အရင်းအမြစ်တစ်ခုခုမှ စွမ်းအင်ကို လျှပ်စစ်သံလိုက်လှိုင်းများ (Electromagnetic waves) သို့မဟုတ် ရွေ့လျားနေသော အက်တမ်အောက်အမှုန်များ (Moving subatomic particles) အဖြစ် ထုတ်လွှတ်ခြင်းနှင့် ပျံ့နှံ့စေခြင်းဖြင့် ဓာတ်ရောင်ခြည် ထွက်ပေါ်လာသည်။
သဘာဝဓာတ်ရောင်ခြည် (Natural radiation) သည် မြေကြီး၊ ကျောက်လွှာ၊ ရေ၊ လေထုနှင့် လူ့ခန္ဓာကိုယ်အတွင်း သဘာဝအတိုင်း တည်ရှိနေသော ရေဒီယိုသတ္တိကြွပစ္စည်းများ (Radioactive materials) မှ ထွက်ပေါ်လာသည်။ ထို့ကြောင့် လူသားများသည် နေ့စဉ်ဘဝတွင် လေရှူခြင်း၊ အစားအစာစားသုံးခြင်းနှင့် ရေသောက်သုံးခြင်းတို့မှတစ်ဆင့် သဘာဝဓာတ်ရောင်ခြည် ပမာဏအနည်းငယ်နှင့် အမြဲထိတွေ့လျက်ရှိသည်။
လူလုပ်ဓာတ်ရောင်ခြည် (Artificial radiation) ထိတွေ့မှုအဖြစ်အများဆုံး အရင်းအမြစ်မှာ ဆေးဘက်ဆိုင်ရာ အသုံးပြုမှုများဖြစ်သည်။ ၎င်းတို့တွင် ဓာတ်မှန်ရိုက်ခြင်း (X-ray)၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan)၊ နျူကလီးယားဆေးပညာဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးမှုများနှင့် ကင်ဆာရောဂါကုသရာတွင် အသုံးပြုသော ဓာတ်ရောင်ခြည်ကုထုံး (Radiotherapy) တို့ပါဝင်သည်။
ဓာတ်ရောင်ခြည်အမျိုးအစားများ
ဓာတ်ရောင်ခြည်သည် အာကာသအတွင်း သို့မဟုတ် အရာဝတ္ထုများအတွင်း ဖြတ်သန်းပျံ့နှံ့နိုင်သော စွမ်းအင်တစ်မျိုးဖြစ်ပြီး အမှုန်များ (Particles) သို့မဟုတ် လှိုင်းများ (Waves) အဖြစ် တည်ရှိနိုင်သည်။
အမှုန်ပုံစံဖြင့် ထုတ်လွှတ်သော ဓာတ်ရောင်ခြည်များတွင် အယ်လ်ဖာအမှုန် (Alpha particles) နှင့် ဘီတာအမှုန် (Beta particles) တို့ ပါဝင်ပြီး ယင်းတို့ကို ရေဒီယိုသတ္တိကြွပစ္စည်းများမှ ထုတ်လွှတ်သည်။
လှိုင်းပုံစံဖြင့် ပျံ့နှံ့သော ဓာတ်ရောင်ခြည်များတွင် ရေဒီယိုလှိုင်းများ (Radio waves)၊ မိုက်ခရိုဝေ့လှိုင်းများ (Microwaves)၊ အနီအောက်ရောင်ခြည် သို့မဟုတ် အပူရောင်ခြည် (Infrared radiation)၊ မြင်နိုင်သောအလင်းရောင် (Visible light)၊ ခရမ်းလွန်ရောင်ခြည် (Ultraviolet radiation)၊ X-ray နှင့် ဂမ်မာရောင်ခြည် (Gamma rays) တို့ပါဝင်သည်။
ရေဒီယိုသတ္တိကြွပစ္စည်းများကို ရေဒီယိုနျူကလိဒ်များ (Radionuclides) သို့မဟုတ် ရေဒီယိုအိုင်ဆိုတုပ်များ (Radioisotopes) ဟုလည်း ခေါ်သည်။ ယင်းတို့သည် မတည်ငြိမ်သော အက်တမ်များဖြစ်ပြီး ပိုမိုတည်ငြိမ်သော အခြေအနေသို့ ပြောင်းလဲသည့်အခါ စွမ်းအင်ကို ဓာတ်ရောင်ခြည်အဖြစ် ထုတ်လွှတ်ကြသည်။
