Knee pain (ဒူးနာခြင်း)

Knee pain (ဒူးနာခြင်း)

ဒူးနာခြင်းသည် ရောဂါအမည်မဟုတ်ဘဲ ရောဂါလက္ခဏာတစ်ခုသာဖြစ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ထိခိုက်ဒဏ်ရာရခြင်း၊ အဆစ်ကျီးပေါင်းတက်ခြင်း၊ ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါ၊ အဆစ်ပိုးဝင်ခြင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ ဒူးနာသူတစ်ချို့သည် မိမိဘာသာအနားယူခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကုသပျောက်ကင်းနိုင်သော်လည်း အချို့တွင် ခွဲစိတ်ကုသရသည်အထိ ဖြစ်နိုင်သည်။

Knee pain image
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  • ထိခိုက်ဒဏ်ရာ – ဒူးဆစ်အားတည်ဆောက်ထားသော အရိုး၊ အရိုးနု၊ အရွတ်ကြော၊ ကြွက်သား၊ အရည်အိတ်များဒဏ်ရာရနိုင်သည်၊ ထိခိုက်ဒဏ်ရာရမှုကြောင့် အရိုးကျိုးခြင်း၊ အက်ခြင်း၊ ဒူးဆစ်လွဲခြင်း၊ အရွတ်ကြော စုတ်ပြဲခြင်း၊ အဆစ်တွင်းရှိ အရိုးနုကွင်းစုတ်ပြဲခြင်းတို့ အဖြစ်များကြသည်
  • အဆစ်ရောင်ရောဂါများ – အသက်အရွယ်ကြောင့်ဖြစ်သည့် ဒူးဆစ်ကျီးပေါင်းရောဂါသည် အဖြစ်အများဆုံးဖြစ်သည်၊ အဆစ်တွင်းရှိ အရိုးနု တဖြည်းဖြည်းပါးလာပြီး အဆစ်ကျဉ်းကာ ပွတ်တိုက်နာကျင်ခြင်းဖြစ်သည်၊ လေးဘက်နာအဆစ်ရောင်ရောဂါ၊ ဂေါက်ရောဂါ၊ အဆစ်ပိုးဝင်ခြင်း များတွင်လည်းဖြစ်နိုင်သည်၊ ကလေးငယ်များတွင် ထိခိုက်ဒဏ်ရာနှင့် အဆစ်ပိုးဝင်ခြင်းများ ပိုမိုဖြစ်နိုင်သည်
  • အဆစ်တည်ဆောက်ပုံမူမမှန်ခြင်း – ဒူးဆစ်အတွင်း အရိုးနုအပိုင်းအစများ ပြုတ်ထွက်ခြင်း၊ ကြွက်သား အားနည်းခြင်း၊ အဆစ်ကို ထိန်းသည့် အရွတ်များအားနည်းခြင်း၊ အဝလွန်ခြင်းကြောင့် ဒူးဆစ်ပေါ် ဒဏ်ပိခြင်း၊ အသုံးများခြင်း (အားကစားလုပ်ခြင်း၊ ခရီးဝေးလျှောက်ခြင်း၊ တောင်တက်ခြင်း)၊ ယခင် ဒဏ်ရာဟောင်းကြောင့် ဒူးဆစ်တည်ဆောက်ပုံပျက်ခြင်း၊ ဒူးဆစ်ခွဲစိတ်ခံရဖူးခြင်း စသည်တို့ကြောင့်လည်း ဒူးနာခြင်းဖြစ်နိုင်သည်
ယှဉ်တွဲလာတတ်သောလက္ခဏာများ

ဒူးနာခြင်းနှင့်တွဲဖက်၍ အောက်ပါလက္ခဏာများကို တွေ့ရှိနိုင်သည်။

  • ဒူးဆစ်ရောင်ခြင်း
  • ဒူးအကွေးအဆန့် ခက်ခဲခြင်း
  • ဒူးဆစ်ဝန်းကျင်နီရဲခြင်း၊ ပူခြင်း
  • ဒူးဆစ်တွင်း ပွတ်တိုက်သံခံစားရခြင်း
  • လမ်းလျှောက်ရာတွင် အားပျော့ခြင်း၊ ခြေခွင်ကျခြင်း၊ လဲကျခြင်း
  • ဖျားခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
  • ဒူးဆစ် ရောင်ခြင်း၊ နီရဲခြင်း၊ ဖျားခြင်း (အဆစ်ပိုးဝင်ခြင်းဖြစ်နိုင်သည်)
  • ထိခိုက်ဒဏ်ရာရပြီး ပြင်းထန်စွာ နာကျင်ခြင်း၊ ပုံမှန်အဆစ်လှုပ်ရှားမှု မပြုလုပ်နိုင်ခြင်း စသည့် အခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

