Vomiting (အန်ခြင်း)

Vomiting (အန်ခြင်း)

အန်ခြင်းသည် အစာအိမ်အတွင်းရှိ အရာများကို အစာရေမျိုပြွန်မှတစ်ဆင့် ပါးစပ်ထဲသို့ ပြန်တက်စေကာ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ လူတိုင်းနီးပါး ကြုံတွေ့ဖူးသည့် ရောဂါလက္ခဏာတစ်ခုဖြစ်ပြီး အထူးသဖြင့် အစာအိမ်နှင့်မတည့်သော အစားအစာ သို့မဟုတ် အရည်တစ်ခုခုကို စားသောက်မိသောအခါတွင် အဖြစ်များသည်။

အန်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများစွာရှိပြီး ယေဘူယျအားဖြင့် ၎င်းသည် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမဟုတ်ပါ။ သို့ရာတွင် ဆက်တိုက်နှင့် အကြိမ်ရေများစွာ အန်ခြင်းသည် အရေးပေါ်ကျန်းမာရေးအခြေအနေ သို့မဟုတ် ဆိုးရွားသော နောက်ခံရောဂါတစ်ခုခု၏ လက္ခဏာဖြစ်နိုင်သဖြင့် သတိပြုရန် အရေးကြီးသည်။ အန်ခြင်းကို သက်သာစေရန် အအန်ပျောက်ဆေးများ အသုံးပြု၍ရသော်လည်း မကြာခဏ ဆိုးရွားစွာ အန်နေပါက နောက်ခံအကြောင်းရင်းကို ရှာဖွေ၍ ကုသမှုခံယူရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အန်ခြင်းအများစုသည် ပျို့ခြင်း (တနည်းအားဖြင့် အန်ချင်စိတ်) နှင့်တွဲ၍ ဖြစ်ပေါ်လေ့ရှိသည်။ ကိုယ်ခံအားစနစ်နှင့် ဗဟိုအာရုံကြောစနစ်တွင် ပြောင်းလဲမှုများကြောင့် ပျို့အန်ခြင်း ဖြစ်ပေါ်နိုင်သည်။ ထိုပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းအမျိုးမျိုးရှိပြီး အတွေ့ရများသော အကြောင်းရင်းများမှာ_

  • အစာအိမ်အူလမ်းကြောင်း‌ရောဂါများဖြစ်သည့်
    • အစာအိမ်နှင့် အူသိမ်ဦးပိုင်းအနာများ (Peptic ulcers)
    • အစာအိမ်ရောင်ခြင်း (Gastritis)
    • အစာအိမ်လှုပ်ရှားမှု နှေးခြင်း (Gastroparesis)
    • အစာမကြေခြင်း (Dyspepsia)
  • ကိုယ်ဝန်ရှိနေခြင်း [ကိုယ်ဝန်ဆောင်များတွင်လည်း ပထမ (၁၂) ပတ်တွင် ပို၍အန်ကြသည်]
  • အစာအဆိပ်သင့်ခြင်း
  • ရောဂါပိုးဝင်ခြင်း
  • အလွန်အမင်း နာကျင်ခြင်း
  • အရက်အလွန်အကျွံသောက်ခြင်း သို့မဟုတ် ဆေးခြောက်သုံခြင်း
  • ကင်ဆာရောဂါကုသခြင်း
    [ဥပမာ _ ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)၊ ဓာတ်‌ရောင်ခြည်ဖြင့် ကုသခြင်း (Radiotherapy)]
  • ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraines)
  • ချာချာလည်မူးခြင်း (Vertigo)
  • လှုပ်ရှားမှုကြောင့် ခေါင်းမူးခြင်း – Motion sickness) (ဥပမာ _ ကားမူးခြင်း၊ ရထားမူးခြင်း၊ လှေမူးခြင်း၊ လေယာဉ်မူးခြင်း)
  • အချို့ပြင်းထန်သော အနံ့များ စသည်တို့ကြောင့်ဖြစ်သည်။

စိတ်ဖိစီးမှုများခြင်း၊ အချို့သော အစားအသောက်များ၊ ရာသီလာခြင်း၊ ပြင်းထန်သော ရာသီဥတု အခြေအနေများ၊ ဓာတ်မတည့်ခြင်း၊ အိပ်ရေးမဝခြင်းအစရှိသည့် အခြေအနေများသည် အန်ခြင်းဖြစ်ပေါ်စေရန် လှုံ့ဆော်အားပေးကြသည်။

အများအားဖြင့် အန်ခြင်းသည် အန္တရာယ်မရှိနိုင်သော်လည်း အောက်ဖော်ပြပါ ပြင်းထန်သော စိုးရိမ်ဖွယ် အခြေအနေများကြောင့်လည်း အန်ခြင်း ဖြစ်ပေါ်နိုင်သည်။

  • ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခြင်း
  • ဦးနှောက်‌ရောင်ခြင်း (Meningitis) ၊ ဦးနှောက်အမြှေးရောင်ခြင်း (Encephalitis)
  • အူပိတ်ခြင်း (Intestinal blockage)
  • အူအတက်ရောင်ခြင်း (Appendicitis)
  • ဦးနှောက်အကျိတ်များ (Brain tumors)

