မျက်သားတက်ခြင်း (Pterygium) ဆိုသည်မှာ မျက်လုံးအဖြူသားပေါ်ရှိ Conjunctiva ဟုခေါ်သော အလွှာပါးပိုထူလာပြီး တြိဂံပုံစံအဖတ် ဖြစ်ပေါ်လာခြင်းကိုခေါ်သည်။ နှာခေါင်းဘက်ခြမ်း၊ မျက်လုံးအတွင်းထောင့်မှနေ၍ မျက်ဆံအမည်းထိ တြိဂံပုံအဖတ် မျက်သားတက်ခြင်း (Nasal Pterygium)ကို အများဆုံးတွေ့ရပြီး နားထင်ဘက်ခြမ်း၊ မျက်လုံးအတွင်းထောင့်မှ မျက်သားတက်ခြင်း (Temporal Pterygium) ကိုလည်း တွေ့နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အောက်ပါအခြေအနေများကြောင့် မျက်သားတက်ခြင်းဖြစ်နိုင်သည်။
- နေရောင်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်နှင့် ကြာရှည်စွာထိတွေ့ခြင်း (Chronic exposure to the sun’s UV light)
- ဖုန်ထူသောလေတိုက်ခြင်း
- ပူပြင်းခြောက်သွေ့သော ရာသီဥတုအခြေအနေ
အထက်ပါအခြေအနေများနှင့် ထိတွေ့နေထိုင်လုပ်ကိုင်ရသူများ၊ အသက် (၄၀) ကျော်သူများနှင့် အမျိုးသားများတွင် မျက်သားတက်ခြင်း ပို၍အဖြစ်များသည်။
ရောဂါလက္ခဏာများ
အများအားဖြင့် မည်သို့သောလက္ခဏာများမှ ခံစားရခြင်းမရှိပါ။ သို့သော် အချို့တွင် အောက်ပါလက္ခဏာများ ဖြစ်ပေါ် ခံစားရနိုင်သည်။
- မျက်စိစပ်ခြင်း
- မျက်ရည်ကျခြင်း
- မျက်စိအောင့်ခြင်း၊ ယားခြင်း
- မျက်စိခိုးလိုးခုလုဖြစ်ခြင်း
- မျက်သားခြောက်ခြင်း
- မျက်စိပူခြင်း
- မျက်စိနီခြင်း စသည်တို့ဖြစ်သည်။
မျက်သားသည် မျက်ဆံအမည်းပေါ်သို့ ဖုံးလာလျှင် မျက်ကြည်လွှာအခုံးအခွက် မညီမှုဖြစ်လာပြီး ဆလင်ဒါပါဝါပေါ်လာခြင်း၊ အမြင်ဝါးခြင်းများ ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
- မျက်သားတက်ခြင်းသည် မစိုးရိမ်ရပါ၊ မျက်သားတက်ခြင်းကြောင့် မျက်စိမကွယ်နိုင်ပါ
- မျက်သားတက်ခြင်းသည် မျက်ဆံအမည်းပေါ်သို့ဖုံးလာလျှင် အမြင်ဝါးနိုင်သည်
- မျက်သားတက်ခြင်းကြောင့် မျက်ကြည်လွှာပေါ်တွင် အဖြူရောင်အမာရွတ်ကျန်ခဲ့ပါက အမြင်မှုန်ခြင်း ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
- မျက်စိစစ်ဆေးမှုခံယူခြင်း
ပူပြင်းခြောက်သွေ့သော ရာသီဥတု သို့မဟုတ် UV ရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့ရသော ဒေသများတွင် နေထိုင်သူများသည် မျက်သားတက်ခြင်းဟု သံသယရှိပါက မျက်စိအထူးကုဆရာဝန်နှင့် ပြသစစ်ဆေးသင့်သည်။ - ပုံမှန်စစ်ဆေးခြင်း
မျက်သားတက်ခြင်း ရှိသူများသည် မျက်သားဖုံးလွှမ်းပြီး အမြင်အာရုံထိခိုက်မှုမှ ကာကွယ်ရန် တစ်နှစ် တစ်ကြိမ် ပုံမှန်ပြသစစ်ဆေးသင့်သည်။ - အရေးပေါ်ပြသရန်
မျက်သားတက်သည့်ဧရိယာ လျင်မြန်စွာ ကြီးထွားလာလျှင် သို့မဟုတ် ရောဂါလက္ခဏာတစ်ခုခု ရုတ်တရက်ဆိုးရွားလာလျှင် မျက်စိဆရာဝန်နှင့် အမြန်ဆုံး ပြသစစ်ဆေးရမည်။
ရောဂါရှာဖွေခြင်း
တြိဂံပုံ မျက်သားဖတ်သည် မျက်ဆံအမည်းဘေးတွင် ရှိနေခြင်းကို သာမန်မျက်စိဖြင့် တွေ့နိုင်သည်။ ပိုမိုသေချာစေရန် ကျွမ်းကျင်သော မျက်စိအထူးကုဆရာဝန်နှင့် စမ်းသပ်စစ်ဆေးနိုင်သည်။
ကုသခြင်း
ဆေးဖြင့်ကုသခြင်း
- မျက်သားတက်ခြင်းသည် မည်သည့်လက္ခဏာမှ မခံစားရပါက ဆေးကုသရန်မလိုပါ
- တစ်ခါတစ်ရံ မျက်စိစပ်ခြင်း၊ မျက်စိအောင့်ခြင်းနှင့် မျက်စိခိုးလိုးခုလုဖြစ်ပါက မျက်ရည်တုမျက်စဥ်း (Artificial Tear) ခပ်ခြင်းဖြင့် သက်သာနိုင်သည်
