မကူးစက်နိုင်သော နာတာရှည်ရောဂါများ (Non-Communicable Diseases – NCDs) သည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်းကြောင့် ဖြစ်ပွားသည့်ရောဂါများမဟုတ်ဘဲ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်တတ်သည့် နာတာရှည်ရောဂါအုပ်စုများဖြစ်သည်။ နှလုံးသွေးကြောရောဂါများ (Cardiovascular Diseases – CVD) နှင့် လေဖြတ်ခြင်း (Stroke)၊ ဆီးချိုရောဂါ (Diabetes Mellitus)၊ နာတာရှည် ကျောက်ကပ်ရောဂါ (Chronic Kidney Disease – CKD) နှင့် အဝလွန်ခြင်း (Obesity) တို့သည် ယနေ့ကမ္ဘာ့တစ်ဝန်းတွင် နာမကျန်းဖြစ်မှု၊ မသန်စွမ်းမှုနှင့် သေဆုံးမှုတို့ကို ဖြစ်စေသည့် အရေးကြီးသော အကြောင်းရင်းများဖြစ်သည်။
အဆိုပါရောဂါများ၏ အရေးကြီးသောအချက်မှာ ရောဂါဖြစ်ပွားလာပါက ကုသနိုင်ရုံသာမက ရောဂါမဖြစ်မီကတည်းက ရောဂါဖြစ်စေနိုင်သော အန္တရာယ်အချက်များကို လျှော့ချ၍ ကြိုတင်ကာကွယ်နိုင်ခြင်း ဖြစ်သည်။ ကိုယ်အလေးချိန်လွန်ကဲခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ ဆေးလိပ်နှင့် နီကိုတင်း (Nicotine) ပါဝင်သောပစ္စည်းများ သုံးစွဲခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်မားခြင်းနှင့် သွေးတွင်းအဆီဓာတ် မူမမှန်ခြင်း (dyslipidaemia) တို့ကဲ့သို့သော အန္တရာယ်ဖြစ်စေသည့်အချက်များ (Risk Factors) ကို စောစီးစွာ သိရှိပြီး ထိန်းချုပ်နိုင်ပါက မကူးစက်နိုင်သော နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေနှင့် နောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်သည်။
ထို့အပြင် လူတစ်ဦး၏ကျန်းမာရေးသည် မိမိ၏ နေထိုင်စားသောက်မှုပုံစံတစ်ခုတည်းပေါ်တွင်သာ မူတည်ခြင်းမဟုတ်ပါ။ နေထိုင်ရာပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ ရရှိနိုင်မှု၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီနိုင်မှုစသည့် ကျန်းမာရေးအပေါ်သက်ရောက်သော လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ (Social and Environmental Determinants of Health) ကလည်း အဆိုပါရောဂါများ ဖြစ်ပွားနိုင်ခြေကို များစွာလွှမ်းမိုးနိုင်သည်။
ထို့ကြောင့် မကူးစက်နိုင်သော နာတာရှည်ရောဂါများကို ရင်ဆိုင်ရာတွင် “ရောဂါဖြစ်လာမှ ကုသခြင်း” ထက် “အန္တရာယ်ရှိနေချိန်ကတည်းက သိရှိပြီး ကာကွယ်ခြင်း” သည် ပိုမိုအရေးကြီးလာသည်။
ရောဂါတစ်ခုချင်းစီသည် သီးခြားပြဿနာများမဟုတ်ခြင်း
ယခင်က ဆီးချိုရောဂါ၊ သွေးတိုးရောဂါ (Hypertension)၊ နှလုံးသွေးကြောရောဂါနှင့် ကျောက်ကပ်ရောဂါတို့ကို သီးခြားရောဂါများအဖြစ် မြင်လေ့ရှိကြသည်။ သို့သော် ယခုအခါ အဆိုပါရောဂါများသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ ဆက်စပ်နေပြီး ရောဂါတစ်ခုရှိခြင်းက အခြားရောဂါများအပြင် နှလုံးရောဂါနှင့် လေဖြတ်ခြင်း ဖြစ်ပွားနိုင်သည့်အန္တရာယ်ကိုပါ တိုးစေနိုင်ကြောင်း ပိုမိုရှင်းလင်းစွာ သိရှိလာကြသည်။
ဥပမာအားဖြင့် ဆီးချိုနှင့်သွေးတိုးသည် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းများဖြစ်သည်။ တစ်ဖက်တွင်လည်း ဆီးချိုနှင့် ကျောက်ကပ်ရောဂါရှိသူများတွင် နှလုံးသွေးကြောရောဂါနှင့် လေဖြတ်ခြင်းအန္တရာယ် မြင့်တက်လာသည်။ ကျောက်ကပ်လုပ်ငန်းဆောင်တာ ကျဆင်းလာခြင်းကိုယ်တိုင်ကြောင့်လည်း သွေးတိုးခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကို ထပ်မံတိုးစေနိုင်သည်။
ထို့ကြောင့် လူတစ်ဦးတွင် ဆီးချိုရှိကြောင်း တွေ့ရှိပါက သွေးတွင်းသကြားဓာတ်တစ်မျိုးတည်းကိုသာ ကြည့်၍ ထိန်းသိမ်းကုသရုံဖြင့် မလုံလောက်ပါ။ သွေးပေါင်ချိန်၊ သွေးတွင်းအဆီဓာတ်၊ ကိုယ်အလေးချိန်နှင့် အဝလွန်မှု၊ ကျောက်ကပ်လုပ်ငန်းဆောင်တာ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်း ဖြစ်နိုင်ခြေတို့ကိုပါ တစ်စုတစ်စည်းတည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
အလားတူပင် သွေးတိုးရှိသူတစ်ဦးကို သွေးပေါင်ချိန်တစ်ခုတည်း၊ ကျောက်ကပ်ရောဂါရှိသူတစ်ဦးကို ကျောက်ကပ်တစ်ခုတည်း အာရုံစိုက်ကုသခြင်းထက် လူတစ်ဦး၏ နှလုံး၊ သွေးကြော၊ ကျောက်ကပ်နှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေး (Cardiovascular–Kidney–Metabolic Health) တစ်ခုလုံးကို ခြုံငုံကြည့်ရှု၍ ကုသမှုပေးရန် လိုအပ်လာသည်။
နှလုံးသွေးကြော–ကျောက်ကပ်–ဇီဝဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေး (Cardiovascular–Kidney–Metabolic [CKM] Health)