ဓာတ်ရောင်ခြည်ကို အရာဝတ္ထုများနှင့် ထိတွေ့သောအခါ အိုင်ယွန်းများ ဖြစ်ပေါ်စေနိုင်မှုအပေါ်မူတည်၍ အိုင်ယွန်းဖြစ်စေနိုင်သော ဓာတ်ရောင်ခြည် (Ionizing radiation) နှင့် အိုင်ယွန်းမဖြစ်စေနိုင်သော ဓာတ်ရောင်ခြည် (Non-ionizing radiation) ဟူ၍ အဓိကနှစ်မျိုး ခွဲခြားနိုင်သည်။ (အိုင်ယွန်းဆိုသည်မှာ အက်တမ် သို့မဟုတ် မော်လီကျူးတစ်ခုမှ အီလက်ထရွန်တစ်ခု သို့မဟုတ် အများအပြား ဆုံးရှုံးခြင်း သို့မဟုတ် ရရှိခြင်းကြောင့် လျှပ်စစ်ဓာတ်ဆောင်လာသော အမှုန်ကို ဆိုလိုသည်)
အိုင်ယွန်းဖြစ်စေနိုင်သော ဓာတ်ရောင်ခြည်များ (Ionizing radiation)
အိုင်ယွန်းဖြစ်စေနိုင်သော ဓာတ်ရောင်ခြည်များသည် အက်တမ်များမှ အီလက်ထရွန်များကို ဖယ်ရှားနိုင်လောက်အောင် စွမ်းအင်မြင့်မားပြီး ဆဲလ်များနှင့် မျိုးဗီဇပစ္စည်းဖြစ်သော DNA ကို ထိခိုက်စေနိုင်သည်။ ယင်းတို့တွင် အောက်ပါတို့ပါဝင်သည်။
- အယ်လ်ဖာအမှုန် (Alpha particles)
- ဘီတာအမှုန် (Beta particles)
- X-ray
- ဂမ်မာရောင်ခြည် (Gamma rays)
အိုင်ယွန်းမဖြစ်စေနိုင်သော ဓာတ်ရောင်ခြည်များ (Non-ionizing radiation)
အိုင်ယွန်းမဖြစ်စေနိုင်သော ဓာတ်ရောင်ခြည်များသည် အက်တမ်များမှ အီလက်ထရွန်များကို ဖယ်ရှားနိုင်လောက်အောင် စွမ်းအင်မမြင့်မားသော်လည်း ထိတွေ့သည့်ပမာဏ၊ ကြာချိန်နှင့် ဓာတ်ရောင်ခြည်အမျိုးအစားပေါ် မူတည်၍ အပူလောင်ခြင်း သို့မဟုတ် တစ်ရှူးထိခိုက်ခြင်းများ ဖြစ်စေနိုင်သည်။ ယင်းတို့တွင် အောက်ပါတို့ပါဝင်သည်။
- ရေဒီယိုလှိုင်းများ (Radio waves)
- မိုက်ခရိုဝေ့လှိုင်းများ (Microwaves)
- အနီအောက်ရောင်ခြည် သို့မဟုတ် အပူရောင်ခြည် (Infrared radiation)
- မြင်နိုင်သောအလင်းရောင် (Visible light)
- ခရမ်းလွန်ရောင်ခြည် (Ultraviolet radiation)
ဓာတ်ရောင်ခြည်နှင့်ထိတွေ့မှု
ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုသည် အောက်ပါအခြေအနေများမှ ဖြစ်ပေါ်လာနိုင်သည်။
- သဘာဝအရင်းအမြစ်များ (ဥပမာ – နေအိမ်များအတွင်းရှိ ရေဒွန်ဓာတ်ငွေ့ – Radon gas)
- စနစ်တကျ ကြိုတင်ပြင်ဆင်ထားသော အခြေအနေများ (ဥပမာ – ဆေးဘက်ဆိုင်ရာ ကုသမှုများ၊ လုပ်ငန်းခွင်ဆိုင်ရာ ထိတွေ့မှုများ) သို့မဟုတ်
- မတော်တဆဖြစ်ပွားသော အခြေအနေများ (ဥပမာ – ရေဒီယိုသတ္တိကြွပစ္စည်း ယိုစိမ့်မှု)
ထို့အပြင် ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုတွင် ခန္ဓာကိုယ်ပြင်ပမှ ထိတွေ့မှု (အရေပြား၊ ဆံပင် သို့မဟုတ် အဝတ်အစားများတွင် ရေဒီယိုသတ္တိကြွပစ္စည်းများ ကပ်ငြိမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ)၊ ခန္ဓာကိုယ်အတွင်းပိုင်းမှ ထိတွေ့မှု (ရှူရှိုက်မိခြင်း၊ မျိုချမိခြင်း သို့မဟုတ် ဒဏ်ရာမှတစ်ဆင့် ဝင်ရောက်ခြင်း) သို့မဟုတ် နှစ်မျိုးစလုံးပေါင်းစပ်ထိတွေ့မှုတို့ ပါဝင်နိုင်သည်။
