Essential tremor (ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်း)

Essential tremor (ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်း)

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းဆိုသည်မှာ အကြောင်းရင်းရှာမရဘဲ ထိန်းချုပ်၍မရသော စည်းချက်ကျကျ တုန်ခါမှုကို ဖြစ်ပေါ်စေသည့် ဦးနှောက်အာရုံကြောဆိုင်ရာ အခြေအနေတစ်ခုဖြစ်သည်။ ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ဖြစ်ပေါ်နိုင်သော်လည်း လက်တွင် အဖြစ်အများဆုံးဖြစ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက် (၄၀) နှစ်နှင့်အထက်တွင် အဖြစ်များသည်။ ပုံမှန်အားဖြင့် အန္တရာယ်ရှိသော အခြေအနေမဟုတ်သော်လည်း အချိန်ကြာလျှင် ပိုမိုသိသာလာပြီး အချို့သူများတွင် ပြင်းထန်နိုင်ကာ နေ့စဉ်ပုံမှန်လှုပ်ရှားမှုများကို အနှောင့်အယှက်ပေးနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းအားလုံး၏ (၅၀) ရာခိုင်နှုန်းမှာ မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်နိုင်သည်။ မျိုးရိုးလိုက်၍ဖြစ်သော တုန်ခါမှု (Familial tremor) ဟုလည်းခေါ်ကြသည်။ အကယ်၍ မိဘတစ်ဦးတွင် မျိုးဗီဇပြောင်းလဲမှုရှိပါက မိမိတွင် ဖြစ်နိုင်ခြေ (၅၀) ရာခိုင်နှုန်းရှိသည်။ ကျန်သော (၅၀) ရာခိုင်နှုန်းတွင် ဖြစ်ပေါ်ရသောအကြောင်းရင်း အတိအကျ မသိပါ။ သို့သော် ဦးနှောက်၏ အချို့သော အစိတ်အပိုင်းများအကြား ဆက်သွယ်မှု ပြတ်တောက်သောကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်။

ယှဉ်တွဲလာတတ်သောလက္ခဏာများ

အဓိကရောဂါလက္ခဏာမှာ တုန်ခါမှုဖြစ်သည်။ တုန်ခါမှုမှာ အောက်ပါအခြေအနေများတွင် ဖြစ်ပေါ်လေ့ရှိသည်။

  • လှုပ်ရှားမှု ပြုလုပ်သည့်အခါ ဖြစ်ပေါ်သောတုန်ခါမှု (Action tremor) (ဥပမာ _ ရေခွက်ကို ကိုင်သည့်အချိန်တွင် ဖြစ်ပေါ်သောတုန်ခါမှု)
  • အနေအထားတစ်ခုကို ပုံသေထားသည့်အခါ ဖြစ်ပေါ်သော တုန်ခါမှု (Postural tremor) (ဥပမာ _ လက်ကိုရှေ့သို့ ဆန့်သည့်အနေအထားမျိုးတွင် ဖြစ်ပေါ်သောတုန်ခါမှု)

တုန်ခါမှုမှာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာကာ အစပိုင်းတွင် သာမန်မျှသာဖြစ်ပြီး ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နိုင်သည်။ အချိန်ကြာလျှင် ပိုဆိုးလာနိုင်သော်လည်း တစ်ယောက်နှင့် တစ်ယောက် ထပ်တူမညီနိုင်ပါ။ နားနေသည့်အချိန်တွင် ဖြစ်ပေါ်လေ့မရှိပါ။

တုန်ခါမှုမှာ ပထမဦးစွာ လက်တွင် အများဆုံးဖြစ်ပေါ်လေ့ရှိပြီး၊ လက်တစ်ဖက်တွင် ပိုမိုသိသာသော်လည်း လက်နှစ်ဖက်လုံးတွင် ဖြစ်နိုင်သည်။ ထို့အပြင် ဦးခေါင်း၊ လက်မောင်း၊ အသံအိုး၊ မျက်နှာ၊ ကိုယ်လုံးတို့တွင်လည်း ဖြစ်ပေါ်နိုင်သည်။ ခေါင်းတွင်ဖြစ်ပါက ခေါင်းငြိမ့်၊ ခေါင်းခါသည့် အနေအထားဖြင့် ထိန်းချုပ်၍မရသော တုန်ခါမှုဖြစ်ပေါ်ခြင်းနှင့် အသံအိုးတွင်ဖြစ်ပါက စကားပြောစဥ် အသံတုန်ခါခြင်းကို ဖြစ်စေနိုင်သည်။

