မိန်းမကိုယ်မှိုစွဲခြင်းသည် လိင်မှတစ်ဆင့် ကူးစက်ခြင်းမဟုတ်ဘဲ မိန်းမကိုယ်တွင် Candida အမည်ရှိသော မှိုတစ်မျိုးပေါက်ခြင်းကို ခေါ်သည်။ ၎င်း Candida မှိုအမျိုးအစားသည် မိန်းမကိုယ်နေရာတွင်သာမက ပါးစပ်၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင်ပါ ရှင်သန်ပေါက်ပွါးနိုင်သည်။ ယေဘုယျအားဖြင့် အကျိုးပြုဘက်တီးရီးယား (bacteria) များနှင့် အနည်းငယ်သော မှိုပိုးတို့သည် ခန္ဓာကိုယ်တွင် မျှမျှတတ ရှိနေတတ်ပြီး အန္တရာယ်မပေးတတ်ပါ။ အကြောင်းတစ်ခုခုကြောင့် အကျိုးပြုဘက်တီးရီးယားများနှင့် မှိုပိုးများ မျှခြေပျက်စီးမှုဖြစ်ပါက မှိုစွဲခြင်းဖြစ်စဥ်ကို ဖြစ်စေသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများ၏ မျှခြေပျက်စီးမှုဖြစ်စေခြင်းက မှိုပိုးများကို များစွာပေါက်ပွါးစေသည်။ မှိုပိုးများကို များစွာ ပေါက်ပွါးစေသော အကြောင်းရင်းများမှာ_
- ပဋိဇီဝပိုးသတ်ဆေးများသောက်ခြင်း
နေမကောင်းဖြစ်ခြင်းကြောင့် ပိုးသတ်ဆေးများသောက်ရသည့်အခါ ထိုပိုးသတ်ဆေးသည် သေစေလိုသော ရောဂါပိုးကိုသာမက ခန္ဓာကိုယ်ကို ကောင်းကျိုးပြုသည့် ဘက်တီးရီးယားများကိုပါ သေစေခြင်းကြောင့် မှိုပိုးပွါးများခြင်းကို ဖြစ်စေသည်။ - ကိုယ်ဝန်ဆောင်ခြင်းနှင့် ဟော်မုန်းပြောင်းလဲမှုများ
ကိုယ်ဝန်ဆောင်ချိန်၊ အီစတိုဂျင်ပမာဏများသော သားဆက်ခြားသောက်ဆေးများ သုံးစအချိန်၌ ခန္ဓာကိုယ်အတွင်း ဟော်မုန်းအပြောင်းအလဲများကြောင့် မှိုပွါးများခြင်းကို ဖြစ်စေသည်။ - ဆီးချိုရောဂါ
ဆီးချိုစဖြစ်ခါစနှင့် ဆီးချိုမထိန်းနိုင်သောအခြေအနေမျိုးတွင် သွေးတွင်းအချိုဓာတ် များနေခြင်းသည် မှိုပိုးများ ပွါးများရန် မွေ့လျော်ရာဖြစ်စေသည်။ ဆီးထဲတွင် အချိုဓာတ်အများအပြား စွန့်ထုတ်ခြင်းကြောင့်လည်း မိန်းမကိုယ်တစ်ဝိုက်တွင် မှိုပိုးများ ပွါးများစေသည်။ - ကိုယ်ခံအားကျဆင်းခြင်း
ကိုယ်ခံအားကျခြင်းဖြစ်စေသော အခြေအနေများတွင် ခန္ဓာကိုယ်ကို ကာကွယ်ခုခံနိုင်မှု အားနည်းခြင်းကြောင့် မှိုပိုးပွါးများခြင်းကိုဖြစ်စေသည်။ ကိုယ်ခံအားနည်းခြင်းကို ဖြစ်စေသော အကြောင်းရင်းများမှာ_ - နေထိုင်မှုဘဝပုံစံ (lifestyle)
- ကောင်းစွာမခြောက်သော စိုထိုင်းသည့်အတွင်းခံကို အချိန်ကြာမြင့်စွာ ဝတ်မိခြင်း
- ချွေးစိုသော အဝတ်အစားများ မလဲမိခြင်း
- မိန်းမကိုယ်တစ်ဝိုက် ရေမွှေးများသုံးခြင်းစသည်တို့ကြောင့်လည်း မှိုပိုးပွါးများခြင်းကို ဖြစ်စေသည်။
