လူတစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာရေးအခြေအနေကို များသောအားဖြင့် ထိုသူ ကြီးပြင်းလာပြီးနောက်ပိုင်း စားသောက်နေထိုင်ပြုမူပုံများနှင့် မျိုးဗီဇတို့ကသာ အဆုံးအဖြတ်ပေးသည်ဟု ယူဆတတ်ကြသည်။ သို့သော် ယခုနောက်ပိုင်း ထွက်ပေါ်လာသည့် ကျန်းမာရေး သုတေသနတွေ့ရှိချက်များကြောင့် ထိုယူဆချက်မှာ တစ်စိတ်တစ်ပိုင်း ပြောင်းလဲလာခဲ့သည်။
သုတေသနပြုချက်များအရ လူတစ်ဦး၏ အနာဂတ် ရောဂါဖြစ်ပွါးနိုင်ခြေ၊ ခန္ဓာကိုယ်တွင်း ဖြစ်ပျက်ပြောင်းလဲမှု စနစ် (Metabolism) နှင့် နှလုံးနှင့် သွေးကြောစနစ် စသည်တို့သည် မွေးဖွားပြီးနောက်ပိုင်းမှသာ မဟုတ်ဘဲ မိခင်ဝမ်းတွင်းရှိစဉ်ကတည်းက စတင်ပုံဖော်နေပြီဖြစ်ကြောင်း တွေ့ရှိလာရသည်။
ဤသို့ဖြစ်ပျက်ပုံဖော်မှုကို “Fetal Programming” ဟု ခေါ်ဆိုပြီး မိခင်ဝမ်းတွင်း ပတ်ဝန်းကျင်အခြေအနေသည် သန္ဓေသား၏ ဖွံ့ဖြိုးမှုကိုသာမက နောင်တစ်ချိန် လူကြီးဘဝ ကျန်းမာရေးအထိပါ ရေရှည်သက်ရောက်မှု ရှိစေကြောင်း တွေ့ရှိရသည်။
သန္ဓေသား၏ ပထမဆုံးပတ်ဝန်းကျင်
မိခင်၏ ဝမ်းဗိုက်အတွင်းရှိ သားအိမ် (Uterus) သည် သန္ဓေသား၏ ပထမဆုံး နေထိုင်ရာပတ်ဝန်းကျင်ဖြစ်သည်။ ထိုပတ်ဝန်းကျင်တွင် ဖြစ်ပေါ်သော အခြေအနေများနှင့် ပြောင်းလဲမှုများသည် သန္ဓေသားအတွက် အလွန်အရေးကြီးသည်။
သန္ဓေသား၏ ဖွံ့ဖြိုးမှု အခြေခံပုံစံအပေါ် သက်ရောက်မှုရှိသော အဓိကအချက်များ
- အာဟာရဓာတ် (Nutrition) – မိခင်ထံမှ ရရှိသော အာဟာရဓာတ်များသည် သန္ဓေသား၏ ခန္ဓာကိုယ် ကြီးထွားမှုနှင့် ကိုယ်တွင်းအင်္ဂါရပ်များ စနစ်တကျ ဖွံ့ဖြိုးမှုအတွက် အဓိက အရေးပါသည်
- အောက်ဆီဂျင် (Oxygen) – အချင်းမှတစ်ဆင့် သန္ဓေသားထံသို့ ရောက်ရှိသော အောက်ဆီဂျင်သည် ဦးနှောက်နှင့် အခြား ကိုယ်တွင်းအင်္ဂါများ၏ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်သည်
- မိခင်ဟော်မုန်းများ (Maternal Hormones) – မိခင်ခန္ဓာကိုယ်မှ ထုတ်လုပ်သော ဟော်မုန်းများသည် သန္ဓေသား၏ ဟော်မုန်းစနစ် (Endocrine System) အပေါ် သက်ရောက်မှုရှိစေပြီး ဇီဝကမ္မဖြစ်စဉ်များကို ထိန်းညှိပေးသည်
- အချင်း (Placenta) – မိခင်နှင့် သန္ဓေသားအကြား ချိတ်ဆက်ပေးထားသော အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သန္ဓေသားထံသို့ အာဟာရများနှင့် အောက်ဆီဂျင်များ သယ်ယူပို့ဆောင်ပေးခြင်း၊ ဟော်မုန်းများ ထုတ်လုပ်ထိန်းညှိပေးခြင်းနှင့် အညစ်အကြေး စွန့်ထုတ်ခြင်းတို့ကို ဆောင်ရွက်ပေးသည်။
မျိုးဗီဇမပြောင်းဘဲ အလုပ်လုပ်ပုံကို ပြောင်းလဲခြင်း (Epigenetics)
မိခင်ဝမ်းတွင်း သန္ဓေသားဖွံ့ဖြိုးမှု ပုံဖော်သတ်မှတ်ခြင်း၏ အဓိက ဇီဝဗေဒဖြစ်စဉ်တစ်ခုမှာ မျိုးဗီဇမပြောင်းဘဲ အလုပ်လုပ်ပုံကို ပြောင်းလဲခြင်း (Epigenetics) ဖြစ်သည်။ အဓိပ္ပာယ်မှာ ဒီအင်အေအစီအစဉ် (DNA sequence) ကို ပြောင်းလဲခြင်း မရှိဘဲ မျိုးဗီဇဖော်ပြမှု (Gene expression) ကို ထိန်းချုပ်နိုင်သော ဖြစ်စဉ်များဖြစ်သည်။
