Toothache (သွားနာသွားကိုက်ခြင်း)

Toothache (သွားနာသွားကိုက်ခြင်း)

သွားနာသွားကိုက်ခြင်းသည် လူတိုင်းနီးပါး ကြုံတွေ့ရလေ့ရှိသော ပြဿနာတစ်ခုဖြစ်ပြီး နာကျင်မှုကို ခံစားရခြင်းအပြင် နေ့စဉ်ဘဝကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သွားနာသွားကိုက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိပြီး သွားပိုးစားခြင်း၊ သွားဖုံးရောဂါများ၊ သွားကျိုးခြင်း သို့မဟုတ် အခြားသွားနှင့် ခံတွင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပေါ်နိုင်သည်။ သွားနာခြင်းကို သက်သာစေရန် အိမ်တွင်းကုသနည်းများအပြင် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာခြင်းဖြင့် ဤပြဿနာကို လျှော့ချနိုင်သည်။

300099-toothache-p1

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကလေးလူကြီးအားလုံးတွင် သွားနာသွားကိုက်ရခြင်း အဖြစ်များဆုံးအကြောင်းရင်းမှာ သွားပိုးစားခြင်း (Dental caries) ဖြစ်သည်။ သွားတွင် အပြင်ဘက်ဆုံး ကြွေသွားလွှာ (Enamel)၊ အလယ်ရှိ ဆင်စွယ်နှစ်လွှာ (Dentine) နှင့် အတွင်းဆုံး အသားနုလွှာ (သို့မဟုတ်) မွသွားလွှာ (Pulp) ဟူ၍ အလွှာသုံးလွှာရှိသည့်အနက် သွေးကြောများ၊ အာရုံကြောများရှိသည့် မွသွားလွှာရောင်ရမ်းပါက သွားနာသွားကိုက်ခြင်း စတင်ခံစားရသည်။ သွားနာသွားကိုက်နိုင်သောအကြောင်းရင်းများမှာ_

  1. သွားနှင့်ပတ်သက်သော အကြောင်းရင်းများ
    • သွားပိုးစားခြင်း၊ သွားအခေါင်းပေါက်ဖြစ်ခြင်း
    • သွားပဲ့ခြင်း၊ အက်ခြင်း၊ ကျိုးခြင်း
    • သွားဖာထားသည့်နေရာမှ ပြုတ်ထွက်ခြင်း
    • အံဆုံးသွားပေါက်ခြင်း
    • သွားကြိတ်ခြင်း
  2. သွားဖုံးနှင့် ပတ်သက်သောအကြောင်းရင်းများ
    • သွားဖုံးရောင်ခြင်း
    • သွားဖုံးပြည်တည်နာများ
  3. အခြားအကြောင်းရင်းများ
    • ထိပ်ကပ်နာ _ မျက်နှာအရိုးများအတွင်းရှိလေခိုအိတ်များ ပိုးဝင်ရောင်ရမ်းခြင်းကြောင့် အထက်သွားများတွင် ဖိအားနှင့် နာကျင်မှုများဖြစ်စေနိုင်သည်။

ယှဥ်တွဲလာတတ်သောလက္ခဏာများ

သွားနာသွားကိုက်ခြင်းသည် သွားနှင့် သွားဖုံးနေရာတွင် စူး၍နာခြင်း၊ ထိုး၍နာခြင်း၊ တဆစ်ဆစ်ကိုက်၍နာခြင်း စသည်ဖြင့် အမျိုးမျိုးခံစားရနိုင်သည်။ အထူးသဖြင့် အစာဝါးစားချိန်တွင် သို့မဟုတ် ပူလွန်း၊ အေးလွန်းသော အစားအစာများနှင့် ထိတွေ့မိချိန်တွင် ပို၍နာခြင်း၊ ကျဥ်ခြင်းများဖြစ်တတ်သည်။ သွားနာသွားကိုက်ခြင်းအပြင် အခြားလက္ခဏာများဖြစ်သော

