စကားထစ်ခြင်း (Stuttering) သည် ကလေးများတွင် အတွေ့ရများသော လက္ခဏာဖြစ်ပြီး၊ အပြန်အလှန် ပြောဆိုဆက်သွယ်ရေးနှင့် ပေါင်းသင်းဆက်ဆံရေးတွင် အခက်အခဲများ ကြုံတွေ့ရလေ့ရှိသော ပြဿနာလည်းဖြစ်သည်။ ကလေးများ အသက်အရွယ်မရွေး စကားထစ်နိုင်သော်လည်း စကားလုံးများကို စာကြောင်းအဖြစ်ဖွဲ့၍ ပြောဆိုရန်သင်ယူနေသည့် အရွယ်များတွင် အဖြစ်များတတ်သည်။ အထူးသဖြင့် စကားပြောခါစအရွယ်တွင် ဦးနှောက်၏ ပြောချင်စိတ်နှင့် စကားပြောမည့် ပါးစပ်၊ လျှာ၊ လည်ချောင်း စသည်တို့၏ လှုပ်ရှားမှုများ အချိန်ကိုက်မဖြစ်ခြင်းဖြစ်သည်။ စိတ်ကမြန်ပြီး ပါးစပ်မှ မလိုက်နိုင်ခြင်းဖြစ်သည်။ အထူးသဖြင့် အသက် (၂) နှစ်ခန့်တွင် စတင်သတိထားမိလေ့ရှိပြီး အသက် (၅) နှစ်အရွယ်အထိ ဖြစ်တတ်သည်။ ယောက်ျားလေးများသည် မိန်းကလေးများထက် စကားထစ်နိုင်ခြေ အလားအလာပိုများသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကျွမ်းကျင်ပညာရှင်များက စကားထစ်ခြင်းဖြစ်စေသော အချက်လေးချက်ရှိသည်ဟု ကောက်ချက်ချကြသည်။
- မိသားစုရာဇဝင်
တိကျသော မျိုးဗီဇများကို မဖော်ထုတ်နိုင်သေးသော်လည်း စကားထစ်ခြင်းသည် မျိုးဗီဇကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ အကြောင်းမှာ စကားထစ်သူအားလုံး၏ (၆၀) ရာခိုင်နှုန်းခန့်တွင် စကားထစ်သော မိသားစုဝင်ရှိသည်ကို တွေ့ရခြင်းကြောင့်ဖြစ်သည်။ - ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု
ဘာသာစကား နားလည်မှုနှင့် စကားပြောရာတွင် ပြဿနာရှိသော ကလေးများသည် စကားထစ်နိုင်ခြေ ပိုများသည်။ - ဦးနှောက်ဆိုင်ရာ လုပ်ငန်းဆောင်တာများ (Neurophysiological Factors)
စကားထစ်တတ်သော အချို့ကလေးများတွင် ဦးနှောက်မှ စကားပြောခြင်းကို ထိန်းချုပ်မှု ပုံမမှန်ခြင်းကြောင့် ဖြစ်နိုင်သည်။ ဦးနှောက်နှင့် စကားပြောခြင်းကို ထိန်းချုပ်သည့် ကြွက်သားများအကြား အပြန်အလှန်ဆက်သွယ်မှုကို အနှောင့်အယှက်ပေးခြင်းကြောင့်လည်းဖြစ်နိုင်သည်။
စကားထစ်ခြင်းသည် စကားပြောခြင်းကို ထိန်းချုပ်သော ဦးနှောက်၏ အစိတ်အပိုင်းများ (Broca’s Area, Wernicke’s Area) အကြား အချိတ်အဆက် ပြောင်းလဲမှုများ သို့မဟုတ် သွေးစီးဆင်းမှု ပုံမမှန်မှုများ (Blood Flow Irregularities) နှင့် ဆက်စပ်နေကြောင်း နောက်ဆုံး သုတေသနများက ဖော်ပြသည်။ ၎င်းသည် စကားပြောသောအခါ အချိန်ကိုက်လှုပ်ရှားမှု (Motor Timing) ချို့ယွင်းခြင်းကို ဖြစ်ပေါ်စေသည်။ - မိသားစုပုံစံ
