အမျိုးသမီးအများစုတွင် ရာသီသွေးဆင်းခြင်းသည် (၃)ရက် မှ (၇) ရက်အထိ ကြာမြင့်တတ်သည်။ ရာသီစက်ဝန်းကို ရာသီသွေးစဆင်းသည့် ပထမရက်မှ နောက်တစ်ကြိမ် ရာသီသွေးစဆင်းသည့် ပထမရက်မတိုင်မီအထိ တိုင်းတာသတ်မှတ်သည်။ ပုံမှန်အားဖြင့် ရာသီစက်ဝန်းသည် ပျမ်းမျှ (၂၈) ရက်တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး၊ အစောဆုံး (၂၁)ရက် မှ နောက်ဆုံး (၃၅) ရက်အထိ ကွာခြားနိုင်သည်။ ရာသီသွေး ပုံမှန်မဖြစ်ခြင်းသည် ဟော်မုန်းပြောင်းလဲမှု၊ စိတ်ဖိစီးမှု၊ တချို့သောကျန်းမာရေးအခြေအနေများနှင့် သုံးစွဲနေသောဆေးဝါးများ အစရှိသည်တို့ကြောင့် ဖြစ်တတ်သည်။
အောက်ပါအချက်များရှိလျှင် ရာသီသွေးပုံမှန်မဖြစ်ခြင်းဟု သတ်မှတ်သည်။
- ပုံမှန်ရာသီလာနေကျရက်ထက် စောလွန်းခြင်း _ (၂၁) ရက်မတိုင်မီ သွေးပေါ်ခြင်း သို့မဟုတ် နောက်ကျလွန်းခြင်း _ (၃၅) ရက်ကျော်မှ သွေးပေါ်ခြင်း
- ရာသီစက်ဝန်း (၃) ခုထက်ပို၍ ရာသီသွေးလုံးဝမပေါ်ခြင်း
- ရာသီသွေးဆင်းပမာဏ ပုံမှန်ထက် များလွန်းခြင်း၊ နည်းလွန်းခြင်း
- သွေးဆင်းသည့်ရက်သည် ပုံမှန်ထက် ရှည်လျားခြင်း (ဥပမာ – ၇ ရက်ထက် ပိုကြာခြင်း)
- ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြား (၉) ရက်ထက် ပို၍ခြားလာခြင်း
ဥပမာ_- ပထမလ – ၂၈ ရက်ခြား
- ဒုတိယလ – ၃၇ ရက်ခြား (ယခင်လနှင့် ၉ ရက်ခြား)
- တတိယလ – ၂၆ ရက်ခြား (ယခင်လနှင့် ၁၁ ရက်ခြား)
- ရာသီလာချိန် အရင်ကထက် သိသိသာသာ နာကျင်မှု ပိုဆိုးလာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း
- ကြားကာလတွင် သွေးဆင်းခြင်း (ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြား ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း)၊ မီးယပ်သွေးဆုံးပြီးနောက်သွေးဆင်းခြင်း၊ လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
- တစ်နာရီအတွင်း ဂွမ်းထုတ်၊ ဂွမ်းတောင့် တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ရာသီသွေးစိုခြင်း
အဓိပ္ပါယ်ဖွင့်ဆိုချက်များ
- ရာသီသွေးလုံးဝမလာခြင်း (Amenorrhea): ကိုယ်ဝန်ရှိခြင်း၊ မိခင်နို့တိုက်ခြင်း၊ မီးယပ်သွေးဆုံးခြင်း (အသက် ၄၅ မှ ၅၅ နှစ်ကြားတွင် ယေဘုယျအားဖြင့် မီးယပ်သွေးဆုံးတတ်ကြသည်) မရှိဘဲ ရာသီသွေး ရက် (၉၀) ထက်ကျော်လွန်ပြီး မလာလျှင် ရာသီသွေးလုံးဝမလာခြင်းဟု သတ်မှတ်သည်၊ အပျိုဖော်ဝင်ပြီး (၁၅-၁၆) နှစ်ထိ ရာသီသွေးမပေါ်လျှင်၊ ရင်သားဖွံ့ဖြိုးမှုဖြစ်လာပြီး (၃) နှစ်ကြာသည့်တိုင် ရာသီသွေးမပေါ်လျှင် ရာသီသွေးလုံးဝမလာခြင်း ဖြစ်နိုင်သည်
- ရာသီသွေးနည်းခြင်း (Oligomenorrhea): (၃၅) ရက်ထက် ပို၍ခြားပြီး ရာသီသွေးပေါ်ခြင်း သို့မဟုတ် တစ်နှစ်လျှင် (၆)ကြိမ် မှ (၈)ကြိမ်ခန့်သာ ရာသီသွေးပေါ်ခြင်းကို ရာသီသွေးနည်းခြင်းဟု သတ်မှတ်သည်