ထိုအခြေအနေများတွင် သတိပေးလက္ခဏာများ ပြလေ့မရှိဘဲ ရုတ်တရက် အစာအိမ်ထဲမှ အရာများကို ပါးစပ်တွင်းမှ အကွာအဝေး (၄) ပေခန့်ရောက်နိုင်သည်အထိ အားပြင်းပြင်းဖြင့် ဝေါခနဲထိုးအန်လိုက်ခြင်း (Projectile vomiting) မျိုးဖြစ်နိုင်သည်။

ယှဉ်တွဲလာတတ်သော လက္ခဏာများ
  • ဦးခေါင်းထိခိုက်ဒဏ်ရာ ရထားဖူးလျှင် ဦးခေါင်းတွင်း သွေးယိုခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်နိုင်သည်
  • အစာအိမ်နှင့် အူလမ်းကြောင်းတွင် ပြဿနာဖြစ်ပါက ရင်ပူခြင်း၊ ဝမ်းဗိုက်နာခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးအန်ခြင်းတို့ ဖြစ်နိုင်သည်
  • ဝမ်းဗိုက်အတွင်း ကိုယ်တွင်းအင်္ဂါတစ်ခုခု ရောင်ရမ်းပိုးဝင်ခြင်းဖြစ်ပါက ဆိုးဆိုးရွားရွား အထိမခံနိုင်အောင် ဗိုက်အောင့်ခြင်းတို့ ဖြစ်နိုင်သည်
  • ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်းတို့တွင် အဖျားကြီးပြီး ဇက်တောင့်တင်းနေခြင်း ဖြစ်ပေါ် နိုင်သည်
  • အူပိတ်ခြင်းဖြစ်ပါက အန်ဖတ်တွင်မစင်များပါခြင်း သို့မဟုတ် မစင်နံ့ရခြင်းတို့ ဖြစ်နိုင်သည်
  • အဆက်မပြတ်အန်ပြီး ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်မဖြည့်တင်းနိုင်ပါက ရေဓာတ်ဆုံးရှုံးသည့် လက္ခဏာများ (ရေငတ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ ခံတွင်းခြောက်ခြင်း၊ မျက်တွင်းချိုင့်ခြင်း၊ ဆီးနည်းသွားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း နှင့် ကလေးငယ်များတွင် ငယ်ထိပ်ချိုင့်ခြင်း) တို့ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ

အလွန်အမင်းအန်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲ ပြဿနာများမှာ_

  1. ရေဓာတ်ဆုံးရှုံးခြင်း
  2. အလွန်အမင်းအန်ခြင်းကြောင့် အစာရေမျိုပြွန်ကွဲ၍ သွေးပါခြင်း
  3. ရက်ရှည်အန်သည့်အခါ အာဟာရချို့တဲ့ခြင်းတို့ ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်း ပြသရန်

အန်ခြင်းသည် တစ်ခါတစ်ရံတွင်သာ ဖြစ်ပေါ်ပါက နေအိမ်တွင် သက်သာစေနိုင်သော နည်းလမ်းများဖြင့် ကြိုးစားကြည့်နိုင်သည်။ သို့သော် ပျို့အန်ခြင်းမှာ မသက်သာဘဲ အောက်ဖော်ပြပါ အခြေအနေများတွင် မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ ကုသမှုခံယူရန် လိုအပ်သည်။

  • မရပ်မနား ဆက်တိုက်အန်ခြင်း
  • ရေဓာတ်ခမ်းခြောက်သော လက္ခဏာများ ဖြစ်ပေါ်လာခြင်း
  • ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိပြီးနောက် အန်ခြင်းတို့ ဖြစ်ကြသည်။

ထို့အပြင် သွေးအန်ခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ အလွန်အမင်း ဗိုက်‌အောင့်ဗိုက်နာဖြစ်ခြင်းတို့ ဖြစ်ပေါ်လာပါက အရေးပေါ်အခြေအနေ ဖြစ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွား‌ရောက် ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

အန်ခြင်း အကြောင်းရင်းကို ရှာဖွေရန် ဆရာဝန်မှ လူနာ၏ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ လူနာကို စမ်းသပ်စစ်ဆေးခြင်းကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ အကယ်၍ နောက်ခံရောဂါအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်ပေါ်သည်ဟု သံသယဖြစ်ပါက လိုအပ်လျှင် ဝမ်းစစ်ခြင်း၊ သွေးစစ်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း စသည်တို့ကို ပြုလုပ်လိမ့်မည်။

ကုသခြင်း

ပျို့အန်ခြင်းကို သက်သာစေရန်အတွက် အိမ်တွင် အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်။