- မျက်စိနီပြီး မျက်သားရောင်လာလျှင် ဆရာဝန်ညွှန်ကြားသည့် သင့်တော်သောမျက်စဥ်းကို ခပ်ခြင်းဖြင့် သက်သာနိုင်သည်
ခွဲစိတ်ကုသခြင်း
အောက်ပါအခြေအနေများတွင် မျက်သားတက်ခြင်းကို ခွဲစိတ်ကုသရန်လိုသည်။
- မျက်သားအလွန်ထူပြီး မျက်ဆံအမည်းပေါ်သို့ ဖုံးအုပ်လာခြင်းကြောင့် အမြင်ဝါးလာခြင်း
- မျက်စိနီခြင်း၊ အောင့်ခြင်း၊ ခိုးလိုးခုလုဖြစ်ခြင်းများ မကြာခဏခံစားရခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာခြင်း
- အလှအပအတွက် ဖယ်ရှားလိုခြင်း
မျက်သားတက်ခြင်းသည် ခွဲစိတ်ကုသပြီးပါက ပြန်ဖြစ်နိုင်ခြေ လွန်စွာနည်းသည်။
ခွဲစိတ်ကုသနည်းများ
- ထူနေသောမျက်သားများကို ဖယ်ရှားခြင်း (Simple excision)
- ထူနေသောမျက်သားကို ဖယ်ရှားပြီး ကောင်းမွန်သောမျက်သားလွှာဖြင့် အစားထိုးခြင်း (Pterygium excision and autograft) သို့မဟုတ် သန္ဓေသားမှရသည့် ရေမြွှာအမြှေးဖြင့်အစားထိုးခြင်း (Amniotic membrane graft) – ဤနည်းဖြင့်ခွဲစိတ်ကုသပြီးပါက မျက်သားတက်ခြင်း ပြန်ဖြစ်နိုင်ခြေ လွန်စွာနည်းပါးသည်
- တစ်ခါတစ်ရံ မျက်သားပြန်မတက်နိုင်စေရန် မိုင်တိုမိုင်စင်ဆေး (Mitomycin) ကို ခွဲစိတ်ခြင်းနှင့် တွဲသုံးနိုင်သည်။
ခွဲစိတ်ကုသခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ
- အပေါ်ယံ မျက်သားအလွှာပါး သွေးယိုခြင်း (Subconjunctival hemorrhage)
- အစားထိုးမျက်သားအလွှာပါး ရောင်ရမ်းခြင်း (Graft oedema)
- အစားထိုးမျက်သားလွှာ ပြုတ်ထွက်ခြင်း (Graft loss)
- မျက်ကြည်လွှာ အနာရွတ် ဖြစ်ခြင်း
- မျက်နက်ဆံနှင့် မျက်ဖြူသားအစပ်ရှိ မျက်ကြည်လွှာပါးခြင်း (Cornea sclera dallen)
- မျက်သားပြန်တက်ခြင်း
ကာကွယ်ခြင်း
- ခရမ်းလွန်ရောင်ခြည် ကာကွယ်ခြင်း
နေပူသောနေရာ၊ ဖုန်ထူလေတိုက်သော နေရာများသို့ သွားသောအခါ ခရမ်းလွန်ရောင်ခြည်ကို ကောင်းစွာကာကွယ်နိုင်သော နေကာမျက်မှန်တပ်ခြင်း၊ ထီး သို့မဟုတ် ဦးထုပ် အမြဲဆောင်းခြင်းဖြင့် မျက်သားတက်ခြင်းနှင့် ဖြစ်ပေါ်နေသော မျက်သား ပိုမိုကြီးထွားလာခြင်းမှ ကာကွယ်နိုင်သည်။ - ပုံမှန်စစ်ဆေးခြင်း
မျက်သားတက်နေသူများသည် အမြင်အာရုံထိခိုက်မှု မရှိစေရန်အတွက် မျက်စိဆရာဝန်နှင့် တစ်နှစ် တစ်ကြိမ် ပုံမှန်ပြသစစ်ဆေးသင့်သည်။
References:
- Cleveland Clinic. (n.d.). Pterygium (surfer’s eye). Retrieved November 5, 2025, from https://my.clevelandclinic.org/health/diseases/22497-pterygium-surfers-eye
- EyeWiki. (n.d.). Pterygium. Retrieved November 5, 2025, from https://eyewiki.org/Pterygium
- MedlinePlus. (2025). Pterygium. Retrieved November 5, 2025, from https://medlineplus.gov/ency/article/001011.htm
- American Academy of Ophthalmology. (n.d.). What is a pinguecula and a pterygium (surfer’s eye)? Retrieved November 5, 2025, from https://www.aao.org/eye-health/diseases/pterygium
Published: 26 November 2024
Updated: 8 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.