Hiccough (ကြို့ထိုးခြင်း)

Hiccough (ကြို့ထိုးခြင်း)

ကြို့ထိုးခြင်းသည် စိတ်အနှောင့်အယှက်ဖြစ်စရာ ပြဿနာတစ်ခုဖြစ်သည်။ အစာလျင်မြန်စွာ စားခြင်း သို့မဟုတ် ရေသောက်ခြင်း၊ ဂတ်စ်ပါသောအရည်များ သောက်ခြင်းစသည်တို့ကြောင့် ရုတ်တရက်ကြို့ထိုးနိုင်သည်။ ကြို့ထိုးခြင်းသည် များသောအားဖြင့် ကုသမှုမလိုဘဲ သူ့အလိုလို ပျောက်သွားတတ်သည်။ သို့သော် အချို့သော ရောဂါအခြေအနေများ၊ ဆေးဝါးများနှင့် ခွဲစိတ်ကုသမှုများသည် ကြာရှည်စွာ ကြို့ထိုးခြင်းကို ဖြစ်စေနိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ကြို့ထိုးခြင်းကို ဖြစ်စေသော အကြောင်းရင်းခံကို စနစ်တကျ ရှာဖွေကုသရန် လိုအပ်သည်။

Hiccough IMG1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကြို့ထိုးခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ ရင်ဝမ်းခေါင်းခြား ကြွက်သား (Diaphragm) ကို ထိန်းချုပ်သော အာရုံကြောများ လှုံ့ဆော်ခံရမှုကြောင့် ၎င်းကြွက်သား ဆက်တိုက်လှုပ်ရှားသောအခါ ပါးစပ်မှ “ဟစ်” “ဟစ်” ဖြင့် အသံမြည်ခြင်း ဖြစ်သည်။

  • ခဏတာ ကြို့ထိုးခြင်း
  • ကာလရှည် ကြို့ထိုးခြင်း ဟူ၍ (၂) မျိုး ပိုင်းခြားထားသည်။
ခဏတာ ကြို့ထိုးခြင်း (Transient Hiccough)
  • အစာကို လျင်မြန်စွာစားခြင်း သို့မဟုတ် အစာကို အများအပြား ပြည့်အင့်အောင် စားခြင်း
  • အလွန်အေးသော၊ ပူသော၊ စပ်သော အစားအစာများ စားခြင်း
  • လေများ မျိုချခြင်း (Aerophagia)
  • ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးခြောက်များ သုံးစွဲခြင်း
  • ဂတ်စ်ပါသော ဖျော်ရည်များ သောက်ခြင်း
  • အရက်ပါဝင်သော အဖျော်ယမကာများ သောက်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။
ကာလရှည် ကြို့ထိုးခြင်း (Persistent Hiccough)
  • အစာအိမ်အူလမ်းကြောင်းရောဂါများ
  • ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ (ဥပမာ _ လေဖြတ်ခြင်း – Stroke၊ ပါကင်ဆန်ရောဂါ – Parkinson’s disease)
  • အဆုတ်ရောဂါများ [နမိုးနီးယား (Pneumonia) – အဆုတ်ရောင်ရောဂါ၊ အဆုတ်အမြှေးရောင်ခြင်း]
  • အလုံးအကျိတ် ကင်ဆာရောဂါများ
  • ခန္ဓာကိုယ် အာရုံကြောအချက်ပြမှုများကို အနှောင့်အယှက်ပေးသော ရောဂါများ (ဥပမာ _ ကျောက်ကပ်အားနည်းသောကြောင့် ယူရီးယားဓာတ် များခြင်း၊ ကယ်လ်စီယမ်ဓာတ် နည်းခြင်း)
  • အာရုံကြောကို သက်ရောက်စေသော ဗိုင်းရပ်စ်ရောဂါများ (ရာသီတုပ်ကွေးရောဂါ၊ ရေယုန်ရောဂါ) စသည်တို့ကြောင့် ဖြစ်နိုင်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ

ကြို့ထိုးသည့်အခါတွင် ပါးစပ်မှ တဟစ်ဟစ်ဖြင့် အသံမြည်ခြင်းသာရှိသည်။ ကြို့ထိုးခြင်းကို ဖြစ်စေသောအကြောင်းရင်း၏ လက္ခဏာများကိုလည်း တွဲ၍တွေ့နိုင်သည်။

