သွားနာသွားကိုက်ခြင်းသည် လူတိုင်းနီးပါး ကြုံတွေ့ရလေ့ရှိသော ပြဿနာတစ်ခုဖြစ်ပြီး နာကျင်မှုကို ခံစားရခြင်းအပြင် နေ့စဉ်ဘဝကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သွားနာသွားကိုက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိပြီး သွားပိုးစားခြင်း၊ သွားဖုံးရောဂါများ၊ သွားကျိုးခြင်း သို့မဟုတ် အခြားသွားနှင့် ခံတွင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပေါ်နိုင်သည်။ သွားနာခြင်းကို သက်သာစေရန် အိမ်တွင်းကုသနည်းများအပြင် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာခြင်းဖြင့် ဤပြဿနာကို လျှော့ချနိုင်သည်။
300099-toothache-p1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးလူကြီးအားလုံးတွင် သွားနာသွားကိုက်ရခြင်း အဖြစ်များဆုံးအကြောင်းရင်းမှာ သွားပိုးစားခြင်း (Dental caries) ဖြစ်သည်။ သွားတွင် အပြင်ဘက်ဆုံး ကြွေသွားလွှာ (Enamel)၊ အလယ်ရှိ ဆင်စွယ်နှစ်လွှာ (Dentine) နှင့် အတွင်းဆုံး အသားနုလွှာ (သို့မဟုတ်) မွသွားလွှာ (Pulp) ဟူ၍ အလွှာသုံးလွှာရှိသည့်အနက် သွေးကြောများ၊ အာရုံကြောများရှိသည့် မွသွားလွှာရောင်ရမ်းပါက သွားနာသွားကိုက်ခြင်း စတင်ခံစားရသည်။ သွားနာသွားကိုက်နိုင်သောအကြောင်းရင်းများမှာ_
- သွားနှင့်ပတ်သက်သော အကြောင်းရင်းများ
- သွားပိုးစားခြင်း၊ သွားအခေါင်းပေါက်ဖြစ်ခြင်း
- သွားပဲ့ခြင်း၊ အက်ခြင်း၊ ကျိုးခြင်း
- သွားဖာထားသည့်နေရာမှ ပြုတ်ထွက်ခြင်း
- အံဆုံးသွားပေါက်ခြင်း
- သွားကြိတ်ခြင်း
- သွားဖုံးနှင့် ပတ်သက်သောအကြောင်းရင်းများ
- သွားဖုံးရောင်ခြင်း
- သွားဖုံးပြည်တည်နာများ
- အခြားအကြောင်းရင်းများ
- ထိပ်ကပ်နာ _ မျက်နှာအရိုးများအတွင်းရှိလေခိုအိတ်များ ပိုးဝင်ရောင်ရမ်းခြင်းကြောင့် အထက်သွားများတွင် ဖိအားနှင့် နာကျင်မှုများဖြစ်စေနိုင်သည်။
ယှဥ်တွဲလာတတ်သောလက္ခဏာများ
သွားနာသွားကိုက်ခြင်းသည် သွားနှင့် သွားဖုံးနေရာတွင် စူး၍နာခြင်း၊ ထိုး၍နာခြင်း၊ တဆစ်ဆစ်ကိုက်၍နာခြင်း စသည်ဖြင့် အမျိုးမျိုးခံစားရနိုင်သည်။ အထူးသဖြင့် အစာဝါးစားချိန်တွင် သို့မဟုတ် ပူလွန်း၊ အေးလွန်းသော အစားအစာများနှင့် ထိတွေ့မိချိန်တွင် ပို၍နာခြင်း၊ ကျဥ်ခြင်းများဖြစ်တတ်သည်။ သွားနာသွားကိုက်ခြင်းအပြင် အခြားလက္ခဏာများဖြစ်သော
- သွားအောက်ခြေနှင့် သွားဖုံးတစ်ဝိုက်တွင် ရောင်ရမ်းခြင်း
- သွားအောက်ခြေသွားဖုံးနေရာမှ သွေးထွက်ခြင်း၊ ပြည်ထွက်ခြင်း
- သွားပိုးစားသည့်သွားတွင် အဖြူရောင်အစား အညိုရောင်၊ အမည်းရောင်အစွန်းများ ဖြစ်လာခြင်း