ဆီးချို၊ အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ရောဂါ၊ နှလုံးသွေးကြောရောဂါနှင့် ကျောက်ကပ်ရောဂါတို့ကြား အပြန်အလှန်ဆက်စပ်မှုကို ပိုမိုကောင်းမွန်စွာ နားလည်လာသည်နှင့်အမျှ နှလုံး–ကျောက်ကပ်–ဇီဝဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေး (Cardiovascular–Kidney–Metabolic Health – CKM Health) ဟူသော အယူအဆသည် ပိုမိုအရေးပါလာသည်။
အမေရိကန်နှလုံးအဖွဲ့အစည်း (American Heart Association – AHA) က ၂၀၂၃ ခုနှစ်တွင် နှလုံး–ကျောက်ကပ်–ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါစု (Cardiovascular–Kidney–Metabolic Syndrome – CKM Syndrome) ကို ဇီဝဖြစ်စဉ်ဆိုင်ရာ အန္တရာယ်အချက်များ (Metabolic Risk Factors)၊ နာတာရှည် ကျောက်ကပ်ရောဂါနှင့် နှလုံးသွေးကြောစနစ်တို့အကြား အပြန်အလှန်သက်ရောက်မှုများကြောင့် ဖြစ်ပေါ်လာပြီး ကိုယ်တွင်းအင်္ဂါအများအပြား၏ လုပ်ငန်းဆောင်တာကို ထိခိုက်စေနိုင်သော ရောဂါအခြေအနေတစ်ရပ်အဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။
အဓိကနားလည်ထားသင့်သည့်အချက်မှာ နှလုံးနှင့် သွေးကြော၊ ကျောက်ကပ်နှင့် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်စနစ်တို့သည် သီးခြားစီ အလုပ်လုပ်နေကြခြင်း မဟုတ်ပါ။ စနစ်တစ်ခုတွင် ဖြစ်ပေါ်လာသော ပြဿနာက အခြားစနစ်များအပေါ် သက်ရောက်နိုင်ပြီး အချင်းချင်း အပြန်အလှန်သက်ရောက်မှုများလည်း ရှိနိုင်သည်။
ဥပမာအားဖြင့် အဝလွန်ခြင်းနှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ မူမမှန်မှုများ (Metabolic Abnormalities) ရှိလာပါက ဆီးချိုနှင့် သွေးတိုး ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်သည်။ ယင်းအခြေအနေများသည် အချိန်ကြာလာသည်နှင့်အမျှ သွေးကြောများနှင့် ကျောက်ကပ်ကို ထိခိုက်စေပြီး နှလုံးသွေးကြောကျဉ်းရောဂါ (Atherosclerotic Cardiovascular Disease – ASCVD)၊ နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart Failure)၊ လေဖြတ်ခြင်း (Stroke) နှင့် နာတာရှည်ကျောက်ကပ်ရောဂါ (Chronic Kidney Disease) တို့ ဖြစ်ပွားနိုင်သည့်အန္တရာယ်ကို မြင့်တက်စေနိုင်သည်။ ကျောက်ကပ်လုပ်ငန်းဆောင်တာ ကျဆင်းလာခြင်းသည်လည်း သွေးတိုးနှင့်နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကို ပြန်လည်မြင့်တက်စေနိုင်သည်။
၂၀၂၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲ CKM လမ်းညွှန်ချက်တွင် CKM ကျန်းမာရေးကို အဆင့် ၀ မှ အဆင့် ၄ (Stage 0–4) အထိ ခွဲခြားသတ်မှတ်ကာ လူတစ်ဦး၏ ဘဝတစ်လျှောက်တွင် ဖြစ်ပေါ်နိုင်သည့် ရောဂါအန္တရာယ်များကို စောစီးစွာသိရှိ၍ ကာကွယ်ခြင်းနှင့် စီမံကုသခြင်းကို အလေးပေး ဖော်ပြထားသည်။
ထို့ကြောင့် CKM Health ၏ အဓိကရည်ရွယ်ချက်မှာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း သို့မဟုတ် ကျောက်ကပ်ရောဂါ ဖြစ်လာပြီးမှ တစ်ခုချင်းစီကို ကုသခြင်းမျိုး မဟုတ်ဘဲ လူတစ်ဦးတွင် ဆက်စပ်ဖြစ်ပေါ်နေသော ကျန်းမာရေးအန္တရာယ်များကို စောစီးစွာ သိရှိ၍ တစ်စုတစ်စည်းတည်း ကာကွယ်စီမံခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် CKM Health သည် ရောဂါတစ်ခုချင်းစီကို သီးခြားကြည့်နေသည့်အမြင်မှ “လူတစ်ဦး၏ ကျန်းမာရေး” ကို ခြုံငုံကြည့်ရှုသည့် အမြင်သို့ ပြောင်းလဲခြင်းဖြစ်သည်။
ဖြစ်နိုင်ခြေများသော အန္တရာယ်အချက်များ (Risk factors)
ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ရောဂါတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသကဲ့သို့ ယင်းရောဂါများကို ဖြစ်ပေါ်နိုင်ခြေများစေသောအချက်များ (Risk Factors) လည်း လွန်စွာ တူညီနေကြသည်။ ၄င်းတို့မှာ_
- ကိုယ်အလေးချိန်လွန်ကဲခြင်းနှင့် အဝလွန်ခြင်း (Overweight and Obesity)
- ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုပုံစံ (Unhealthy Diet)
- ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း (Physical Inactivity)
- ဆေးလိပ်နှင့် နီကိုတင်း (Nicotine) ပါဝင်သောပစ္စည်းများ သုံးစွဲခြင်း
- သွေးတိုးခြင်း (Hypertension)
- သွေးတွင်းသကြားဓာတ် မြင့်မားခြင်း (High Blood Glucose)