တုန်ခါမှုမှာ အန္တရာယ်မရှိသော်လည်း တုန်ခါမှုပိုဆိုးလာလျှင် နေ့စဥ်လုပ်ငန်းတာ၀န်များကို လုပ်ဆောင်ရာတွင် ထိခိုက်လာသည်။ ဇွန်းကိုင်၍ အစာစားရန် ခက်ခဲခြင်း၊ ရေသောက်ရန် ဖန်ခွက်ကိုင်ရာတွင် ပြုတ်ကျခြင်း၊ အ၀တ်အစား၀တ်ရန်၊ ကြယ်သီးတပ်ရန် ခက်ခဲခြင်း၊ စာ‌ရေးရန် အခက်အခဲဖြစ်ခြင်း စသည့် ပြဿနာများကို ကြုံတွေ့ လာရသည်။

တုန်ခါမှုကို ပိုဆိုးစေနိုင်သောအရာများမှာ _ ကော်ဖီသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လှုပ်ရှားမှုများခြင်း၊ ဖျားနာခြင်း၊ ပူလွန်း၊ အေးလွန်းခြင်း၊ နုံးနယ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အချို့သောဆေးဝါးများ၊ ဆာလောင်ခြင်း၊ အိပ်ရေးပျက်ခြင်းတို့ ဖြစ်ကြသည်။

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းကဲ့သို့ပင် တုန်ခါမှုကို ဖြစ်ပေါ်စေနိုင်သည့် ပါကင်ဆန်ရောဂါ (Parkinson’s disease) နှင့် ကွာခြားမှုကို သိရှိရန် လိုအပ်သည်။ ပါကင်ဆန်ရောဂါဆိုသည်မှာ ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များမှ ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်သည့် ဒိုပါမင်း (dopamine) ဟော်မုန်း လုံလောက်အောင် မထုတ်လုပ်နိုင်သောကြောင့် တုန်ခါမှု ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းနှင့် ပါကင်ဆန်ရောဂါ၏ တုန်ခါမှုခြားနားချက်များမှာ အောက်ပါဇယားအတိုင်းဖြစ်သည်။

ဖြစ်ရင်းကြောင်းခံမရှိဘဲလက်တုန်ခြင်း
(Essential tremor)
ပါကင်ဆန်ရောဂါ
(Parkinson’s disease)
တုန်ခါမှုမှာ လှုပ်ရှားမှု ပြုလုပ်သည့်အခါ ဖြစ်ပေါ်ပြီး အနားယူလိုက်လျှင် သက်သာသည်တုန်ခါမှုမှာ နားနေသည့်အချိန်တွင် ဖြစ်ပေါ်ပြီး လှုပ်ရှားမှုပြုလုပ်လိုက်လျှင် သက်သာသည်
ခန္ဓာကိုယ် နှစ်ဖက်လုံးတွင် ဖြစ်ပေါ်နိုင်ပြီး တစ်ဖက်တွင် အနည်းငယ်ပို၍ သိသာသည်တစ်ဖက်နှင့် တစ်ဖက် ပြိုင်တူဖြစ်လေ့ မရှိပါ
တုန်ခါမှုမှာ လက်အပြင် ဦးခေါင်း၊ လည်ပင်းတို့တွင် ဖြစ်ပေါ်နိုင်သည်၊ ခြေထောက်တွင် မဖြစ်ပါတုန်ခါမှုမှာ ဦးခေါင်းနှင့် လည်ပင်းတို့တွင် ဖြစ်ခဲသည်၊ တစ်ခါတစ်ရံ ခြေထောက်ပါ၀င်နိုင်သည်
တုန်ခါမှုကြောင့် စာရေးရာတွင် အခက်အခဲ ဖြစ်နိုင်သည်၊ သို့သော် စာလုံးသေးသွားခြင်း မရှိပါ။စာရေးလျှင် စာလုံးများ တဖြည်းဖြည်းနှင့် သေးသွားသည် (Micrographia)
မျိုးရိုးလိုက်၍ ဖြစ်တတ်သည်မျိုးရိုးလိုက်လေ့ မရှိပါ
တုန်ခါမှု တစ်မျိုးတည်းသာ ဖြစ်ပေါ်သည်၊ အခြား မည်သည့်လက္ခဏာမှ မရှိပါတုန်ခါမှုအပြင် အခြားလက္ခဏာများဖြစ်သည့် လှုပ်ရှားမှုနှေးခြင်း၊ တောင့်တင်းခြင်း၊ လမ်းလျှောက်သည့်ပုံစံ (ရှပ်တိုက်ပုံစံ) ပြောင်းလဲပြီး ခန္ဓာကိုယ်ကို စည်းချက်ညီညီ မထိန်းသိမ်းနိုင်ခြင်းတို့ပါ ဖြစ်ပေါ်သည်
နောက်ဆက်တွဲပြဿနာများ

