ချောင်းဆိုးခြင်းဆိုသည်မှာ အဆုတ်အတွင်းသို့ ပြင်ပမှ ဝင်ရောက်လာသည့် ပိုးမွှားများ၊ ဓာတ်ပစ္စည်းများနှင့် အဆိပ်အတောက်များစသည့် ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိသောအရာများကို အဆုတ်မှ ပြန်လည်စွန့်ထုတ်နိုင်ရန် ခန္ဓာကိုယ်၏ ကာကွယ်တုံ့ပြန် လုပ်ဆောင်မှုတစ်မျိုးဖြစ်သည်။ ထို့ကြောင့်ချောင်းဆိုးခြင်းသည် ပုံမှန်ဇီဝဖြစ်စဉ်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်မှ ပုံမှန်လုပ်ငန်းများ လုပ်ဆောင်နေသော ကျန်းမာသည့် လက္ခဏာရပ်တစ်ခုလည်းဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ချောင်းဆိုးခြင်းကို ဆေးပညာအရ နှစ်ပိုင်းခွဲ၍ သုံးသပ်နိုင်သည်။
- လတ်တလော ချောင်းဆိုးခြင်း (Acute cough)
- (၃)ပတ် မှ (၄)ပတ်အထိ ကြာမြင့်နိုင်သည်
- ဖြစ်စေသောအကြောင်းအရာများမှာ လည်ချောင်း၊ လေရှူပြွန်၊ အဆုတ်စသည်တို့တွင် ပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတို့ဖြစ်သည် (ဥပမာရာသီတုပ်ကွေးမိခြင်း၊ အဆုတ်ရောင်ခြင်း၊ မတည့်သော အမှုန်များရှူမိခြင်း)
- လူတစ်ဦးသည် (၂) ပတ်ကျော်အောင် ချောင်းဆိုးနေပါက အဆုတ်တီဘီရောဂါကို ရှိမရှိ စစ်ဆေးရန် လိုအပ်နိုင်သည်
- နာတာရှည် ချောင်းဆိုးခြင်း (Chronic cough)
- လူကြီးများတွင် (၈) ပတ်နှင့်အထက်၊ ကလေးများတွင်မူ (၄) ပတ်နှင့်အထက် ချောင်းဆိုးခြင်းကို နာတာရှည်ချောင်းဆိုးခြင်းဟု သတ်မှတ်နိုင်သည်
- နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေတတ်သော အတွေ့ရများသည့်ရောဂါများမှာ ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ လေပြွန်ရောင်ရောဂါ၊ နှာရည်များ လည်ချောင်းထဲသို့ နောက်ပြန်စီးခြင်း၊ အစာအိမ်မှ အစာချေရည်များ လည်ချောင်းထဲသို့ ပြန်တက်ခြင်း၊ နာတာရှည် အဆုတ်ပြည်တည်ရောဂါများ စသည်တို့ဖြစ်သည်
အခြားသောရောဂါ အကြောင်းရင်းများကြောင့်လည်း ချောင်းဆိုးခြင်း ဖြစ်နိုင်သည်။ ဥပမာအားဖြင့် _ ဓာတ်မတည့်ခြင်း၊ အစာ (သို့မဟုတ်) အရာဝတ္ထုများ မျိုချမိ၍ သီးခြင်း (သို့မဟုတ်) နင်ခြင်း၊ စားချဥ်ပြန်ရောဂါ၊ နှလုံးအမောဖောက်ခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အရေးပေါ်လက္ခဏာများဖြစ်သော
- အသက်ရှူရခက်ခဲလာခြင်း
- လျှာ၊ နှုတ်ခမ်းတို့ ပြာလာခြင်း
- ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်ပါက ဆေးရုံသို့ အရေးပေါ်ချက်ချင်းသွားရန် လိုအပ်သည်။
ချောင်းဆိုးခြင်းသည် ရက်အတော်အတန်ကြာသော်လည်း မပျောက်ကင်းသည့်အပြင် အောက်ဖော်ပြပါ လက္ခဏာများ ပါဝင်လာပါက မိမိ၏မိသားစုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်သင့်သည်။