- ခံတွင်းအနံ့ဆိုးထွက်ခြင်း
- ပါးစပ်ထဲတွင် ခါးသောအရသာခံစားရခြင်း
- ဖျားခြင်း၊ ချမ်းတုန်ခြင်း
- ခေါင်းကိုက်ခြင်း
- မျက်နှာနှင့် မေးရိုးများအထိ နာကျင်ကိုက်ခဲခြင်း၊ မျက်နှာရောင်ရမ်းခြင်း
- လည်ပင်းတစ်ဝိုက်ရှိ ပြန်ရည်ကျိတ်များရောင်ခြင်း စသည့် လက္ခဏာများလည်း ယှဥ်တွဲတွေ့ရတတ်သည်။
နောက်ဆက်တွဲပြဿနာများ
သွားနာခြင်းကို လျစ်လျူရှုထားပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး ခံတွင်းကျန်းမာရေးနှင့် ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- သွားနှင့်ပတ်သက်သော ပြဿနာများ ပိုမိုဆိုးရွားလာခြင်း
- သွားပိုးစားခြင်းနှင့် အခေါင်းပေါက်များ ပိုမိုကြီးထွားလာခြင်း
- သွားကျိုးခြင်း သို့မဟုတ် သွားဆုံးရှုံးခြင်း
- ပိုးဝင်ခြင်းနှင့် ပြည်တည်နာများ ဖြစ်ပေါ်လာခြင်း
- သွားဖုံးပြည်တည်နာများ
- မျက်နှာရောင်ရမ်းခြင်း
- မေးရိုးပိုးဝင်ခြင်း
- ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်သော ကျန်းမာရေးပြဿနာများ
- ပိုးဆိပ်ပျံ့နှံ့ခြင်း
- နှလုံးပိုးဝင်ခြင်းနှင့် လေဖြတ်ခြင်း
- နာတာရှည်နာကျင်မှုကြောင့် ဘဝအရည်အသွေးထိခိုက်လာခြင်း
- နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သည့် စားသောက်ခြင်းနှင့် စကားပြောခြင်းတို့ထိခိုက်လာခြင်း
- ဝါးရခက်ခဲမှု ကြာရှည်လာပြီး အာဟာရချို့တဲ့နိုင်ခြင်း
- အိပ်စက်ခြင်းနှင့် စိတ်ကျန်းမာရေးကို ထိခိုက်လာခြင်း စသည်တို့ဖြစ်သည်။
သွားနာခြင်းကို စောစီးစွာ ကုသခြင်းဖြင့် ဤနောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ပြီး ခံတွင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
သွားနာသွားကိုက်ခြင်းသည် များသောအားဖြင့် (၁-၂) ရက်ခန့်သာ ကြာတတ်ပြီး အိမ်တွင်းကုသမှုများဖြင့် သက်သာပျောက်ကင်းနိုင်သည်။ သို့သော်အောက်ပါလက္ခဏာများ ရှိပါက မိသားစုဆရာဝန် (သို့မဟုတ်) သွားဘက်ဆိုင်ရာဆရာဝန်နှင့် အမြန်ဆုံး ပြသရန် လိုအပ်သည်။
- အိမ်တွင်းကုထုံးများဖြင့် မသက်သာလျှင်
- သွားဖုံးမှ သွေး (သို့မဟုတ်) ပြည်များ ထွက်လျှင်
- အစာဝါးချိန်တိုင်း သို့မဟုတ် တောက်လျှောက်နာကျင်နေလျှင်
- သွားအပြင် မျက်နှာ၊ မေးရိုးနှင့် လည်ပင်းတစ်လျှောက် နာကျင်နေလျှင်
- လည်ပင်းအကျိတ်များ ရောင်ရမ်းလျှင်
- နှစ်ရက်နှင့်အထက် အဖျားကြီးလျှင်
ဤအခြေအနေများတွင် ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသပြီး ကုသမှုခံယူရန် အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