- သွေးတွင်း ကိုလက်စထရောနှင့် အခြားအဆီဓာတ်များ မူမမှန်ခြင်း (Abnormal Cholesterol and Triglycerides) တို့ ပါဝင်သည်။
အထူးသဖြင့် အဝလွန်ခြင်းသည် ဆီးချိုဖြစ်ပွားနိုင်ခြေကိုသာ တိုးစေခြင်းမဟုတ်ဘဲ သွေးတိုး၊ သွေးတွင်းအဆီဓာတ် မူမမှန်ခြင်း၊ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ရောဂါတို့၏ အန္တရာယ်နှင့်လည်း ဆက်စပ်နေသည်။ ထို့ကြောင့် အဝလွန်ခြင်းကို ကိုယ်အလေးချိန် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုအဖြစ်သာ မမြင်ဘဲ နှလုံး–ကျောက်ကပ်–ဇီဝဖြစ်စဉ်ဆိုင်ရာ ကျန်းမာရေး (CKM Health) ကို ထိခိုက်စေနိုင်သည့် အရေးကြီးသော ကျန်းမာရေးအန္တရာယ်တစ်ခုအဖြစ် နားလည်ရန် လိုအပ်သည်။
သို့သော် မကူးစက်နိုင်သော နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေသည် လူတစ်ဦးချင်း၏ နေထိုင်စားသောက်မှုပုံစံ တစ်ခုတည်းပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ပါ။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရရှိနိုင်မှု၊ ကိုယ်လက်လှုပ်ရှားနိုင်ရန် သင့်လျော်သော ပတ်ဝန်းကျင်ရှိမှု၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေ၊ လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီနိုင်မှုတို့ကဲ့သို့သော ကျန်းမာရေးအပေါ် သက်ရောက်သည့် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ (Social and Environmental Determinants of Health) ကလည်း အရေးပါသည်။
ထို့ကြောင့် မကူးစက်နိုင်သော နာတာရှည်ရောဂါများ ဖြစ်ပွားလာပါက ကိုယ်တိုင်မထိန်းသိမ်းနိုင်၍ဖြစ်သည်ဟု အလွယ်တကူ မသတ်မှတ်သင့်ပါ။ လူတစ်ဦး၏ ကျန်းမာရေးကောင်းမွန်စေရန် လိုအပ်သော ကိုယ်တိုင်ရွေးချယ်မှုများရှိရန် လိုအပ်သကဲ့သို့ ထိုရွေးချယ်မှုများကို လက်တွေ့လုပ်ဆောင်နိုင်ရန် မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်၏ အကူအညီများလည်း များစွာလိုအပ်သည်။
ရောဂါများ၏ အပြန်အလှန်သက်ရောက်မှု
(How Does One Condition Increase the Risk of Another?)
နှလုံးနှင့် သွေးကြော၊ ကျောက်ကပ်နှင့် ဇီဝဖြစ်စဉ်စနစ်တို့သည် ခန္ဓာကိုယ်အတွင်းတွင် အပြန်အလှန်ဆက်စပ် လုပ်ဆောင်နေကြသည်။ ထို့ကြောင့် စနစ်တစ်ခုတွင် စတင်ဖြစ်ပေါ်လာသော မူမမှန်မှုသည် အချိန်ကြာလာသည်နှင့်အမျှ အခြားစနစ်များကိုပါ ထိခိုက်စေနိုင်သည်။
ဥပမာအားဖြင့် ကိုယ်တွင်းအဆီပိုလျှံလာပါက ကျန်းမာရေးကို ထိခိုက်စေနိုင်သော အဆီစုဆောင်းမှုများ ဖြစ်လာခြင်းကြောင့် ခန္ဓာကိုယ်က အင်ဆူလင် (Insulin) ကို ကောင်းစွာတုံ့ပြန်အသုံးချနိုင်မှု လျော့နည်းခြင်း (Insulin Resistance) ဖြစ်ပေါ်လာနိုင်သည်။ ၎င်းနှင့်အတူ ခန္ဓာကိုယ်အတွင်း နာတာရှည်ရောင်ရမ်းမှု (Chronic Inflammation) နှင့် ဟော်မုန်း၊ အာရုံကြောဆိုင်ရာ ထိန်းညှိမှုများ (Neurohormonal Regulation) မူမမှန်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။
ဤပြောင်းလဲမှုများကြောင့် ဆီးချိုနှင့် သွေးတိုး ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်သည်။ သွေးတွင်းသကြားဓာတ်နှင့် သွေးပေါင်ချိန် မြင့်မားနေခြင်းသည် သွေးကြောများနှင့် ကျောက်ကပ်၏ သွေးစစ်ထုတ်သည့် အစိတ်အပိုင်းများကို တဖြည်းဖြည်း ထိခိုက်စေနိုင်သည်။ ထိုမှတစ်ဆင့် နာတာရှည်ကျောက်ကပ်ရောဂါ (CKD)၊ သွေးကြောမာကျဉ်းခြင်း (Atherosclerosis)၊ နှလုံးရောဂါ၊ နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart Failure) နှင့် လေဖြတ်ခြင်း (Stroke) တို့ ဖြစ်ပွားနိုင်သည့် အန္တရာယ် မြင့်တက်လာနိုင်သည်။
အရေးကြီးသည်မှာ ယင်းဆက်နွယ်မှုသည် တစ်ဖက်တည်းသွားသော လမ်းကြောင်းမဟုတ်ခြင်းဖြစ်သည်။ ဥပမာ _ ကျောက်ကပ်လုပ်ငန်းဆောင်တာ ကျဆင်းလာပါက ခန္ဓာကိုယ်၏ ဆားဓာတ်နှင့် ရေဓာတ်ထိန်းညှိမှု၊ သွေးပေါင်ချိန်ထိန်းညှိမှုတို့ ထိခိုက်လာနိုင်ပြီး သွေးတိုးနှင့် နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကို ပိုမိုမြင့်တက်စေနိုင်သည်။ တစ်ဖန် အဆိုပါနှလုံးနှင့် သွေးကြောဆိုင်ရာပြဿနာများကလည်း ကျောက်ကပ်ကို ထပ်မံထိခိုက်စေနိုင်သည်။
ထို့ကြောင့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ဦးနှောက်သွေးကြောနှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများကို သီးခြားဖြစ်စဉ်များအဖြစ်သာ မမြင်ဘဲ တစ်ခုကတစ်ခုကို အပြန်အလှန် လွှမ်းမိုးပြီး ပိုမိုဆိုးရွားစေနိုင်သော ဆက်စပ်ဖြစ်စဉ်တစ်ခုအဖြစ် နားလည်ရန် အရေးကြီးသည်။