- ရာသီလာချိန် နာကျင်ခြင်း (Dysmenorrhea): ရာသီလာချိန် အနည်းငယ် မသက်မသာ ဖြစ်တတ်သည်၊ ထိုသို့မဟုတ်ဘဲ အလွန်အမင်းဗိုက်အောင့်နာကျင်ခြင်း ခံစားရလျှင် ရာသီလာချိန်နာကျင်ခြင်းဟု သတ်မှတ်သည်
- ရာသီသွေးမူမမှန်သွေးဆင်းခြင်း (Abnormal uterine bleeding): ရာသီစက်ဝန်းတစ်ခုနှင့်တစ်ခုကြားသွေးဆင်းခြင်း၊ ရာသီသွေးရက်ရှည်ကြာဆင်းနေခြင်း၊ ရာသီသွေးဆင်းပမာဏပုံမှန်ထက် အလွန်အမင်းများခြင်းတို့ကို ရာသီသွေးမူမမှန်ဆင်းခြင်းဟု သတ်မှတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ရာသီသွေးပုံမှန်မဖြစ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိသည်။
- ရှိရင်းစွဲရောဂါကြောင့်ဖြစ်သော ရာသီသွေးပုံမှန်မဖြစ်ခြင်း
- သားအိမ်ပြင်ပတွင်သွေးလုံးဖြစ်ခြင်း (Endometriosis)
သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်းဆိုသည်မှာ သားအိမ်အတွင်းနံရံတစ်ရှူးနှင့် ဆင်တူသော တစ်ရှူးများ သားအိမ်ပြင်ပတွင် အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာပြီး သွေးလုံးဖြစ်တည်လာခြင်း ဖြစ်သည်။ အများအားဖြင့် သားဥပြွန်၊ သားဥအိမ်နှင့် တင်ပါးဆုံရိုးကွင်းအတွင်းရှိ တစ်ရှူးများတွင် အဖြစ်များပြီး ရာသီသွေးမူမမှန်ဆင်းခြင်း၊ ရာသီမပေါ်မီနှင့် ရာသီလာချိန် ဝမ်းဗိုက်အောက်ပိုင်း အလွန်အမင်းနာကျင်ခြင်းတို့ကို ဖြစ်စေသည်။ - တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါ (Pelvic inflammatory disease)
လိင်ဆက်ဆံခြင်းမှ ကူးစက်လာသော ဘက်တီးရီးယားပိုးများသည် မိန်းမကိုယ်၏ ယောနိလမ်းကြောင်းမှတစ်ဆင့် တင်ပါးဆုံရိုးကွင်းအတွင်းရှိ အမျိုးသမီး မျိုးပွါးအင်္ဂါများ ဖြစ်သော သားအိမ်၊ သားဥအိမ်နှင့် သားဥပြွန်များထိ ပျံ့နှံ့ဝင်ရောက်သောရောဂါဖြစ်သည်။ ဝမ်းဗိုက်အောက်ပိုင်းနှင့် တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်း (အနည်းငယ်နာကျင်ခြင်းမှ အလွန်ဆိုးရွားစွာ နာကျင်ခြင်းထိ ဖြစ်တတ်သည်)၊ မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ ဆိုးရွားသောအနံ့ရှိသည့် အရည်များဆင်းခြင်း (အများအားဖြင့် အစိမ်းရောင် သို့မဟုတ် အဝါရောင်ရှိသောအရည်)၊ လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း၊ ရာသီသွေးမူမမှန် သွေးဆင်းခြင်း အစရှိသောရောဂါလက္ခဏာများခံစားရသည်။ - သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သောရောဂါစု (Polycystic ovary syndrome)
သားဥအိမ်များမှ ပမာဏများသော အင်ဒရိုဂျင်ဟော်မုန်းထုတ်ခြင်းကြောင့် သားဥကြွေခြင်းကို တားဆီးပြီး ရာသီသွေးမမှန်ခြင်းကို ဖြစ်စေသည်။ ရာသီသွေးလုံးဝမလာခြင်းလည်း ဖြစ်နိုင်သည်။ - သားအိမ်အသားလုံးများ (Uterine fibroids)