သွားနာသွားကိုက်ခြင်း၏ အကြောင်းရင်းကို ရှာဖွေရန် သက်ဆိုင်ရာဆရာဝန်မှ အောက်ပါစစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်သည်
- ရောဂါရာဇဝင်မေးမြန်းခြင်း
- လက်ရှိခံစားနေရသော လက္ခဏာများ
- ယခင်က ဖြစ်ဖူးသော သွားနှင့် ခံတွင်းပြဿနာများ
- ကျန်းမာရေးရာဇဝင်များကို အသေးစိတ်မေးမြန်းခြင်း
- လိုအပ်သော စမ်းသပ်မှုများ
- သွားနှင့် သွားဖုံးများကို အသေးစိတ်စစ်ဆေးခြင်း
- နားနှာခေါင်းလည်ချောင်းနေရာများကို စစ်ဆေးခြင်း
- ဓာတ်မှန်ရိုက်ခြင်း
- သွားဓာတ်မှန်
- မျက်နှာနှင့် မေးရိုးအတွက် ကွန်ပြူတာဓာတ်မှန် (CT Scan)
စစ်ဆေးမှုများ၏ ရလဒ်များအပေါ် အခြေခံ၍ ရောဂါအကြောင်းရင်းကို သိရှိနိုင်သည်။
ကုသခြင်း
သွားနာခြင်းကို အိမ်တွင်အလွယ်တကူကုသနိုင်သည့် နည်းလမ်းများစွာရှိသည်။ ပူလွန်း၊ အေးလွန်းသော အစားအစာများ၊ မာသော အစားအစာများ စားသုံးခြင်းကို လျှော့ချခြင်းဖြင့် သွားနာခြင်းကို အတန်ငယ်သက်သာစေနိုင်သည်။ ဖြစ်စေသောအကြောင်းရင်းကို ကုသသည့်အပြင် အောက်ပါ အိမ်တွင်းကုသနည်းများကို လုပ်ဆောင်နိုင်သည်။
အိမ်တွင်းကုသနည်းများ
- ဆားရည်ငုံခြင်း
- ဆားရည်သည် နာကျင်ရောင်ရမ်းခြင်းများကို သက်သာစေပြီး သွားကြားရှိ အညစ်အကြေးများကို ဖယ်ရှားပေးသည်
- ရေ (၈) အောင်စ (၂၄၀ စီစီ) တွင် ဆား လက်ဖက်စားဇွန်းတစ်ဝက်ခန့်ထည့်၍ မွှေပါ
- ပါးစပ်အတွင်း စက္ကန့် (၃၀) မှ (၁) မိနစ်ခန့် ငုံထားပြီး ပြန်ထွေးထုတ်ပါ
- အစာစားပြီးချိန်တိုင်း သို့မဟုတ် တစ်နေ့ (၄-၅) ကြိမ် ပြုလုပ်နိုင်သည်
- Hydrogen Peroxide ဆေးရည်ငုံခြင်း
- ၎င်းဆေးသည် ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများကို လျော့နည်းစေနိုင်ပြီး သွားဖုံးသွေးထွက်ခြင်းနှင့် နာကျင်ရောင်ရမ်းခြင်းများကို သက်သာစေသည်
- ဆေးရည်နှင့် ရေနွေးနွေးကို ဆတူရော၍ အသုံးပြုရန် လိုအပ်သည်
- တစ်နေ့လျှင် နှစ်ကြိမ် ငုံဆေးအဖြစ် အသုံးပြုနိုင်ပြီး မျိုမချရပါ
- ရေခဲကပ်ခြင်း
- ပါးနှင့် မေးရိုးပေါ်တွင် ရေအေးအဝတ် တင်ပေးခြင်း၊ ရေခဲအိတ်များ ကပ်ပေးခြင်းဖြင့် သွားနာသွားကိုက်ခြင်းကို သက်သာစေနိုင်သည်
- သွားနာသက်သာစေသော လိမ်းဆေးများ အသုံးပြုခြင်း
- Benzocaine ပါဝင်သော လိမ်းဆေးများကို သွားပတ်လည်နှင့် သွားဖုံးပတ်လည်ကို အနည်းငယ် တို့လိမ်းပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင်သည်
- ပါရာစီတမောကဲ့သို့ အကိုက်အခဲဖျားနာပျောက်ဆေးများ အသုံးပြုခြင်း
- သွားအလွန်နာပါက ပါရာစီတမောဆေး (Paracetamol) ကို တစ်နေ့လျှင် (၃) ကြိမ် မှ (၄) ကြိမ်အထိ သောက်နိုင်သည်