ရည်ရွယ်ချက်မှာ ယင်းစက်ဝန်း ဆိုးရွားလာပြီး ရောဂါဖြစ်ပေါ်လာပြီးနောက်မှ ကုသရန်အတွက်သာမဟုတ်ဘဲ အစောပိုင်းအဆင့်ကတည်းက ရောဂါဖြစ်ပေါ်နိုင်ခြေများစေသောအချက်များကို ရှာဖွေ၊ ထိန်းချုပ်ပြီး ရောဂါဖြစ်ပွားမှုနှင့် ဆိုးရွားမှုတို့ကို တားဆီးနိုင်ရန်ဖြစ်သည်။
စောစီးစွာကာကွယ်ခြင်း
(Prevention Should Begin Before Symptoms Appear)
ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီဓာတ် မူမမှန်ခြင်းနှင့် အစောပိုင်း နာတာရှည်ကျောက်ကပ်ရောဂါတို့သည် သိသာထင်ရှားသော လက္ခဏာမရှိဘဲ နှစ်ပေါင်းများစွာ ရှိနေနိုင်သည်။ ထိုအချိန်အတွင်း သွေးကြော၊ နှလုံး၊ ဦးနှောက်နှင့် ကျောက်ကပ်တို့တွင် ထိခိုက်မှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာနိုင်သည်။
ထို့ကြောင့် မည်သည့်ရောဂါလက္ခဏာမှ မရှိသောကြောင့် ကျန်းမာရေးကောင်းမွန်နေသည်ဟု ယူဆ၍မရပါ။ နှလုံးရောဂါ၊ လေဖြတ်ခြင်း သို့မဟုတ် ကျောက်ကပ်ရောဂါကဲ့သို့သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာပြီးမှ စတင်အာရုံစိုက်ကုသခြင်းထက် လူတစ်ဦးချင်းစီ၏ နှလုံး–ကျောက်ကပ်–ဇီဝဖြစ်စဉ်ဆိုင်ရာ အန္တရာယ် (CKM Risk) ကို စောစီးစွာ အကဲဖြတ်၍ ကာကွယ်ခြင်းက ပိုမိုအရေးကြီးသည်။
အကဲဖြတ်ရာတွင် လူတစ်ဦးချင်း၏ အသက်၊ ကျန်းမာရေးအခြေအနေအလိုက် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားနိုင်သည်။
- သွေးပေါင်ချိန် (Blood Pressure)
- ကိုယ်အလေးချိန်၊ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (Body Mass Index – BMI) နှင့် လိုအပ်ပါက ခါးပတ်လည်အတိုင်းအတာ (Waist Circumference)
- သွေးတွင်းသကြားဓာတ် (Blood Glucose)
- သွေးတွင်း ကိုလက်စထရောနှင့် အခြားအဆီဓာတ်များ (Cholesterol and Triglycerides)
- ဆေးလိပ်နှင့် နီကိုတင်းပါဝင်သောပစ္စည်းများ သုံးစွဲမှု
- ကျောက်ကပ်လုပ်ငန်းဆောင်တာကို ခန့်မှန်းသည့် ကျောက်ကပ်စစ်ထုတ်နှုန်း (Estimated Glomerular Filtration Rate – eGFR)
- သင့်လျော်သောသူများတွင် ကျောက်ကပ်ထိခိုက်မှုကို စောစီးစွာသိရှိနိုင်ရန် ဆီးစစ်ဆေးခြင်း (Urine Albumin-to-Creatinine Ratio – UACR) တို့ ပါဝင်နိုင်သည်။
သို့ရာတွင် လူတိုင်းကို စမ်းသပ်မှုအားလုံး တစ်ပုံစံတည်း ပြုလုပ်ရန် ဆိုလိုခြင်းမဟုတ်ပါ။ အသက်၊ မိသားစုရာဇဝင်၊ ကိုယ်အလေးချိန်၊ ရှိပြီးသားရောဂါများနှင့် အခြားအန္တရာယ်အချက်များပေါ် မူတည်၍ မည်သည့်စစ်ဆေးမှုကို မည်သည့်အချိန်တွင် ပြုလုပ်သင့်သည်ကို ဆရာဝန်များနှင့် တိုင်ပင်ဆုံးဖြတ်ရန် လိုအပ်သည်။
ထို့အပြင် သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ် သို့မဟုတ် ကိုလက်စထရောတန်ဖိုး တစ်ခုချင်းကိုသာ ကြည့်ခြင်းထက် နှလုံးရောဂါနှင့် လေဖြတ်ခြင်းအပါအဝင် နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်များအားလုံးကို စုပေါင်း၍ (Overall Cardiovascular Risk) ခြုံငုံအကဲဖြတ်ရန်လည်း အရေးကြီးသည်။
အဓိကရည်ရွယ်ချက်မှာ ရောဂါကို စောစီးစွာရှာဖွေရုံသာမက ရောဂါမဖြစ်မီကတည်းက ရောဂါဖြစ်နိုင်ခြေများကို ကြိုတင်ရှာဖွေခြင်းဖြစ်သည်။ ရောဂါဖြစ်နိုင်ခြေကို စောစီးစွာသိရှိနိုင်ပြီး နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် လိုအပ်သည့်ကုသမှုများကို အချိန်မီစတင်နိုင်ပါက ဆီးချို၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ရောဂါတို့ကို ကာကွယ်နိုင်မည့်အပြင် ရောဂါဖြစ်ပွားမှုကိုလည်း နှောင့်နှေးစေနိုင်မည်ဖြစ်သည်။
ကျန်းမာသော လူနေမှုဘဝနေထိုင်မှုပုံစံ
(Lifestyle: The Foundation of Prevention and Treatment)
ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ရောဂါတို့၏ အန္တရာယ်ကို လျှော့ချရာတွင် ကျန်းမာသော နေထိုင်မှုပုံစံ (Healthy Lifestyle) သည် အခြေခံအကျဆုံး အခန်းကဏ္ဍမှ ပါဝင်သည်။ ယင်းသည် ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ရေးအတွက်သာမက ရောဂါရှိပြီးသားသူများတွင်လည်း ကုသမှု၏ အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။
အဓိကအချက်များမှာ_
- ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုပုံစံ (Heart-Healthy Eating Pattern) _ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အစေ့အဆန်နှင့် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို ပိုမိုရွေးချယ်ပြီး ဆား၊ သကြား၊ တာရှည်ခံဆေးများဖြင့် ပြုပြင်ထုတ်လုပ်ထားသော အစားအစာ (Processed Foods) နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော အဆီများကို လျှော့ချစားသုံးခြင်း။ မြေထဲပင်လယ်ဒေသ စားသောက်မှုပုံစံ (Mediterranean Dietary Pattern) နှင့် သွေးတိုးထိန်းချုပ်ရေး စားသောက်မှုပုံစံ (DASH Diet) တို့သည် ဥပမာကောင်းများဖြစ်သည်
- ပုံမှန်ကိုယ်လက်လှုပ်ရှားခြင်း (Regular Physical Activity) — ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြုလုပ်ခြင်းသည် ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နှင့် နှလုံးသွေးကြောကျန်းမာရေးတို့အတွက် အကျိုးရှိသည်
- သင့်လျော်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း (Weight Management) — ကိုယ်အလေးချိန်လွန်ကဲခြင်း သို့မဟုတ် အဝလွန်ခြင်းရှိပါက သင့်လျော်သော ကိုယ်အလေးချိန်လျှော့ချမှုက ဇီဝဖြစ်စဉ်ဆိုင်ရာအန္တရာယ်များကို လျှော့ချနိုင်သည်
- ဆေးလိပ်နှင့် နီကိုတင်းပါဝင်သောပစ္စည်းများကို ရှောင်ကြဉ်ခြင်း (Avoidance of Tobacco and Nicotine Products) — နှလုံးသွေးကြောရောဂါနှင့် လေဖြတ်ခြင်းကို ကာကွယ်ရာတွင် အရေးကြီးဆုံး ပြုပြင်ပြောင်းလဲနိုင်သောအချက်များထဲမှ တစ်ခုဖြစ်သည်
- အိပ်စက်မှုကို ဂရုစိုက်ခြင်း (Healthy Sleep) — အိပ်ချိန်လုံလောက်မှုနှင့် နှစ်ခြိုက်စွာ အိပ်စက်မှုသည်လည်း နှလုံး၊ ဇီဝဖြစ်စဉ်ကျန်းမာရေးနှင့် ဆက်စပ်နေသည်
ဤအချက်များသည် အမေရိကန်နှလုံးအဖွဲ့အစည်း၏ ဘဝအတွက် မရှိမဖြစ် ကျန်းမာရေးအချက် (၈) ချက် (Life’s Essential 8) အယူအဆတွင်လည်း အဓိကပါဝင်သည်။
အရေးကြီးသည်မှာ ကျန်းမာသောနေထိုင်မှုပုံစံဆိုသည်မှာ ခေတ္တ အစာရှောင်ခြင်း သို့မဟုတ် အချိန်တိုအတွင်း ကိုယ်အလေးချိန်လျှော့ချခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ မိမိ၏ နေ့စဉ်ဘဝတွင် ရေရှည်ဆက်လက်လုပ်ဆောင်နိုင်သည့် ကျန်းမာသော အလေ့အထများကို တဖြည်းဖြည်း တည်ဆောက်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် သွေးပေါင်ချိန်၊ ကိုယ်အလေးချိန်နှင့် ဇီဝဖြစ်စဉ်ဆိုင်ရာ အန္တရာယ်များကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ရောဂါဖြစ်ပွားမှုကို ကာကွယ်ရန် သို့မဟုတ် နှောင့်နှေးစေရန် အထောက်အကူပြုနိုင်သည်။
ဆေးဝါးကုသမှု လိုအပ်လာခြင်း
(When Lifestyle Change Alone Is Not Enough)
ကျန်းမာသော နေထိုင်မှုပုံစံသည် လူတိုင်းအတွက် ကျန်းမာရေး၏ အခြေခံအချက်ဖြစ်သော်လည်း လူတိုင်းတွင နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတစ်ခုတည်းနှင့် လုံလောက်မည်မဟုတ်ပါ။ သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီဓာတ် မူမမှန်ခြင်း၊ အဝလွန်ခြင်း၊ နှလုံးသွေးကြောရောဂါ သို့မဟုတ် နာတာရှည်ကျောက်ကပ်ရောဂါ ရှိနေသူများတွင် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းသာမက လူတစ်ဦးချင်း၏ ရောဂါဖြစ်ပွားနိုင်ခြေနှင့် ရောဂါအခြေအနေပေါ် မူတည်၍ ဆေးဝါးကုသမှု (Pharmacological Treatment) များကိုပါ လိုအပ်နိုင်သည်။ ထိုသို့ဆေးဝါးကုသရာတွင် သက်သေအထောက်အထားအခြေပြု ဆေးဝါးကုသမှုများ (Evidence-Based Medical Treatment) များဖြင့် ကုသရန် လိုအပ်သည်။
ဥပမာအားဖြင့် အခြေအနေအလိုက်_
- သွေးတိုးကို ထိန်းချုပ်ရန် သွေးတိုးကျဆေးများ (Antihypertensive Medications)
- သွေးတွင်း ကိုလက်စထရောနှင့် နှလုံးသွေးကြောအန္တရာယ်ကို လျှော့ချရန် စတက်တင်ဆေးများ (Statins)
- ဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရုံသာမက နှလုံးနှင့် ကျောက်ကပ်ကိုပါ ကာကွယ်ပေးနိုင်သည့် ဆေးဝါးအုပ်စုများ ဖြစ်သော SGLT2 inhibitors နှင့် GLP-1 အခြေပြုကုထုံးများ (GLP-1-Based Therapies)
- ဆီးချိုနှင့် နာတာရှည်ကျောက်ကပ်ရောဂါရှိသူအချို့တွင် ကျောက်ကပ်နှင့် နှလုံးသွေးကြောအန္တရာယ်ကို လျှော့ချရန် အသုံးပြုသောဆေးဝါးများ (Renin–Angiotensin System Inhibitors – RAS Inhibitors) နှင့် အခြားသင့်လျော်သော ကုထုံးများကို အသုံးပြုနိုင်သည်။
