ခေတ္တခဏ သတိလစ်ခြင်း (Syncope) ဆိုသည်မှာ ဦးနှောက်သို့ သွေးစီးဆင်းမှု ရုတ်တရက် လျော့နည်းသွားသောကြောင့် ကိုယ်ဟန်အနေအထား ပျက်ယွင်းပြီး ခေတ္တခဏမျှ သတိလစ်သွားခြင်းဖြစ်သည်။ သတိလစ်ပြီးနောက် စက္ကန့်ပိုင်း သို့မဟုတ် မိနစ်ပိုင်းအတွင်း ပြန်လည်သတိရလာသည်။ အများစုမှာ စိုးရိမ်စရာမရှိသော်လည်း အချို့ဖြစ်ရပ်များတွင် ပြင်းထန်သော ရောဂါအခံတစ်ခုခုကြောင့် ဖြစ်နိုင်သည်။ သတိလစ်လဲကျခြင်းကြောင့် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများတွင် စိုးရိမ်စရာမရှိသော အနေအထားမှ အသက်အန္တရာယ်ရှိသော အနေအထားထိ အမျိုးမျိုးဖြစ်နိုင်သည်။
- အဖြစ်အများဆုံးနှင့် အန္တရာယ်မရှိသော ခေတ္တခဏ သတိလစ်ခြင်း (Reflex syncope)
- Vasovagal syncope (or) neurocardiogenic syncope
သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် ခန္ဓာကိုယ်ရှိ အချို့အစိတ်အပိုင်းများတွင် သွေးပမာဏ ရုတ်တရက် ပြောင်းလဲသောကြောင့် ဦးနှောက်သို့သွားသော သွေးစီးဆင်းမှုနည်းပြီး ခေတ္တခဏ သတိလစ်ခြင်း ဖြစ်ပေါ်လာသည်။ အောက်ဖော်ပြပါ အခြေအနေတစ်ခုခုတွင် သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းများ ရုတ်တရက် ကျဆင်းသောကြောင့် အာရုံကြောစနစ်မှ တုံ့ပြန်သည့်အနေဖြင့် ခေတ္တခဏသတိလစ်ခြင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။- အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်း
- အပူဒဏ် ပြင်းထန်စွာ ခံစားရခြင်း
- သွေး မြင်တွေ့ခြင်း
- ကြောက်လန့်ခြင်း
- နာကျင်ခြင်း
- ရုတ်တရက် မမျှော်လင့်ထားသော ထိခိုက်ဒဏ်ရာရခြင်း အစရှိသည့် အခြေအနေများတွင် သတိလစ်ခြင်း ဖြစ်ပေါ်တတ်သည်။
- Situational syncope (အထက်တွင် ဖော်ပြထားသော vasovagal syncope အမျိုးအစား တစ်မျိုးဖြစ်သည်)
- ချောင်းဆိုးနှာချေခြင်း
- လေ့ကျင့်ခန်းပြုလုပ်ခြင်း
- ဆီးသွားခြင်း (အမျိုးသားများတွင် မတ်တတ်ရပ် ဆီးသွားပြီးနောက် ဖြစ်တတ်သည်)
- ဝမ်းသွားစဥ် ညှစ်ခြင်း အစရှိသောအခြေအနေတစ်ခုခုတွင် သတိလစ်သွားနိုင်သည်။
- Carotid sinus syncope
လည်ပင်းကို ဖိမိသောအခြေအနေ (ဥပမာ _ ကော်လာအကြပ်ဝတ်ခြင်း၊ လည်ပင်းလှုပ်ရှားမှု) တို့ကြောင့် လည်ပင်းရှိ သွေးလွှတ်ကြောကို ဖိမိပြီး ဦးနှောက်သို့သွားသော သွေးစီးဆင်းမှု နည်းသွားသဖြင့် အာရုံကြောတုံ့ပြန်မှုအနေဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အသက်ကြီးသူများတွင် ဖြစ်လေ့ရှိသည်။
- Vasovagal syncope (or) neurocardiogenic syncope
- ကိုယ်ခန္ဓာအနေအထား ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော ခေတ္တခဏ သတိလစ်ခြင်း (postural syncope)
