ကိုယ်ဝန်နှင့် ဆက်စပ်၍ ရင်သားနာကျင်မှုဖြစ်ရခြင်းသည် အမျိုးသမီးအများစုတွေ့ကြုံခံစားရသော အဖြစ်များသောလက္ခဏာတစ်ခုဖြစ်သည်။ ကိုယ်ဝန်သက်နုသောအချိန်တွင် ခံစားရနိုင်သကဲ့သို့ မိခင်နို့တိုက်ကျွေးချိန်တွင်လည်း ခံစားရနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- ကိုယ်ဝန်ဖြစ်တည်ပြီးသည်နှင့် ဟော်မုန်းပမာဏမြင့်တက်လာမှုကြောင့် ရင်သားပြောင်းလဲမှုများ စတင်လာသည်၊ ရင်သားဆီသို့ သွေးစီးဆင်းမှုကောင်းခြင်း၊ အရည်များစုစည်းခြင်းကြောင့် ရင်သားပြည့်တင်းခြင်း၊ နာကျင်ခြင်း၊ အထိအတွေ့ပို၍ ခံစားသိရှိခြင်းစသည်တို့ ဖြစ်ပေါ်လာသည်၊ ထိုကြောင့် ရင်သားနာကျင်ခြင်းသည် ကိုယ်ဝန်ရှိကြောင်းပြသော အစောဆုံးလက္ခဏာဖြစ်ပြီး ဖြစ်တည်လာမည့်သန္ဓေသားအတွက် အကောင်းဆုံးပြင်ဆင်ထားသော ပြောင်းလဲမှုဖြစ်သည်
- မိခင်နို့တိုက်ကျွေးခြင်းကြောင့် ရင်သားနာကျင်မှုဖြစ်ခြင်း
- ကလေးအားနို့တိုက်သည့် အနေအထားနှင့် ထိကပ်မှု နည်းလမ်းများ မမှန်သောကြောင့် နို့သီးခေါင်းနာကျင်ခြင်း
- နို့စို့ကလေးမှ နို့သီးခေါင်းကိုက်ခြင်းကြောင့် နာကျင်ခြင်း
- နို့သီးခေါင်းခြောက်သွေ့ပြီး ကွဲခြင်း၊ ပိုးဝင်ခြင်း
- ရင်သားပိုးဝင်ရောင်ရမ်းခြင်း
- ရင်သားပြည်တည်နာဖြစ်ခြင်း
ယှဥ်တွဲလာတတ်သောလက္ခဏာများ
ကိုယ်ဝန်ဖြစ်တည်၍ ဟော်မုန်းပမာဏမြင့်တက်လာခြင်းကြောင့် ရင်သားနာကျင်ခြင်းနှင့်အတူ အောက်ပါပြောင်းလဲလာသော လက္ခဏာများကို တွေ့လာရသည်။
- ရင်သားကြီးထွားလာခြင်း _ ကိုယ်ဝန်သက် (၆)ပတ် မှ (၈)ပတ်ကြား ရင်သားကြီးထွားမှုစတင်လာပြီး ကိုယ်ဝန်တစ်လျှောက် ဆက်လက်ကြီးထွားလာတတ်သည်၊ ရင်သားပေါ်ရှိ အရေပြား ဆွဲဆန့်လာမှုကြောင့် ရင်သားယားယံခြင်း၊ အရေပြားပေါ်တွင် ဆွဲဆန့်ထားသောအရာများ (Stretch marks) ကို တွေ့ရသည်
- နို့သီးခေါင်းနှင့် နို့သီးခေါင်းပတ်လည်ရှိ အမဲကွင်းများပို၍ သိသာထင်ရှားလာခြင်း _ ကိုယ်ဝန်တွင် ထွက်ရှိသောဟော်မုန်းများသည် အရေပြားအရောင်လွန်ကဲမှုကို ဖြစ်စေသည်
- ရင်သားပေါ်ရှိသွေးကြောများထင်ရှားလာခြင်း _ ကိုယ်ဝန်ကြောင့် ရင်သားသို့ သွေးစီးဆင်းမှု ကောင်းလာခြင်းကြောင့်ဖြစ်သည်
- နို့ဦးရည်ထွက်ခြင်း _ ကိုယ်ဝန်သက် (၃) လဝန်းကျင်တွင် နို့သီးခေါင်းမှ ဝါပြစ်ပြစ်အရည်များ (Colostrum) ထွက်လာသည်၊ တချို့တွင် (၃) လထက်စောပြီး တွေ့ရနိုင်သလို တချို့တွင် လုံးဝမထွက်သည်ကိုလည်း တွေ့ရတတ်သည်