ဓာတ်ရောင်ခြည်၏ ကျန်းမာရေးအပေါ် သက်ရောက်ပုံ
ဓာတ်ရောင်ခြည်ကို အလွန်အကျွံထိတွေ့မိပါက ထိတွေ့မိသော ရောင်ခြည်ပမာဏ (radiation dose) ပေါ်မူတည်၍ သက်ရှိတစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးစေနိုင်သည်။ ထိုသို့ထိခိုက်ပျက်စီးနိုင်ခြေသည် အောက်ဖော်ပြပါ အချက်များစွာအပေါ်တွင် မူတည်သည်။
- ထိတွေ့သည့် ဓာတ်ရောင်ခြည်အမျိုးအစား
- ထိတွေ့ခံရသော တစ်ရှူးနှင့် ကိုယ်တွင်းအင်္ဂါများ၏ တုံ့ပြန်လွယ်မှု၊ ထိခိုက်လွယ်မှု
- ဓာတ်ရောင်ခြည်နှင့် ထိတွေ့သည့် နည်းလမ်း (route of exposure) နှင့် ထိတွေ့သည့် ကြာချိန် (duration of exposure)
- ပါဝင်သည့် ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်များ (radioactive isotopes)
- ဓာတ်ရောင်ခြည်နှင့် ထိတွေ့မိသူ၏ တစ်ဦးချင်းဆိုင်ရာအခြေအနေများ (ဥပမာ အသက်၊ ကျား/မ၊ အခြေခံကျန်းမာရေးအခြေအနေ)
ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ်သည် ဓာတ်ရောင်ခြည်ပမာဏအပေါ်တွင် မူတည်သည်။ ဓာတ်ရောင်ခြည်ပမာဏ မြင့်လေလေ ကျန်းမာရေးဆိုးကျိုးဖြစ်နိုင်ခြေ ပိုမိုမြင့်မားလေလေ ဖြစ်သည်။ ဓာတ်ရောင်ခြည် ပမာဏနည်းပါက သို့မဟုတ် အချိန်ကြာမြင့်စွာ တဖြည်းဖြည်းချင်းထိတွေ့ပါက ဆဲလ်များနှင့် မော်လီကျူးများ၏ ထိခိုက်ပျက်စီးမှုများကို ခန္ဓာကိုယ်မှ သဘာဝအတိုင်း ပြန်လည်ပြုပြင်ပေးသောကြောင့် ကျန်းမာရေးဆိုးကျိုးဖြစ်ပေါ်နိုင်ခြေ နည်းပါးသည်။
အိုင်ယွန်းဖြစ်စေနိုင်သော ဓာတ်ရောင်ခြည် (Ionizing radiation) ၏ ကျန်းမာရေးအပေါ် သက်ရောက်ပုံ
- အိုင်ယွန်းဖြစ်စေနိုင်သော ဓာတ်ရောင်ခြည်များသည် အက်တမ်များမှ အီလက်ထရွန်များကို ဖယ်ရှားနိုင်လောက်အောင် စွမ်းအင်မြင့်မားသောကြောင့် လူ့ခန္ဓာကိုယ်ရှိ ဆဲလ်များနှင့် မျိုးဗီဇပစ္စည်း (DNA) ကို ထိခိုက်ပျက်စီးစေနိုင်သည်
- DNA သည် ဆဲလ်များ၏ ကြီးထွားမှု၊ ခွဲထွက်မှုနှင့် ပုံမှန်လုပ်ငန်းဆောင်တာများကို ထိန်းချုပ်ပေးသည့် မျိုးဗီဇဆိုင်ရာအချက်အလက်များကို သယ်ဆောင်ထားသော မော်လီကျူးဖြစ်သည်၊ အိုင်ယွန်းဖြစ်စေနိုင်သော ဓာတ်ရောင်ခြည်သည် DNA ကို ချိုးဖျက်ခြင်း သို့မဟုတ် ဓာတုဖွဲ့စည်းပုံ ပြောင်းလဲစေခြင်းတို့ကို ဖြစ်စေနိုင်သည်
- ခန္ဓာကိုယ်သည် DNA ပျက်စီးမှုအများစုကို သဘာဝအတိုင်း ပြန်လည်ပြုပြင်နိုင်သော်လည်း ပျက်စီးမှုများပြားခြင်း သို့မဟုတ် မပြည့်စုံစွာ ပြုပြင်နိုင်ခြင်းတို့ ဖြစ်ပေါ်ပါက ဆဲလ်များ၏ ပုံမှန်လုပ်ငန်းဆောင်တာများ ထိခိုက်စေနိုင်ပြီး ရေရှည်တွင် ကင်ဆာအပါအဝင် အချို့သောရောဂါများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သည်