  • သွား‌အောက်ခြေနှင့် သွားဖုံးတစ်ဝိုက်တွင် ရောင်ရမ်းခြင်း
  • သွား‌အောက်ခြေသွားဖုံးနေရာမှ သွေးထွက်ခြင်း၊ ပြည်ထွက်ခြင်း
  • သွားပိုးစားသည့်သွားတွင် အဖြူရောင်အစား အညိုရောင်၊ အမည်းရောင်အစွန်းများ ဖြစ်လာခြင်း
  • ခံတွင်းအနံ့ဆိုးထွက်ခြင်း
  • ပါးစပ်ထဲတွင် ခါးသောအရသာခံစားရခြင်း
  • ဖျားခြင်း၊ ချမ်းတုန်ခြင်း
  • ခေါင်းကိုက်ခြင်း
  • မျက်နှာနှင့် မေးရိုးများအထိ နာကျင်ကိုက်ခဲခြင်း၊ မျက်နှာရောင်ရမ်းခြင်း
  • လည်ပင်းတစ်ဝိုက်ရှိ ပြန်ရည်ကျိတ်များ‌ရောင်ခြင်း စသည့် လက္ခဏာများလည်း ယှဥ်တွဲတွေ့ရတတ်သည်။

နောက်ဆက်တွဲပြဿနာများ

သွားနာခြင်းကို လျစ်လျူရှုထားပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး ခံတွင်းကျန်းမာရေးနှင့် ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  1. သွားနှင့်ပတ်သက်သော ပြဿနာများ ပိုမိုဆိုးရွားလာခြင်း
    • သွားပိုးစားခြင်းနှင့် အခေါင်းပေါက်များ ပိုမိုကြီးထွားလာခြင်း
    • သွားကျိုးခြင်း သို့မဟုတ် သွားဆုံးရှုံးခြင်း
  2. ပိုးဝင်ခြင်းနှင့် ပြည်တည်နာများ ဖြစ်ပေါ်လာခြင်း
    • သွားဖုံးပြည်တည်နာများ
    • မျက်နှာရောင်ရမ်းခြင်း
    • မေးရိုးပိုးဝင်ခြင်း
  3. ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်သော ကျန်းမာရေးပြဿနာများ
    • ပိုးဆိပ်ပျံ့နှံ့ခြင်း
    • နှလုံးပိုးဝင်ခြင်းနှင့် လေဖြတ်ခြင်း
  4. နာတာရှည်နာကျင်မှုကြောင့် ဘဝအရည်အသွေးထိခိုက်လာခြင်း
    • နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သည့် စားသောက်ခြင်းနှင့် စကားပြောခြင်းတို့ထိခိုက်လာခြင်း
    • ဝါးရခက်ခဲမှု ကြာရှည်လာပြီး အာဟာရချို့တဲ့နိုင်ခြင်း
    • အိပ်စက်ခြင်းနှင့် စိတ်ကျန်းမာရေးကို ထိခိုက်လာခြင်း စသည်တို့ဖြစ်သည်။

သွားနာခြင်းကို စောစီးစွာ ကုသခြင်းဖြင့် ဤနောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ပြီး ခံတွင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

သွားနာသွားကိုက်ခြင်းသည် များသောအားဖြင့် (၁-၂) ရက်ခန့်သာ ကြာတတ်ပြီး အိမ်တွင်းကုသမှုများဖြင့် သက်သာပျောက်ကင်းနိုင်သည်။ သို့သော်အောက်ပါလက္ခဏာများ ရှိပါက မိသားစုဆရာဝန် (သို့မဟုတ်) သွားဘက်ဆိုင်ရာဆရာဝန်နှင့် အမြန်ဆုံး ပြသရန် လိုအပ်သည်။

  • အိမ်တွင်းကုထုံးများဖြင့် မသက်သာလျှင်
  • သွားဖုံးမှ သွေး (သို့မဟုတ်) ပြည်များ ထွက်လျှင်
  • အစာဝါးချိန်တိုင်း သို့မဟုတ် တောက်လျှောက်နာကျင်နေလျှင်
  • သွားအပြင် မျက်နှာ၊ မေးရိုးနှင့် လည်ပင်းတစ်လျှောက် နာကျင်နေလျှင်
  • လည်ပင်းအကျိတ်များ ရောင်ရမ်းလျှင်
  • နှစ်ရက်နှင့်အထက် အဖျားကြီးလျှင်