သားအိမ်ကြွက်သားနံရံအတွင်းမှ ဖြစ်ပေါ်လာသည့် ကင်ဆာမဟုတ်သည့် အသားပိုလုံးများဖြစ်သည်။ ၎င်းအလုံးများသည် အရွယ်အစား အမျိုးမျိုးရှိကြပြီး ပဲစေ့အရွယ် မှ ဖရဲသီးအသေးခန့်အထိ ရှိနိုင်သည်။ ရာသီသွေးဆင်းများခြင်း၊ ခါးနာခြင်း၊ ဆီးစပ်တွင် အလုံးစမ်းမိခြင်း စသည့်လက္ခဏာများ ခံစားရနိုင်သည်။ - သွေးဆုံးချိန်မတိုင်ဘဲ စောစီးစွာ သားဥအိမ်မှ ဟော်မုန်း လုံလုံလောက်လောက် မထုတ်လုပ်နိုင်ခြင်း (Primary ovarian insufficiency)
အသက် (၄၀) နှစ်အောက် အမျိုးသမီးများတွင် သားဥအိမ်သည် သားဥမထုတ်တော့ဘဲ အီစတိုဂျင်ထုတ်လုပ်မှုပါ ကျဆင်းသော အခြေအနေတစ်ခုဖြစ်ပြီး ရာသီသွေးလုံးဝမလာခြင်း၊ ရာသီသွေးပုံမှန်မဖြစ်ခြင်းများကို ဖြစ်စေသည်။ အများအားဖြင့် ကိုယ်ခံအားမူမမှန် အလွန်အကျွံတုံ့ပြန်မှုကြောင့်သော်လည်းကောင်း၊ မျိုးရိုးဗီဇ (သို့မဟုတ်) ကင်ဆာဆေးသွင်းကုသခြင်းကြောင့် ဖြစ်နိုင်သည်။ - သိုင်းရွိုက် (သို့မဟုတ်) ပီကျူထရီဂလင်းရောဂါများ (Thyroid or pituitary gland disorders)
သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါ (Hyperthyroidism)၊ သိုင်းရွိုက်ဟော်မုန်း နည်းခြင်းရောဂါ (Hypothyroidism)၊ အခြားသောသိုင်းရွိုက် (သို့မဟုတ်) ပီကျူထရီဂလင်း ရောဂါများသည် ဟော်မုန်းပြောင်းလဲမှုကို ဖြစ်စေ၍ ရာသီသွေးပုံမှန်မဖြစ်ခြင်းကို ဖြစ်စေသည်။ - သွေးရောဂါများ (Bleeding disorders)
သွေးထွက်ခြင်း (သို့မဟုတ်) သွေးတိတ်ခြင်းနှင့်ဆိုင်သော သွေးရောဂါများသည် ရာသီသွေးဆင်းပမာဏ အလွန်အမင်းများခြင်းကို ဖြစ်စေသည်။ - သားအိမ်ကင်ဆာ သို့မဟုတ် သားဥအိမ်ကင်ဆာ (Uterine cancer or ovarian cancer)
တချို့သောကင်ဆာများသည် ရာသီသွေးဆင်းပမာဏ ပုံမှန်ထက်များခြင်း သို့မဟုတ် ရာသီသွေးထိန်ခြင်းကို ဖြစ်စေသည်။
- သားအိမ်ပြင်ပတွင်သွေးလုံးဖြစ်ခြင်း (Endometriosis)
- လူနေမှုပုံစံများကြောင့် ရာသီသွေးပုံမှန်မဖြစ်ခြင်း
အောက်ပါ နေ့စဥ်လူနေမှုပုံစံပြောင်းလဲမှုကြောင့် မိမိ၏ရာသီစက်ဝန်းအပေါ် အကျိုးသက်ရောက်မှုရှိသည်။- စိတ်ဖိစီးမှု
- ကိုယ်အလေးချိန်သိသိသာသာ လျော့ခြင်း၊ တိုးခြင်း
- ခန္ဓာကိုယ်အဆီအလွန်ကျစေသော လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း (ခရီးရှည်ပြေးသူများ၊ အကပညာရှင်များ၊ ကိုယ်ကာယလေ့ကျင့်သည့် အားကစားသမားများ)
- ဗိုင်းရပ်စ်နှင့် အခြားသောရောဂါများကြောင့်နာမကျန်းဖြစ်ခြင်း
- ရာသီသွေးပုံမှန်မဖြစ်ခြင်းကို ဖြစ်စေသောအခြားအကြောင်းရင်းများ
- ကိုယ်ဝန်တားဆေးများ (Birth control pills) _ သားဆက်ခြားဆေးအများစုသည် ဟော်မုန်း နှစ်မျိုးပါဝင်သော ဆေးများဖြစ်ကြပြီး သားဥကြွေခြင်းကို ဟန့်တား၍ ကိုယ်ဝန်မရအောင် ပြုလုပ်သည်၊ သားဆက်ခြားဆေးများကို ရပ်တန့်ပြီးနောက် (၆)လ ကြာသည်အထိ ရာသီသွေးပုံမှန်မဖြစ်ခြင်း၊ ရာသီထိန်ခြင်း ဖြစ်နိုင်သည်
