အမျိုးသမီးတစ်ဦး တစ်နှစ်ကြာသည်အထိ ရာသီသွေးမဆင်းလျှင် မီးယပ်သွေးဆုံးခြင်းဟု သတ်မှတ်သည်။ ပုံမှန်အားဖြင့် မီးယပ်သွေးဆုံးသည့် ပျမ်းမျှအသက်မှာ (၅၁) နှစ်ဖြစ်ပြီး၊ အသက် (၄၅) နှစ်မတိုင်မီ မီးယပ်သွေးဆုံးလျှင် မီးယပ်သွေး စောဆုံးခြင်း (Early menopause) ဟု သတ်မှတ်သည်။ မီးယပ်သွေးဆုံးခြင်းသည် အသက် (၂၀) နှစ်ကျော်မှစ၍ အရွယ်မရွေးဖြစ်နိုင်သော်လည်း အသက် (၃၀) နှစ်မတိုင်မီ မီးယပ်သွေးဆုံးခြင်း အလွန်ရှားသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မဟော်မုန်းထုတ်ပေးသော သားဥအိမ်များကို ထိခိုက်ပျက်စီးစေနိုင်သည့် အကြောင်းရင်းများကြောင့် မီးယပ်သွေး စောဆုံးခြင်းဖြစ်သည်။
- ကင်ဆာရောဂါကို ဆေးသွင်းကုသခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးနှင့် ကုသခြင်း
- သားဥအိမ်များအား ခွဲစိတ်ထုတ်လိုက်ရခြင်း
- မိသားစုတွင် မီးယပ်သွေးစောဆုံးသူ ရာဇဝင်ရှိခြင်း
- အသက် (၁၁) နှစ်မတိုင်မီ မီးယပ်သွေးစပေါ်ခြင်း
- မျိုးဗီဇ ခရိုမိုဆုမ်း ချို့ယွင်းချက်ရှိခြင်း (Fragile X or Turner Syndrome)
- ကိုယ်ခံအား မူမမှန် အလွန်အကျွံတုံ့ပြန်မှုကြောင့် ဖြစ်ပေါ်သောရောဂါရှိခြင်း (Autoimmune disease)
- ဆေးလိပ်သောက်ခြင်း
- အိတ်ချ်အိုင်ဗွီ (HIV)၊ ခန္ဓာကိုယ်ခုခံအားကျဆင်းသောရောဂါရှိခြင်း
- ပါးချိတ်ရောင်ရောဂါပိုးကြောင့် သားဥအိမ်ရောင်ရမ်းဖူးခြင်း
- ပုံမှန်အောက် ကိုယ်အလေးချိန်လျော့နည်းခြင်း
- ပတ်ဝန်းကျင်ဆိုင်ရာ အဆိပ်အတောက်များနှင့် ထိတွေ့မှုများခြင်း
- ပလတ်စတစ်များတွင် ပါဝင်သော Phthalates နှင့် BPA ကဲ့သို့သော ဓာတုပစ္စည်းများသည် ဟော်မုန်းစနစ်ကို အနှောင့်အယှက်ပေးပြီး သားဥအိမ်၏ လုပ်ဆောင်မှုကို စောစီးစွာ ရပ်တန့်သွားစေနိုင်သည်
- ဇီဝကမ္မဖြစ်စဥ်ဆိုင်ရာ ရောဂါများ
- အမျိုးအစား (၁) ဆီးချိုရောဂါ (Type 1 diabetes) နှင့် သိုင်းရွိုက်ဂလင်းဆိုင်ရာ ရောဂါအချို့သည် သားဥအိမ်၏ သက်တမ်းကို တိုတောင်းစေနိုင်သည်
သို့သော် မီးယပ်သွေး စောဆုံးသော အမျိုးသမီး (၅၀) ရာခိုင်နှုန်းတွင် ဖြစ်ပေါ်ရသော အကြောင်းရင်းကို ရှာဖွေ၍မရပါ။ အလုပ်ကြောင့်ဖြစ်စေ၊ နေ့စဥ်လုပ်ဆောင်ရသော ကိစ္စများကြောင့်ဖြစ်စေ စိတ်ဖိစီးမှုများခြင်းကြောင့် မီးယပ်သွေး စောဆုံးခြင်းမဖြစ်နိုင်ပါ။
ယှဥ်တွဲလာတတ်သောလက္ခဏာများ
- ရာသီသွေးဆင်းမမှန်ခြင်း
- မီးယပ်သွေး စောမဆုံးမီ ပထမဆုံးပြသောလက္ခဏာမှာ ရာသီသွေးဆင်းမမှန်ခြင်းဖြစ်သည်