ဤအခြေအနေများတွင် ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသပြီး ကုသမှုခံယူရန် အရေးကြီးသည်။

ရောဂါရှာဖွေခြင်း

သွားနာသွားကိုက်ခြင်း၏ အကြောင်းရင်းကို ရှာဖွေရန် သက်ဆိုင်ရာဆရာဝန်မှ အောက်ပါစစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်သည်

  1. ရောဂါရာဇဝင်မေးမြန်းခြင်း
    • လက်ရှိခံစားနေရသော လက္ခဏာများ
    • ယခင်က ဖြစ်ဖူးသော သွားနှင့် ခံတွင်းပြဿနာများ
    • ကျန်းမာရေးရာဇဝင်များကို အသေးစိတ်မေးမြန်းခြင်း
  2. လိုအပ်သော စမ်းသပ်မှုများ
    • သွားနှင့် သွားဖုံးများကို အသေးစိတ်စစ်ဆေးခြင်း
    • နားနှာခေါင်းလည်ချောင်းနေရာများကို စစ်ဆေးခြင်း
  3. ဓာတ်မှန်ရိုက်ခြင်း
    • သွားဓာတ်မှန်
    • မျက်နှာနှင့် မေးရိုးအတွက် ကွန်ပြူတာဓာတ်မှန် (CT Scan)

စစ်ဆေးမှုများ၏ ရလဒ်များအပေါ် အခြေခံ၍ ရောဂါအကြောင်းရင်းကို သိရှိနိုင်သည်။

ကုသခြင်း

သွားနာခြင်းကို အိမ်တွင်အလွယ်တကူကုသနိုင်သည့် နည်းလမ်းများစွာရှိသည်။ ပူလွန်း၊ အေးလွန်းသော အစားအစာများ၊ မာသော အစားအစာများ စားသုံးခြင်းကို လျှော့ချခြင်းဖြင့် သွားနာခြင်းကို အတန်ငယ်သက်သာစေနိုင်သည်။ ဖြစ်စေသောအကြောင်းရင်းကို ကုသသည့်အပြင် အောက်ပါ အိမ်တွင်းကုသနည်းများကို လုပ်ဆောင်နိုင်သည်။