- စတီးရွိုက် (သို့မဟုတ်) သွေးကျဲဆေးများသောက်သုံးခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage)၊ သားအိမ်ပြင်ပ၍သန္ဓေတည်ခြင်း (Ectopic pregnancy)
- ခွဲစိတ်မှုကြောင့် အမာရွတ်အမျှင်များဖြစ်လာပြီး သားအိမ်၊ သားဥအိမ်နှင့် သားဥပြွန်များ ပိတ်နိုင်ခြင်း
- မိခင်နို့တိုက်ကျွေးခြင်း
ယှဥ်တွဲလာတတ်သောလက္ခဏာများ
ဖြစ်ပေါ်ရသော အကြောင်းရင်းပေါ် မူတည်၍ အောက်ဖော်ပြပါလက္ခဏာများမှ တချို့ယှဥ်တွဲတွေ့ရသည်။
- ရာသီလာလျှင် နာကျင်ကိုက်ခဲခြင်း – ရာသီလာလျှင် ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲခြင်းကို ရာသီသွေးမပေါ်မီ စတင်ခံစားရတတ်ပြီး ရက်အနည်းငယ်ကြာတတ်သည်၊ နောက်ကျောအထိ နာကျင်ကိုက်ခဲတတ်သည်၊ ရောဂါရင့်လာသည်နှင့်အမျှ ဓမ္မတာပြီးသည့်တိုင် နာကျင်ကိုက်ခဲမှု ကျန်နေခြင်း၊ နာသည့်ရက်စိပ်လာခြင်း၊ ထို့နောက် အမြဲနာကျင်နေခြင်းတို့ ဖြစ်လာသည်၊ နာကျင်ခြင်းဝေဒနာ အမြဲခံစားနေရသဖြင့် မိမိ၏နေ့စဉ်ဘဝကို ထိခိုက်လာသည် (ဥပမာ _ တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါ – PID၊ သားအိမ်ပြင်ပတွင်သွေးလုံးဖြစ်ခြင်း – Endometriosis)
- ဝမ်းဗိုက်အောက်ပိုင်းနှင့် တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်း (အနည်းငယ်နာကျင်ခြင်းမှ အလွန်ဆိုးရွားစွာ နာကျင်ခြင်းထိ ဖြစ်တတ်သည်) (ဥပမာ _ တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါ – PID)
- လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း၊ ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြား သွေးဆင်းခြင်း အစရှိသော မူမမှန်သွေးဆင်းခြင်း (ဥပမာ _ တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါ၊ သားအိမ်အသားလုံး သားအိမ်ခေါင်းအသားပို)
- အမျိုးသားနှင့် လိင်ဆက်ဆံချိန် သို့မဟုတ် ဆက်ဆံပြီးချိန် နာကျင်ခြင်း (ဥပမာ _ တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါ၊ သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း၊ သားအိမ်အသားလုံး)
- ဆီးစပ်နေရာနှင့် ဗိုက်အောက်ပိုင်းတွင် အလုံးစမ်းမိခြင်း၊ အထိမခံနိုင်အောင် နာခြင်း (ဥပမာ _ သားအိမ်အသားလုံးများ၊ သားအိမ်ပြင်ပတွင်သွေးလုံးဖြစ်ခြင်း၊ တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါ)
- ရာသီသွေးဆင်းများခြင်း၊ ရာသီသွေးရက်ရှည်လာခြင်း (ဥပမာ _ သားအိမ်အသားလုံးများ၊ သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း)
- ရာသီလာချိန်တွင် ဆီးသွားလျှင် နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း (ဥပမာ _ သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း၊ ဆီးလမ်းကြောင်း၌ သွေးလုံးဖြစ်ခြင်း)
- ရာသီလာချိန်အတွင်း ဝမ်းကိုက်သကဲ့သို့ ခံစားရခြင်း၊ ဝမ်းထဲသွေးပါခြင်း (ဥပမာ _ သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း၊ အူလမ်းကြောင်း၌ သွေးလုံးဖြစ်ခြင်း)
- မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ ဆိုးရွားသောအနံ့ရှိသည့် အရည်များဆင်းခြင်း (အများအားဖြင့် အစိမ်းရောင် သို့မဟုတ် အဝါရောင်ရှိသောအရည်) (ဥပမာ _ တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါ)
- ချမ်းတုန်ဖျားခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ ဆီးကျဥ်ခြင်း (ဥပမာ _ တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါ၊ သားအိမ်အသားလုံး)
- ဝမ်းချုပ်ခြင်း၊ ရင်ခေါင်းတောင့်ခြင်း (ဥပမာ _ သားအိမ်အသားလုံး
- အမျိုးသားဟော်မုန်း (အင်ဒရိုဂျင်ဟော်မုန်း) များခြင်းကြောင့် ပုံမှန်မဟုတ်ဘဲ မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွေးအမှင် ထူလာခြင်း၊ ဝက်ခြံများ အလွန်အမင်းထွက်လာခြင်းနှင့် အမျိုးသားများကဲ့သို့ ထိပ်ပြောင်လာနိုင်ခြင်း) (ဥပမာ _ သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သောရောဂါစု၊ adrenal အကျိတ်ရောဂါ)
- သားဥအိမ်နှစ်လုံး အရွယ်ကြီးလာနိုင်ပြီး မရင့်မှည့်သော သားဥများပါဝင်သော ရေအိတ်ငယ်လေးများသည် သားဥအိမ်အနားဝန်းကျင်တွင် ဖြစ်ပေါ်လာခြင်း (ဥပမာ _ သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု)
- ကိုယ်အလေးချိန်တိုးလာခြင်း၊ ကိုယ်အလေးချိန်ထိန်းရန် ခက်ခဲခြင်း (ဥပမာ _ သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သောရောဂါစု၊ သိုင်းရွိုက်ဟော်မုန်း မညီမျှခြင်း)
- အင်ဆူလင်တုံ့ပြန်မှုမရခြင်းကြောင့် အသားအရေတွင် အမဲရောင်ခြယ်ဓာတ် များလာခြင်း (အထူးသဖြင့် ဂုတ်ပိုး၊ ချိုင်း၊ ပေါင်ခြံနှင့် ရင်ဘတ်များတွင် အရေပြားထူပြီး မဲလာခြင်း) (ဥပမာ _ သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု)
- သားဥမကြွေခြင်းကြောင့် သားသမီးရရန်ခက်ခဲခြင်း (ဥပမာ _ သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု)
- နို့ရည်ထွက်ခြင်း (ဥပမာ _ Prolactin ဟော်မုန်းများခြင်း၊ Pituitary gland ပြဿနာများ)
- ဆံပင်ကျွတ်ခြင်း (ဥပမာ _ သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သောရောဂါစု၊ သိုင်းရွိုက်ရောဂါများ)
- အမြင်အာရုံပြောင်းလဲခြင်း (ဥပမာ _ Prolactinoma)
နောက်ဆက်တွဲပြဿနာများ
ရာသီလုံးဝမလာခြင်း၏ နောက်ဆက်တွဲပြဿနာများ
- မျိုးမပွါးနိုင်ခြင်း _ သားဥမကြွေခြင်းကြောင့် ကိုယ်ဝန်ရရန်မဖြစ်နိုင်ခြင်း
- ဟော်မုန်းပုံမှန်မထွက်ရှိခြင်းကြောင့် သားပျက်သားလျှောဖြစ်ခြင်း၊ အရိုးပွခြင်း၊ နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါများဖြစ်ခြင်း
- စိတ်ဖိစီးမှုများခြင်း
- တင်ပါးဆုံရိုးကွင်းအတွင်းနာကျင်ခြင်း _ ခန္ဓာဗေဒဖွံ့ဖြိုးမှု ပြဿနာကြောင့် ရာသီသွေးလုံးဝမလာခြင်းဖြစ်လျှင် တင်ပါးဆုံရိုးကွင်းအတွင်းနေရာ၌ နာကျင်မှုဖြစ်တတ်သည်။