အိုင်ယွန်းမဖြစ်စေနိုင်သော ဓာတ်ရောင်ခြည် (Non-ionizing radiation) ၏ ကျန်းမာရေးအပေါ် သက်ရောက်ပုံ
- အိုင်ယွန်းမဖြစ်စေနိုင်သော ဓာတ်ရောင်ခြည်များသည် အက်တမ်များမှ အီလက်ထရွန်များကို ဖယ်ရှားနိုင်လောက်အောင် စွမ်းအင်မမြင့်မားသဖြင့် အိုင်းယွန်းဖြစ်စေနိုင်သော ဓာတ်ရောင်ခြည်များကဲ့သို့ DNA ကို တိုက်ရိုက်ထိခိုက်နိုင်စွမ်း မရှိပါ
- သို့သော် အချို့သော ဓာတ်ရောင်ခြည်များသည် အရာဝတ္ထုများနှင့် ခန္ဓာကိုယ်တစ်ရှူးများကို အပူပေးနိုင်သည်၊ ဥပမာအားဖြင့် မိုက်ခရိုဝေ့လှိုင်းများ (Microwaves) သည် ရေမော်လီကျူးများကို လှုပ်ရှားစေ၍ အပူထွက်စေသဖြင့် အစားအစာများကို အပူပေးနိုင်သည်
- လူအများစုသည် နေ့စဉ်ဘဝတွင် အိုင်ယွန်းမဖြစ်စေနိုင်သော ဓာတ်ရောင်ခြည်များနှင့် ပမာဏအနည်းငယ်သာ ထိတွေ့လျက်ရှိပြီး ယင်းပမာဏများသည် ကျန်းမာရေးကို ထိခိုက်စေကြောင်း အထောက်အထားမရှိသေးပါ
- သို့သော် အလွန်ပြင်းထန်သော အိုင်ယွန်းမဖြစ်စေနိုင်သော ဓာတ်ရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ပါက တစ်ရှူးများ အပူလွန်ကဲ၍ လောင်ကျွမ်းခြင်း သို့မဟုတ် ထိခိုက်ပျက်စီးခြင်းများ ဖြစ်နိုင်သည်၊ ဤသို့သော အခြေအနေများမှာ အဓိကအားဖြင့် စက်မှုလုပ်ငန်းများ သို့မဟုတ် အားကောင်းသော ဓာတ်ရောင်ခြည်အရင်းအမြစ်များနှင့် လုပ်ကိုင်ရသည့်အလုပ်ခွင်များတွင်သာ တွေ့ရလေ့ရှိသည်
ခရမ်းလွန်ရောင်ခြည် (Ultraviolet radiation)
- ခရမ်းလွန်ရောင်ခြည်သည် နေရောင်ခြည်၏ သဘာဝအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပမာဏသင့်တင့်စွာ ထိတွေ့ခြင်းသည် ခန္ဓာကိုယ်အတွင်း ဗီတာမင် D ထုတ်လုပ်ရန် အထောက်အကူပြုသည်
- သို့သော် ခရမ်းလွန်ရောင်ခြည်နှင့် အချိန်ကြာမြင့်စွာ သို့မဟုတ် ပမာဏလွန်ကဲစွာ ထိတွေ့ပါက အရေပြားလောင်ကျွမ်းခြင်း၊ အရေပြား စောစီးစွာ အိုမင်းရင့်ရော်ခြင်း၊ မျက်စိထိခိုက်ပျက်စီးခြင်းနှင့် အရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်တက်ခြင်းတို့ကို ဖြစ်စေနိုင်သည်
- ထို့ကြောင့် ပြင်းထန်သော နေရောင်အောက်တွင် အချိန်ကြာမြင့်စွာ မနေခြင်း၊ အကာအကွယ်အဝတ်အစားများ ဝတ်ဆင်ခြင်းနှင့် နေရောင်ကာခရင်မ် အသုံးပြုခြင်းတို့ဖြင့် ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကို လျှော့ချသင့်သည်
ဓာတ်ရောင်ခြည်ထိတွေ့မှုကြောင့် လတ်တလော ကျန်းမာရေးထိခိုက်မှု (acute health effects)
ဓာတ်ရောင်ခြည်ပမာဏ အလွန်မြင့်မားစွာ ထိတွေ့မိပါက တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်ပြီး အောက်ဖော်ပြပါ လတ်တလောကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်။
- ပျို့အန်ခြင်း