- ရာသီသွေး တစ်လနှင့်တစ်လကြား သွေးအနည်းငယ်ဆင်းခြင်း၊ တစ်လထက်ရှည်ကြာပြီးမှ ရာသီသွေးတစ်ခါ ပြန်ပေါ်ခြင်း၊ တစ်လမတိုင်မီ ရာသီသွေးပြန်ဆင်းခြင်း အစရှိသော ပုံမှန်မဟုတ်သော ရာသီသွေးဆင်းခြင်းဆိုင်ရာလက္ခဏာများ စတင်ခံစားရသည်
- ပုံမှန်မဟုတ်ဘဲ ခန္ဓာကိုယ်ပူခြင်း
- ညဘက်ချွေးထွက်ခြင်း
- မိန်းမကိုယ်ခြောက်သွေ့ပြီး လိင်ဆက်ဆံမှုပြုသည့်အခါ အဆင်မပြေဖြစ်ခြင်း
- လိင်စိတ်နည်းလာခြင်း
- ဆီးခဏခဏသွားခြင်း
- မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်း
- အိပ်ပျော်ရန်ခက်ခဲခြင်း
- စိတ်ခံစားမှု အပြောင်းအလဲများခြင်း (စိတ်ဓာတ်ကျခြင်း၊ ဒေါသထွက်ခြင်း၊ အလိုမကျခြင်း)
- အရေပြားခြောက်ခြင်း၊ မျက်လုံးခြောက်ခြင်း၊ ပါးစပ်ခြောက်ခြင်း
- ခန္ဓာကိုယ်ဝလာခြင်း သို့မဟုတ် ပိန်လာခြင်း
- ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်း
- အာရုံစူးစိုက်မှုပြုလုပ်ရန် ခက်ခဲလာခြင်း၊ မေ့လွယ်ခြင်း
- အဆစ်အမြစ်နှင့်ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- ခေါင်းကိုက်ခြင်း
- ရင်သားနာကျင်ခြင်း အစရှိသောလက္ခဏာများ ခံစားရနိုင်သည်။
အကြောင်းအမျိုးမျိုးကြောင့် သားအိမ်ထုတ်ထားရသော အမျိုးသမီးများတွင် သားဥအိမ်ကျန်ရှိနေလျှင် မီးယပ်သွေးမဆင်းခြင်းမှလွဲ၍ အခြားသောလက္ခဏာများ မခံစားရနိုင်ပါ။
နောက်ဆက်တွဲပြဿနာများ
မီးယပ်သွေးစောဆုံးလျှင် သားဥအိမ်များမှ မဟော်မုန်းထုတ်လုပ်နိုင်ခြင်း မရှိတော့သောကြောင့် နှစ်ကာလကြာလာသည့်အခါ အောက်ပါကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်။
- နှလုံးရောဂါ
- အရိုးပွရောဂါ
- စိတ်ကျရောဂါ
- ဦးနှောက်အာရုံကြောနှင့်ဆိုင်သော ရောဂါများ (သတိမေ့ရောဂါ၊ ပါကင်ဆန်ရောဂါ)
ဆေးရုံ၊ ဆေးခန်းပြသရန်
အသက် (၄၅) နှစ်မတိုင်မီ မီးယပ်သွေးဆုံးသော လက္ခဏာများ ခံစားရလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်၍ အကြံဉာဏ်များ ရယူသင့်သည်။
ရောဂါရှာဖွေခြင်း
မီးယပ်သွေး စောဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသည့်အခါ ရာသီသွေးပေါ်ခြင်းနှင့်ဆိုင်သော မေးခွန်းများ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းနှင့် လိုအပ်ပါက ဟော်မုန်းပမာဏသိနိုင်ရန် သွေးဖောက်စစ်ဆေးခြင်းများ ပြုလုပ်သည်။ သွေးအတွင်းရှိ AMH (Anti-Mullerian Hormone) ပမာဏကို တိုင်းတာခြင်းဖြင့် သားဥအိမ်အတွင်း ကျန်ရှိနေသော သားဥပမာဏကို သိရှိနိုင်ပြီး မီးယပ်သွေးဆုံးနိုင်ခြေ မည်မျှနီးကပ်နေသည်ကို ခန့်မှန်းနိုင်သည်။ ရာသီသွေးပုံမှန်စပေါ်ပြီးနောက် ဆေးဖြင့် ရာသီသွေးရပ်အောင် ပြုလုပ်ထားခြင်း သို့မဟုတ် အခြားသော ရာသီသွေးထိမ်စေသည့်ရောဂါများ (ဥပမာ_သိုင်းရွိုက်ရောဂါ) မရှိဘဲ တစ်နှစ်ကြာသည့်တိုင် ရာသီသွေးပေါ်ခြင်း မရှိတော့လျှင် မီးယပ်သွေးဆုံးခြင်းဟု သတ်မှတ်သည်။