- နို့သီးခေါင်းစူထွက်ခြင်း၊ နို့သီးခေါင်းနှင့် နို့သီးခေါင်းပတ်လည်အမဲကွင်းများကြီးလာခြင်း၊ အမဲကွင်း၌ အဆီထုတ်ပေးသော ဂလင်းများ (Montgomery’s tubercles) ဖြစ်ပေါ်လာခြင်းများကို တွေ့ရတတ်သည်
ရင်သားပိုးဝင်ရောင်ရမ်းခြင်းဖြစ်လျှင် ရင်သားနာကျင်ခြင်းအပြင် ရင်သားနီရဲရောင်ရမ်းခြင်းကို တွေ့ရသည်။
နောက်ဆက်တွဲပြဿနာများ
နို့သီးခေါင်းကွဲခြင်းကို သေချာကုသမှုမခံယူလျှင်
- သွေးထွက်ခြင်း _ သွေးထွက်ခြင်းကြောင့် မိခင်မှ ကလေးကို သွေးမှတစ်ဆင့် ရောဂါကူးစက်နိုင်ခြင်းကြောင့် နို့တိုက်ကျွေးမှုရပ်ရခြင်း
- နို့သီးခေါင်းကွဲခြင်းမှ ဘက်တီးရီးယားပိုးများဝင်ရောက်ပြီး ပြည်တည်ခြင်း၊ ရင်သားပိုးဝင်ရောင်ရမ်းခြင်း (Lactational mastitis)
- နို့သီးခေါင်းမခံမရပ်နိုင်အောင်နာကျင်ခြင်းကြောင့် နို့ညှစ်ခြင်း၊ နို့တိုက်ကျွေးခြင်းကို ကြောက်ရွံ့ခြင်း
- စောစီးစွာ မိခင်နို့တိုက်ကျွေးမှု ရပ်လိုက်ရခြင်း စသည့်နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မိခင်နို့တိုက်စဥ် နာကျင်မှုခံစားရလျှင်သော်လည်းကောင်း၊ ရင်သားနာကျင်ခြင်း၊ နီရဲရောင်ရမ်းခြင်း၊ ဖျားခြင်းများဖြစ်လျှင်သော်လည်းကောင်း မိမိ၏မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် သေချာစွာပြသပြီး ဆွေးနွေးတိုင်ပင်သင့်သည်။
ရောဂါရှာဖွေခြင်း
မိမိ၏မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်မှ ခံစားရသောလက္ခဏာများ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းဖြင့် ဖြစ်ရသောအကြောင်းရင်းကို သိရှိနိုင်သည်။
ကုသခြင်း
- ကိုယ်ဝန်ဖြစ်တည်၍ ရင်သားနာကျင်ခြင်းကို သက်သာစေရန် သင့်လျော်သောဘရာစီယာကို အသုံးပြုပါ
- ရင်သားကြီးထွားလာမှုကို သက်သောင့်သက်သာရှိစေရန် သင့်လျော်ကောင်းမွန်သော ဘရာစီယာကို ရွေးချယ်ဝယ်ယူ၍ ဝတ်ဆင်ရန်နှင့် ညအိပ်သည့်အခါ ချည်သားဖြင့် ရက်လုပ်ထားသော ဘရာစီယာကို ဝတ်ဆင်အသုံးပြုပါ
- ကိုယ်ဝန်ဆောင်ချိန်နှင့် မိခင်နို့တိုက်ကျွေးချိန်တွင် ရင်သားအရွယ်အစား ပြောင်းလဲလာခြင်းကို အဆင်ပြေ၍ သက်သောင့်သက်သာရှိစေရန်၊ မိခင်နို့တိုက်ကျွေးချိန်တွင် လွယ်ကူစွာ နို့တိုက်နိုင်ရန် Nursing bra ကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းပြုလုပ်လိုသူများအတွက် သက်သောင့်သက်သာရှိစေရန် Sports bra ကိုလည်းကောင်း ဝတ်ဆင်အသုံးပြုပါ