- အရေပြားနီရဲလာခြင်း
- ဆံပင်ကျွတ်ခြင်း
- ရုတ်တရက် ဓာတ်ရောင်ခြည်သင့်ရောဂါစု (acute radiation syndrome) ခံစားရခြင်း
- ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် ထိခိုက်ဒဏ်ရာရခြင်း (ဓာတ်ရောင်ခြည် လောင်ကျွမ်းမှု)
- သေဆုံးခြင်း ဖြစ်ပေါ်သည်အထိ ပြင်းထန်သော သက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။
ဓာတ်ရောင်ခြည်ဆိုင်ရာ သို့မဟုတ် နျူးကလီးယား အရေးပေါ်အခြေအနေများ ဖြစ်ပွားသည့်အခါ ကနဦးကယ်ဆယ်ရေးဝန်းထမ်းများနှင့် ထိခိုက်မှုဖြစ်ပွားသည့် စက်ရုံမှဝန်ထမ်းများ (ဥပမာ – နျူးကလီးယား ဓာတ်အားပေးစက်ရုံဝန်ထမ်းများ) သည် လတ်တလော ကျန်းမာရေးထိခိုက်မှုများကို ဖြစ်စေနိုင်လောက်အောင် မြင့်မားသော ဓာတ်ရောင်ခြည်ပမာဏနှင့် ထိတွေ့နိုင်ခြေ ပိုမိုမြင့်မားသည်။ အများပြည်သူများအနေဖြင့် အထက်တွင်ဖော်ပြထားသော လတ်တလောကျန်းမာရေးထိခိုက်မှုများကို ဖြစ်စေနိုင်လောက်သော ဓာတ်ရောင်ခြည်ပမာဏမြင့်မားစွာ ထိတွေ့ရနိုင်ခြေ နည်းပါးသည်။ ဓာတ်ရောင်ခြည်အရေးပေါ်အခြေအနေ ဖြစ်ပွားပါက ဒေသဆိုင်ရာ အာဏာပိုင်များ၏ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပြီး ဓာတ်ရောင်ခြည်ထိတွေ့မှုကို လျှော့ချနိုင်ရန် အရေးပေါ်ကာကွယ်ရေးဆောင်ရွက်ချက်များကို အချိန်မီလိုက်နာဆောင်ရွက်သင့်သည်။
ဓာတ်ရောင်ခြည်ထိတွေ့မှုကြောင့် နာတာရှည်ကျန်းမာရေးထိခိုက်မှု (long-term effects)
ဓာတ်ရောင်ခြည်ပမာဏကို လွန်ကဲစွာ ထိတွေ့မှုရှိခြင်းသည် ရေရှည်တွင် အချို့သော ကင်ဆာအမျိုးအစားအချို့ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို တိုးမြင့်စေနိုင်သည်။ နျူးကလီးယား သို့မဟုတ် ရေဒီယိုသတ္တိကြွအရေးပေါ်အခြေအနေများ ဖြစ်ပွားသောအခါ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းသည် ပတ်ဝန်းကျင်သို့ လွတ်မြောက်လာနိုင်ပြီး ၄င်းတို့ကို ရှူသွင်းမိခြင်း သို့မဟုတ် မျိုချမိခြင်းရှိပါက သိုင်းရွိုက်ဂလင်းတွင် စုဝေးတည်ရှိလာပြီး အသက် (၁၈) နှစ်အတွင်းရှိ ကလေးများနှင့် လူငယ်များတွင် သိုင်းရွိုက်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်သည်။
ဓာတ်ရောင်ခြည်ထိတွေ့မှုနှင့် ကင်ဆာရောဂါဖြစ်နိုင်ခြေ
ဓာတ်ရောင်ခြည်ပမာဏ နည်းနည်းဖြင့် ထိတွေ့မှုရှိခြင်းသည် လတ်တလောကျန်းမာရေးထိခိုက်မှုများကို မဖြစ်နိုင်ပေ။ သို့သော် ဘဝတစ်သက်တာတွင် ကင်ဆာဖြစ်ပွားနိုင်ခြေကို အနည်းငယ် တိုးမြင့်စေနိုင်သည်။ ရရှိသော ဓာတ်ရောင်ခြည်ပမာဏမြင့်လေလေ ကင်ဆာဖြစ်နိုင်ခြေ ပိုမိုမြင့်မားလေလေဖြစ်ပြီး ပမာဏနည်းလေလေ ကင်ဆာဖြစ်နိုင်ခြေနည်းလေလေ ဖြစ်သည်။ ပုံမှန်နေ့စဥ်ဘဝတွင် ထိတွေ့ရသော နောက်ခံရောင်ခြည် သို့မဟုတ် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများမှ ရရှိသော ဓာတ်ရောင်ခြည်ပမာဏ အများစုသည် အလွန်နည်းပါးသော ပမာဏဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ရရှိနိုင်သော အကျိုးကျေးဇူးများသည် ရောင်ခြည်၏ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များထက်များစွာ ပိုမိုသာလွန်သည်။