အချို့ကလေးများ စကားထစ်ခြင်းသည် မိသားစုမှ မျှော်လင့်ချက်မြင့်မားခြင်းကြောင့် ကလေးတွင် စိုးရိမ်ပူပန်ခြင်း၊ လျင်မြန်စွာ ပြောင်းလဲနေသော ဘဝနေထိုင်မှုပုံစံနှင့် လိုက်လျောညီထွေမဖြစ်ခြင်း စသည်တို့နှင့် ဆက်စပ်နေတတ်သည်။
စကားထစ်ခြင်း ပိုမိုဖြစ်နိုင်ခြေရှိသော အခြေအနေများ
- ယောက်ျားလေးများ
- စကားထစ်တတ်သော မိသားစုဝင်ရှိသည့် ကလေးများ
- ကျောင်း၊ မိသားစုပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများသော ကလေးများ
- ဘာသာစကား ဖွံ့ဖြိုးမှု အခြားကလေးများထက် နောက်ကျသော ကလေးများ သို့မဟုတ် ဘာသာစကားနားလည်မှု ပြဿနာများရှိသော ကလေးများ
စကားထစ်ခြင်း၏ လက္ခဏာများ
စကားထစ်ခြင်းသည် ထူးဆန်းသော လက္ခဏာမဟုတ်ပါ။ ကလေးအများစုသည် စကားလုံးတိုင်း မထစ်ဘဲ အချို့စကားလုံးများကိုသာ ထစ်လေ့ရှိသည်။ အချို့ကလေးများသည် ရက်ပိုင်းခန့်သာထစ်၍ အချို့မှာ တစ်ပတ်၊ နှစ်ပတ်ခန့်သာ ထစ်တတ်သည်။ အချိန်ကာလတစ်ခုရောက်လျှင် ပြန်ပျောက်သွားတတ်ပြီး တစ်ခါတစ်ရံ (၆) လကျော် ကြာသည်အထိ စကားထစ်တတ်သည်။ ကလေးအများစု (၈၀) ရာခိုင်နှုန်းခန့်သည် လူပျိုဖော်၊ အပျိုဖော်ဝင်စတွင် စကားထစ်ခြင်း ပျောက်သွားတတ်ပြီး အနည်းစုတွင် အသက်ကြီးချိန်အထိ စကားထစ်ခြင်း ကျန်နေတတ်သည်။
ကလေးများတွင် အတွေ့ရများသော စကားထစ်ခြင်း လက္ခဏာများမှာ_
- စကားလုံး၊ စကားစု သို့မဟုတ် ဝါကျတစ်ခုကို စတင်ရန် ခက်ခဲခြင်း
- ဗျည်း၊ သရ သို့မဟုတ် စကားလုံး တစ်ခုခုကို ထပ်ခါတလဲလဲ အသံထွက်ခြင်း
- စကားလုံး သို့မဟုတ် စကားစုများကို ကြာရှည်စွာ ပြောခြင်း
- စကားလုံးများ ပြောနေစဥ်အတွင်း ခဏထစ်သွားတတ်ခြင်း သို့မဟုတ် စကားစုများကို ပြတ်တောင်းပြတ်တောင်း ပြောခြင်း
- စကားပြောနေစဥ် မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်အပေါ်ပိုင်း တောင့်နေခြင်း
- နောက်ထပ် စကားလုံး သို့မဟုတ် စကားစုကို မပြောမီ “အမ်” ကဲ့သို့သော အပိုစကားလုံးများ ထည့်ပြောတတ်ခြင်း
- စကားပြောရမည်ကို စိုးရိမ်ပူပန်ခြင်း
- အပြန်အလှန် ပြောဆိုဆက်သွယ်ရာတွင် အခက်အခဲရှိခြင်း စသည်တို့ဖြစ်သည်။
စကားထစ်ခြင်းနှင့်အတူ
- မျက်လုံးကို အလျင်အမြန် ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်း