- နို့သီးခေါင်းကွဲခြင်းမှ ကာကွယ်ကုသရန် ကလေးအား နို့တိုက်သည့် အနေအထားနှင့် ထိကပ်မှုမှန်ကန်ရမည်ဖြစ်သည်။ မိခင်နို့တိုက်ကျွေးခြင်း (Breastfeeding) တွင် အရေးကြီးဆုံးမှာ မိခင်၏ သားမြတ် သို့မဟုတ် ရင်သားရှိ အမဲကွင်းတစ်ခုလုံးသည် ကလေးပါးစပ်တွင် ငုံထားရမည် ဖြစ်သည်
- အကယ်၍ နို့တိုက်ကျွေးရာတွင် နို့သီးခေါင်းနာကျင်မှုရှိလာပါက
- မိခင်နို့တိုက်ကျွေးချိန် လျှော့ချပြီး နို့များကို နို့ညှစ်ကိရိယာစက်ဖြင့် ညှစ်ပြီး နို့တိုက်ကျွေးခြင်း ပြုလုပ်ပါ
- ရင်သားတစ်လှည့်စီ မိခင်နို့တိုက်ကျွေးပါ
- နို့သီးခေါင်းကွဲခြင်း သက်သာပျောက်ကင်းသည်အထိ ရက်အတော်ကြာ နို့ညှစ်ကိရိယာစက်ဖြင့် ညှစ်ပြီး နို့တိုက်ကျွေးပါ
- မိခင်နို့တွင် ဘက်တီးရီးယားပိုးကို ကာကွယ်နိုင်သောအစွမ်းသတ္တိရှိသောကြောင့် မိခင်နို့ အနည်းငယ်ကို ကွဲနေသောနို့သီးခေါင်းတွင် သုတ်လိမ်းပေးခြင်းဖြင့် နို့သီးခေါင်းကို စိုစွတ်စေပြီး အနာကို ကျက်စေသည်
- အမြဲစိုစွတ်နေသောနို့သီးခေါင်းဖြစ်နေပါက ပို၍ဒဏ်ရာရစေသဖြင့် ခြောက်သွေ့အောင် ပြုလုပ်ပေးရန်လိုသည်၊ လေနှင့်ရေငွေ့များလွယ်ကူစွာ ဖြတ်သန်းနိုင်ပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးသော ဘရာစီယာများကို ဝတ်ဆင်ပါ
- နို့ရည်များဖြင့် ပြည့်တင်းခဲနေခြင်းကြောင့် နာကျင်နေသောရင်သားများကို နှိပ်နယ်ပေးခြင်းဖြင့် နို့ရည်များညှစ်ထုတ်စေပြီး နို့အုံပြည့်တင်းနေခြင်းအား ပြေလျော့စေကာ နာကျင်မှုကို သက်သာစေသည်၊ မိခင်နို့ကို ကလေးဝအောင်တိုက်ပြီး ကျန်နေသေးလျှင် ညှစ်ထုတ်ပြီး သိမ်းဆည်းလိုပါက ရေခဲသေတ္တာ၌ သိမ်းဆည်းထားနိုင်သည်
- ရေနွေးဝတ် သို့မဟုတ် ဂျယ်လီအထုပ် (Gel pads) အသုံးပြုပေးပါက နို့သီးခေါင်းကွဲခြင်းကို သက်သာစေပြီး အနာကျက်မြန်စေသည်
- ကွဲနေသောနို့သီးခေါင်းကို ပဋိဇီဝပိုးသတ်လိမ်းဆေး (Antiseptic cream) လူးပေးခြင်းဖြင့် ဘက်တီးရီးယားပိုးဝင်ရောက်မှုကို ကာကွယ်ပါ
- ရင်သားပိုးဝင်ရောင်ရမ်းခြင်း (Lactational mastitis) ဖြစ်လျှင် ပဋိဇီဝပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေးများပေးမည်
- ရင်သားပြည်တည်နာ (Breast abscess) ဖြစ်ပါက ပဋိဇီဝပိုးသတ်ဆေးများပေးပြီး ရင်သားတွင် သေးငယ်သော ခွဲကြောင်းပြုလုပ်၍ ပြည်များကို ဖယ်ရှားမည်
ကာကွယ်ခြင်း
- နို့သီးခေါင်းကွဲခြင်းကို ကာကွယ်ရန်
