Cyanosis (ပြာနှမ်းခြင်း)

Cyanosis (ပြာနှမ်းခြင်း)

ပြာနှမ်းခြင်းဆိုသည်မှာ သွေးထဲတွင် အောက်ဆီဂျင် မရရှိသောကြောင့် အရေပြား၊ နှုတ်ခမ်း၊ လျှာ၊ လက်သည်းခွံများတွင် အပြာရောင်သမ်းလာခြင်းကို ဆိုလိုသည်။ ထိုအခြေအနေကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများစွာရှိသည်။ ပြာနှမ်းခြင်းသည် အရေးကြီးသော ကျန်းမာရေးပြဿနာ ဖြစ်သောကြောင့် ဖြစ်ပေါ် လာပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက်ရန် လိုအပ်သည်။ ရှေးဦးစွာ အောက်ဆီဂျင်ပေးခြင်းနှင့် ဖြစ်ပေါ်စေသောအကြောင်းရင်းကို ကုသခြင်းတို့ လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သွေးနီဥများသည် အောက်ဆီဂျင် ပြည့်ဝနေပါက နီမြန်းသော အရောင်ရှိသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင် သွေးလည်ပတ်မှု ပုံမှန်ရှိပြီး အဆုတ်တွင်း အောက်ဆီဂျင် ဖလှယ်မှု ကောင်းမွန်နေလျှင် အရေပြားသည် ပန်းရောင် သို့မဟုတ် နီမြန်းသော အရောင်ရှိနေမည်။ သွေးထဲတွင် အောက်ဆီဂျင် မလုံလောက်သည့်အခါ အရေပြားအရောင်မှာ အပြာရောင် သို့မဟုတ် ခရမ်းရောင်ရင့်သို့ ပြောင်းလဲသွားပြီး ပြာနှမ်းခြင်းကို ဖြစ်ပေါ်စေသည်။ ဤအခြေအနေသည် အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်ပွားနိုင်သည်။

အောက်ပါအခြေအနေများကြောင့် ပြာနှမ်းခြင်း ဖြစ်ပေါ်နိုင်သည်။

  1. လုံလောက်သော အောက်ဆီဂျင်မရရှိနိုင်သည့် အခြေအနေများ
    • ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်မားသောနေရာသို့ ရောက်ရှိနေခြင်း
    • လေပြွန်တွင် အရာတစ်ခုခုကြောင့် လေအဝင်အထွက် ပိတ်ဆို့ခြင်း
    • လေပြွန်တစ်ဝိုက်တွင် ရောင်ရမ်းခြင်း
    • အဆုတ်နှင့် လေပြွန်ငယ်များတစ်လျှောက် ရောဂါပိုးဝင်ခြင်း
    • အဆုတ်ထဲ သွေးခဲပိတ်ဆို့ခြင်း
    • ပန်းနာရင်ကျပ်ရောဂါ ဆိုးဝါးစွာ ခံစားနေရခြင်း
    • နာတာရှည် လေပြွန်ကျဉ်း၍ အဆုတ်ပွသောရောဂါ ဖြစ်ခြင်း
    • အဆုတ်သွေးကြောအတွင်း သွေးဖိအားတက်ခြင်း
  2. အောက်ဆီဂျင် လုံလောက်သော်လည်း နှလုံးကောင်းစွာ မညှစ်နိုင်ခြင်းနှင့် သွေးလည်ပတ်မှု မကောင်းခြင်း အခြေအနေများ
    • မွေးရာပါ နှလုံးရောဂါများ (Congenital heart disease)
    • နှလုံးညှစ်အားနည်းခြင်းရောဂါ
    • ရုတ်တရက် နှလုံးရပ်ခြင်း
  3. အခြားသော ပြာနှမ်းစေတတ်သည့် အခြေအနေများ
    • ခြေလက်တို့ကို တင်းကျပ်စွာ စည်းနှောင်ထားခြင်းကြောင့် သွေးလည်ပတ်မှုနည်းခြင်း
    • အလွန်အေးသော အပူချိန်နှင့် ထိတွေ့ခြင်း
    • တက်ခြင်း
    • အချို့ သွေးပေါင်ကျဆေးများ
    • မူးယစ်ဆေး အလွန်အကျွံ သောက်သုံးခြင်း
    • အဆိပ်သင့်ခြင်း
    • သွေးကြောကျဉ်းစေသော ရောဂါများရှိခြင်းတို့ကြောင့် ပြာနှမ်းခြင်း ဖြစ်ပွါးရသည်။
ပြာနှမ်းခြင်းအမျိုးအစားများ