- နှုတ်ခမ်း သို့မဟုတ် မေးရိုး တုန်ယင်ခြင်း
- ဦးခေါင်း တဆတ်ဆတ်ညိတ်ခြင်း
- လက်သီးဆုပ်ထားခြင်း
- မျက်နှာအကြောဆွဲခြင်း စသည့်လက္ခဏာများတွဲ၍ တွေ့ရတတ်သည်၊ စိတ်လှုပ်ရှားသည့်အချိန်၊ ပင်ပန်းနွမ်းနယ်နေချိန်၊ စိတ်ဖိစီးမှုများနေချိန်များတွင် စကားထစ်ခြင်း ပိုဆိုးနိုင်သည်။
စကားထစ်ခြင်းအမျိုးအစားများ
- ဖွံ့ဖြိုးမှုဆိုင်ရာကြောင့် စကားထစ်ခြင်း
အဖြစ်အများဆုံး အမျိုးအစားဖြစ်သည်။ အသက် (၃)နှစ် မှ (၈)နှစ်ကြား ကလေးငယ်များတွင် ဖြစ်လေ့ရှိသည်။ ကလေး၏ စကားပြောဆိုပုံနှင့် ဘာသာစကား ကျွမ်းကျင်မှုကို ပြုစုပျိုးထောင်နေချိန်တွင် တွေ့ရတတ်သည်။ ဖွံ့ဖြိုးမှုဆိုင်ရာ စကားထစ်သောကလေးသည် လူအများရှေ့စကားပြောသည့်အခါ သို့မဟုတ် ဖုန်းပြောသည့်အခါ ပိုဆိုးလာတတ်ပြီး၊ သီချင်းဆိုခြင်း၊ စာအော်ဖတ်ခြင်း၊ တစ်ကိုယ်တည်းစကားပြောခြင်း စသည်တို့တွင် ပိုအဆင်ပြေသည်ကို တွေ့ရတတ်သည်။ - ဦးနှောက်အာရုံကြောဆိုင်ရာကြောင့် စကားထစ်ခြင်း
ဖွံ့ဖြိုးမှုဆိုင်ရာစကားထစ်ခြင်းထက် တွေ့ရနည်းသည်။ ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း (ဥပမာ_အမြင့်မှ ပြုတ်ကျခြင်း၊ မော်တော်ယာဉ် မတော်တဆမှုဖြစ်ခြင်း၊ အားကစားလုပ်ခြင်းမှ ဒဏ်ရာရခြင်း) နှင့် လေဖြတ်ခြင်း စသည့်အခြေအနေများတွင် နောက်ဆက်တွဲလက္ခဏာအဖြစ် တွေ့ရတတ်သည်။ - စိတ်ပိုင်းဆိုင်ရာကြောင့် စကားထစ်ခြင်း
ကလေးများစကားထစ်ခြင်းကို ဖြစ်စေနိုင်သော်လည်း ရှားပါးသောအုပ်စုဖြစ်သည်။ စိတ်ဒဏ်ရာခံစားရဖူးသော ကလေးများ သို့မဟုတ် စိတ်ရောဂါဖြစ်ဖူးသည့် ရာဇဝင်ရှိသော ဆယ်ကျော်သက်အရွယ်များတွင် ဖြစ်တတ်သည်။ တွေးခေါ်မှုဆိုင်ရာ၊ ကျိုးကြောင်းဆင်ခြင်မှုဆိုင်ရာ ပြဿနာများ တွဲ၍တွေ့ရတတ်သည်။
နောက်ဆက်တွဲပြဿနာများ
စကားထစ်သောကလေးများသည်
- အခြားသူများနှင့် ပြောဆိုဆက်သွယ်ရာတွင် အဆင်မပြေခြင်း
- ကျောင်း သို့မဟုတ် လုပ်ငန်းခွင်ရှိ အဖွဲ့လိုက်လှုပ်ရှားမှုများတွင် ပါဝင်ခွင့် ကန့်သတ်ခံရခြင်း
- ကိုယ့်ကိုယ်ကို တန်ဖိုးမထားခြင်း၊ လေးစားမှု လျော့ကျခြင်း
- စကားပြောရန်လိုအပ်သော အခြေအနေများကို ရှောင်ကြဥ်ခြင်း
- ကျောင်းတွင်းစွမ်းဆောင်ရည် ညံ့ဖျင်းခြင်း
- အနိုင်ကျင့်ခံရခြင်း