ကုသခြင်း
မီးယပ်သွေး စောဆုံးခြင်းဖြစ်သူများကို ကုသရာတွင်_
- ဟော်မုန်းဖြည့်တင်း၍ ကုသခြင်း (Hormone Replacement Therapy)
- ဟော်မုန်းမပါသော ဆေးဝါးများဖြင့် ကုသခြင်း (Non-Hormonal Therapy) စသည်တို့ ပါဝင်သည်။
ဟော်မုန်းဖြည့်တင်း၍ ကုသခြင်း
မီးယပ်သွေး စောဆုံးခြင်းကြောင့် ခံစားရသောလက္ခဏာများနှင့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို သက်သာစေရန် ခန္ဓာကိုယ်အတွက် အန္တရာယ်မရှိလျှင် ဟော်မုန်းဆေးများကို အသုံးပြုနိုင်သည်။ ဟော်မုန်းဖြည့်တင်းကုသရာတွင် အီစတိုဂျင်တစ်မျိုးတည်းကို ပမာဏအနည်းငယ်သာပေး၍ ကုသနိုင်ပြီး ယောနိအတွင်းခြောက်သွေ့ခြင်း၊ ဆီးပိုးဝင်ခြင်းကြောင့်ဖြစ်သော လက္ခဏာများ၊ လိင်ဆက်ဆံချိန် နာကျင်ခြင်းများကို သက်သာစေသည်။ သောက်ဆေး၊ လိမ်းဆေး၊ ကပ်ခွာပလတ်စတာ၊ ဖျန်းဆေးနှင့် ယောနိလမ်းကြောင်းအတွင်းထည့်ရသော ဟော်မုန်းကွင်းစသည်ဖြင့် ပုံစံအမျိုးမျိုးရှိသည်။ အီစတိုဂျင်နှင့် ပရိုဂျက်စတီရုန်း ဟော်မုန်းနှစ်မျိုး ပေါင်းစပ်ကုသမှုကို သားအိမ်ရှိသေးသော အမျိုးသမီးများတွင် အသုံးပြုသည်။
မီးယပ်သွေးဆုံးချိန် ဟော်မုန်းကုသမှုများကြောင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သော်လည်း ကြာမြင့်စွာသုံးစွဲလျှင် နှလုံးရောဂါနှင့် ရင်သားကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်ပိုများလာနိုင်သောကြောင့် နားလည်တတ်ကျွမ်းသော သားဖွားမီးယပ်အထူးကုဆရာဝန် သို့မဟုတ် ဟော်မုန်းရောဂါ အထူးကုဆရာဝန်များဖြင့် ပြသတိုင်ပင်ပြီးမှသာ ဟော်မုန်းဖြင့်ကုသမှုကို ခံယူသင့်သည်။
ဟော်မုန်းမပါသော ဆေးဝါးများဖြင့် ကုသခြင်း
ရင်သားကင်ဆာကုသမှုခံယူနေသည့် အမျိုးသမီးများ၊ သွေးကြောအတွင်း သွေးခဲတတ်သော ရောဂါရာဇဝင်ရှိသူများနှင့် သွေးကြောအတွင်း သွေးခဲနေသော ရောဂါလက္ခဏာရှိသူများစသည့် အီစတိုဂျင်ဟော်မုန်းဖြင့်ကုသရန် မသင့်သောအခြေအနေရှိသူများတွင် ဟော်မုန်းမပါသော အောက်ပါဆေးဝါးများဖြင့် ကုသနိုင်သည်။
- Anti-depressant, Gabapentin, Clonidine, Fezolinetant စသောဆေးများ
- ညဘက် ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်းကို လျော့နည်းစေရန် အသုံးပြုနိုင်သည်
- နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ဗိုက်အောင့်ခြင်း၊ အသည်းနှင့်ဆိုင်သော ပြဿနာများဖြစ်နိုင်ခြင်း၊ အိပ်စက်ခြင်းနှင့်ဆိုင်သော ပြဿနာများ ရှိနိုင်ခြင်းတို့ကြောင့် ကျွမ်းကျင်သူ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်