ရာသီသွေးပမာဏ ပုံမှန်ထက်များလွန်းခြင်း၏ နောက်ဆက်တွဲပြဿနာများ
- သံဓာတ်အားချို့တဲ့သွေးအားနည်းခြင်း _ ခေါင်းကိုက်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ အသက်ရှူမဝခြင်း အစရှိသည့်လက္ခဏာများ ခံစားရတတ်သည်။ သံဓာတ်ကြွယ်သော အစားအစာ၊ သံဓာတ်အားဖြည့်ဆေးများဖြင့် ပြန်လည်ပြည့်အောင်ပြုလုပ်သော်လည်း ရာသီသွေးပမာဏ ပုံမှန်ထက်များခြင်းကြောင့် သံဓာတ်အားချို့တဲ့သွေးအားနည်းခြင်းကို ပို၍ဆိုးရွားစေသည်။
- ရာသီလာချိန် ပြင်းထန်စွာနာကျင်ကိုက်ခဲခြင်းကြောင့် နေ့စဥ်လူမှုရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အနှောင့်အယှက် ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ရာသီလာချိန်နာကျင်ခြင်း၊ ရာသီသွေးပုံမှန်မဖြစ်ခြင်းနှင့် အောက်ဖော်ပြပါလက္ခဏာများ ဖြစ်ပေါ် ခံစားရလျှင် မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ပြသရန်လိုသည်။
- ရာသီစက်ဝန်းတစ်ခုနှင့်တစ်ခုကြား သို့မဟုတ် ရာသီလာချိန် ဝမ်းဗိုက်အောက်ပိုင်း အလွန်အမင်း နာကျင်ခြင်း
- ရာသီသွေးဆင်းပမာဏ ပုံမှန်ထက်များလွန်းခြင်း [တစ်နာရီအတွင်း ဂွမ်းထုတ် (သို့မဟုတ်) ဂွမ်းတောင့် တစ်ခု စိုခြင်းကို ၂ နာရီ – ၃ နာရီထိတွေ့ရခြင်း သို့မဟုတ် သွေးခဲများဆင်းခြင်း]
- မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ ဆိုးရွားသောအနံ့ရှိသည့် အရည်များဆင်းခြင်း
- သွေးဆင်းသည့်ရက်သည် ပုံမှန်ထက် ရှည်လျားခြင်း (ဥပမာ – ၇ ရက်ထက် ပိုကြာခြင်း)
- ကြားကာလတွင် သွေးဆင်းခြင်း (ရာသီစက်ဝန်းတစ်ခုနှင့်တစ်ခုကြား ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း)၊ မီးယပ်သွေးဆုံးပြီးနောက်သွေးဆင်းခြင်း၊ လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
- ရာသီပုံမှန်လာနေခြင်းမှ ရာသီပုံမှန်မဖြစ်ခြင်းဖြစ်လာခြင်း
- ရာသီလာချိန် ပျို့ခြင်း၊ အန်ခြင်း
- ကိုယ်ဝန်ရှိသည်ဟု သံသယရှိခြင်း
- ဖျားခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းမူးခြင်း၊ ရုတ်တရက် လဲကျခြင်း အစရှိသော ပိုးဆိပ်ပျံ့သွေးလန့်သောရောဂါစု (toxic shock syndrome) ဖြစ်ခြင်း
ရောဂါရှာဖွေခြင်း
ရာသီသွေးပုံမှန်မဖြစ်ခြင်းအကြောင်းအရင်းကို ရှာဖွေရန် မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ် အထူးကုဆရာဝန်မှ ခံစားရသောလက္ခဏာများ၊ မိမိ၏ ရာသီစက်ဝန်းနှင့် ပတ်သက်သော အချက်အလက်ရာဇဝင်များ၊ မိမိသောက်သုံးနေသော ဆေးဝါးများနှင့် ပတ်သက်၍ မေးမြန်းမည်။ ထို့နောက် တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်ခြင်းအပါအဝင် လိုအပ်သောစမ်းသပ်မှုများ ပြုလုပ်မည်။ တင်ပါးဆုံရိုးကွင်းအင်္ဂါများကို အာထရာဆောင်းရိုက်ခြင်း (Pelvic ultrasound)၊ သားအိမ်အတွင်းနံရံ အသားစစစ်ဆေးခြင်း (Endometrial biopsy)၊ သားအိမ်အတွင်းသို့ မှန်ပြောင်းဖြင့်ကြည့်ရှု၍ ရောဂါရှာဖွေခြင်း (Hysteroscopy)၊ သွေးထဲရှိဟော်မုန်းပမာဏများစစ်ဆေးခြင်း အစရှိသည့် လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်မည်။