လျင်မြန်သော ကိုယ်ခန္ဓာအနေအထား ပြောင်းလဲမှု (လဲလျောင်းနေရာမှ မတ်တတ်ထရပ်ခြင်း) ကြောင့် သွေးပေါင်ချိန် ရုတ်တရက်ကျသောအခါ ခေတ္တခဏ သတိလစ်နိုင်သည်။ အထိုင်အထ ကိုယ်ခန္ဓာအနေအထားပြောင်းလဲမှုကြောင့် သွေးပေါင်ချိန်ကျခြင်း (Postural hypotension) ဆိုသည်မှာ မတ်တတ်ရပ်သောအခါ အပေါ်သွေး အနည်းဆုံး 20 mmHg နှင့် အောက်သွေး အနည်းဆုံး 10 mmHg ကျခြင်းဖြစ်သည်။ အချို့သောဆေးများနှင့် ရေဓာတ်ခန်းခြောက်ခြင်းကြောင့်လည်း ဖြစ်ပေါ်တတ်သည်။ - နှလုံးကြောင့်ဖြစ်သော ခေတ္တခဏ သတိလစ်ခြင်း (Cardiac syncope)
ဦးနှောက်သို့သွားသည့် သွေးစီးဆင်းမှုကို ထိခိုက်စေနိုင်သည့် အောက်ဖော်ပြပါ နှလုံးနှင့် သွေးကြောရောဂါများတွင် ဖြစ်ပေါ်လာနိုင်သည်။- နှလုံးခုန် စည်းချက်မမှန်ခြင်း (Arrhythmia)
- နှလုံးကြွက်သားများ ထူလာခြင်းကြောင့် နှလုံးတွင်း သွေးစီးဆင်းမှု ပိတ်ဆို့ခြင်း (Hypertrophic obstructive cardiomyopathy – HOCM)
- နှလုံးသွေးကြော ကျဥ်းခြင်း သို့မဟုတ် ပိတ်ခြင်း (Myocardial ischemia or infarct)
- နှလုံးအဆို့ရှင်ကျဥ်းခြင်း (Aortic stenosis)
- နှလုံးလုပ်ငန်း ပျက်စီးခြင်း (Heart failure)
- နှလုံးသွေးကြောမကြီး ပေါက်ပြဲခြင်း (Aortic dissection)
- ဦးနှောက်အာရုံကြောကြောင့် ဖြစ်သော ခေတ္တခဏသတိလစ်ခြင်း (Neurologic Syncope)
အောက်ဖော်ပြပါ ဦးနှောက်အာရုံကြော အခြေအနေများတွင် ဖြစ်ပေါ်နိုင်သည်။- တက်ခြင်း (Seizure)
- လေဖြတ်ခြင်း (Stroke)
- အသေးစားလေဖြတ်ခြင်း (Transient ischemic attack)
- အနေအထားပြောင်းလဲမှုကြောင့် နှလုံးခုန်အလွန်မြန်ပြီး ဖြစ်ပွါးသော ခေတ္တခဏ သတိလစ်ခြင်း (Postural orthostatic tachycardia syndrome)
ထိုင်ပြီး သို့မဟုတ် လဲလျောင်းပြီးနောက် မတ်တတ်ရပ်သောအခါ နှလုံးခုန်အလွန်မြန်ခြင်း [တစ်မိနစ်လျှင် ပုံမှန်ထက် နှလုံးခုန်နှုန်း (၃၀) ကျော် မြန်လာခြင်း] ကြောင့် ဖြစ်ပေါ်လာသည်။ အမျိုးသမီးများတွင် အတွေ့များသည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
အဓိကလက္ခဏာမှာ သတိလစ်ခြင်းဖြစ်သည်။ သတိမလစ်မီ ခံစားရသော လက္ခဏာများမှာ_
- ခေါင်းမူးခြင်း
- ခြေဖျား၊ လက်ဖျား အေးခြင်း
- ချွေးထွက်ခြင်း
- အကြောင်းရင်းမရှိ လဲကျခြင်း
- ရင်တုန်ခြင်း
- ပျို့ခြင်း
- ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
- အမြင်အာရုံ ဝါးခြင်း၊ အစက်အပျောက်များ မြင်ခြင်း
- အကြောင်းပြချက်မရှိဘဲ သန်းခြင်းတို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်း ပြသခြင်း
ခေတ္တခဏ သတိလစ်ခြင်းအများစုမှာ စိုးရိမ်စရာ မရှိသော်လည်း တစ်ခါတစ်ရံ အသက်အန္တရာယ်ရှိနိုင်သည်အထိ ပြင်းထန်သော အကြောင်းရင်းများ ဖြစ်နိုင်သောကြောင့် အထက်ဖော်ပြပါလက္ခဏာများ ဖြစ်ပေါ်ခဲ့လျှင် မိမိ၏ မိသားစုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်လျှင် စစ်ဆေးမှုများ ပြုလုပ်၍ ရောဂါရှာဖွေပြီး ကုသမှုခံယူရန် အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
ခေတ္တခဏ သတိလစ်ခြင်းကို ရှာဖွေရာတွင် ရောဂါရာဇဝင်ကို အသေးစိတ် မေးမြန်းခြင်းနှင့်အတူ အောက်ပါ စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ရန် လိုအပ်သည်။