ပြာနှမ်းခြင်းကို ဖြစ်ပေါ်ရသည့် အကြောင်းအရင်းနှင့် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင် ဖြစ်ပေါ်သည်ကို မူတည်၍ အဓိကအားဖြင့် အမျိုးအစားသုံးမျိုး ခွဲခြားနိုင်သည်။

  1. ပါးစပ် အနားတစ်ဝိုက် ပတ်လည် ပြာနှမ်းခြင်း (Perioral cyanosis)
    အလွန်အေးသော ပတ်ဝန်းကျင်အပူချိန်နှင့် ထိတွေ့သောအခါ ပါးစပ်နှင့် နှုတ်ခမ်းသားအတွင်းရှိ သွေးကြောများကျုံ့ကာ သွေးနှင့် အောက်ဆီဂျင်များ မရောက်ရှိနိုင်သောကြောင့် ပြာနှမ်းခြင်းကို ဖြစ်စေသည်။ ပုံမှန်ကျန်းမာသောသူများနှင့် မွေးကင်းစကလေးငယ်များတွင်လည်း ဖြစ်ပေါ်နိုင်သည်။
  2. ခြေဖျား၊ လက်ဖျားများ ပြာနှမ်းခြင်း (Peripheral cyanosis)
    ဤအခြေအနေတွင် နှလုံးမှထွက်လာသော သွေးများသည် ပုံမှန်ဖြစ်နေသော်လည်း ခြေလက်များ၏ ရောဂါအခြေအနေတစ်ခုခုကြောင့် ခြေဖျား၊ လက်ဖျားများ ပြာခြင်းဖြစ်သည်။ အအေးပိုင်းနိုင်ငံများတွင် ဖြစ်တတ်သော နှင်းကိုက်ခြင်း (Frostbite)၊ ခြေ၊ လက် သွေးကြောရောဂါများ စသည်တို့ကြောင့်ဖြစ်သည်။ အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်မရှိသော်လည်း သွေးလည်ပတ်မှု ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပါက ခြေဖျား၊ လက်ဖျားများ ပုပ်သည်အထိ ဖြစ်သွားနိုင်သည်။
    Cyanosis IMG1
  3. ခန္ဓာကိုယ် အစိတ်အပိုင်းအများစု ပြာနှမ်းခြင်း (Central cyanosis)
    ဤအခြေအနေတွင် သွေးများသည် နှလုံးမှထွက်လာကတည်းက အောက်ဆီဂျင် ကောင်းစွာမပါဘဲ ပြာနှမ်းနေသည်။ ပါးစပ်၊ နှုတ်ခမ်း၊ ခြေဖျား၊ လက်ဖျားတို့အပြင် ရင်ဘတ်၊ ပါး၊ သွားဖုံး၊ လျှာများပါ ပြာနှမ်းခြင်းဖြစ်သည်။ ၎င်းအခြေအနေသည် ပြင်းထန်သော နှလုံး၊ အဆုတ်၊ သွေးနီဥ၊ သွေးကြောရောဂါ ပြဿနာများကြောင့် ဖြစ်ရသည်။ ဆေးရုံ၊ ဆေးခန်း အမြန်ဆုံးသွားရောက်ရန် လိုအပ်သော အခြေအနေဖြစ်သည်။
    Cyanosis IMG2
ယှဉ်တွဲလာတတ်သောလက္ခဏာများ