- လိုအပ်ပါက Ibuprofen သောက်သုံးနိုင်သည်
- အခြားအိမ်သုံးဆေးဝါးများ
- နာကျင်ကိုက်ခဲခြင်းကို အတန်အသင့် သက်သာစေနိုင်သော အခြားအိမ်သုံးဆေးဝါးများလည်း ရှိသည်
- ဥပမာ _ လေးညှင်းဆီ (Clove oil)၊ ငရုတ်ကောင်းအဆီ (Peppermint oil)၊ ကြက်သွန်ဖြူအနှစ် (Garlic extract)၊ ဗနီလာအနှစ် (Vanilla extract) စသည်တို့ဖြစ်သည်
- နာနေသော သွားဖုံးပတ်လည်တွင် လိမ်းပေးခြင်း၊ ဂွမ်းအသန့်ပေါ်တွင် အဆီ (၂) စက်ခန့်ထည့်၍ ကိုက်နေသောသွားပေါ်တွင် ခေတ္တတင်ထားခြင်းတို့ ပြုလုပ်နိုင်သည်
သွားဘက်ဆိုင်ရာဆရာဝန်များနှင့်ကုသခြင်း
- သွားနာသွားကိုက်ခြင်းဖြစ်စေသော အကြောင်းရင်းများကို ပြသတိုင်ပင်ပြီး ကုသနိုင်သည်
- နာကျင်ကိုက်ခဲခြင်း သက်သာစေရန် ပါရာစီတမောအပြင် စတီးရွိုက်မဟုတ်သော ရောင်ရမ်းကျအကိုက်အခဲပျောက်ဆေးများ (NSAID) ကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်နိုင်သည်
- သွားပိုးစားခြင်းအတွက် သွားဖာခြင်း၊ သွားအစွပ်တပ်ခြင်း၊ သွားအမြစ်ဖယ်ရှားခြင်းအပြင် သွားပိုးစားခြင်း ပြင်းထန်ပါက ထိုသွားကိုနှုတ်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်
- သွားဖုံးပြည်တည်နာများအတွက် ပြည်များဖောက်ထုတ်ခြင်း၊ သွားကျိုးခြင်း သို့မဟုတ် သွားပဲ့ခြင်းများအတွက် သွားပုံသဏ္ဌာန်ပြန်ညှိခြင်း၊ အနေအထားမမှန်ဘဲပေါက်သော အံဆုံးသွားများကို နှုတ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်
- အံဆုံးသွားများမှလွဲ၍ ကျန်သောသွားများသည် နှုတ်ထားသောနေရာ၌ သွားတုပြန်စိုက်ရန် လိုအပ်နိုင်သည်။
ကာကွယ်ခြင်း
သွားနာခြင်းနှင့် သွားပြဿနာများကို လျှော့ချရန် ခံတွင်းကျန်းမာရေးကို စနစ်တကျထိန်းသိမ်းရန် အရေးကြီးသည်။ အောက်ပါကာကွယ်ရေးနည်းလမ်းများကို လိုက်နာပါ။
- သွားမှန်မှန်တိုက်ပါ
- ဖလိုရိုက်ပါသော သွားတိုက်ဆေးကို အသုံးပြု၍ တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ် (သုံးကြိမ်ထက်မပိုဘဲ) သွားတိုက်ပါ
- သွားဖုံးနှင့် သွားကြွေလွှာများကို မထိခိုက်စေရန် နူးညံ့သော သွားတိုက်တံကို အသုံးပြုပါ
- သွားပွတ်ကြိုး အသုံးပြုပါ
- အစာစားပြီးတိုင်း သွားပွတ်ကြိုးကိုအသုံးပြု၍ သွားကြားတွင်ကပ်နေသော အစာများနှင့် သွားချေးများကို ဖယ်ရှားပါ
- ပိုးသတ်ဆေးပါသော ခံတွင်းသန့်စင်ဆေးသုံးပါ
- ဘက်တီးရီးယားများကို လျှော့ချရန်နှင့် ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းရန် ပိုးသတ်ဆေးပါသော ခံတွင်းသန့်စင်ဆေးကို တစ်နေ့နှစ်ကြိမ် အသုံးပြုပါ
- အချိုနှင့် ကစီဓာတ်များသော အစားအစာများကို လျှော့စားပါ