ယှဥ်တွဲလာတတ်သောလက္ခဏာများ
မိန်းမကိုယ်မှိုစွဲခြင်းဖြစ်ပါက
- မိန်းမကိုယ်နှင့် ဆီးခုံတစ်ဝိုက် ယားယံခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း
- ဒိန်ချဥ်ဖတ်ကဲ့သို့ ထူပျစ်သော အဖြူအဖတ်များဆင်းခြင်း
- မိန်းမကိုယ်ရောင်ရမ်း၍ နီရဲနေခြင်း
- ဆီးသွားသည့်အခါ ပူစပ်ပူလောင်ဖြစ်ခြင်း
- အမျိုးသားနှင့်အတူနေသည့်အခါ ပူစပ်ပူလောင်ဖြစ်ခြင်း စသည့်လက္ခဏာများ ခံစားရတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
- ပထမဆုံးအကြိမ်ဖြစ်လျှင်
- မှိုစွဲသည်ဟု သံသယရှိလျှင်
- မှိုသတ်ဆေးများထည့်သော်လည်း မသက်သာလျှင်
- ရောဂါလက္ခဏာအသစ်များ ပေါ်လာလျှင်
- မကြာခဏဖြစ်လျှင် (တစ်နှစ်လျှင် လေးခါနှင့်အထက် ဖြစ်ခြင်း)
- ကိုယ်ဝန်ဆောင်မိခင်မှိုစွဲမှု ဖြစ်လျှင် မိသားစုဆရာဝန်နှင့် သေချာဆွေးနွေးတိုင်ပင်ပြီး စနစ်တကျကုသမှု ခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ရောဂါရာဇဝင်၊ လက္ခဏာများ သေချာမေးမြန်းခြင်းဖြင့် သိရှိနိုင်သည်။ မိန်းမကိုယ်နှင့် သားအိမ်ခေါင်းကို ကြည့်ရှုစမ်းသပ်ခြင်းဖြင့်လည်း သိနိုင်သည်။ လိုအပ်ပါက မိန်းမကိုယ်မှဆင်းသော အဖြူရည်ကို ချွဲစတို့ဖတ်ဖြင့်ယူပြီး ဓာတ်ခွဲခန်းတွင် ပိုးမွေးစစ်ဆေးခြင်းဖြင့်လည်း သိနိုင်သည်။
ကုသခြင်း
မှိုပိုးသတ်ဆေးများကို မိန်းမကိုယ်တွင်းထည့်သောဆေး သို့မဟုတ် သောက်ဆေးဖြင့် ကုသနိုင်သည်။ မှိုပိုးသတ်ဆေးများသည် ပေါက်ပွါးနေသောမှိုများကို သေစေခြင်းဖြင့် ခံစားနေရသော ဝေဒနာများကို သက်သာစေသည်။ သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာပြီး သေချာကုသရန် လိုအပ်သည်။
- Clotrimazole
- လိမ်းဆေးလိမ်းခြင်း၊ ဆေးတောင့် သို့မဟုတ် ဆေးလုံးပုံစံဖြင့် မိန်းမကိုယ်ထဲ ထည့်ခြင်းဖြင့် ကုသနိုင်သည်
- မိန်းမကိုယ်ထဲ ဆေးထည့်၍ ကုသခြင်းကို အနည်းဆုံး (၆) ရက်ပြည့်အောင် ထည့်ပေးရသည်
- လက္ခဏာအခြေအနေပေါ် မူတည်ပြီး သက်ဆိုင်ရာဆရာဝန်မှ ထို့ထက်ပို၍ ကြာရှည်စွာ သုံးစွဲရန် ညွှန်ကြားနိုင်သည်
- Fluconazole
- သောက်ဆေးပုံစံဖြင့် လာသည်၊ အများအားဖြင့် တစ်ကြိမ်သာ သောက်ရန်လိုသည်
- လက္ခဏာအခြေအနေပေါ် မူတည်ပြီး လိုအပ်ပါက တစ်ကြိမ်ထက်ပို၍ သောက်သုံးရနိုင်သည်
ဆေးကုနေစဥ်သတိပြုရမည့်အချက်