ဓာတ်ရောင်ခြည်နှင့် ကလေးသူငယ်များ
ကလေးသူငယ်များသည် လူကြီးများထက် ဓာတ်ရောင်ခြည်ထိတွေ့မှုကြောင့် ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်နိုင်ခြေ ပိုမိုမြင့်မားသည်။ ကလေးများ၏ ခန္ဓာကိုယ်သည် ကြီးထွားဖွံ့ဖြိုးနေဆဲဖြစ်ပြီး လူကြီးများနှင့် နှိုင်းယှဥ်ပါက ၄င်းတို့တွင် လျှင်မြန်စွာကွဲပွားနေသော ဆဲလ် (rapidly dividing cells) အရေအတွက် ပိုမိုများပြားသောကြောင့်ဖြစ်သည်။ ထိုသို့ လျှင်မြန်စွာ ကွဲပွားနေသောဆဲလ်များသည် ဓာတ်ရောင်ခြည်၏ သက်ရောက်မှုကို ပိုမိုခံစားလွယ်ပြီး ထိခိုက်ပျက်စီးလွယ်သောကြောင့် အနာဂတ်တွင် ကင်ဆာရောဂါများ ဖြစ်ပွားလာသည်အထိ ဦးတည်သွားနိုင်သည်။ ထို့ပြင် ကလေးငယ်များသည် လူကြီးများထက် ကျန်ရှိနေသော သက်တမ်းပိုမိုရှည်လျားသည့်အတွက် ကင်ဆာရောဂါစတင်ဖြစ်ပေါ်လာရန်နှင့် ရောဂါလက္ခဏာများ ပေါ်ပေါက်လာရန် အချိန်ပိုမိုရရှိကြသည်။
ဓာတ်ရောင်ခြည် သို့မဟုတ် နျူကလီးယား အရေးပေါ်အခြေအနေ
ဓာတ်ရောင်ခြည်အရေးပေါ်အခြေအနေဆိုသည်မှာ လူ့အသက်၊ ကျန်းမာရေး၊ ပစ္စည်းဥစ္စာ သို့မဟုတ် ပတ်ဝန်းကျင်အပေါ် ရေဒီယိုသတ္တိကြွပစ္စည်းများကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်ကို လျှော့ချရန် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရသည့် ပုံမှန်မဟုတ်သော ဖြစ်ရပ်တစ်ခုကို ဆိုလိုသည်။ ယင်းအခြေအနေများသည် နျူကလီးယားဓာတ်အားပေးစက်ရုံ မတော်တဆမှု၊ ရေဒီယိုသတ္တိကြွပစ္စည်း ယိုစိမ့်မှု၊ သယ်ယူပို့ဆောင်ရေး သို့မဟုတ် လုပ်ငန်းခွင်မတော်တဆမှုနှင့် ရေဒီယိုသတ္တိကြွပစ္စည်းများကို တမင်ဖြန့်ကြဲသည့် ဖြစ်ရပ်တို့ကြောင့် ဖြစ်ပေါ်နိုင်သည်။
အရေးပေါ်အခြေအနေတွင် ရေဒီယိုသတ္တိကြွပစ္စည်းများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့လာပါက လူတစ်ဦးသည် ခန္ဓာကိုယ်ပြင်ပမှ ဓာတ်ရောင်ခြည်ထိတွေ့ခြင်း၊ အရေပြား၊ ဆံပင် သို့မဟုတ် အဝတ်အစားပေါ်တွင် ရေဒီယိုသတ္တိကြွအမှုန်များ ကပ်ငြိခြင်း၊ သို့မဟုတ် ရှူရှိုက်မိခြင်း၊ မျိုချမိခြင်းနှင့် ဒဏ်ရာမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းတို့ ဖြစ်နိုင်သည်။