- အချိုများသော အစားအစာများ၊ ကစီဓာတ်များသော အစားအစာများနှင့် အချိုရည်များကို လျှော့စားပါ သို့မဟုတ် ရှောင်ကြဉ်ပါ၊ ဤအစားအစာများသည် သွားပိုးစားခြင်းကို ဖြစ်စေနိုင်သည်။
- သွားဘက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်ပြသပါ
- သွားဘက်ဆိုင်ရာဆရာဝန်နှင့် ပုံမှန်ပြသ၍ စစ်ဆေးမှုများနှင့် သွားသန့်ရှင်းရေးကို အနည်းဆုံး ခြောက်လတစ်ကြိမ် ပြုလုပ်ပါ
- ဖလိုရိုက်ကုသမှုများ
- လိုအပ်ပါက ဖလိုရိုက်ဆေးဖြင့် ကုသမှုများ ခံယူပါ၊ ဤကုသမှုများသည် သွားများကို သန်မာစေပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးသည်
- သွားကာလွှာ (Sealant) များ အသုံးပြုပါ
- သွားကာလွှာများကို သွားအပေါ်မျက်နှာပြင်ပေါ်တွင် အကာအဖြစ် ဖုံးအုပ်ထားနိုင်သည်။ ဤအကာလွှာများကို ပလတ်စတစ် သို့မဟုတ် အပင်မှရသော အစေးများဖြင့် ပြုလုပ်ထားပြီး ကလေးများနှင့် ဆယ်ကျော်သက်များတွင် အများဆုံးအသုံးပြုသည်
- ဤအကာလွှာများသည် အစာအကြွင်းအကျန်များ၊ သွားချေးများနှင့် အက်ဆစ်များကြောင့် သွားကြွေလွှာများ ပျက်စီးခြင်းကို ကာကွယ်ပေးသည်
- ဤအကာလွှာများကို သွားပိုးမစားသေးသော သွားများအတွက် အဓိကပြုလုပ်နိုင်ပြီး ငါးနှစ်အထိ ကြာရှည်ခံသော်လည်း ပုံမှန်စစ်ဆေးရန် လိုအပ်သည်။
ဤကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့် သွားနာခြင်းနှင့် သွားပြဿနာများကို သိသိသာသာ လျှော့ချနိုင်ပြီး ခံတွင်းကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
References:
- Toothache. (2024). Cleveland Clinic. Retrieved January 8, 2025, from https://my.clevelandclinic.org/health/diseases/10957-toothache
- Dental health and toothaches. (2024). WebMD. Retrieved January 8, 2025, from https://www.webmd.com/oral-health/toothaches
- WebMD Editorial Contributor. (2023). Remedies for toothache. WebMD. Retrieved January 8, 2025, from https://www.webmd.com/oral-health/remedies-for-toothache
- Toothache: First aid. (n.d.). Mayo Clinic. Retrieved January 8, 2025, from https://www.mayoclinic.org/first-aid/first-aid-toothache/basics/art-20056628
- NHS inform. (2024). Toothache | NHS inform. Retrieved January 8, 2025, from https://www.nhsinform.scot/illnesses-and-conditions/mouth/toothache
Published: 22 March 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.