အိမ်တွင်းကုသနည်းများ

  1. ဆားရည်ငုံခြင်း
    • ဆားရည်သည် နာကျင်ရောင်ရမ်းခြင်းများကို သက်သာစေပြီး သွားကြားရှိ အညစ်အကြေးများကို ဖယ်ရှားပေးသည်
    • ရေ (၈) အောင်စ (၂၄၀ စီစီ) တွင် ဆား လက်ဖက်စားဇွန်းတစ်ဝက်ခန့်ထည့်၍ မွှေပါ
    • ပါးစပ်အတွင်း စက္ကန့် (၃၀) မှ (၁) မိနစ်ခန့် ငုံထားပြီး ပြန်ထွေးထုတ်ပါ
    • အစာစားပြီးချိန်တိုင်း သို့မဟုတ် တစ်နေ့ (၄-၅) ကြိမ် ပြုလုပ်နိုင်သည်
  2. Hydrogen Peroxide ဆေးရည်ငုံခြင်း
    • ၎င်းဆေးသည် ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများကို လျော့နည်းစေနိုင်ပြီး သွားဖုံးသွေးထွက်ခြင်းနှင့် နာကျင်ရောင်ရမ်းခြင်းများကို သက်သာစေသည်
    • ဆေးရည်နှင့် ရေနွေးနွေးကို ဆတူရော၍ အသုံးပြုရန် လိုအပ်သည်
    • တစ်နေ့လျှင် နှစ်ကြိမ် ငုံဆေးအဖြစ် အသုံးပြုနိုင်ပြီး မျိုမချရပါ
  3. ရေခဲကပ်ခြင်း
    • ပါးနှင့် မေးရိုးပေါ်တွင် ရေအေးအဝတ် တင်ပေးခြင်း၊ ရေခဲအိတ်များ ကပ်ပေးခြင်းဖြင့် သွားနာသွားကိုက်ခြင်းကို သက်သာစေနိုင်သည်
  4. သွားနာသက်သာစေသော လိမ်းဆေးများ အသုံးပြုခြင်း
    • Benzocaine ပါဝင်သော လိမ်းဆေးများကို သွားပတ်လည်နှင့် သွားဖုံးပတ်လည်ကို အနည်းငယ် တို့လိမ်းပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင်သည်
  5. ပါရာစီတမောကဲ့သို့ အကိုက်အခဲဖျားနာပျောက်ဆေးများ အသုံးပြုခြင်း
    • သွားအလွန်နာပါက ပါရာစီတမောဆေး (Paracetamol) ကို တစ်နေ့လျှင် (၃) ကြိမ် မှ (၄) ကြိမ်အထိ သောက်နိုင်သည်
    • လိုအပ်ပါက Ibuprofen သောက်သုံးနိုင်သည်
  6. အခြားအိမ်သုံးဆေးဝါးများ
    • နာကျင်ကိုက်ခဲခြင်းကို အတန်အသင့် သက်သာစေနိုင်သော အခြားအိမ်သုံးဆေးဝါးများလည်း ရှိသည်
    • ဥပမာ _ လေးညှင်းဆီ (Clove oil)၊ ငရုတ်ကောင်းအဆီ (Peppermint oil)၊ ကြက်သွန်ဖြူအနှစ် (Garlic extract)၊ ဗနီလာအနှစ် (Vanilla extract) စသည်တို့ဖြစ်သည်
    • နာနေသော သွားဖုံးပတ်လည်တွင် လိမ်းပေးခြင်း၊ ဂွမ်းအသန့်ပေါ်တွင် အဆီ (၂) စက်ခန့်ထည့်၍ ကိုက်နေသောသွားပေါ်တွင် ခေတ္တတင်ထားခြင်းတို့ ပြုလုပ်နိုင်သည်
သွားဘက်ဆိုင်ရာဆရာဝန်များနှင့်ကုသခြင်း
  • သွားနာသွားကိုက်ခြင်းဖြစ်စေသော အကြောင်းရင်းများကို ပြသတိုင်ပင်ပြီး ကုသနိုင်သည်
  • နာကျင်ကိုက်ခဲခြင်း သက်သာစေရန် ပါရာစီတမောအပြင် စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျအကိုက်အခဲပျောက်ဆေးများ (NSAID) ကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်နိုင်သည်
  • သွားပိုးစားခြင်းအတွက် သွားဖာခြင်း၊ သွားအစွပ်တပ်ခြင်း၊ သွားအမြစ်ဖယ်ရှားခြင်းအပြင် သွားပိုးစားခြင်း ပြင်းထန်ပါက ထိုသွားကိုနှုတ်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်
  • သွားဖုံးပြည်တည်နာများအတွက် ပြည်များဖောက်ထုတ်ခြင်း၊ သွားကျိုးခြင်း သို့မဟုတ် သွားပဲ့ခြင်းများအတွက် သွားပုံသဏ္ဌာန်ပြန်ညှိခြင်း၊ အနေအထားမမှန်ဘဲပေါက်သော အံဆုံးသွားများကို နှုတ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်
  • အံဆုံးသွားများမှလွဲ၍ ကျန်သောသွားများသည် နှုတ်ထားသောနေရာ၌ သွားတုပြန်စိုက်ရန် လိုအပ်နိုင်သည်။
ကာကွယ်ခြင်း

သွားနာခြင်းနှင့် သွားပြဿနာများကို လျှော့ချရန် ခံတွင်းကျန်းမာရေးကို စနစ်တကျထိန်းသိမ်းရန် အရေးကြီးသည်။ အောက်ပါကာကွယ်ရေးနည်းလမ်းများကို လိုက်နာပါ။