လက္ခဏာများမှာ_
- ချွဲပျစ်သော အစိမ်းရောင် (သို့မဟုတ်) အဝါရောင် သလိပ်ပါခြင်း
ကူးစက်ရောဂါပိုး ဝင်ရောက်သောကြောင့် ဖြစ်နိုင်သည်။ - အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
လေပြွန်တစ်လျှောက် ချွဲသလိပ်ရှိခြင်း၊ လေပြွန်ကျဉ်းခြင်းကြောင့် ဖြစ်နိုင်သည်။ - ဖျားနာခြင်း
ကူးစက်ရောဂါပိုးဝင်ရောက်ခြင်းကြောင့် ဖြစ်နိုင်သည်။ - မောပန်းနွမ်းနယ်ခြင်းနှင့် အသက်ရှူမဝခြင်း
သွေးတွင်းအောက်ဆီဂျင် လျော့နည်းလာခြင်းကြောင့် ဖြစ်နိုင်သည်။ - ချောင်းဆိုးလျှင် သွေးပါခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း
တီဘီရောဂါ၊ ကင်ဆာတို့ကြောင့် ဖြစ်နိုင်သည်။ - ခြေထောက်ဖောလာခြင်း
မူးဝေလာခြင်း - အောက်ဆီဂျင်လျော့နည်းလာခြင်းကြောင့် ဖြစ်နိုင်သည်။
မရပ်မနားချောင်းဆိုးခြင်း - အနံ့ပျောက်ခြင်း
ကိုဗစ် (၁၉) ရောဂါကြောင့် ဖြစ်နေနိုင်သည်။ - ရောဂါအခံတစ်ခုခုရှိခြင်း စသည်တို့ ဖြစ်သည်။
မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ချောင်းဆိုးခြင်းအကြောင်းရင်းကို ရှာဖွေရန် ဆရာဝန်မှ လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ လူနာကို စမ်းသပ်စစ်ဆေးခြင်းနှင့် သလိပ်စစ်ခြင်း၊ သွေးစစ်ခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း စသည်တို့ကို ပြုလုပ်လိမ့်မည်။
ကုသခြင်း
ချောင်းဆိုးပျောက်ဆေးများသည် ချောင်းဆိုးခြင်းကို ခဏတာသက်သာအောင်သာ ကူညီပေးနိုင်သည်။ ချောင်းဆိုးတိုင်း ချောင်းဆိုးပျောက်ဆေး၊ ပဋိဇီဝပိုးသတ်ဆေးများ သောက်ရန် မလိုအပ်ပါ။ ချောင်းဆိုးခြင်းကြောင့် မိမိ၏ နေ့တဓူဝလုပ်ငန်းများ၊ အစား၊ အအိပ်စသည်တို့ကို ထိခိုက်လာမှ ချောင်းဆိုးပျောက်ဆေးများ သောက်သင့်သည်။
ချောင်းဆိုးခြင်းကို ဖြစ်စေသည့် အချို့သောရောဂါများကို မကုသလျှင် ချောင်းဆိုးခြင်း မပျောက်ကင်းနိုင်ကြောင်း သိရှိထားရန် လိုအပ်သည်။
ချောင်းဆိုးပျောက်ဆေးများသည် ဘေးထွက်ဆိုးကျိုးများရှိသည်။ အသက် (၄) နှစ်နှင့်အောက် ကလေးများတွင် ချောင်းဆိုးပျောက်ဆေးများ အလွန်အကျွံသောက် တိုက်ကျွေးမိပါက အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။ ထိုကြောင့် ကလေးများတွင် ဆေးဆိုင်မှ အလွယ်တကူ ဝယ်ယူရရှိနိုင်သော ချောင်းဆိုးပျောက်ဆေးများ အသုံးပြုခြင်းထက် တတ်ကျွမ်းသောဆရာဝန်နှင့် ပြသရန် လိုအပ်သည်။
အိမ်တွင်အသုံးပြုနိုင်သော ဆေးနည်းများမှာ_
- ပျားရည်သောက်သုံးခြင်း
