Environmental Toxins and Pregnancy (ကိုယ်ဝန်ဆောင်မိခင်များ သတိပြုသင့်သည့် ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များနှင့် ဓာတုပစ္စည်းများ)

Environmental Toxins and Pregnancy (ကိုယ်ဝန်ဆောင်မိခင်များ သတိပြုသင့်သည့် ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များနှင့် ဓာတုပစ္စည်းများ)

လူတစ်ဦး၏ကျန်းမာရေးအခြေအနေကို သန္ဓေသားဘဝမှစ၍ ကြိုတင်ပုံဖော်ခြင်း (Fetal Programming) တွင် မိခင်၏အာဟာရနှင့် စိတ်တည်ငြိမ်မှုတို့သည် အလွန်အရေးကြီးသကဲ့သို့၊ ယနေ့ခေတ် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ သုတေသနများအရ မျက်စိဖြင့်မမြင်နိုင်သော်လည်း နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသည့် “ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များနှင့် ဓာတုပစ္စည်းများ” (Environmental Toxins) သည်လည်း သန္ဓေသား၏ ဗီဇဖွဲ့စည်းမှုနှင့် အနာဂတ်ကျန်းမာရေးအပေါ် လွန်စွာလွှမ်းမိုးနေကြောင်း တွေ့ရှိလာသည်။

ပတ်ဝန်းကျင်ရှိ ဓာတုပစ္စည်းများနှင့် အဆိပ်အတောက်များသည် မိခင်ဝမ်းတွင်း သန္ဓေသား၏မျိုးဗီဇကို မပြောင်းလဲနိုင်သော်လည်း ဒီအင်အေ၏ အလုပ်လုပ်ပုံကို ပြောင်းလဲပစ်နိုင်ခြင်း (Epigenetics) ဖြစ်စေနိုင်ပြီး ကလေးဘဝမှသည် လူကြီးဘဝ၊ ထိုမှတစ်ဆင့် မျိုးဆက်ပေါင်းများစွာအပေါ် အကျိုးသက်ရောက်မှုများ (Multigenerational Effects) ရှိနိုင်သည်။

အဆိပ်အတောက်များနှင့် ဓာတုပစ္စည်းများ သန္ဓေသားထံသို့ ရောက်ရှိနိုင်သော နည်းလမ်းများ

ကိုယ်ဝန်ဆောင်မိခင်များ အသက်ရှူလိုက်သော လေထု၊ သောက်သုံးရေ၊ စားသောက်ကုန်များနှင့် နေ့စဉ်သုံး လူသုံးကုန်ပစ္စည်းများတွင် ပါဝင်သော ဓာတုပစ္စည်းများသည် မိခင်၏သွေးထဲသို့ ရောက်ရှိသွားသည်။ ထိုမှတဆင့် အချင်း (Placenta) ကို အလွယ်တကူ ဖြတ်သန်းကာ သန္ဓေသားဆီ တိုက်ရိုက်ရောက်ရှိသွားသည်။ အချို့သော အဆိပ်အတောက်များ (ဥပမာ – ပြဒါးဓာတ် Methylmercury) သည် မိခင်ထက် သန္ဓေသားခန္ဓာကိုယ်တွင်း ပိုမိုများပြားစွာ စုပုံလာတတ်ကြောင်း ဆေးပညာသုတေသီများမှ အလေးပေးဖော်ပြထားသည်။