ကုသခြင်း
ဖြစ်ပွါးရသောအကြောင်းရင်းပေါ်တွင် မူတည်၍ ရာသီပုံမှန်မဖြစ်ခြင်းကို ကုသရသည်။
ဆေးဖြင့်ကုသခြင်း
ရာသီပုံမှန်မဖြစ်ခြင်းကို ပထမဦးစွာဆေးဖြင့် ကုသပြီး မအောင်မြင်မှသာ ခွဲစိတ်ကုသမှု ပြုလုပ်ကြသည်။
- ဟော်မုန်းပါဝင်သောသားဆက်ခြားဆေးများ _ ရာသီပုံမှန်မဖြစ်ခြင်းသည် သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း၊ သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သောရောဂါစု၊ သားအိမ် အသားလုံးများကြောင့်ဖြစ်လျှင် အီစတိုဂျင်နှင့် ပရိုဂျက်စတီရုန်း ဟော်မုန်း (၂) မျိုးပေါင်းစပ်ထားသော သားဆက်ခြားဆေး သို့မဟုတ် ပရိုဂျက်စတီရုန်း ဟော်မုန်းတစ်မျိုးတည်းပါသော ဆေးများကို သောက်သုံးခြင်းဖြင့် ရာသီပုံမှန်ဖြစ်နိုင်သည်၊ သောက်ဆေး၊ လိမ်းဆေး၊ ကပ်ခွာပလတ်စတာ၊ ဖျန်းဆေးနှင့် ယောနိလမ်းကြောင်း အတွင်းထည့်ရသော ဟော်မုန်းကွင်း၊ သားအိမ်ထဲထည့်ရသောပစ္စည်း စသည်ဖြင့် ပုံစံအမျိုးမျိုးရှိသည်
- ထရမ်နက်စမင့်အက်ဆစ် (Tranexamic acid) _ ရာသီသွေးဆင်းပမာဏ ပုံမှန်ထက်များလွန်းခြင်းဖြစ်လျှင် ရာသီစပေါ်သည့်နေ့တွင် စတင်သောက်သုံးခြင်းဖြင့် ရာသီသွေးဆင်းပမာဏကို ထိန်းနိုင်သည်
- အကိုက်အခဲပျောက်ဆေး (Pain relievers) _ အိုင်ဗြူပရိုဖင် (ibuprofen)၊ ပါရာစီတမော ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို သောက်သုံးခြင်းဖြင့် ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်းကို သက်သာစေသည်
- ဟော်မုန်းဆေးဖြင့်ကုသခြင်း (Hormone therapy) _ မီးယပ်သွေးဆုံးခါနီးကြောင့် ရာသီပုံမှန် မဖြစ်ခြင်းဖြစ်လျှင် မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ဟော်မုန်းဆေးများ သောက်ပေးခြင်းဖြင့် ရာသီပုံမှန်မဖြစ်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ပုံမှန်မဟုတ်ဘဲ ခန္ဓာကိုယ်ပူခြင်း ကဲ့သို့သော မီးယပ်သွေးဆုံးလက္ခဏာများကို သက်သာစေမည်
- ပဋိဇီဝပိုးသတ်ဆေးများ (Antibiotics) _ ရောဂါပိုးဝင်ခြင်းကြောင့် ရာသီပုံမှန်မဖြစ်ခြင်းဖြစ်လျှင် ပဋိဇီဝပိုးသတ်ဆေးများပေး၍ ကုသသည်
- ဂိုနာဒိုထရိုဖင်ဟော်မုန်းဆေး (Gonadotropin-releasing hormone agonists) _ ဤဆေးသည် သားအိမ်အသားလုံးများကို အရွယ်သေးသွားစေပြီး ရာသီသွေးဆင်းပမာဏ များခြင်းကို ရာသီသွေးယာယီထိန်ခြင်းဖြင့် သက်သာစေသည်
ခွဲစိတ်ကုသခြင်း
ဖြစ်ပေါ်ရသောအကြောင်းရင်း၊ အသက်အရွယ်၊ သားသမီးယူရန် ဆန္ဒရှိခြင်း ရှိမရှိပေါ်တွင် မူတည်၍ ခွဲစိတ်ကုသသည်။