- လူမှုရေးဆိုင်ရာ ပြဿနာများ ကြုံရခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ကြုံရတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ကလေးများတွင် စကားထစ်ခြင်း ပြင်းထန်နိုင်သည်ဟု ယူဆနိုင်သော အောက်ဖော်ပြပါ အခြေအနေများရှိပါက စောစီးစွာ ပြသတိုင်ပင်သင့်သည်။
- အချိန်ကြာလာသည်နှင့်အမျှ စကားထစ်ခြင်း ပိုမိုသိသာဆိုးဝါးလာခြင်း
- ခန္ဓာကိုယ်နှင့်မျက်နှာ လှုပ်ရှားမှုများ ပါဝင်လာခြင်း
- စကားစတင်ပြောဆိုရန် အလွန်ခက်ခဲခြင်း၊ အလွန်အားစိုက်ရခြင်း
- စကားပြောရန်လိုသော အခြေအနေများကို ရှောင်ကြဥ်ခြင်း
- စကားပြောသောအခါ တဖြည်းဖြည်း အသံကျယ်လာခြင်း
- အသက် (၅) နှစ်ကျော်သည်အထိ စကားထစ်နေခြင်းတို့ဖြစ်သည်။
ရောဂါရှာဖွေခြင်း
ကလေး၏ မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးပြီးနောက် လိုအပ်ပါက ကလေးအထူးကုဆရာဝန်၊ ကလေးဦးနှောက်အာရုံကြော အထူးကုဆရာဝန် သို့မဟုတ် စကားပြောခြင်းဆိုင်ရာနှင့် ဘာသာစကားဆိုင်ရာ အထူးကုပညာရှင် (Speech Language Pathologist) ထံ လွှဲပြောင်းပေးနိုင်သည်။ ကလေး၏ စကားပြောနိုင်စွမ်း၊ ဘာသာစကားနားလည်နိုင်စွမ်းကို အခြေအနေအမျိုးမျိုးဖြင့် စမ်းသပ်ပေးနိုင်သည့်အပြင် စကားထစ်ခြင်းသည် အကြောဆွဲ၍ အသံထွက်သော ပုံမမှန်အပြုအမူ (tics) ကဲ့သို့ အခြေအနေများ တွဲ၍ရှိမရှိကိုလည်း စစ်ဆေးပေးနိုင်သည်။
ကုသခြင်း
စကားထစ်ခြင်းကို အတိအကျပျောက်ကင်းအောင် ကုသရန် ဆေးဝါးများမရှိပါ။ စောစီးစွာ စမ်းသပ်စစ်ဆေးခြင်းနှင့် စကားထစ်ခြင်းအတွက် သင့်တော်သော လေ့ကျင့်ခန်းများနှင့်ကုထုံးများ အချိန်မီရရှိရန်မှာ အရေးကြီးဆုံးဖြစ်သည်။ စကားပြောခြင်းဆိုင်ရာနှင့် ဘာသာစကားဆိုင်ရာ အထူးကုပညာရှင်သည် စကားထစ်ခြင်းကို လျော့နည်းစေမည့် နည်းစနစ်များကို သင်ကြားပေးမည်ဖြစ်သည်။ ကုသမှုအမျိုးအစားများမှာ_
ကုသမှုအမျိုးအစားများမှာ_
- စကားပြောကုထုံး (Speech therapy)
- ကလေးကို စကားထစ်နေချိန်တွင် မိမိကိုယ်ကို သတိပြုမိစေရန်နှင့် စကားပြောချိန် ပုံမှန်ဖြစ်လာစေရန် ကူညီပေးသည်
- ထိုမှတစ်ဆင့် အချိန်ကြာလာသည်နှင့်အမျှ ကလေးစကားထစ်ခြင်း သက်သာလာနိုင်သည်
- အပြုအမူဆိုင်ရာကုထုံး (Cognitive Behavioural therapy)
- ကလေးအား စကားထစ်ခြင်းကြောင့် ခံစားရသော စိတ်ဖိစီးမှုများ၊ ပူပန်မှုများကို လျော့ကျစေရန်နှင့် မိမိကိုယ်ကို ယုံကြည်လေးစားမှု မြင့်တက်လာစေရန် ကူညီပေးသည်