နေ့စဉ်ဘဝတွင် တွေ့ရတတ်သော အဓိကအဆိပ်အတောက်များနှင့် နောက်ဆက်တွဲပြဿနာများ
အဆိပ်အတောက်အမျိုးအစားတွေ့ရှိနိင်မည့် နေရာ/အရင်းအမြစ်များကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား နောက်ဆက်တွဲပြဿနာများ
ဒြပ်စင်အကြီးစားများ (Heavy Metals) – ပြဒါး (Mercury)၊ ခဲ (Lead)၊ ကက်ဒမီယမ်ပြဒါးဓာတ် မြင့်မားသော ပင်လယ်ငါးကြီးများ၊ ခဲဓာတ်ပါဝင်သော သုတ်ဆေးများ၊ အရည်အသွေးမမီသော အလှကုန်များ၊ ဘက်ထရီများကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း၊ မွေးရာပါ ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှု ချို့ယွင်းခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထိခိုက်ခြင်း
ဟော်မုန်းစနစ်ကို နှောင့်ယှက်သည့် ပစ္စည်းများ (Endocrine Disruptors) – Bisphenol A (BPA)၊ Phthalates၊ PFCs (Teflon)Bisphenol A ကို ပလတ်စတစ်ဘူးများနှင့် စည်သွပ်ဗူး အတွင်းလိုင်နာများ၊ Phthalates ကို အနံ့မွှေးပျံ့စေသော လူသုံးကုန်များ၊
PFCs (Teflon) ကို မကပ်သော (Non-stick) ဒယ်အိုးများတွင်တွေ့ရသည်
ခန္ဓာကိုယ်တွင်း သဘာဝဟော်မုန်းများကို နှောင့်ယှက်ခြင်း၊ မျိုးပွားနိုင်စွမ်း ကျဆင်းခြင်း၊ သန္ဓေသားညှက်ခြင်း (IUGR)၊ ကလေးဘဝတွင် အဝလွန်ခြင်း
ပိုးသတ်ဆေးနှင့် ဓာတုပိုးသတ်ဆေးများ (Pesticides)စိုက်ပျိုးရေးတွင် အသုံးပြုသော ပိုးသတ်ဆေးကျန်များ၊ ခြင်/ပိုးဟပ်သတ်ဆေးများ၊ လုပ်ငန်းခွင်အတွင်း ထိတွေ့မှုများအချင်း၏ လုပ်ဆောင်ချက်ကို ပျက်စီးစေခြင်း၊ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း၊ ကလေးဘဝတွင် အာရုံစူးစိုက်မှုခက်ခဲခြင်း (ADHD) နှင့် ကင်ဆာဖြစ်နိုင်ခြေ
လေထုညစ်ညမ်းမှု (Air Pollution)မော်တော်ယာဉ် ကာဗွန်မီးခိုးများ၊ စက်ရုံထုတ်မီးခိုးများ၊ ဆေးလိပ်ငွေ့တဆင့်ခံ ရှူမိခြင်း (Secondhand Smoke)အချင်းသို့ သွေးစီးဆင်းသွားလာမှု နည်းပါးစေခြင်း၊ ပေါင်မပြည့်ဘဲ မွေးဖွားခြင်း (Low Birth Weight)၊ ကလေးတွင် ပန်းနာရင်ကျပ် ဖြစ်ပွားခြင်း
လူတစ်ဦး၏ကျန်းမာရေးအခြေအနေကို သန္ဓေသားဘဝမှစ၍ ကြိုတင်ပုံဖော်ခြင်းအပေါ် အကျိုးသက်ရောက်မှုနှင့် နာတာရှည်ရောဂါများ

ဤအဆိပ်အတောက်များသည် သန္ဓေသား၏ ဒီအင်အေအစီအစဉ် (DNA sequences) ကို မပြောင်းလဲစေသော်လည်း၊ မျိုးဗီဇဖော်ပြမှုကို ထိန်းချုပ်ထား၍ အလုပ်လုပ်ပုံကို ပြောင်းလဲစေသည်။