မည်သည့်ဆေးကို မည်သည့်အချိန်တွင် စတင်သင့်သည် ဆိုသည်မှာ သွေးပေါင် သို့မဟုတ် သွေးတွင်းသကြားဓာတ်စသည့် ကိန်းဂဏန်းတစ်ခုတည်းအပေါ် မူတည်ခြင်းမဟုတ်ပါ။ လူတစ်ဦးချင်း၏ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ ရောဂါအခံများ၊ ကျောက်ကပ်လုပ်ငန်းဆောင်တာနှင့် နှလုံးသွေးကြောအန္တရာယ်တို့ကို ပေါင်းစပ်စဉ်းစားပြီး သင့်တော်သော ကုထုံးကို ရွေးချယ်ကုသခြင်းဖြစ်သည်။ ထို့ကြောင့် ဆေးဝါးများကို မိမိသဘောဆန္ဒအရ စတင်ခြင်း၊ ရပ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းများ မပြုလုပ်သင့်ဘဲ နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် တိုင်ပင်ပြီးမှသာ မိမိနှင့်ကိုက်ညီသော ကုသမှုကို ရွေးချယ်သင့်သည်။
ရောဂါအားလုံးအတွက် ပူးပေါင်းကုသမှု လိုအပ်ခြင်း
(Why Managing One Disease at a Time May Not Be Enough)
ဆီးချိုရှိသူတစ်ဦး၏ သွေးတွင်းသကြားဓာတ် ကောင်းမွန်လာခြင်းသည် အရေးကြီးသည်မှာမှန်သော်လည်း ထိုသူတွင် သွေးတိုးခြင်း၊ သွေးတွင်းအဆီဓာတ် မူမမှန်ခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း သို့မဟုတ် ကျောက်ကပ်ထိခိုက်ခြင်းတို့ ဆက်လက်ရှိနေပါက နှလုံးရောဂါနှင့် လေဖြတ်ခြင်းအပါအဝင် ဇီဝဖြစ်စဥ် အန္တရာယ်များသည် ဆက်လက်မြင့်မားနေနိုင်သည်။
အလားတူပင် သွေးပေါင်ချိန်ကိုသာ ထိန်းချုပ်ခြင်း၊ ကိုလက်စထရောကိုသာ လျှော့ချခြင်း သို့မဟုတ် ကျောက်ကပ်လုပ်ငန်းဆောင်တာကိုသာ စောင့်ကြည့်ခြင်းတို့သည်လည်း လူတစ်ဦး၏ အလုံးစုံသော ကျန်းမာရေးပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။ အကြောင်းမှာ အဆိုပါရောဂါများတွင် တူညီသော ရောဂါဖြစ်နိုင်ခြေများနှင့် ရောဂါဖြစ်ပေါ်စေသည့် ယန္တရားများ (Disease Mechanisms) ရှိနေပြီး တစ်ခုကတစ်ခု၏ အန္တရာယ်ကို တိုးမြှင့်ပေးနိုင်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် CKM ကျန်းမာရေးစောင့်ရှောက်မှု၏ အဓိကအမြင်မှာ မည်သည့်ရောဂါကို ကုသနေသည်ဟု ဆိုခြင်းထက် လူတစ်ဦး၏ နှလုံး–ကျောက်ကပ်–ဇီဝဖြစ်စဉ်ဆိုင်ရာ အန္တရာယ်များကို မည်သို့လျှော့ချမည်ကို စဉ်းစားခြင်းဖြစ်သည်။ ယင်းအတွက် သွေးတွင်းသကြားဓာတ်၊ သွေးပေါင်ချိန်၊ ကိုလက်စထရော၊ ကိုယ်အလေးချိန်၊ ဆေးလိပ်သုံးစွဲမှု၊ ကျောက်ကပ်ကျန်းမာရေးနှင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း ဖြစ်နိုင်ခြေတို့ကို တစ်စုတစ်စည်းတည်း အကဲဖြတ်၍ စီမံကုသရန် လိုအပ်သည်။
ရောဂါတစ်ခုချင်းစီကို သီးခြားစီကြည့်ရှုသည့် ပုံစံမျိုး မဟုတ်ဘဲလူတစ်ဦး၏ ကျန်းမာရေးကို ခြုံငုံကြည့်ရှုသည့် စောင့်ရှောက်မှုပုံစံသို့ ပြောင်းလဲခြင်းသည် CKM အယူအဆ၏ အရေးကြီးသော ရည်ရွယ်ချက်တစ်ခုဖြစ်သည်။ ထိုသို့ရောဂါများကို တစ်စုတစ်စည်းတည်း စီမံရန်အတွက် ဆရာဝန်တစ်ဦးတစ်ယောက်တည်း ကုသနေခြင်းထက်မတူညီသော အထူးကုဌာနအသီးသီးမှ ကျန်းမာရေးပညာရှင်များ ပူးပေါင်းဆောင်ရွက်သည့် စောင့်ရှောက်မှုပုံစံ လိုအပ်လာသည်။
ပူးပေါင်းကျန်းမာရေးစောင့်ရှောက်မှု
(Integrated Care: One Patient, One Team)
အထက်တွင်ဖော်ပြထားသည့် မကူးစက်နိုင်သောနာတာရှည်ရောဂါများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်နေသောကြောင့် ယင်းရောဂါများကို ထိရောက်စွာ ကာကွယ်ကုသရန် ပေါင်းစပ်ကျန်းမာရေးစောင့်ရှောက်မှု (Integrated Care) သည် လွန်စွာအရေးကြီးသည်။
ပေါင်းစပ်ကျန်းမာရေးစောင့်ရှောက်မှုဆိုသည်မှာ လူနာတစ်ဦးကို အထူးကုဆရာဝန်များစွာထံ ပို့ဆောင်ပြသခြင်းကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ လူနာတစ်ဦး၏ ကျန်းမာရေးလိုအပ်ချက်များကို အလုံးစုံခြုံငုံသုံးသပ်ပြီး ကာကွယ်ခြင်း၊ စောစီးစွာရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် ရေရှည်စောင့်ကြည့်ခြင်းတို့ကို တူညီသော ရည်မှန်းချက်များဖြင့် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြစ်သည်။
လူတစ်ဦး၏ လိုအပ်ချက်ပေါ်မူတည်၍ စောင့်ရှောက်မှုအဖွဲ့တွင်_
- မိသားစုဆရာဝန် (Family Physician)
- အခြေခံကျန်းမာရေးစောင့်ရှောက်မှု ဆရာဝန် (Primary Care Physician)
- ဆီးချိုနှင့် ဟော်မုန်းရောဂါအထူးကု (Endocrinologist / Diabetologist)
- နှလုံးအထူးကု (Cardiologist)
- ဦးနှောက်နှင့်အာရုံကြောအထူးကု (Neurologist)
- ကျောက်ကပ်အထူးကု (Nephrologist)
- အာဟာရပညာရှင် (Dietitian / Nutrition Professional)
- သူနာပြု (Nurse)
- ဆေးဝါးပညာရှင် (Pharmacist)
- ကျန်းမာရေးစောင့်ရှောက်မှု စီစဥ်ညှိနှိုင်းပေးသူ (Care Coordinator)
- ကိုယ်လက်လှုပ်ရှားမှုနှင့် ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကျန်းမာရေးပညာရှင်များ (Exercise / Rehabilitation Professionals)
- စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူပြောင်းလဲရေး အထောက်အပံ့ပေးသူများ (Behavioural Health Professionals)
- ပြည်သူ့ကျန်းမာရေးနှင့် လူမှုအသိုင်းအဝိုင်းဆိုင်ရာ ပံ့ပိုးသူများ (Public Health / Community Support) ပါဝင်နိုင်သည်။
သို့သော် လူနာတိုင်းအတွက် အထက်ပါပညာရှင်အားလုံး လိုအပ်သည်ဟု မဆိုလိုပါ။ အရေးကြီးသည်မှာ လူနာ၏ လိုအပ်ချက်အလိုက် သင့်လျော်သောပညာရှင်များ ပါဝင်လာခြင်းနှင့် ၎င်းတို့၏ စောင့်ရှောက်မှုများ အချင်းချင်း ချိတ်ဆက်ညှိနှိုင်းထားခြင်းဖြစ်သည်။
လက်ရှိ CKM လမ်းညွှန်ချက်များတွင်လည်း ဆီးချို၊ ကျောက်ကပ်ရောဂါနှင့် နှလုံးသွေးကြောရောဂါများ တစ်ပြိုင်နက်ဖြစ်ပွားနေသူများအတွက် ပညာရပ်စုံပူးပေါင်းစောင့်ရှောက်မှုအဖွဲ့ (Interdisciplinary care team) ကို အလေးပေးထားသည်။ ထိုအဖွဲ့တွင် မတူညီသော အထူးကုနယ်ပယ်များအကြား ကုသစောင့်ရှောက်မှုများကို ချောမွေ့စွာ ချိတ်ဆက်ပေးနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှု စီစဥ်ညှိနှိုင်းပေးသူ (Care coordinator) တစ်ဦး ပါဝင်ရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ရည်ရွယ်ချက်မှာ “ဆရာဝန်များစွာ၊ ကုသမှုများစွာ” ဖြစ်စေရန်မဟုတ်ဘဲ “လူနာတစ်ဦး၊ ရည်မှန်းချက်တစ်ခု၊ ချိတ်ဆက်ညှိနှိုင်းထားသော စောင့်ရှောက်မှုအဖွဲ့တစ်ဖွဲ့” ဖြစ်လာစေရန်ဖြစ်သည်။
လူနာကိုယ်တိုင်ပါဝင်မှု
(The Patient Is the Most Important Member of the Team)
ပေါင်းစပ်ကျန်းမာရေးစောင့်ရှောက်မှုတွင် ဆရာဝန်များနှင့် အခြားကျန်းမာရေးပညာရှင်များ ပူးပေါင်းလုပ်ဆောင်ခြင်းသာမက လူနာကိုယ်တိုင် တက်ကြွစွာ ပါဝင်ခြင်းသည်လည်း အလွန်အရေးကြီးသည်။ ပေါင်းစပ်ကျန်းမာရေးစောင့်ရှောက်မှု၏ အဓိကအယူအဆမှာ “လူနာအတွက်” စောင့်ရှောက်မှုပေးခြင်းသာမက “လူနာနှင့်အတူ” စောင့်ရှောက်မှုကို ဖော်ဆောင်ခြင်းဖြစ်သည်။
ဆီးချို၊ သွေးတိုးနှင့် CKM ဆိုင်ရာ အန္တရာယ်များသည် တစ်ကြိမ်တည်း ကုသရုံနှင့် ပြီးဆုံးသွားသည့် ပြဿနာများ မဟုတ်ပါ။ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု၊ ကိုယ်အလေးချိန်၊ ဆေးလိပ်သုံးစွဲမှု၊ ဆေးဝါးပုံမှန်သောက်သုံးမှုနှင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတို့သည် နေ့စဉ်ဘဝနှင့် ရေရှည်ဆက်စပ်နေသောအရာများ ဖြစ်သည်။
ထို့ကြောင့် လူနာတစ်ဦးအနေဖြင့်_
- မိမိတွင် ရှိနေသော ရောဂါဖြစ်နိုင်ခြေနှင့် ရောဂါအခြေအနေများးကို သိရှိနားလည်ခြင်း
- သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရောနှင့် ကျောက်ကပ်ကျန်းမာရေးတို့ကို လိုအပ်သလို စောင့်ကြည့်စစ်ဆေးခြင်း
- ကုသမှု၏ ရည်ရွယ်ချက်နှင့် မိမိသောက်သုံးနေသော ဆေးဝါးများကို နားလည်ခြင်း
- မိမိအတွက် လက်တွေ့ကျပြီး သက်ဆိုင်ရာဆရာဝန်များမှ လမ်းညွှန်ထားသော ရေရှည်လုပ်ဆောင်နိုင်သည့် နေထိုင်မှုပုံစံ ပြောင်းလဲမှုများကို လိုက်နာလုပ်ဆောင်ခြင်း
- ဆေးဝါးများကို ညွှန်ကြားထားသည့်အတိုင်း သုံးစွဲခြင်းနှင့် ပုံမှန်ပြန်လည်စစ်ဆေးခြင်း
- ကုသမှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များတွင် မိမိ၏ လိုအပ်ချက်၊ ဦးစားပေးမှုနှင့် အခြေအနေများကို ကျန်းမာရေးအဖွဲ့နှင့် မျှဝေခြင်းတို့သည် အရေးကြီးသည်။
ဤကဲ့သို့ လူနာနှင့် ကျန်းမာရေးပညာရှင်များက အချက်အလက်များကို မျှဝေ၍ ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို အတူတကွ ချမှတ်ခြင်းကို ပူးပေါင်းဆုံးဖြတ်ခြင်း (Shared Decision-making) ဟုခေါ်သည်။
အချုပ်အားဖြင့်ဆိုသော် မကူးစက်နိုင်သော နာတာရှည်ရောဂါများသည် တစ်ရက်တည်းနှင့် ရုတ်တရက် ဖြစ်ပေါ်လာသည့် ပြဿနာများ မဟုတ်ပါ။ ရောဂါဖြစ်နိုင်ခြေများသောအချက်များသည် နှစ်ပေါင်းများစွာ တဖြည်းဖြည်း စုပေါင်းလာပြီး နောက်ဆုံးတွင် ရောဂါနှင့် ကိုယ်တွင်းအင်္ဂါထိခိုက်မှုများအဖြစ် ပေါ်ပေါက်လာနိုင်သည်။ ထို့ကြောင့် ရောဂါဖြစ်လာသည်အထိ စောင့်ဆိုင်းနေစရာမလိုဘဲ မိမိ၏ကျန်းမာရေးအတွက် ယနေ့မှစ၍ အောက်ပါအချက်များကို လိုက်နာလုပ်ဆောင်ရန် လိုအပ်သည်။
- မိမိ၏ အန္တရာယ်ကို သိရှိပါ
သွေးပေါင်ချိန်၊ ကိုယ်အလေးချိန်၊ သွေးတွင်းသကြားဓာတ်နှင့် ကိုလက်စထရောအပါအဝင် မိမိ၏ အရေးကြီးသော ကျန်းမာရေးအန္တရာယ်အချက်များကို သိရှိထားသင့်သည်။ - သင့်လျော်သည့် ကျန်းမာရေးစစ်ဆေးမှုများကို စောစီးစွာ ပြုလုပ်ပါ