- Oxybutynin
- ဆီးခဏခဏသွားခြင်း၊ ဆီးမထိန်းနိုင်ခြင်းနှင့် ဆီးယိုစိမ့်ခြင်း စသည့်လက္ခဏာများ သက်သာစေရန် အသုံးပြုနိုင်သည်
- ဗီတာမင် ဒီ
- အရိုးပါးလာခြင်းနှင့် အရိုးပွခြင်းတို့ကို ကာကွယ်ရန်နှင့် ကုသရန်အတွက် အသုံးပြုသည်
- Ospemifene
- လိင်ဆက်ဆံချိန်တွင် နာကျင်ခြင်းကို လျှော့ချရန်အတွက် အသုံးပြုနိုင်သည်
- သို့သော် ရင်သားကင်ဆာရှိသူ သို့မဟုတ် ရင်သားကင်ဆာဖြစ်နိုင်ခြေ ရှိသူများတွင် သုံးစွဲရန်မသင့်ပါ
- Elinzanetant
- ၎င်းသည် Fezolinetant ကဲ့သို့ပင် ဦးနှောက်အတွင်းရှိ အပူထိန်းစနစ်ကို ထိန်းညှိပေးသည့် နောက်ဆုံးပေါ် ဆေးဝါးသစ်ဖြစ်ပြီး ဟော်မုန်းကုထုံး ခံယူရန်မသင့်သူများတွင် ခန္ဓာကိုယ်ပူခြင်းနှင့် ညဘက်ချွေးထွက်ခြင်းတို့ကို သိသိသာသာ လျော့နည်းစေသည်
- အိပ်ပျော်ရန်ခက်ခဲသူများအတွက်လည်း လိုအပ်ပါက အိပ်ဆေးများသောက်သုံးရန် ညွှန်ကြားနိုင်သည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းအလွယ်ပြုလုပ်နိုင်သော နည်းလမ်းများ
- ခန္ဓာကိုယ်အနှံ့ ပူလောင်မှုခံစားရခြင်းကို သက်သာစေရန် ပေါ့ပါးချောင်ချိသော ချည်သားအင်္ကျီ လက်တိုလက်ပြတ်များကို ဝတ်ဆင်ခြင်း
- အခန်းတွင်းအပူချိန်ကို လေအေးပေးစက်၊ ပန်ကာ၊ ယပ်တောင်များ သုံး၍ လျော့နည်းစေခြင်း
- အေးစက်သော အထိအတွေ့ရှိသော ခေါင်းအုံးများကို အသုံးပြုခြင်း
- ကဖိန်းဓာတ်များသော ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းများကို ရှောင်ရှားခြင်းနှင့် သုံးစွဲမှုကို လျှော့ချခြင်း
- နေ့အချိန်တွင်သာ လေ့ကျင့်ခန်းလုပ်ခြင်း
- လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း
- သင့်တင့်မျှတသော အစားအသောက်များကို စားခြင်း၊ အသီးအနှံ၊ အရွက်များများစားပြီး အဆီ၊ အချိုဓာတ်များ လျှော့ချခြင်း
- လိုအပ်ပါက ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ် စသည်တို့ကို ဖြည့်စွက်သောက်သုံးခြင်း
- ဆေးလိပ်ဖြတ်ခြင်း (နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အရိုးပွခြင်းနှင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြင်းတို့ကို လျော့နည်းစေနိုင်သည်)
- ကိုယ်အလေးချိန်ကို ရှိသင့်သော အချိုးအစားတွင် ထိန်းထားခြင်း
- ယောနိလမ်းကြောင်းကြွက်သားများကို တောင့်တင်းစေသော တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများ တင်းရင်းစေသော လေ့ကျင့်ခန်း (Kegel exercise) ကို ပြုလုပ်ပေးခြင်း (ဆီးမထိန်းနိုင်ခြင်းကို လျော့နည်းစေနိုင်သည်)