  • ခန္ဓာကိုယ်တွင်း ဖြစ်ပျက်ပြောင်းလဲမှုစနစ် (Metabolism) ကမောက်ကမဖြစ်ခြင်း
    ကိုယ်ဝန်ဆောင်စဉ် BPA ဓာတုပစ္စည်း သို့မဟုတ် လေထုညစ်ညမ်းမှုနှင့် ကြုံတွေ့ရသော သန္ဓေသားများသည် ကြီးပြင်းလာသောအခါ ခန္ဓာကိုယ်မှ အဆီသိုလှောင်သည့်ဗီဇများ ပိုမိုအလုပ်လုပ်လာပြီး အဝလွန်ခြင်းနှင့် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အဆမတန် မြင့်မားသွားတတ်သည်။
  • နှလုံးနှင့် သွေးကြောစနစ်အပေါ် သက်ရောက်ခြင်း
    ခဲဓာတ် သို့မဟုတ် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများနှင့် ထိတွေ့ရခြင်းကြောင့် အချင်းမှတစ်ဆင့် သန္ဓေသားဆီသို့ သွေးနှင့် အောက်ဆီဂျင်ရောက်ရှိမှု နည်းပါးပြီး၊ သန္ဓေသား နှလုံးနှင့် ကျောက်ကပ် ဆဲလ်အရေအတွက် ဖွံ့ဖြိုးမှု လျော့နည်းကာ လူကြီးဘဝတွင် သွေးတိုးရောဂါနှင့် နှလုံးရောဂါတို့ကို စောစီးစွာ ခံစားရစေသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် မိသားစုများအတွက် လက်တွေ့လိုက်နာရန် အကြံပြုချက်များ
  • စားသောက်မှုပုံစံကို ပြောင်းလဲခြင်း (Nutrition & Food Safety)
    • ငါးများ ရွေးချယ်စားသောက်ခြင်း
      • ပြဒါးဓာတ် မြင့်မားနိုင်သည့် ငါးမန်း၊ ဓားရှည်ငါး (Swordfish) စားသုံးခြင်းကို ရှောင်ကြဉ်ပါ
      • ကျန်းမာရေးအတွက် ကောင်းမွန်သော ဆယ်လ်မွန်ငါး၊ ငါးမြစ်ချင်း၊ ငါးတန်စသည့် ပြဒါးဓာတ်နည်းသော ငါးများကို မျှတစွာ ရွေးချယ်စားသုံးပါ
    • သစ်သီးဝလံများကို စနစ်တကျဆေးကြောခြင်း
      • စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများ၏ အန္တရာယ်ကို လျှော့ချရန် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို မစားသုံးမီ ရေဖြင့် စနစ်တကျ ထပ်ခါတလဲလဲ ဆေးကြောပါ၊ ဆားရေစိမ်ပြီး ဆေးကြောပါ
    • ပလတ်စတစ်ဗူးများအပူပေးခြင်းမှ ရှောင်ကြဉ်ခြင်း
      • ပလတ်စတစ်ဘူး သို့မဟုတ် ပလတ်စတစ်အိတ်များဖြင့် အစားအစာများကို မိုက်ခရိုဝေ့ဖ် (Microwave) ထဲထည့်၍ အပူမပေးသင့်ပါ
      • အပူကြောင့် ခန္ဓာကိုယ် ဟော်မုန်းစနစ်ကို ဖျက်ဆီးသည့် BPA နှင့် Phthalates ဓာတုပစ္စည်းများသည် အစားအစာထဲသို့ ပျော်ဝင်သွားနိုင်သည်
      • ဟင်းလျာများကို ဖန်ခွက် (Glass) သို့မဟုတ် ကြွေထည်များဖြင့်သာ အပူပေးပါ
  • နေထိုင်မှုပတ်ဝန်းကျင်ကို ပြုပြင်ခြင်း (Healthy Home Environment)
    • အနံ့ပြင်းသော လူသုံးကုန်များ လျှော့ချခြင်း – အနံ့မွှေးပျံ့စေသော ဖြန်းဆေးများ၊ အင်းဆက်ပိုးသတ်ဆေးများ၊ သန့်စင်ဆေးများနှင့် တကိုယ်ရည်သုံး အလှကုန်ပစ္စည်းများတွင် Phthalatesဓာတုပစ္စည်းပါဝင်တတ်သဖြင့် ဓာတုပစ္စည်း လျော့နည်းပြီး အနံ့မပါသော (Fragrance-free) ပစ္စည်းများကို ဦးစားပေး သုံးစွဲပါ
    • ဆေးလိပ်ငွေ့ ရှောင်ကြဉ်ခြင်း – မိခင်ကိုယ်တိုင် ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ကြဉ်ရမည့်အပြင်၊ ဘေးပတ်ဝန်းကျင်မှ ဆေးလိပ်ငွေ့ (Secondhand Smoke) ကိုလည်း တတ်နိုင်သမျှ ဝေးဝေးရှောင်ကြဉ်ပါ
    • လေဝင်လေထွက် ကောင်းမွန်စေခြင်း – အိမ်တွင်း လေထုသန့်စင်စေရန် ပြတင်းပေါက်များကို ဖွင့်၍ လေဝင်လေထွက် ကောင်းအောင်လုပ်ပါ၊ နေအိမ် ပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ် သုတ်ဆေးအသစ် သုတ်ခြင်းများကို ကိုယ်ဝန်ဆောင်စဉ်အတွင်း ရှောင်ကြဉ်ပါ

အချုပ်အားဖြင့်_
ကျန်းမာသော ဘဝတစ်ခုကို ပုံဖော်ခြင်းသည် “မွေးဖွားပြီးမှ” စတင်ရမည့်အရာ မဟုတ်ဘဲ “မွေးဖွားခြင်းမတိုင်မီ ပထမဆုံး ပတ်ဝန်းကျင်” ဖြစ်သည့် မိခင်ဝမ်းတွင်းကတည်းက စတင်ရခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များကို သတိပြုပြီး ကြိုတင်ကာကွယ်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ ကျန်းမာရေးအတွက်သာမက၊ မွေးဖွားလာမည့် ကလေးငယ်၏ တစ်သက်တာလုံး ကျန်းမာပျော်ရွှင်သော အနာဂတ်ကို လက်ဆောင်မွန်ပေးလိုက်ခြင်းပင်ဖြစ်သည်။

References:

  1. Segal, T. R., & Giudice, L. C. (2019). Before the beginning: Environmental exposures and reproductive and obstetrical outcomes. Fertility and Sterility, 112(4), 613–621. https://doi.org/10.1016/j.fertnstert.2019.08.001
  2. American College of Obstetricians and Gynecologists’ Committee on Obstetric Practice. (2021). Reducing prenatal exposure to toxic environmental agents: ACOG Committee Opinion No. 832. Obstetrics & Gynecology, 138(1), e40–e54. https://doi.org/10.1097/AOG.0000000000004449
  3. University of California, San Francisco, Program on Reproductive Health and the Environment. (n.d.). FIGO initiative on reproductive health and the environment. Retrieved June 3, 2026, from https://prhe.ucsf.edu/figo

Published: 20 June 2026

Share

20 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.