစ်လလျှင် အကြိမ်အနည်းငယ် လျှော်ပေးခြင်းဖြင့် နောက်တစ်ကြိမ်ပြန်ဖြစ်ခြင်းကို ကာကွယ်ပေးသည်။ ဗောက်ပျောက်ခေါင်းလျှော်ရည် အမျိုးအစားနှစ်မျိုးပြောင်းလဲသုံး၍ မသက်သာပါက အရေပြားအထူးကုဆရာဝန်နှင့် ပြသရန်လိုအပ်သည်။
- Pyrithione zinc ပါဝင်သောခေါင်းလျှော်ရည်
- ဗောက်ထခြင်းကုသရန် အိမ်တွင်းနည်းလမ်းများ
အောက်တွင်ဖော်ပြထားသော မီးဖိုချောင်သုံးပစ္စည်းများကို အသုံးပြုခြင်းဖြင့် ဦးရေပြားဗောက်ထခြင်း ကို သက်သာပျောက်ကင်းစေသည်။- မုန့်ဖုတ်ဆိုဒါ _ ရေချိုးစဥ် ဦးရေပြားကို မုန့်ဖုတ်ဆိုဒါဖြင့် ညင်သာစွာနှိပ်နယ်ပေး၍ ရေဖြင့်သေချာစွာ ဆေးချခြင်းဖြင့် သက်သာစေသည်
- ပန်းသီးရှာလကာရည် _ ပန်းသီးရှာလကာရည်ကို ရေနှင့်ဆတူရော၍ ဆံသားနှင့် ဦးရေကိုလိမ်းပြီး (၁၅)မိနစ် မှ (၁)နာရီခန့် အကြာတွင် ခေါင်းလျှော်ပေးခြင်းဖြင့် သက်သာစေသည်၊ တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်ရန် လိုသည်
- အုန်းဆီ (သို့မဟုတ်) လက်ဖက်ဆီ _ ဦးရေပြားကို အဆိုပါဆီများဖြင့်လိမ်းပေးပြီး ခေါင်းလျှော်ခြင်းဖြင့် ဗောက်ထခြင်း လျော့နည်းစေသည်
- သံပရာရည် _ သံပရာရည်ကို ဦးရေသို့ သုတ်လိမ်းခြင်း နေ့စဥ်ပြုလုပ်နိုင်သည်
- ရှားစောင်းလက်ပပ် _ ခေါင်းမလျှော်ခင် ရှားစောင်းလက်ပပ်ကို ဦးရေသို့ လိမ်းထားပြီး လျှော်ပေးခြင်းဖြင့် ဗောက်ထခြင်းကို ကာကွယ်ပေးသည်
- သံလွင်ဆီ _ သံလွင်ဆီကို ဦးရေပြားတွင်လိမ်း၍ တစ်ညထားပြီး မနက်တွင်ခေါင်းလျှော်ပါက ဗောက်ထခြင်းကို သက်သာစေသည်
ကာကွယ်ခြင်း
ဦးရေပြားဗောက်ထခြင်းမှ ကာကွယ်ရန်
- မိမိ၏ ဆံသား၊ ဦးရေပြားနှင့် ကိုက်ညီသော ဆံပင်ထိန်းသိမ်းရေးပစ္စည်းများကိုသာ အသုံးပြုရန်
- ခေါင်းလျှော်ပြီးလျှင် ဆံပင်လိမ်းခရင်မ်များလိမ်းခြင်း၊ ဆံပင်ဖျန်းဆေးများဖျန်းခြင်း မပြုလုပ်ရန်
- ခေါင်းလျှော်စဥ် ဦးရေပြားကို အတင်းကုတ်ခြစ်ခြင်း မပြုရန်
- စိတ်ဖိစီးမှုလျှော့ချရန်
- နေ့စဥ်ပုံမှန်ခေါင်းဖီးရန် (တစ်နေ့ နှစ်ကြိမ်ခန့်)
- နေပူထဲသို့ သွားပါက ဦးထုပ်ဆောင်းရန် (တစ်နေ့လျှင် ၁၅ မိနစ်ခန့် နံနက်ခင်းနေရောင်ပြပေးနိုင်သည်)
- ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများစားရန် (ဇင့်ဓာတ်၊ ဗီတာမင်များ)
- ကောင်းစွာ အိပ်စက်အနားယူရန်
- ဦးရေပြားကို ညင်သာစွာနှိပ်နယ်ပေးရန် (သွေးလည်ပတ်မှုကောင်းစေသည်)
References:
- King, L. M., PhD. (2024). Dandruff: An Overview. WebMD. Retrieved December 20, 2025, from
- https://www.webmd.com/skin-problems-and-treatments/understanding-dandruff-basics
- Marcin, A. (2024). Dandruff: Causes and how to get rid of it. Healthline. Retrieved December 20, 2025, from https://www.healthline.com/health/dandruff-itchy-scalp
- Dandruff – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved December 20, 2025, from https://www.mayoclinic.org/diseases-conditions/dandruff/diagnosis-treatment/drc-20353854
- Website, N. (2024). Dandruff. nhs.uk. Retrieved December 20, 2025, from https://www.nhs.uk/conditions/dandruff/
Published: 30 May 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.