- အသက်ရှူသွင်း ရှူထုတ်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ကြွက်သားများကို ဖြေလျော့ပေးခြင်း
- ယောနိလမ်းကြောင်းခြောက်သွေ့ခြင်းနှင့် နာကျင်ခြင်းများကို သက်သာစေရန် ရေဓာတ်ကို အခြေခံ၍ ထုတ်လုပ်ထားသော အဆီ၊ ချောဆီများ (Astroglide) နှင့် ဆီလီကွန်ကို အခြေခံ၍ ထုတ်လုပ်ထားသော (KY lubricant) ချောဆီများကို လိင်ဆက်ဆံစဉ်တွင် အသုံးပြုခြင်း (မိမိ၏ လိင်ဆက်ဆံဖော် သို့မဟုတ် ခင်ပွန်းတို့နှင့် အတူရှိစဉ် တက်ကြွမှုရှိနေခြင်းဖြင့် ယောနိအတွင်း သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းစေသည်)
ကာကွယ်ခြင်း
များသောအားဖြင့် မီးယပ်သွေး စောဆုံးခြင်းကို ကာကွယ်ရန် မဖြစ်နိုင်ပါ။ ကင်ဆာမဟုတ်သော သားဥအိမ်အရည်အိတ်များကို ခွဲစိတ်ထုတ်ရသည့်အခါ ဖြစ်နိုင်လျှင် အရည်အိတ်ကိုသာ ခွဲထုတ်၍ သားဥအိမ်ကို တတ်နိုင်သမျှ ချန်ထားသင့်သည်။ ဆေးလိပ်သောက်သူများအနေဖြင့် ဆေးလိပ်ဖြတ်သင့်သည်။
References:
- Cleveland Clinic. (n.d.). Premature and early menopause. Retrieved January 23, 2026, from https://my.clevelandclinic.org/health/diseases/21138-premature-and-early-menopause
- Mayo Clinic. (n.d.). Menopause: Symptoms and causes. Retrieved January 23, 2026, from https://www.mayoclinic.org/diseases-conditions/menopause/symptoms-causes/syc-20353397
- Mayo Clinic Health System. (n.d.). Too embarrassed to ask — Part 3. Retrieved January 23, 2026, from https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/too-embarrassed-to-ask-part-3
- Menopause Society. (2023). The 2023 nonhormone therapy position statement of The North American Menopause Society. Menopause, 30(6), 573–590. https://doi.org/10.1097/GME.0000000000002200
- National Health Service. (n.d.). Early or premature menopause. Retrieved January 23, 2026, from https://www.nhs.uk/conditions/early-or-premature-menopause/
- Huang, A. J., Faubion, S., & Grady, D. (2025). Nonhormonal treatment of menopausal vasomotor symptoms. JAMA Internal Medicine, 185(7), 874–875. https://doi.org/10.1001/jamainternmed.2025.0990
Published: 11 January 2025
Last updated: 4 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.