- စကားပြော ချောမွေ့စေသော စက်ပစ္စည်းများ (Fluency-Shaping Devices)
- အီလက်ထရွန်းနစ် စက်ပစ္စည်းများတွင် ထည့်သွင်းထားသော သီးသန့်စကားပြောလေ့ကျင့်ခန်းများမှတစ်ဆင့် ကလေးအား စကားထစ်သက်သာစေရန်နှင့် ပိုမိုသွက်လက်ချောမွေ့စွာ ပြောဆိုနိုင်စေရန် ကူညီပေးသည်
- မိဘနှင့်ကလေးကြား အပြန်အလှန်ဆက်ဆံရေး (parent-child interaction)
- ပညာရှင်မှ သင်ကြားပြသပေးသော လေ့ကျင့်ရန် နည်းလမ်းများနှင့် ကုထုံးများကို အိမ်တွင်လည်း မိဘနှင့်ကလေး အတူတွဲ၍ လုပ်ဆောင်ခြင်းဖြင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာနိုင်သည့်အပြင် ကလေးငယ်များလည်း စိတ်ပျော်ရွှင်၍ မိမိကိုယ်ကို ယုံကြည်မှုများ မြင့်တက်လာနိုင်သည်
ကာကွယ်ခြင်း
စကားထစ်ခြင်း မဖြစ်အောင် ကြိုတင်ကာကွယ်ရန် နည်းလမ်းမရှိပါ။ စကားထစ်သော ကလေးများသည် မိဘများ၏ လက်ခံမှုနှင့်ပံ့ပိုးမှုကို ရရှိခံစားနိုင်စေရန် အရေးအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် စကားထစ်သောကလေးကို စိတ်သက်သာစေရန်နှင့် စကားပြောချောမွေ့လာစေရန် အောက်ပါနည်းလမ်းများကို အသုံးပြု၍ ကူညီနိုင်သည်။
- ကလေးအတွက် စိတ်အေးလက်အေးရှိသော ပတ်ဝန်းကျင်အနေအထားကို ဖန်တီးပေးပါ၊ မိသားစု သိုက်သိုက်ဝန်းဝန်း မကြာခဏနေပေးပါ၊ အေးချမ်းတည်ငြိမ်သော မိသားစု၊ ပတ်ဝန်းကျင်လေးဖြစ်ပါစေ
- စိုးရိမ်သောကပင်ပန်းမှုများ လျှော့ချပေးပါ
- ကလေးနှင့် စကားပြောရန် အချိန်သီးသန့်ထားပါ
- ကလေးကို စိတ်ပျော်ရွှင်ဖွယ် အကြောင်းအရာများနှင့် လွယ်ကူရိုးရှင်းသော အကြောင်းအရာများ ပြောပြရန် အားပေးပါ
- ကလေးကို ဆူပူခြင်း၊ အပြစ်တင်ခြင်းစသော အဆိုးမြင်နည်းလမ်းများနှင့် မတုံ့ပြန်ဘဲ မှန်ကန်သော စကားအပြောအဆိုအတွက် ချီးကျူးပါ
- စကားထစ်နေချိန်တွင် ဆူခြင်း၊ အော်ငေါက်ခြင်းများ မလုပ်သင့်ပါ၊ အစမှ ပြန်၍မပြောခိုင်းပါနှင့်၊ စကားကိုပြီးအောင် အချိန်ပေးပြောခိုင်းပါ၊ မိဘမှ သေချာအာရုံစိုက်၍ စကားဆုံးသည်အထိ ဂရုတစိုက် နားထောင်ပေးပါ
- ကလေးမှာ စကားအလွန်ထစ်နေပြီး စိတ်ဖိစီးသည့်လက္ခဏာများ ပေါ်လာလျှင် အခြားလှုပ်ရှားမှုများနှင့် အာရုံလွှဲပြောင်းပေးပါ
- မိဘမှ ကလေးကို စကားပြောလျှင်လည်း ဖြည်းညင်းစွာပြောပေးပါ၊ သို့မှသာ ကလေးသည်လည်း ဖြည်းညင်းစွာပြောဖို့ ကြိုးစားလာနိုင်မည်ဖြစ်သည်