သန့်ရှင်းသော ပျားရည်စစ်စစ်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းပမာဏခန့် သောက်သုံးခြင်းဖြင့် ချောင်းဆိုးခြင်းကို သက်သာနိုင်သည်။ - ရေများများသောက်ခြင်း
ရေများများသောက်ခြင်းသည် သင်၏လည်ပင်းထဲရှိ ချွဲများအား လျော့ပါးစေနိုင်သည်။ အထူးသဖြင့် ရေနွေးသောက်သုံးခြင်း၊ သံပရာရည်သောက်သုံးခြင်းများ ပြုလုပ်နိုင်သည်။ - ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ရှားခြင်း
ဆေးလိပ်သောက်သုံးခြင်း၊ ဆေးလိပ်ငွေ့ကို တဆင့်လက်ခံရှူရှိုက်မိခြင်းတို့သည် ချောင်းဆိုးခြင်းကို ပိုမိုဆိုးရွားစေသည်။ - ချောင်းဆိုးခြင်းအတွက် ငုံဆေးများ သုံးစွဲခြင်း
ငုံဆေးများသည် သလိပ်မပါသော ချောင်းခြောက်ဆိုးခြင်းကို သက်သာစေနိုင်သည်၊ သို့သော် ငုံဆေးများသည် အသက် (၆) နှစ်နှင့်အောက်ကလေးများတွင် မတော်တဆ မျိုချမိလျှင် လည်ပင်း၌ နင်ကာ အသက်ရှူလမ်းကြောင်း ပိတ်ဆို့နိုင်သည်၊ ထိုသို့သောအန္တရာယ်ရှိသဖြင့် ငုံဆေးများကို ကလေးများတွင် မသုံးစွဲရန် အကြံပြုထားသည်။ - အိမ်တွင် အနားယူခြင်းများ ပြုလုပ်နိုင်သည်
ကာကွယ်ခြင်း
ချောင်းဆိုးလျှင် တစ်ပါးသူထံသို့ မကူးစက်အောင် တစ်ရှူး (သို့မဟုတ်) လက်ကိုင်ပဝါ (သို့မဟုတ်) မိမိ၏ တံတောင်ဆစ်အကွေးနှင့် ကာ၍ ချောင်းဆိုးရန် လိုအပ်သည်။ တစ်ရှူးကို အသုံးပြုပြီးပါက စနစ်တကျစွန့်ပစ်ရန် လိုအပ်သည်။ လက်ကိုင်ပဝါကိုလည်း ပြန်လည်လျှော်ဖွတ်ရန် လိုအပ်သည်။
ချောင်းဆိုးနေစဉ် တတ်နိုင်သမျှ လူစုလူဝေးနေရာသို့ မသွားသင့်ပါ။ မဖြစ်မနေ အပြင်ထွက်ပါက နှာခေါင်းစည်း (mask) ကို တပ်ဆင်ထားသင့်သည်။
ဆက်လက်ဖတ်ရှုရန်
- ကလေးများနှင့် ချောင်းဆိုးပျောက်ဆေး (Cough medicine for children)
References:
- Mayo Clinic. (n.d.). Cough — Definition. Mayo Clinic. Retrieved July 26, 2025, from https://www.mayoclinic.org/symptoms/cough/basics/definition/sym-20050846
- National Health Service. (n.d.). Cough. NHS. Retrieved July 26, 2025, from https://www.nhs.uk/conditions/cough/
- Centers for Disease Control and Prevention. (2024). Healthy habits: Coughing and sneezing. CDC. Retrieved July 26, 2025, from https://www.cdc.gov/hygiene/personal-hygiene/coughing-sneezing.html
- Cleveland Clinic. (n.d.). Cough. Cleveland Clinic. Retrieved July 26, 2025, from https://my.clevelandclinic.org/health/symptoms/17755-cough
Published: 30 August 2024
Last updated: 19 September 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.