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းမှာ အသက်အန္တရာယ်မရှိသော်လည်း အချိန်ကြာလာလျှင် ပိုဆိုးလာပြီး နေ့စဥ်လုပ်ငန်းတာ၀န်များကို ထိခိုက်လာကာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသခြင်း

လက်တုန်ခြင်းကြောင့် နေ့စဥ်လုပ်ငန်းတာ၀န်များကို ထိခိုက်လာလျှင်သော်လည်းကောင်း၊ ပါကင်ဆန်ရောဂါတွင် ဖြစ်ပေါ် သောတုန်ခါမှုနှင့် မခွဲခြားနိုင်လျှင်သော်လည်းကောင်း မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးနိုင်သည်။

ရောဂါရှာဖွေခြင်း

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းကို သိရှိနိုင်ရန် ရောဂါရာဇ၀င် (အထူးသဖြင့် မိဘမျိုးရိုးတွင် လက်တုန်ခြင်း ရှိမရှိနှင့် လက်တုန်ခြင်းကြောင့် မိမိ၏ နေ့စဥ်လုပ်ငန်းဆောင်တာများ ထိခိုက်ခြင်း ရှိမရှိ) မေးမြန်းခြင်းနှင့် ဦးနှောက်အာရုံကြောဆိုင်ရာ စမ်းသပ်ခြင်းများကို ပြုလုပ်နိုင်သည်။ ဖြစ်ကြောင်းရင်းခံမရှိဘဲ လက်တုန်ခြင်းကို သေချာစေရန် သီးသန့်စစ်ဆေးနိုင်သည့်အရာ မရှိပါ။ အ‌ရေးအကြီးဆုံးမှာ ရောဂါလက္ခဏာဆင်တူသော အခြားရောဂါများမဟုတ်ကြောင်း ခွဲထုတ်သက်သေပြရန်ဖြစ်သည်။ ထို့ကြောင့် လိုအပ်မှသာ သွေးစစ်ခြင်း၊ ကွန်ပြူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ မျိုးဗီဇစစ်ဆေးခြင်းတို့ကို ပြုလုပ်သည်။

ကုသခြင်း

တုန်ခါမှုကို လျော့ကျစေရန်

  • အနားယူခြင်း
  • အိပ်စက်ခြင်း
  • စိတ်ဖိစီးမှု လျော့နည်းစေရန် တရားထိုင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းမှာ ပျောက်ကင်းအောင်ကုသ၍ မရသော်လည်း သက်သာစေရန် အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်။