အဓိကရောဂါလက္ခဏာမှာ အရေပြားတွင် ပြာနှမ်းခြင်းဖြစ်သည်။ အသားအရောင်ညို၍ အမည်းရောင်ဘက်သမ်းသောသူများတွင်မူ ပြာနှမ်းသောအရောင်အနေနှင့် မတွေ့ရဘဲ ခဲရောင် သို့မဟုတ် အဖြူရောင်အနေဖြင့် တွေ့နိုင်သည်။ ပြာနှမ်းခြင်းနှင့် တွဲဖက်၍ အောက်ပါလက္ခဏာများကို တွေ့နိုင်သည်။

  • ကိုယ်တွင်းအပူချိန် ကျဆင်းခြင်း
  • လက်များ၊ ခြေထောက်များ ထုံကျဥ်ခြင်း
  • ချောင်းဆိုးခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • မူးဝေခြင်း
  • မောပန်းလွယ်ခြင်း
  • အားအင်ကုန်ခန်းခြင်းများ ခံစားရနိုင်သည်။
Cyanosis IMG3
နောက်ဆက်တွဲပြဿနာများ
  • ခန္ဓာကိုယ် အစိတ်အပိုင်းအများစု ပြာနှမ်းသောအုပ်စုတွင် အရေးကြီးအင်္ဂါများ အောက်ဆီဂျင် ကောင်းစွာမရသဖြင့် လုပ်ငန်းများကို ထိခိုက်စေပြီး အသက်အန္တရာယ်ရှိနိုင်သည်
  • ခြေဖျား၊ လက်ဖျားများ ပြာနှမ်းသောအုပ်စုတွင် အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်မရှိသော်လည်း သွေးလည်ပတ်မှု ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပါက ခြေဖျား၊ လက်ဖျားများ ပုပ်သည်အထိ ဖြစ်သွားနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

ပြာနှမ်းခြင်းသည် အရေးပေါ်အခြေအနေ ဖြစ်နိုင်သောကြောင့် အခြေအနေပေါ် မူတည်၍ ဆေးကုသမှု ခံယူရန် လိုအပ်သည်။

  • အရေးပေါ်အခြေအနေ
    နှုတ်ခမ်းနှင့် မျက်နှာတွင် ရုတ်တရက် ပြာနှမ်းလာပြီး အသက်ရှူရခက်ခဲကာ လူနာ မောပန်းနေပါက ချက်ချင်းဆိုသလို နီးစပ်ရာ ဆေးရုံသို့ သွားရောက်ရမည်။ အကယ်၍ အောက်ဆီဂျင်အိုး သို့မဟုတ် အောက်ဆီဂျင်စက် ရှိနေပါက လူနာကို ဦးစွာ အောက်ဆီဂျင် ပေးထားသင့်သည်။
  • ခြေလက်အဖျားများတွင်သာ ပြာနှမ်းခြင်း သို့မဟုတ် နှုတ်ခမ်းနှင့် မျက်နှာတွင် ပြာနှမ်းသော်လည်း အလွန်အမင်း မောပန်းခြင်းမရှိလျှင် မိသားစုဆရာဝန်ထံ အမြန်ဆုံးပြသရန် လိုအပ်သည်
  • ဆရာဝန်က လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ (ဥပမာ _ ဓာတ်ခွဲစစ်ဆေးခြင်း) ပြုလုပ်ပြီး ရောဂါရှာဖွေ ကုသပေးမည်၊ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များထံ လွှဲပြောင်းပေးခြင်း သို့မဟုတ် တိုင်ပင်ကုသခြင်းများ ပြုလုပ်လိမ့်မည်။
ရောဂါရှာဖွေခြင်း

ပြာနှမ်းခြင်းသည် အရေးကြီးသည့် လက္ခဏာဖြစ်သောကြောင့် ဆရာဝန်များသည် ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းများကို အလျင်အမြန် ပြုလုပ်လေ့ရှိသည်။ ပြာနှမ်းခြင်းကို ဖြစ်စေသည့် အကြောင်းရင်းကို ရှာဖွေနိုင်ရန် အောက်ပါစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