- အထွေထွေစစ်ဆေးခြင်း
သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းကို ထိုင်ခြင်း၊ အိပ်ခြင်း၊ မတ်တတ်ရပ်ခြင်း စသည့် ကိုယ်ဟန်အနေအထားအမျိုးမျိုးတွင် တိုင်းတာစစ်ဆေးသည်။ - သွေးစစ်ဆေးခြင်း
သွေးအားနည်းခြင်း သို့မဟုတ် အခြားသော ဇီဝဓာတုဆိုင်ရာ ပြဿနာများ ရှိမရှိ စစ်ဆေးသည်။ - အီးစီဂျီ (ECG)
နှလုံးခုန်စည်းချက် ပုံမှန်ဟုတ်၊ မဟုတ်နှင့် နှလုံးသွေးကြောကျဉ်းလက္ခဏာများ စစ်ဆေးသည်။ - အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက် (Echocardiogram)
နှလုံး၏ဖွဲ့စည်းပုံ၊ နှလုံးအဆို့ရှင်များနှင့် လုပ်ငန်းဆောင်တာများကို ပုံရိပ်ဖော်စစ်ဆေးသည်။ - လေ့ကျင့်ခန်းလုပ်နေစဉ် အီးစီဂျီစစ်ဆေးခြင်း (Exercise stress test)
လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း နှလုံးခုန်နှုန်းကို စောင့်ကြည့်ပြီး နှလုံးသွေးကြောဆိုင်ရာ ပြဿနာများရှိမရှိ စစ်ဆေးသည်။ - နှလုံးခုန်စည်းချက်ကို မှတ်တမ်းယူ၍ စစ်ဆေးခြင်း (Holter monitor)
သယ်ဆောင်ရလွယ်သော အီးစီဂျီစက်ကို ခန္ဓာကိုယ်တွင် တစ်ရက်မှ ခုနစ်ရက်အထိ တပ်ဆင်ထားပြီး ပုံမှန်မဟုတ်သော နှလုံးခုန်စည်းချက်များကို မှတ်တမ်းယူစစ်ဆေးသည်။ - လှဲအိပ်နေရာမှ မတ်တတ်ရပ်သည့် အနေအထားသို့ ပြောင်းလဲစစ်ဆေးခြင်း (Tilt table test)
လူနာကို စက်ပေါ်တွင် ပက်လက်အိပ်စေပြီး သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းကို တိုင်းတာသည်။ ထို့နောက် စက်ကို မတ်တတ်အနေအထားသို့ ရောက်အောင် ပြောင်းလဲပြီး ထိုအချိန်တွင် ဖြစ်ပေါ်လာသော သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် နှလုံးစည်းချက်တို့ကို အချိန်နှင့်အမျှ မှတ်တမ်းတင်စစ်ဆေးသည်။

- ဦးနှောက်အာရုံကြောဆိုင်ရာ စစ်ဆေးခြင်း
လိုအပ်ပါက ဦးနှောက်ဖွဲ့စည်းပုံကို စစ်ဆေးရန် ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် ဦးနှောက်လှိုင်းများကို မှတ်တမ်းယူရန် အီးအီးဂျီ (EEG) စစ်ဆေးမှုများ ပြုလုပ်သည်။
ကုသခြင်း
ခေတ္တခဏ သတိလစ်ခြင်းကို ကုသရာတွင် နောက်တစ်ကြိမ် ထပ်မံမဖြစ်စေရန် ရည်ရွယ်ပြီး ဖြစ်ပေါ်စေသည့် အကြောင်းရင်းပေါ် မူတည်၍ ကုသမှုပေးသည်။
ဆေးဝါးဖြင့်ကုသခြင်းနှင့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
- ဆေးဝါးများ – Midodrine နှင့် Fludrocortisone ကဲ့သို့သော ဆေးဝါးများကို သွေးပေါင်ချိန် ထိန်းညှိရန် အသုံးပြုနိုင်သည်
- အစားအသောက် – အစာကို တစ်ခါတည်း အများကြီးမစားဘဲ နည်းနည်းနှင့် မကြာခဏ စားသုံးသင့်သည်။ အငန်ဓာတ်ကိုလည်း အနည်းငယ် ပို၍စားသုံးနိုင်သည်
- ရေဓာတ်ဖြည့်တင်းခြင်း – ရေကို များများသောက်ခြင်းဖြင့် ရေဓာတ်ပြည့်ဝနေစေရန် ပြုလုပ်ပါ
- ရှောင်ရန်အချက်များ – ကော်ဖီနှင့် အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ
- ကိုယ်ဟန်အနေအထား – မတ်တတ်ရပ်လျှင် သတိထားပြီး ရပ်သင့်ပြီး၊ အိပ်သည့်အခါ ဦးခေါင်းကို အနည်းငယ် မြှင့်ထားသင့်သည်
- ပိုဆိုးစေသောအခြေအနေများကို ရှောင်ရှားခြင်း – ယခင် သတိလစ်ခြင်းကို ဖြစ်စေခဲ့သော အခြေအနေများ (ဥပမာ _ မတ်တတ်ကြာကြာရပ်ခြင်း၊ နေပူဒဏ်ပြင်းထန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း) ကို ရှောင်ရှားပါ
အရင်းခံရောဂါများကို ကုသခြင်း
ခေတ္တခဏ သတိလစ်ခြင်းကို ဖြစ်စေသော အရင်းခံရောဂါကို ကုသရန် လိုအပ်သည်။
- နှလုံးရောဂါများ – နှလုံးခုန်နှုန်း မြန်ခြင်း၊ နှေးခြင်းကဲ့သို့သော နှလုံးရောဂါများကြောင့် သတိလစ်ပါက နှလုံးအထူးကုဆရာဝန်များနှင့် တိုင်ပင်၍ ကုသမှုခံယူရမည်၊ လိုအပ်ပါက စက်တပ်ဆင်ခြင်း (Pacemaker, ICD) ကဲ့သို့သော ကုသမှုများကို ပြုလုပ်နိုင်သည်
- ဦးနှောက်နှင့် အာရုံကြောရောဂါများ – ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများကြောင့် ဖြစ်ပေါ်ပါက ထိရောက်သော ကုသမှုများ ခံယူရမည်
ကာကွယ်ခြင်း
ခေတ္တခဏ သတိလစ်ခြင်းကို ဖြစ်နိုင်ခြေ လျှော့ချနိုင်သောနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဖြစ်စေသောအကြောင်းရင်းများကို ရှောင်ပါ
ယခင် သတိလစ်ခြင်း ဖြစ်စေခဲ့သော အခြေအနေများ (ဥပမာ _ အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်း၊ နေပူဒဏ်ခံရခြင်း၊ စိတ်ဖိစီးမှုများခြင်း) ကို မှတ်သားပြီး ရှောင်ကြဉ်ပါ။ - ရေဓာတ်ပြည့်ဝအောင် နေထိုငထိုင်ပါ
ရေကို များများသောက်သုံးခြင်းဖြင့် ရေဓာတ်ပြည့်ဝနေစေရန် အထူးဂရုစိုက်ပါ။ - သက်ဆိုင်ရာရောဂါများကို စနစ်တကျ ကုသပါ
သက်ဆိုင်ရာ ရောဂါများ (ဥပမာ _ နှလုံးရောဂါ၊ အာရုံကြောရောဂါ) အတွက် ထိရောက်သော ကုသမှုများ ခံယူခြင်းဖြင့် နောက်ထပ် သတိလစ်ခြင်း ထပ်မဖြစ်အောင် ကာကွယ်နိုင်သည်။
References:
- Johns Hopkins Medicine. (n.d.). Syncope (fainting). Retrieved July 26, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/syncope-fainting
- Cleveland Clinic. (n.d.). Syncope (fainting): Types, symptoms & causes. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/17536-syncope
- Aurora Health Care. (n.d.). Syncope (fainting). Retrieved July 26, 2025, from https://www.aurorahealthcare.org/services/heart-vascular/conditions/syncope
- WebMD. (n.d.). Understanding fainting — Diagnosis and treatment. Retrieved July 26, 2025, from https://www.webmd.com/brain/understanding-fainting-treatment
- Mayo Clinic. (n.d.). Vasovagal syncope — Symptoms and causes. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/vasovagal-syncope/symptoms-causes/syc-20350527
Published: 30 August 2024
Last updated: 16 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.