  • ရေဓာတ်ဖြည့်ခြင်း
    ရေ သို့မဟုတ် အရည်များကို တစ်ကြိမ်တည်း အများကြီးမသောက်ဘဲ နည်းနည်းချင်းစီ မကြာခဏ သောက်ပေးပါ။
  • အစားအစာစားသုံးခြင်း
    ဆီကြော်စာများ၊ အနံ့ပြင်းသော အစားအစာများနှင့် အစာအမာများကို ရှောင်ပြီး ပျော့ပြောင်းသော အစာများကို နည်းနည်းချင်းစီ ခဏခဏ စားပါ။ အစာစားပြီးနောက် ချက်ချင်းသွားတိုက်ခြင်း သို့မဟုတ် လှဲအိပ်ခြင်းကို ရှောင်ပါ။
  • အနားယူခြင်း
    လေကောင်းလေသန့်ရရှိအောင် လုပ်ပြီး လုံလုံလောက်လောက် အနားယူပါ။

ထိုသို့ပြုလုပ်၍ မသက်သာပါက ဆရာဝန်နှင့် တိုင်ပင်ပြီး အအန်သက်သာစေမည့် ဆေးများ သောက်သုံးသင့်သည်။ ၎င်းဆေးများသည် ဦးနှောက်ရှိ အန်ခြင်းကို ထိန်းချုပ်သည့် အာရုံခံစနစ်ကို တိုက်ရိုက်ထိန်းချုပ်သည်။ အအန်ပျောက်ဆေးများ တွင် Ondansetron, Metoclopramide, Domperidone စသည်တို့ပါဝင်သည်။ အအန်ပျောက်ဆေးများသည် ဆေးညွှန်းမပါဘဲ ဝယ်ယူရရှိနိုင်သော်လည်း၊ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသာ သောက်သုံးသင့်သည်။ ဆေးပမာဏကို လိုအပ်သည်ထက် ပိုမိုမသောက်သင့်ပေ။ ထို့အပြင် ၎င်းဆေးများသည် အိပ်ငိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ပါးစပ်ခြောက်ခြင်းနှင့် ဝမ်းချုပ်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။ တစ်ခါတစ်ရံ ဦးနှောက်အာရုံကြောများကိုတိုက်ရိုက်ထိခိုက်မှုကြောင့် oculogyric crisis ဟုခေါ်သော ပြင်းထန်အကြောဆွဲခြင်းမျိုးဖြစ်တတ်သည်။

အန်ခြင်းကြောင့် ရေဓာတ်များ အလွန်အမင်း ဆုံးရှုံးပြီး ပါးစပ်မှ သောက်၍ မလုံလောက်ပါက ဆေးရုံတွင် သွေးကြောမှတစ်ဆင့် ဆေးရည်များ သွင်းရန် လိုအပ်သည်။ ဆက်တိုက်အန်နေပါက သို့မဟုတ် ရုတ်တရက် အန်ခြင်းများ ဖြစ်ပေါ်ပါက အကြောင်းရင်းကို ဆက်လက်ရှာဖွေ၍ ကုသရန် အရေးကြီးသည်။

ကာကွယ်ခြင်း

ပျို့အန်ခြင်းကို ကာကွယ်ရန်အတွက် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် အထောက်အကူပြုနိုင်သည်။

  • အစာစားခြင်းပုံစံကို ပြောင်းလဲခြင်း
    အစာကြေလွယ်သော အစားအစာများကိုသာ စားသုံးပါ။ ဖြည်းဖြည်းချင်းစားပြီး တစ်ကြိမ်တည်း အလွန်အကျွံ မစားသင့်ပေ။
  • အစာစားပြီးနောက် ကိုယ်ဟန်အနေအထား
    အစာစားပြီးပြီးချင်း လှဲအိပ်ခြင်းမပြုဘဲ မတ်မတ်ထိုင်ခြင်းသည် အစာခြေစနစ်ကို ကူညီပေးသည်။
  • မူးဝေခြင်းကို ကာကွယ်ခြင်း
    ကားမူးတတ်ပါက ခရီးမသွားမီ Dimenhydrinate သို့မဟုတ် Meclizine ကဲ့သို့သော မူးဝေခြင်းသက်သာစေသည့် ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ကြိုတင်သောက်သုံးပါ။ ဗီတာမင် B-6 သည် အာဟာရဖြည့်စွက်စာသာဖြစ်ပြီး အမူးပြေဆေးမဟုတ်သည်ကို သတိပြုပါ။

References:

  1. Mayo Clinic. (n.d.). Nausea and vomiting. Retrieved July 26, 2025, from https://www.mayoclinic.org/symptoms/nausea/basics/definition/sym-20050736
  2. Cleveland Clinic. (2025). Nausea & vomiting: Causes & treatment. Cleveland Clinic. Retrieved July 26, 2025, from https://my.clevelandclinic.org/health/symptoms/8106-nausea–vomiting
  3. Healthline. (2024). Nausea and vomiting: Causes, treatments, and complications. Retrieved July 26, 2025, from https://www.healthline.com/health/nausea-and-vomiting
  4. Medical News Today. (n.d.). Nausea and vomiting: Causes, treatments, and tips. Retrieved July 26, 2025, from https://www.medicalnewstoday.com/articles/269511

Published: 30 August 2024

Last updated: 16 November 2025

Share

Category

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.