  • လက်ချောင်းထိပ် အောက်ဆီဂျင်တိုင်းစက် (Pulse oximeter) ဖြင့် သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာခြင်း
  • သွေးဖောက်၍ သွေးတွင်းအောက်ဆီဂျင်ကို တိုင်းတာခြင်း (Arterial Blood Gas Analysis)
  • ရင်ဘတ်ဓာတ်မှန် (CXR)၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
  • သွေးစစ်ခြင်း
  • နှလုံးစစ်ဆေးခြင်း
    အီးစီဂျီ (ECG) ဆွဲခြင်း၊ အသံလှိုင်းသုံး နှလုံးပုံရိပ်​ဖော်စက် (Echocardiogram) ရိုက်ခြင်း
  • အဆုတ်၏ လုပ်ငန်းဆောင်တာများကို စစ်ဆေးခြင်း
ကုသခြင်း

ပြာနှမ်းခြင်းကို ကုသရာတွင် အဓိကအားဖြင့် အောက်ဆီဂျင်ဖြည့်စွက်ပေးခြင်းနှင့် မူလအကြောင်းရင်းကို ရှာဖွေကုသခြင်းတို့ လိုအပ်သည်။

  1. အောက်ဆီဂျင်ပေးခြင်း
    ပြာနှမ်းနေသည့် အရေးပေါ်လူနာကို အောက်ဆီဂျင် ဆောလျင်စွာ ဖြည့်စွက်ပေးရန် အရေးကြီးသည်။ မည်မျှပမာဏပေးရမည်ကို ဆရာဝန် သို့မဟုတ် သူနာပြု၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရမည်။
  2. ဖြစ်ပေါ်စေသော အကြောင်းရင်းကို ကုသခြင်း
    • အအေးဒဏ်ကြောင့် ဖြစ်ပါက ခြေဖျား၊ လက်ဖျားများကို နွေးထွေးအောင် ပြုလုပ်ပေးရမည်
    • အဆုတ်ပိုးဝင်ခြင်းကြောင့် ဖြစ်ပါက- ပဋိဇီဝပိုးသတ်ဆေးများ ပေးရမည်
      • ပန်းနာရင်ကျပ် သို့မဟုတ် နာတာရှည်အဆုတ်ရောဂါများကြောင့် ဖြစ်ပါက လေပြွန်ကျယ်စေသော ရှူဆေးများ ပေးရမည်
    • မွေးရာပါ နှလုံးအဆို့ရှင်ချို့ယွင်းမှုကြောင့် ဖြစ်ပါက _ ခွဲစိတ်ကုသမှုများ ပြုလုပ်ရနိုင်သည်
ကာကွယ်ခြင်း

ပြာနှမ်းခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းအားလုံးကို ကာကွယ်နိုင်ခြင်းမရှိသော်လည်း အချို့အခြေအနေများကို ကြိုတင်ကာကွယ်နိုင်သည်။

  1. အလွန်အေးသော အပူချိန်ကို ရှောင်ပါ
  2. အေးသောပတ်ဝန်းကျင်ကြောင့် ခြေလက်အဖျားပိုင်း ပြာနှမ်းခြင်းမှ ကာကွယ်ရန် နွေးနွေးထွေးထွေးနေထိုင်ပါ။
  3. သွေးကြောကျဉ်းစေသော ဆေးဝါးများကို သတိပြုပါ
  4. ခြေလက်ရှိ သွေးကြောများကို ကျဉ်းစေနိုင်သော ဆေးဝါးများကို သတိပြု၍ ရှောင်ကြဉ်ပါ။
  5. နာတာရှည်ရောဂါများကို စနစ်တကျ ကုသပါ
  6. ပြာနှမ်းခြင်းကို ဖြစ်စေနိုင်သော နာတာရှည်ရောဂါများအတွက် သောက်သုံးရမည့် ဆေးဝါးများကို မှန်မှန်ကန်ကန် သောက်သုံးရန် အရေးကြီးသည်။

ဆက်လက်ဖတ်ရှုရန်

References:

  1. Cleveland Clinic. (n.d.). Cyanosis. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/24297-cyanosis
  2. Medscape. (n.d.). Cyanosis and the clinical assessment of hypoxemia. Retrieved July 26, 2025, from https://emedicine.medscape.com/article/303533-overview?form=fpf

Published: 30 August 2024

Last updated: 16 November 2025

Share

Category

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.