  1. သွားမှန်မှန်တိုက်ပါ
    • ဖလိုရိုက်ပါသော သွားတိုက်ဆေးကို အသုံးပြု၍ တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ် (သုံးကြိမ်ထက်မပိုဘဲ) သွားတိုက်ပါ
    • သွားဖုံးနှင့် သွားကြွေလွှာများကို မထိခိုက်စေရန် နူးညံ့သော သွားတိုက်တံကို အသုံးပြုပါ
  2. သွားပွတ်ကြိုး အသုံးပြုပါ
    • အစာစားပြီးတိုင်း သွားပွတ်ကြိုးကိုအသုံးပြု၍ သွားကြားတွင်ကပ်နေသော အစာများနှင့် သွားချေးများကို ဖယ်ရှားပါ
  3. ပိုးသတ်ဆေးပါသော ခံတွင်းသန့်စင်ဆေးသုံးပါ
    • ဘက်တီးရီးယားများကို လျှော့ချရန်နှင့် ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းရန် ပိုးသတ်ဆေးပါသော ခံတွင်းသန့်စင်ဆေးကို တစ်နေ့နှစ်ကြိမ် အသုံးပြုပါ
  4. အချိုနှင့် ကစီဓာတ်များသော အစားအစာများကို လျှော့စားပါ
    • အချိုများသော အစားအစာများ၊ ကစီဓာတ်များသော အစားအစာများနှင့် အချိုရည်များကို လျှော့စားပါ သို့မဟုတ် ရှောင်ကြဉ်ပါ၊ ဤအစားအစာများသည် သွားပိုးစားခြင်းကို ဖြစ်စေနိုင်သည်။
  5. သွားဘက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်ပြသပါ
    • သွားဘက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်ပြသ၍ စစ်ဆေးမှုများနှင့် သွားသန့်ရှင်းရေးကို အနည်းဆုံး ခြောက်လတစ်ကြိမ် ပြုလုပ်ပါ
  6. ဖလိုရိုက်ကုသမှုများ
    • လိုအပ်ပါက ဖလိုရိုက်ဆေးဖြင့် ကုသမှုများ ခံယူပါ၊ ဤကုသမှုများသည် သွားများကို သန်မာစေပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးသည်
  7. သွားကာလွှာ (Sealant) များ အသုံးပြုပါ
    • သွားကာလွှာများကို သွားအပေါ်မျက်နှာပြင်ပေါ်တွင် အကာအဖြစ် ဖုံးအုပ်ထားနိုင်သည်။ ဤအကာလွှာများကို ပလတ်စတစ် သို့မဟုတ် အပင်မှရသော အစေးများဖြင့် ပြုလုပ်ထားပြီး ကလေးများနှင့် ဆယ်ကျော်သက်များတွင် အများဆုံးအသုံးပြုသည်
    • ဤအကာလွှာများသည် အစာအကြွင်းအကျန်များ၊ သွားချေးများနှင့် အက်ဆစ်များကြောင့် သွားကြွေလွှာများ ပျက်စီးခြင်းကို ကာကွယ်ပေးသည်
    • ဤအကာလွှာများကို သွားပိုးမစားသေးသော သွားများအတွက် အဓိကပြုလုပ်နိုင်ပြီး ငါးနှစ်အထိ ကြာရှည်ခံသော်လည်း ပုံမှန်စစ်ဆေးရန် လိုအပ်သည်။

ဤကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့် သွားနာခြင်းနှင့် သွားပြဿနာများကို သိသိသာသာ လျှော့ချနိုင်ပြီး ခံတွင်းကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

References:

  1. Toothache. (2024). Cleveland Clinic. Retrieved January 8, 2025, from https://my.clevelandclinic.org/health/diseases/10957-toothache
  2. Dental health and toothaches. (2024). WebMD. Retrieved January 8, 2025, from https://www.webmd.com/oral-health/toothaches
  3. WebMD Editorial Contributor. (2023). Remedies for toothache. WebMD. Retrieved January 8, 2025, from https://www.webmd.com/oral-health/remedies-for-toothache
  4. Toothache: First aid. (n.d.). Mayo Clinic. Retrieved January 8, 2025, from https://www.mayoclinic.org/first-aid/first-aid-toothache/basics/art-20056628
  5. NHS inform. (2024). Toothache | NHS inform. Retrieved January 8, 2025, from https://www.nhsinform.scot/illnesses-and-conditions/mouth/toothache

Published: 22 March 2025

Share

Category

22 March 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.