ဓာတ်ရောင်ခြည်ပမာဏ အလွန်မြင့်မားစွာ ထိတွေ့မိပါက တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးနိုင်ပြီး အထက်တွင်ဖေါ်ပြခဲ့သော လတ်တလောနှင့် နာတာရှည်ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်။
အရေးပေါ်အခြေအနေတွင် လိုက်နာရမည့် အခြေခံအချက် ၃ ချက်
- အဆောက်အအုံအတွင်းသို့ အမြန်ဝင်ပါ (Get inside)
- အပြင်ဘက် သို့မဟုတ် မော်တော်ယာဉ်အတွင်း ရှိနေစဉ် ဓာတ်ရောင်ခြည်အရေးပေါ်အခြေအနေ ဖြစ်ပွားပါက အနီးဆုံးရှိ ခိုင်ခံ့သော အဆောက်အအုံအတွင်းသို့ အမြန်ဆုံး ဝင်ရောက်ပါ
- မော်တော်ယာဉ်သည် လုံလောက်သော အကာအကွယ်မပေးနိုင်သဖြင့် ဖြစ်နိုင်ပါက ကားအတွင်း၌ မနေသင့်ပါ
- အဆောက်အအုံအတွင်း ဝင်ရောက်ပြီးပါက မြေအောက်ခန်း သို့မဟုတ် အဆောက်အအုံ၏ အလယ်ဗဟိုပိုင်းသို့ သွားပါ
- ပြတင်းပေါက်များ၊ အပြင်နံရံများနှင့် အမိုးမှ တတ်နိုင်သမျှ ဝေးဝေးနေပါ
- အဆောက်အအုံအတွင်းတွင် ဆက်လက်နေပါ (Stay inside)
အရေးပေါ်တာဝန်ရှိသူများက အပြင်ထွက်ရန် ဘေးကင်းကြောင်း မကြေညာမချင်း အဆောက်အအုံအတွင်း၌သာ ဆက်လက်နေထိုင်ပါ။ လိုအပ်ပါက အနည်းဆုံး ၂၄ နာရီခန့် အတွင်း၌ ဆက်လက်နေထိုင်ရန် ညွှန်ကြားနိုင်သော်လည်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ညွှန်ကြားချက်ကိုသာ အဓိကလိုက်နာရမည်။
အဆောက်အအုံအတွင်း ရှိနေစဉ် အောက်ပါအချက်များကို လိုက်နာပါ။- ပြတင်းပေါက်များနှင့် အပြင်ဘက်တံခါးများကို ပိတ်၍ ဖြစ်နိုင်ပါက သော့ခတ်ထားပါ
- ပြတင်းပေါက်မရှိသော အခန်း၊ မြေအောက်ခန်း သို့မဟုတ် အဆောက်အအုံ၏ အလယ်ပိုင်းတွင် နေပါ
- ပြင်ပလေကို အတွင်းသို့ စုပ်သွင်းသည့် ပန်ကာ၊ လေအေးပေးစက်၊ အပူပေးစက်နှင့် လေဝင်လေထွက်စနစ်များကို ပိတ်ထားပါ
- မီးခိုးခေါင်းတိုင်ရှိပါက လေဝင်ပေါက်ကို ပိတ်ထားပါ
- အရေးပေါ်တာဝန်ရှိသူများ မညွှန်ကြားမချင်း အခြားသူများကို သွားရောက်ခေါ်ယူရန် အပြင်မထွက်ပါနှင့်
- သတင်းအချက်အလက်များကို ဆက်လက်နားထောင်ပြီး လိုက်နာပါ (Stay tuned)
ရေဒီယို၊ ရုပ်မြင်သံကြား၊ မိုဘိုင်းဖုန်း၊ တရားဝင်လူမှုကွန်ရက်စာမျက်နှာများနှင့် အစိုးရသတင်းဌာနများမှ ထုတ်ပြန်သော နောက်ဆုံးရ သတင်းအချက်အလက်များကို ဆက်လက်နားထောင်ပါ။
ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရမည့်အချိန်၊ မည်သည့်လမ်းကြောင်းကို အသုံးပြုရမည်၊ မည်သည့်အစားအစာနှင့် ရေကို ရှောင်ကြဉ်ရမည်၊ ပိုတက်စီယမ်အိုင်အိုဒိုက်ဆေး သောက်ရန်လိုအပ်ခြင်းရှိမရှိနှင့် အပြင်ထွက်ရန် ဘေးကင်းသည့်အချိန်တို့ကို တာဝန်ရှိသူများက ထုတ်ပြန်ပေးမည်ဖြစ်သည်။
အပြင်ဘက်မှ ဝင်လာပြီးနောက် သန့်စင်ခြင်း
အရေးပေါ်ဖြစ်ပွားစဉ် အပြင်ဘက်တွင် ရှိခဲ့ပါက အဆောက်အအုံအတွင်း ဝင်ရောက်ပြီးနောက် အောက်ပါအတိုင်း ဆောင်ရွက်ပါ။