  1. သောက်ဆေး၊ ထိုးဆေးပေးခြင်း
    • Beta-blocker, Anti-seizures medication, Benzodiazepine စသော သောက်ဆေးများ သုံးနိုင်သည်၊ ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်သောကြောင့် ဆရာ၀န်ညွှန်ကြားသည့်အတိုင်းသာ သောက်သင့်သည်
    • ဘိုတောက်စ်ထိုးဆေး (Botulinum toxin, Botox injections)
      ဦးခေါင်းနှင့် အသံ တုန်ခါမှုရှိသူများတွင် အသုံးပြုလေ့ရှိသည်။ တုန်ခါမှုဖြစ်ပေါ်သောနေရာရှိ ကြွက်သားထဲသို့ ဆေးထိုးခြင်းဖြင့် ကြွက်သားများ ခဏတာအားပျော့ပြီး တုန်ခါမှုကို သက်သာစေသည်။ တစ်ခါဆေးထိုးလျှင် အချိန်သုံးလခန့် သက်သာနိုင်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးအနေနှင့် ကြွက်သားအားနည်းခြင်း၊ အသံ၀င်ခြင်း၊ အစာမျိုရခက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
  2. လေ့ကျင့်ခန်းပြုလုပ်ခြင်း
    • ကြွက်သားများ သန်မာစေပြီး ထိန်းချုပ်မှုရှိစေရန် လေ့ကျင့်ခန်းဆရာ၀န်များနှင့် တိုင်ပင်၍ လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည်
  3. အာရုံကြောလှုံ့ဆော်ပေးသော ကိရိယာများအသုံးပြုခြင်း
    • လက်ကောက်ဝတ်တွင် ဝတ်ဆင်ရသော ကိရိယာများသည် တုန်ခါခြင်းဖြစ်သော အာရုံကြောနှင့် ကြွက်သားများကို လှုံ့ဆော်ပေးခြင်းဖြင့် တုန်ခါမှုကို သက်သာစေရန် ပြုလုပ်နိုင်သည်
  4. ခွဲစိတ်ကုသခြင်း
    • ဆေးဝါးများနှင့် ကုသ၍ မသက်သာသော လူနာများနှင့် နေ့စဥ်လှုပ်ရှားမှုများကို ဆိုးရွားစွာထိခိုက်သော လူနာများတွင် ခွဲစိတ်မှုများ ပြုလုပ်နိုင်သည်
    • Deep brain stimulation
      အများဆုံးပြုလုပ်သော ခွဲစိတ်မှုဖြစ်သည်။ ဦးနှောက်အတွင်းတွင် လျှပ်စစ်ဓာတ်ထုတ်ပေးသော ကိရိယာ (probe) ကို ထည့်ထားပြီး လက်တုန်ခါစေသော အာရုံကြောအချက်ပြမှုများကို တားဆီးပေးသည်။
    • Focused Ultrasound
      အသံလှိုင်းဖြင့် ကုသသည့် ထိုနည်းလမ်းသည် သိသာထင်ရှားသည့် တိုးတက်မှုတစ်ခုဖြစ်သည်။ ဤနည်းလမ်းသည် ခွဲစိတ်စရာမလိုဘဲ အာရုံကြောအထူးကုဆရာဝန်မှ အသံလှိုင်းများကို အသုံးပြု၍ ဦးနှောက်အတွင်း တုန်ခါမှုဖြစ်စေသည့် အစိတ်အပိုင်းငယ်ကို ဖယ်ရှားခြင်းဖြင့် ကုသသည်။
ကာကွယ်ခြင်း

ဖြစ်ရင်းကြောင်းခံမရှိဘဲ လက်တုန်ခြင်းကို ကာကွယ်၍ ရနိုင်သောနည်းလမ်း ယနေ့အထိ မရှိသေးပါ။

References:

  1. Cleveland Clinic. (2024). Essential tremor. Retrieved September 26, 2025, from https://my.clevelandclinic.org/health/diseases/11886-essential-tremor
  2. Johns Hopkins Medicine. (2021). Essential tremor disorder. Retrieved September 26, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/essential-tremor-disorder
  3. Mayo Clinic. (n.d.). Essential tremor — Diagnosis and treatment. Retrieved September 26, 2025, from https://www.mayoclinic.org/diseases-conditions/essential-tremor/diagnosis-treatment/drc-20350539
  4. Mayo Clinic. (n.d.). Essential tremor — Symptoms and causes. Retrieved September 26, 2025, from https://www.mayoclinic.org/diseases-conditions/essential-tremor/symptoms-causes/syc-20350534

Published: 30 August 2024

Last updated: 18 November 2025

Share

Category

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.