နောက်ဆက်တွဲပြဿနာများ

ဆိုးရွားကြာရှည်သော ကြို့ထိုးခြင်းများကြောင့်

  • အသက်ရှူရခက်ခဲခြင်း
  • အစာမျိုရခက်ခဲခြင်း
  • စကားပြောရခက်ခဲခြင်း
  • အဆက်မပြတ် ကြို့ထိုးနေရသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း
  • ကြို့ထိုးနေရသဖြင့် အိပ်မပျော်ခြင်း၊ အိပ်၍မရခြင်း
  • ကိုယ်အလေးချိန် ကျဆင်းခြင်းတို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အကယ်၍ နှစ်ရက်ထက် ပိုကြာမြင့်အောင် ကြို့ထိုးနေလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသပါ။ နောက်ဆက်တွဲပြဿနာများ ခံစားရပါက နီးစပ်ရာ အရေးပေါ်ဌာနသို့ အမြန်ဆုံး သွားရောက်ပြသပါ။

ရောဂါရှာဖွေခြင်း

ကာလရှည်ကြို့ထိုးခြင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားနေရပါက နောက်ခံရောဂါများကို ရှာဖွေစစ်ဆေးရမည်။ မိသားစုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လူနာအား စမ်းသပ်စစ်ဆေးခြင်းနှင့် နောက်ဆက်တွဲ ပြဿနာအခြေအနေများကို သိနိုင်ရန် သွေးစစ်ခြင်း၊ အစာအိမ်မှန်ပြောင်းကြည့်ခြင်း၊ ကွန်ပြူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) နှင့် အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

ကုသခြင်း

ကြို့ထိုးခြင်းများသည် များသောအားဖြင့် ကုသစရာမလိုဘဲ သူ့အလိုလို ပျောက်သွားတတ်သည်။ ခဏတာကြို့ထိုးခြင်း ဖြစ်ပေါ်လာပါက အောက်ပါနည်းလမ်းများမှ အဆင်ပြေရာ နည်းလမ်းတစ်ခုခုကို အသုံးပြု၍ ကြို့ထိုးခြင်း သက်သာပျောက်ကင်းအောင် ဆောင်ရွက်နိုင်သည်။

  • ခေတ္တမျှ အသက်ရှူအောင့်ခြင်း
  • သင့်မျက်လုံးကိုမှိတ်၍ မျက်လုံးပေါ်မှ လက်ဖြင့် ညင်သာစွာနှိပ်ခြင်း
  • လျှာထုတ်ခြင်း
  • သံပုရာသီးတစ်လုံး ကိုက်လိုက်ခြင်း
  • စက္ကူအိတ် (ပလပ်စတစ်အိတ် မဟုတ်) ထဲသို့ လေရှူသွင်း၊ ရှူထုတ်လုပ်ခြင်း
  • သကြားတစ်ဇွန်း မျိုချခြင်း
  • ရေခဲရေ အေးအေးသောက်ခြင်း သို့မဟုတ် ရေအေးဖြင့် ပလုတ်ကျင်းပေးခြင်း

ကာလရှည် ကြို့ထိုးခြင်းအတွက် မဖြစ်မနေ ဆေးဝါးကုသမှု ခံယူရန် လိုအပ်သည်။

ကာကွယ်ခြင်း

ကြို့ထိုးခြင်း မဖြစ်စေရန်အတွက် အောက်ပါနည်းလမ်းများကို အသုံးပြု၍ ကာကွယ်နိုင်သည်။

  • အစာကို အလုတ်သေးသေး စားပါ
  • အစာကို ကြေညက်အောင် အချိန်ပေး၍ ဖြည်းညင်းစွာ ဝါးစားပါ
  • အလွန်အေးသော၊ ပူသော၊ စပ်သော အစားအစာများကို ရှောင်ပါ
  • ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးခြောက်များ ရှောင်ပါ
  • ဂတ်စ်ပါသော၊ အရက်ပါသော ဖျော်ရည်များ ရှောင်ပါ

References:

  1. Mayo Clinic. (n.d.). Hiccups: Symptoms & causes. Mayo Clinic. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/hiccups/symptoms-causes/syc-20352613
  2. Mayo Clinic. (n.d.). Hiccups: Diagnosis & treatment. Mayo Clinic. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/hiccups/diagnosis-treatment/drc-20352618
  3. Cleveland Clinic. (n.d.). Hiccups. Cleveland Clinic. Retrieved August 26, 2025, from https://my.clevelandclinic.org/health/diseases/17672-hiccups
  4. Cleveland Clinic. (2025). Why do you get hiccups and how to stop them. Cleveland Clinic. Retrieved August 26, 2025, from https://health.clevelandclinic.org/why-do-you-get-hiccups-and-how-to-stop-them

Published: 30 August 2024

Last updated: 19 September 2025

Share

Category

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.