Polyuria (ဆီးသွားများခြင်း)

Polyuria (ဆီးသွားများခြင်း)

ဆီးသွားများခြင်း (Polyuria) ဆိုသည်မှာ ပုံမှန်ထက်ပို၍ ဆီးသွားခြင်း (လူကြီးတစ်ယောက်အတွက် တစ်ရက်လျှင် ဆီးပမာဏ (၃) လီတာထက်ပို၍ ဆီးသွားခြင်း) ဖြစ်သည်။ နေ့စဥ် ပုံမှန်သွားသော ဆီးပမာဏမှာ (၁)လီတာ မှ (၂)လီတာခန့်ဖြစ်သည်။ ဆီးသွားများခြင်းသည် ရောဂါလက္ခဏာတစ်ခုဖြစ်နိုင်ပြီး အဓိကအားဖြင့် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အချို့သောဆေးများကြောင့် ဖြစ်ပေါ်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်ခြင်း၊ သတ္တုဓာတ်မညီမျှခြင်း၊ ကော်ဖီ ၊ ရေ အလွန်အကျွံသောက်ခြင်းနှင့် အရက်သောက်ခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။ ဆီးသွားများခြင်းသည် ဆီးမကြာခဏသွားခြင်းနှင့် မှားနိုင်သည်။ ဆီး မကြာခဏသွားသော်လည်း တစ်ကြိမ်လျှင် အနည်းငယ်စီသာသွားလျှင် တစ်နေ့လုံး၏ ဆီးပမာဏ မများနိုင်ပါ။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ဆီးသွားများခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

  1. ဆီးချိုရောဂါ (Diabetes mellitus-diagnosis)
    ဆီးသွားများခြင်းသည် ဆီးချိုရောဂါ (ဆီးချိုအမျိုးအစား – ၁၊ ဆီးချိုအမျိုးအစား – ၂၊ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ စသည်) များတွင် ပထမဆုံးဖြစ်ပေါ်တတ်သော လက္ခဏာတစ်ခုဖြစ်သည်။ သွေးထဲတွင် သကြားဓာတ်များလာသောအခါ ဆီးထဲတွင်ပါ များလာပြီး သကြား၏ ရေဆွဲအားများခြင်းကြောင့် ဆီးသွားများခြင်း ဖြစ်လာသည်။ ဆီးများများသွားလျှင် ရေငတ်လာပြီး ‌ရေပိုသောက်သောကြောင့် ဆီးပိုသွားနိုင်သည်။
  2. ADH ဟော်မုန်း (antidiuretic hormone) ပြဿနာကြောင့် ဆီးသွားများခြင်း (diabetes insipidus)
    • ဆီးသွားခြင်းကို တားဆီးသော ADHဟော်မုန်း (antidiuretic hormone/vasopressin) ကို အလုံအလောက် မထုတ်နိုင်သောကြောင့် ဆီးသွားများခြင်းဖြစ်သည်
    • ခန္ဓာကိုယ်မှ ရေဓာတ်ကို မထိန်းချုပ်နိုင်သည့် ရှားပါးသောအခြေအနေတစ်ခုဖြစ်ပြီး၊ ရေအလွန်အမင်းငတ်၍ ဆီးသွားများခြင်းကို ဖြစ်ပေါ်စေသည်
    • ADH ဟော်မုန်းကို ဦးနှောက်အတွင်းရှိ ပီကျူတရီဂလင်းမှ ထုတ်လုပ်ပြီး ကျောက်ကပ်ပြွန်များမှ အရည်ပြန်လည်စုပ်ယူခြင်း လုပ်ငန်းတွင် ပါဝင်လုပ်ဆောင်သည်
    • ADH ဟော်မုန်း ထုတ်လုပ်မှုကို ထိခိုက်စေနိုင်သော အကြောင်းရင်းများမှာ ဦးနှောက်တွင်း ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဦးနှောက်ခွဲစိတ်ကုသခြင်း၊ ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်အလုံးအကျိတ် ကင်ဆာရောဂါများ စသည်တို့ဖြစ်သည်
    • ထို့ပြင် ထုတ်လုပ်ထားသော ADH ဟော်မုန်းကို ကျောက်ကပ်မှ တုံ့ပြန်မှုမရှိခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်းတို့ကြောင့်လည်း ဆီးသွားများစေနိုင်သည်
  3. ကျောက်ကပ်လုပ်ငန်း ပျက်စီးခြင်း (Kidney disease or failure)
    ဆီးသွားများခြင်းသည် ကျောက်ကပ်လုပ်ငန်းထိခိုက်လျှင် အစောပိုင်း တွေ့ရတတ်သော လက္ခဏာတစ်ခုဖြစ်သည်။
  4. သွေးထဲတွင် ကယ်လ်ဆီယမ်ဓာတ်များခြင်း (Hypercalcemia)
  5. စိတ်ဖိစီးမှုများခြင်း
  6. အချို့သော ဆေးဝါးများ
    • ဆီးဆေးများ (diuretics)
    • စိတ်ပိုင်းဆိုင်ရာဆေးများ (lithium, SSRI, tricyclic antidepressants)
    • သွေးပေါင်ကျဆေး (calcium channel blockers)
    • ဆီးချိုကျဆေး (SGLT 2 ဆန့်ကျင်ဆေးများ)
  7. အရက်သောက်ခြင်း
  8. ကော်ဖီသောက်ခြင်း
  9. ရေအလွန်အကျွံသောက်ခြင်း
  10. ကိုယ်ဝန်ဆောင်များ (ပထမ သုံးလပတ်တွင် အဖြစ်များသည်)
‌ရောဂါလက္ခဏာများ