- မိခင်နို့တိုက်ချိန်တိုင်း အနေအထားနှင့် ထိကပ်ပုံ မှန်ကန်စွာစနစ်တကျတိုက်ကျွေးပါ၊ မိခင်နို့တိုက်ကျွေးစဥ် မိခင်ကိုယ်အနေအထားပြောင်းခြင်း မပြုလုပ်သင့်ပါ၊ ကလေးသည် ခေါင်းလှည့်ပြီး မိခင်နို့သီးခေါင်းရှာဖွေခြင်း မဖြစ်ရပါ၊ မိခင်၏ သားမြတ် သို့မဟုတ် ရင်သားရှိ အမဲကွင်းတစ်ခုလုံးသည် ကလေးပါးစပ်တွင် ငုံထားပြီးမှ နို့စို့ရမည်ဖြစ်သည်
- လေ့ကျင့်ခန်းပြုလုပ်ရာတွင် နို့သီးခေါင်းပွတ်တိုက်မိခြင်းမှ ကာကွယ်ရန်
- အရေပြားထိခိုက်မှု ကာကွယ်ရန် နူးညံ့သောချည်သားများဖြင့် ရက်လုပ်ထားသော ဘရာစီယာများကို ဝတ်ဆင်ပါ
- ရင်အုံခွက်မျက်နှာပြင်ချောမွေ့ပြီး ဆက်ကြောင်း ချုပ်ကြောင်းများမပါရှိသော ဘရာစီယာများကို ဝတ်ဆင်ပါ
- အလွန်အေးသောရာသီဥတုအခြေအနေ သို့မဟုတ် ခရီးရှည်ပြေးခြင်းတို့တွင် နို့သီးခေါင်းစိုစွတ်စေရန် အဆီဂျယ် သို့မဟုတ် ချောဆီကို လေ့ကျင့်ခန်းမပြုလုပ်မီလိမ်းပါ
- တီရှပ် သို့မဟုတ် ဘရာစီယာမဝတ်မီ ရေလုံတိတ် သို့မဟုတ် ပတ်တီးစကို နို့သီးခေါင်းပေါ်တွင် အုပ်၍ကာထားပါ
- နို့ရည်များဖြင့် ပြည့်တင်းခဲနေခြင်းကြောင့် နာကျင်နေသောရင်သားများမဖြစ်ပေါ်စေရန်
- ကလေးနို့ဝလျှင် နို့ရည်များတင်းနေသေးပါက နို့ရည်များညှစ်ထုတ်ပေးပါ
- နို့ရည်များဖြင့် ပြည့်တင်းခဲနေလျှင် ရေနွေးဝတ်ဖြင့် နှိပ်နယ်ပြီး နို့အုံပျော့ပျောင်းလာသည်အထိ နို့ရည်များညှစ်ထုတ်ပေးပါ။
References:
- Nipple fissure. (2025). Cleveland Clinic. Retrieved April 15, 2025 from
https://my.clevelandclinic.org/health/diseases/22605-nipple-fissure - Breast pain: 10 reasons your breasts may hurt. (2022). Johns Hopkins Medicine. Retrieved April 15, 2025 from
https://www.hopkinsmedicine.org/health/conditions-and-diseases/breast-pain-10-reasons-your-breasts-may-hurt - Osborn, C. O. (2023). Do sore boobs mean I’m pregnant? Plus, why this happens. Healthline. Retrieved April 15, 2025 from
https://www.healthline.com/health/pregnancy/breast-pain-pregnancy#takeaway - editor. (2023). Breast changes during pregnancy. American Pregnancy Association. Retrieved April 15, 2025 from
https://americanpregnancy.org/healthy-pregnancy/changes-in-your-body/breast-changes-during-pregnancy/
Published: 12 May 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.