- ကလေးသည် စကားထစ်ခြင်းအကြောင်းကို သိလို၍ မေးလာလျှင် ပွင့်ပွင့်လင်းလင်းပြောပြ၊ ရှင်းပြပါ
- ကလေး၏ကျောင်းမှ ဆရာ၊ ဆရာမများကိုလည်း ကလေးစကားထစ်ခြင်းနှင့် ပတ်သက်၍ အသိပေးပြောကြားထားကာ အနိုင်ကျင့်ခံရခြင်းမှ ကင်းဝေးသော ကျောင်းပတ်ဝန်းကျင်ကို ဖန်တီးပေးပါ
- စကားထစ်တတ်သော မိသားစုဝင်ရှိလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးချိန်တိုင်း မိသားစုရာဇဝင်ကို အသိပေးပါ
References:
- Hopkins Medicine. (n.d.). Stuttering. Retrieved November 1, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/stuttering
- Mayo Clinic. (2024). Stuttering: Symptoms and causes. Retrieved November 1, 2025, from https://www.mayoclinic.org/diseases-conditions/stuttering/symptoms-causes/syc-20353572
- Mayo Clinic. (2024). Stuttering: Diagnosis and treatment. Retrieved November 1, 2025, from https://www.mayoclinic.org/diseases-conditions/stuttering/diagnosis-treatment/drc-20353577
- National Institute on Deafness and Other Communication Disorders. (n.d.). Stuttering. Retrieved November 1, 2025, from https://www.nidcd.nih.gov/health/stuttering
- WebMD. (2022). Managing stuttering in toddlers and preschoolers. Retrieved November 1, 2025, from https://www.webmd.com/parenting/stuttering
- WebMD. (n.d.). Stuttering. Retrieved November 1, 2025, from https://www.webmd.com/parenting/stuttering
- Chang, S. E. (2017). Neurophysiological perspectives on the development of stuttering. Seminars in Speech and Language, 38(4), 259–271.
- Chang, S. E. (2020). The neural bases of developmental stuttering. In Handbook of Clinical Neurology (Vol. 174, pp. 105–125).
- Blood, G. W., Blood, I. M., & Tellis, G. (2017). Delayed auditory feedback (DAF) and frequency-altered feedback (FAF) instruments in stuttering treatment: A systematic review. Journal of Fluency Disorders, 54, 15–32.
Published: 22 November 2024
Last updated: 9 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.