မှိုပိုးအတွက် ဆေးကုသမှုခံယူနေချိန်တွင် လိင်ဆက်ဆံခြင်းကို ပြုလုပ်ရန် မသင့်ပါ။ အတူနေခြင်းသည် မိန်းမကိုယ်ထဲ ဆေးထည့်၍ ကုသခြင်း၏ အာနိသင်ကို လျော့ကျနိုင်စေခြင်း၊ မှိုစွဲနေခြင်းကြောင့် အတူနေစဥ် မသက်မသာ နာကျင်မှုများ ရှိနိုင်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ရောဂါဝေဒနာ ပျောက်ကင်းသွားမှ အတူပြန်နေသင့်သည်။
ကာကွယ်ခြင်း
အောက်ပါ ဆောင်ရန်ရှောင်ရန်အချက်များအတိုင်း နေထိုင်မှုပုံစံ ပြောင်းလဲပေးခြင်းဖြင့် မှိုမဖြစ်အောင် ကာကွယ်ပေးသည်။
- မိန်းမကိုယ်အတွင်းထဲအထိ ဓာတုပစ္စည်းများဖြင့် ပြုလုပ်ထားသော သန့်စင်ဆေးရည်များဖြင့် ဆေးကြောခြင်းမပြုပါနှင့်
(မိန်းမကိုယ်သည် သဘာဝအတိုင်း သန့်စင်သည့်အတွက် အတွင်းထဲအထိ ဆေးကြောခြင်းပြုလုပ်ရန်မလိုပါ၊ အလွန်အမင်းဆေးကြောခြင်းသည် အကျိုးပြုဘက်တီးရီးယားများကို သေစေပြီး မှိုဖြစ်ခြင်းကို ပိုအားပေးစေနိုင်သည်) - အမွှေးနံ့များလွန်းသော သန့်စင်ဆေးရည်များ၊ လစဥ်သုံးပစ္စည်းများနှင့် tampon များကို ရှောင်ရှားပါ
(အမွှေးနံ့များသည် မိန်းမကိုယ်ကျန်းမာရေးအတွက် အထောက်အကူမပြုဘဲ ဆိုးရွားစေတတ်သည်) - ချွေးစို၊ ရေစိုသော အဝတ်အစားများကို တတ်နိုင်သမျှအမြန်လဲဝတ်ပါ
- ကျပ်လွန်းသောအတွင်းခံများ မဝတ်ဘဲ အေးသော ချည်သားအတွင်းခံများ ရွေးချယ်ဝတ်ဆင်ပါ
- ဆီးချိုရောဂါရှိသူများ သွေးတွင်းသကြားဓာတ်ကို သေချာစွာထိန်းညှိပါ
- စိတ်ဖိစီးမှုများ လျော့နည်းအောင် နေထိုင်ပါ
- မလိုအပ်ဘဲ ပဋိဇီဝပိုးသတ်ဆေးများ သောက်ခြင်းကို ရှောင်ပါ
References:
- Cleveland Clinic. (2025). Vaginal yeast infection. Retrieved August 19, 2025, from https://my.clevelandclinic.org/health/diseases/5019-vaginal-yeast-infection
- Mayo Clinic. (n.d.). Yeast infection (vaginal) — Symptoms & causes. Retrieved August 19, 2025, from https://www.mayoclinic.org/diseases-conditions/yeast-infection/symptoms-causes/syc-20378999
- Healthline. (2023). Everything you need to know about vaginal discharge. Retrieved August 19, 2025, from https://www.healthline.com/health/vaginal-discharge#takeaway
- WebMD. (n.d.). Vaginal yeast infection: Understanding basics. Retrieved August 19, 2025, from https://www.webmd.com/women/understanding-vaginal-yeast-infection-basics
Published: 30 August 2024
Last updated: 4 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.