- သားအိမ်အတွင်းနံရံတစ်ရှူးများကို ပျက်စီးစေခြင်း (Endometrial ablation) _ အပူ၊ အအေး၊ အခြားသောစွမ်းအင်များကို အသုံးပြု၍ သားအိမ်အတွင်းနံရံရှိ တစ်ရှူးများကို ပျက်စီးကွာကျစေပြီး ရာသီသွေးပမာဏ ပုံမှန်ထက်များခြင်းကို လျော့ကျကာကွယ်ပေးသည်၊ သားသမီးရယူလိုသော ဆန္ဒရှိနေသေးသော အမျိုးသမီးများအတွက် မသင့်လျော်ပါ
- သားအိမ်အသားလုံးကိုခွဲစိတ်ထုတ်ခြင်း (Myomectomy) _ ရာသီသွေးပမာဏ ပုံမှန်ထက်များစေသော သားအိမ်အသားလုံးများကို အသားလုံးသီးသန့်ထုတ်ခြင်းဖြစ်သည်
- သားအိမ်အသားလုံးကို ပို့သည့် သွေးကြောကို ပိတ်ဆို့ခြင်းဖြင့် ကုသခြင်း (uterine artery embolization)
- သားအိမ်တစ်ခုလုံးခွဲစိတ်ထုတ်ခြင်း (Hysterectomy) _ သားအိမ်အသားလုံးထုတ်လျှင်သော်လည်းကောင်း၊ သားအိမ်အတွင်းနံရံတစ်ရှူး အများအပြား ဖယ်ရှားရမည့် အခြေအနေတွင်သော်လည်းကောင်း သားအိမ်ကိုချန်ထားခဲ့ရန် မဖြစ်နိုင်တော့သည့်အခြေအနေတွင် သားအိမ်တစ်ခုလုံးကို ခွဲစိတ်ထုတ်ရသည်
ကာကွယ်ခြင်း
ရာသီသွေးပုံမှန်မဖြစ်ခြင်းကို ကာကွယ်လျော့ချနိုင်ရန်
- သင့်တင့်မျှတသော လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အာဟာရပြည့်စုံသော အစားအစာစားခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံဖြင့် ကြိုးစားနေထိုင်ပါ၊ ကိုယ်အလေးချိန်လျော့ချလိုလျှင် အပြင်းအထန်အစားလျော့ခြင်းထက် ဖြည်းညင်းစွာလျော့စားပါ
- အနားယူချိန်အပြည့်အဝထားပါ
- စိတ်ဖိစီးမှုလျော့ချသော အလေ့အကျင့်ပြုလုပ်ပါ
- ပြင်းထန်သောလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းကို လျော့ချပါ
- ဂွမ်းတောင့်၊ ဂွမ်းထုတ်များကို (၄)နာရီ မှ (၆)နာရီကြား တစ်ခါပြောင်းသုံးခြင်းဖြင့် ပိုးဝင်ခြင်း၊ ပိုးဆိပ်ပျံ့သွေးလန့်သောရောဂါစု မဖြစ်အောင်ကာကွယ်ပါ
- ညွှန်ကြားထားသည့်အတိုင်း ဟော်မုန်းသားဆက်ခြားဆေးများကို သုံးစွဲပါ
- မိမိ၏မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် မှန်မှန်ရက်ချိန်းယူ၍ တိုင်ပင်ဆွေးနွေးပါ
References:
- Irregular periods. (2025). Cleveland Clinic. Retrieved from April 3, 2025, https://my.clevelandclinic.org/health/diseases/14633-abnormal-menstruation-periods
- Heavy menstrual bleeding – Symptoms and causes. (n.d.). Mayo Clinic. Retrieved from April 3, 2025, https://www.mayoclinic.org/diseases-conditions/menorrhagia/symptoms-causes/syc-20352829
- Amenorrhea – Symptoms and causes. (n.d.). Mayo Clinic. Retrieved from April 3, 2025, https://www.mayoclinic.org/diseases-conditions/amenorrhea/symptoms-causes/syc-20369299
Published: 22 April 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.