ဆီးသွားများခြင်းနှင့်အတူ

  • ရေငတ်ခြင်း (polydipsia)
  • ညဘက်တွင် ဆီးသွားခြင်း (nocturia)
  • ဆီးများများသွားခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်း (dehydration) တို့ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းများ၏ ရောဂါလက္ခဏာများကိုလည်း ပူးတွဲတွေ့ရတတ်သည်။
ဆေးရုံ၊ ဆေးခန်း ပြသခြင်း

ဆီးသွားများခြင်းသည် တစ်ရက်၊ နှစ်ရက်မျှသာဖြစ်လျှင် ရေသောက်များနေခြင်းကြောင့် ဖြစ်နိုင်ပြီး ပုံမှန်သာဖြစ်သည်။ သို့သော် ဆီးသွားများခြင်းသည် ရက်ပိုင်းမျှသာမဟုတ်ဘဲ ဆက်တိုက်ဖြစ်နေလျှင် မိသားစုဆရာဝန်နှင့်တိုင်ပင်၍ ဖြစ်ပေါ်စေသော အကြောင်းရင်းကို ရှာဖွေ၍ ကုသမှုခံယူရန် လိုအပ်သည်။ အကယ်၍ ဆေးတစ်ခုခုကို သောက်ပြီး ဆီးသွားများသည်ဟု ယူဆလျှင် ဆရာဝန်ကို ချက်ချင်းအသိပေးရန် လိုအပ်သည်။ ထို့ပြင် ဖျားခြင်း၊ ခါးနာခြင်း၊ ခြေလက်အားနည်းခြင်း၊ ညဘက်ချွေးထွက်များခြင်း၊ ကိုယ်အလေးချိန် ကျဆင်းလာခြင်း၊ ခေါင်းတအားကိုက်၍ထိုးအန်ခြင်း စသည့် အရေးကြီးလက္ခဏာများ ရှိပါက အမြန်ဆုံးပြသရန်လိုသည်။

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

‌ရောဂါရှာဖွေခြင်း

ဆီးသွားများခြင်းကို ‌ရောဂါရှာဖွေရန် ဆီးသွားသည့်ပမာဏ၊ ရေသောက်သည့်ပမာဏ အပါအဝင် ရောဂါရာဇဝင်များကို သေချာစွာ မေးမြန်းခြင်း၊ လူနာကို စမ်းသပ်ခြင်း၊ (၂၄) နာရီအတွင်း သွားသောဆီးကို စုဆောင်းပြီး ဆီးပမာဏတိုင်းတာခြင်းနှင့် ဆီးစစ်ဆေးခြင်းများ ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်သည်။ သံသယရှိသော နောက်ခံရောဂါအကြောင်းရင်းများပေါ် မူတည်ပြီး သွေးတွင်းသကြားဓာတ်၊ သတ္တုဓာတ်များ တိုင်းတာခြင်း၊ ကျောက်ကပ်လုပ်ငန်းများ အပါအဝင် လိုအပ်သော သွေးများ စစ်ဆေးခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။ ဦးနှောက် CT scan, MRI များလည်း ရိုက်ကူးနိုင်သည်။ သွေးနှင့်ဆီးထဲတွင် ပျော်ဝင်နေသော သတ္တုဓာတ်များ၏ ပြင်းအားကို တိုင်းတာခြင်း (blood and urine osmolality test) ၊ အချိန် (၈) နာရီမျှ မည်သည့်အ‌ရည်မှ မသောက်ဘဲ သတ်မှတ်ထားသောအချိန်များတွင် ကိုယ်အလေးချိန်နှင့် ဆီးပြင်းအားများကို တိုင်းတာခြင်း (water deprivation test) များကို လိုအပ်လျှင် ဆက်လက်ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်သည်။

ကုသခြင်း

ဖြစ်ပေါ်စေသော အကြောင်းရင်းကို ကုသမှုခံယူခြင်းဖြင့် ဆီးသွားများခြင်းကို သက်သာစေနိုင်သည်။ ဥပမာအားဖြင့် ဆီးချိုရောဂါကြောင့် ဆီးသွားများလျှင် ဆီးချိုရောဂါကို ကုသမှုခံယူပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းခြင်းဖြင့် ဆီးသွားများခြင်း သက်သာသွားနိုင်သည်။ အကယ်၍ သောက်ဆေးများကြောင့် ဖြစ်ပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးပမာဏလျှော့ချခြင်း သို့မဟုတ် ဆေးပြောင်းလဲခြင်းဖြင့် သက်သာနိုင်သည်။ ထို့အပြင် ကော်ဖီနှင့် အရက်သောက်ခြင်းကို ကန့်သတ်လျှော့ချခြင်း သို့မဟုတ် ဖြတ်ခြင်း၊ တစ်ရက်တာ သို့မဟုတ် ညအိပ်ယာဝင်ခါနီးတွင်  ရေသောက်သည့်ပမာဏကို ကန့်သတ်လျှော့ချခြင်းတို့ကို ပြုလုပ်ခြင်းဖြင့်လည်း ဆီးသွားများခြင်း သက်သာနိုင်သည်။

References:

  1. WebMD. (n.d.). Polyuria: Too much urine. Retrieved October 20, 2025, from https://www.webmd.com/diabetes/polyuria-too-much-urine
  2. Healthline. (n.d.). Urination excessive volume (polyuria). Retrieved October 20, 2025, from https://www.healthline.com/health/urination-excessive-volume/
  3. Verywell Health. (n.d.). Polyuria overview. Retrieved October 20, 2025, from https://www.verywellhealth.com/polyuria-overview-4587586

Published: 31 October 2024

Last updated: 3 January 2026

Share

Category

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.