မိမိ၏ အသက်၊ မိသားစုရာဇဝင်နှင့် ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီဓာတ်နှင့် ကျောက်ကပ်ကျန်းမာရေးတို့ကို သင့်လျော်သောအချိန်တွင် စစ်ဆေးပါ။ - ကျန်းမာသော နေထိုင်မှုပုံစံကို နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကျင့်သုံးပါ
ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားခြင်း၊ သင့်လျော်သောကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ ဆေးလိပ်နှင့် နီကိုတင်းကို ရှောင်ကြဉ်ခြင်းနှင့် အိပ်စက်မှုကို ဂရုစိုက်ခြင်းတို့ကို ရေရှည်လုပ်ဆောင်ပါ။ - ရှိပြီးသားရောဂါတစ်ခုတည်းကိုသာ မကြည့်ပါနှင့်
ဆီးချိုရှိလျှင် သွေးတွင်းသကြားဓာတ်တစ်ခုတည်း၊ သွေးတိုးရှိလျှင် သွေးပေါင်ချိန်တစ်ခုတည်းကိုသာ အာရုံမစိုက်ဘဲ နှလုံး၊ လေဖြတ်ခြင်း၊ ကျောက်ကပ်နှင့် အခြား CKM အန္တရာယ်များကိုပါ ခြုံငုံစဉ်းစားပါ။ - ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ရောဂါတို့ကို သီးခြားရောဂါများအဖြစ်သာ မမြင်သင့်တော့ပါ၊ ၎င်းတို့သည် တူညီသော အန္တရာယ်အချက်များစွာကို မျှဝေပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန် သက်ရောက်နေကြသော ကျန်းမာရေးပြဿနာများဖြစ်သည်
ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ရောဂါဖြစ်လာမှ တစ်ခုချင်းစီကို ကုသခြင်းထက် အန္တရာယ်ကို စောစီးစွာသိရှိခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ရှိပြီးသား အန္တရာယ်များအားလုံးကို တစ်စုတစ်စည်းတည်း စစ်ဆေးကုသခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးပညာရှင်များ ပူးပေါင်း၍ လူနာဗဟိုပြု စောင့်ရှောက်မှုပေးခြင်း (Patient-Centred Integrated Care) ပင်ဖြစ်သည်။
References:
- Limonte, C. P., Pilla, S. J., & de Boer, I. H. (2025). Diabetes and chronic kidney disease. JAMA, 333(4), 343–344. https://doi.org/10.1001/jama.2024.24671
- Matsushita, K., Ballew, S. H., Wang, A. Y., et al. (2022). Epidemiology and risk of cardiovascular disease in populations with chronic kidney disease. Nature Reviews Nephrology, 18(11), 696–707. https://doi.org/10.1038/s41581-022-00616-6
- Mavromatis, L. A., & Grams, M. E. (2026). Epidemiology of cardiovascular–kidney–metabolic syndrome. Nature Reviews Nephrology. Advance online publication. https://doi.org/10.1038/s41581-026-01078-w
- Ndumele, C. E., Neeland, I. J., Tuttle, K. R., et al. (2023). A synopsis of the evidence for the science and clinical management of cardiovascular-kidney-metabolic (CKM) syndrome: A scientific statement from the American Heart Association. Circulation, 148(20), 1636–1664. https://doi.org/10.1161/CIR.0000000000001186
- Ndumele, C. E., Rangaswami, J., Chow, S. L., et al. (2023). Cardiovascular-kidney-metabolic health: A presidential advisory from the American Heart Association. Circulation, 148(20), 1606–1635. https://doi.org/10.1161/CIR.0000000000001184
- Ndumele, C. E., Rodriguez, F., Dixon, D. L., et al. (2026). 2026 AHA/ACC/ADA/ASN guideline for the prevention, detection, evaluation, and management of cardiovascular-kidney-metabolic syndrome: A report of the American College of Cardiology/American Heart Association Joint Committee on Clinical Practice Guidelines. Journal of the American College of Cardiology, 87(22 Suppl.), e1889–e2007. https://doi.org/10.1016/j.jacc.2026.03.056
- Vora, J., Cherney, D., Kosiborod, M. N., et al. (2024). Inter-relationships between cardiovascular, renal and metabolic diseases: Underlying evidence and implications for integrated interdisciplinary care and management. Diabetes, Obesity and Metabolism, 26(5), 1567–1581. https://doi.org/10.1111/dom.15485
Published: 2 September 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.