- အပေါ်ယံအဝတ်အစားများကို ဂရုတစိုက် ချွတ်ပါ။ ယင်းသို့ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ပေါ်ရှိ ရေဒီယိုသတ္တိကြွအမှုန်အများစုကို ဖယ်ရှားနိုင်သည်
- ချွတ်ထားသော အဝတ်အစားများကို ပလတ်စတစ်အိတ်အတွင်း ထည့်၍ လူများနှင့် အိမ်မွေးတိရစ္ဆာန်များမှ ဝေးရာတွင် ထားပါ
- ရေချိုးဆပ်ပြာဖြင့် ခန္ဓာကိုယ်ကို ညင်သာစွာ ဆေးကြောပါ
- ဆံပင်ကို ခေါင်းလျှော်ရည်ဖြင့် ဆေးကြောနိုင်သော်လည်း ဆံပင်ပျော့ဆေး (Conditioner) မသုံးသင့်ပါ
- အရေပြားကို ပြင်းထန်စွာ ပွတ်တိုက်ခြင်း သို့မဟုတ် ကုတ်ခြစ်ခြင်း မပြုပါနှင့်
- ရေမရရှိနိုင်ပါက လက်၊ မျက်နှာနှင့် အပြင်ဘက်တွင် ဖော်ထားခဲ့သော အရေပြားနေရာများကို စိုစွတ်သောအဝတ်ဖြင့် သုတ်သန့်စင်ပါ
- သန့်ရှင်းသော အဝတ်အစားများ ပြန်လည်ဝတ်ဆင်ပါ
ဆေးကုသမှု ချက်ချင်းရယူသင့်သော အခြေအနေများ
အောက်ပါလက္ခဏာများရှိပါက အရေးပေါ်တာဝန်ရှိသူများ၏ ညွှန်ကြားချက်အတိုင်း ဆေးကုသမှုရယူရမည်။
- မကြာခဏ သို့မဟုတ် ဆက်တိုက် အန်ခြင်း
- အရေပြားလောင်ကျွမ်းခြင်း၊ အရည်ကြည်ဖုထခြင်း သို့မဟုတ် ပြင်းထန်စွာနီရဲခြင်း
- အသက်ရှူရခက်ခဲခြင်း
- သတိလစ်ခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်း
- ပြင်းထန်သော ဒဏ်ရာ သို့မဟုတ် သွေးထွက်ခြင်း
- ရေဒီယိုသတ္တိကြွပစ္စည်းကို ရှူရှိုက်မိခြင်း သို့မဟုတ် မျိုချမိသည်ဟု သံသယရှိခြင်း
အသက်အန္တရာယ်ရှိသော ဒဏ်ရာ၊ မီးလောင်ဒဏ်ရာ သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ အရေးပေါ်အခြေအနေရှိပါက ရေဒီယိုသတ္တိကြွညစ်ညမ်းမှုကို အရင်ရှင်းလင်းရန် စောင့်ဆိုင်းမနေဘဲ အရေးပေါ်ဆေးကုသမှုကို ဦးစားပေးရမည်။
References:
- Centers for Disease Control and Prevention. (n.d.). Non-ionizing radiation. Retrieved July 21, 2026, from https://www.cdc.gov/radiation-health/about/non-ionizing-radiation.html
- New York State Department of Health. (n.d.). Radiation: Frequently asked questions. Retrieved July 21, 2026, from https://www.health.ny.gov/publications/4402/
- U.S. Environmental Protection Agency. (n.d.). Radiation health effects. Retrieved July 21, 2026, from https://www.epa.gov/radiation/radiation-health-effects
- World Health Organization. (n.d.). Radiation and health: Questions and answers. Retrieved July 21, 2026, from https://www.who.int/news-room/questions-and-answers/item/radiation-and-health
Published: 27 August 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.