မတ်တတ်မရပ်နိုင်ခြင်း၊ အကွေးအဆန့်ခက်ခဲခြင်း၊ နေ့စဉ်လုပ်ငန်းများ ထိခိုက်ခြင်း စသည်တို့ဖြစ်လျှင် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။

ရောဂါရှာဖွေခြင်း

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးနိုင်သည်။

ကုသခြင်း

ဒူးနာခြင်း သက်သာစေရန် အထိန်းအကွပ်ပတ်တီး၊ ကိရိယာများသုံးစေခြင်း၊ လေ့ကျင့်ခန်းပြုလုပ်စေခြင်း၊ နာကျင်မှု သက်သာစေရန် အကိုက်အခဲပျောက်ဆေးများပေးခြင်း၊ နေထိုင်မှုပုံစံပြုပြင်စေခြင်းမှ ခွဲစိတ်ကုသခြင်းအထိ အကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုပေးနိုင်သည်။ ဒူးနာနေချိန်တွင် လှေခါးအတက်အဆင်းလျှော့ခြင်း၊ ဒူးကွေး၍ ထိုင်ခြင်းကို ‌ရှောင်ခြင်း၊ ဘိုထိုင်အိမ်သာအသုံးပြုခြင်း၊ အလေးအပင် မ ခြင်းကို လျှော့ချခြင်း၊ လက်ကိုင်တုတ်အသုံးပြု၍ လမ်းလျှောက်ခြင်း၊ ဆရာဝန်ညွှန်ကြားသည့် လေ့ကျင့်ခန်းများလုပ်ခြင်း စသည်တို့သည် နာကျင်မှုကို သက်သာစေနိုင်သည်။

ကာကွယ်ခြင်း

ဒူးနာခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်သောကြောင့် ကြိုတင်ကာကွယ်ရန် တိကျသည့် နည်းလမ်းမရှိသော်လည်း ယေဘုယျအားဖြင့် ဖြစ်ပွါးမှုနည်းအောင် လိုက်နာရမည့် အချက်များမှာ_

  • ကိုယ်အလေးချိန်လျှော့ချပါ
  • ကြွက်သားသန်မာအောင်လေ့ကျင့်ခန်းလုပ်ပါ၊ ပေါင် ရှေ့နောက်ကြွက်သားများ၊ ခြေသလုံးကြွက်သားများ သန်မာလျှင် ဒူးဆစ်ပေါ်တွင် ဝန်ပိခြင်းသက်သာစေသည်
  • မိမိနှင့်သင့်တော်သည့် အားကစားနည်းကိုသာ ပြုလုပ်ပါ
  • နေ့စဥ် သွားလာမှုနှင့်လုပ်ငန်းခွင်တွင် ထိခိုက်မှုမရှိအောင်သတိပြုပါ။

References:

  1. Afshar, B. (2025). What is knee pain? WebMD. Retrieved October 11, 2025, from https://www.webmd.com/pain-management/knee-pain/knee-pain-overview
  2. Cleveland Clinic. (2025). Knee pain. Retrieved October 11, 2025, from https://my.clevelandclinic.org/health/symptoms/21207-knee-pain
  3. Mayo Clinic. (n.d.). Knee pain: Symptoms and causes. Retrieved October 11, 2025, from https://www.mayoclinic.org/diseases-conditions/knee-pain/symptoms-causes/syc-20350849
  4. Mayo Clinic. (n.d.). Knee pain: Diagnosis and treatment. Retrieved October 11, 2025, from https://www.mayoclinic.org/diseases-conditions/knee-pain/diagnosis-treatment/drc-20350855
  5. NHS. (2025). Knee pain. Retrieved October 11, 2025, from https://www.nhs.uk/conditions/knee-pain/

Published: 30 August 2024

Last updated: 4 November 2025

Share

Category

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.