အလွယ်တကူ နားလည်စေရန် ဥပမာအနေဖြင့် ဖော်ပြရသော် ဒီအင်အေကို စာအုပ်တစ်အုပ်၊ မျိုးဗီဇများကို စာမျက်နှာများအဖြစ် တင်စားနိုင်ပြီး Epigenetics သည် မည်သည့်စာမျက်နှာကို ဖတ်မည်၊ မည်သည့်စာမျက်နှာကို ပိတ်ထားမည်ဆိုသည်ကို ဆုံးဖြတ်ပေးခြင်းဖြစ်သည်။ မျိုးဗီဇ ရှိနေသော်လည်း ၎င်းကို အသုံးပြုခြင်း သို့မဟုတ် မပြုခြင်းသည် Epigenetics ၏ သဘောတရားဖြစ်သည်။ Epigenetics တွင် အဓိကလုပ်ဆောင်မှုဖြစ်စဉ် ၃ ခု ပါဝင်သည်။
- ဒီအင်အေပေါ်တွင် မီသိုင်းလ်အုပ်စု ထပ်ပေါင်းခြင်း (DNA Methylation)
ဒီအင်အေပေါ်တွင် မီသိုင်းလ်အုပ်စု (Methyl group) ထည့်ပေါင်းလိုက်ခြင်းဖြင့် ၎င်းမျိုးဗီဇ အလုပ်မလုပ်နိုင်အောင် ပိတ်လိုက်ခြင်းဖြစ်သည်။ ဥပမာ – အဆီသိုလှောင်သည့်ဗီဇ (Fat storage gene) ကို Methylation လုပ်ခြင်းဖြင့် အဆီစုပုံခြင်း (Fat accumulation) ကို ပြောင်းလဲလျော့နည်းသွားစေနိုင်သည်။ - ဟစ်စတုန်းပရိုတင်း ပြောင်းလဲခြင်း (Histone Modification)
ဒီအင်အေသည် ဟစ်စတုန်း (Histone) ဟုခေါ်သော ပရိုတင်းပေါ်တွင် ပတ်ခွေတည်ရှိသည်။ ၎င်းဟစ်စတုန်းပရိုတင်း တင်းကြပ်သွားလျှင် (Tightening) မျိုးဗီဇကို ပိတ်သွားစေပြီး၊ လျော့ရဲသွားလျှင် (Loosening) မျိုးဗီဇကို ပွင့်သွားစေသည်။ - ပရိုတင်းမထုတ်လုပ်သော အာအင်အေ (Non-coding RNA)
ဒီအင်အေမှ အာအင်အေသို့ ကူးယူသော်လည်း ပရိုတင်းအဖြစ်သို့ ဆက်လက် မထုတ်လုပ်ဘဲ မျိုးရိုးဗီဇ ဖော်ပြမှုကို ထိန်းချုပ်ပေးခြင်း ဖြစ်သည်။ ၎င်းသည် သတင်းအချက်အလက် ပို့ဆောင်ခြင်းကို ပိတ်ပင်တားဆီးသကဲ့သို့ လုပ်ဆောင်သည်။
Epigenetics ဖြစ်စဉ်အပေါ် သက်ရောက်နိုင်သော အကြောင်းအရာများ
- အာဟာရဓာတ် (Nutrition) – မိခင်၏ ကိုယ်ဝန်ဆောင်စဉ် စားသောက်မှုပုံစံ၊ သောက်သုံးသော ဗီတာမင်များ၊ ဖောလစ်အက်စစ် (Folic acid) နှင့် ပရိုတင်း စားသုံးမှုများဖြစ်သည်
- မိခင်၏ စိတ်ဖိစီးမှု (Maternal Stress) – စိတ်ဖိစီးမှု များပြားခြင်းကြောင့် စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းများ ထွက်လာပြီး၊ သန္ဓေသား၏ ဦးနှောက်နှင့် မျိုးဗီဇ ဖွံ့ဖြိုးမှုကို နှောင့်ယှက်စေသည်
- ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် အဆိပ်အတောက်များ (Environmental Pollution and Toxins) – လေထု၊ ရေထု ညစ်ညမ်းခြင်း၊ အဆိပ်အတောက်များနှင့် ဆေးလိပ်ငွေ့များဖြစ်သည်၊ ထိုအခြေအနေများသည် ဒီအင်အေပေါ်တွင် မီသိုင်းလ်အုပ်စု ထပ်ပေါင်းခြင်း (DNA Methylation) ဖြစ်စဉ်ကို ပြောင်းလဲစေသည်
- မိခင်၏ အသက်အရွယ် (Maternal Age) – မိခင် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ မျိုးဗီဇမပြောင်းလဲဘဲ အလုပ်လုပ်ပုံ ပြောင်းလဲခြင်း (Epigenetics) ဖြစ်စဉ်များ ပိုမိုဖြစ်လာနိုင်သည်
မျိုးဗီဇမပြောင်းဘဲ အလုပ်လုပ်ပုံကို ပြောင်းလဲခြင်းသည် သန္ဓေသားဘဝ ဖွံ့ဖြိုးမှု ပုံဖော် သတ်မှတ်ချိန်ကာလတွင် သာမက မွေးဖွားကြီးပြင်းသည်အထိ ဆက်နွယ်သက်ရောက်မှုရှိနိုင်သည်။ ထိုပြောင်းလဲခြင်းများသည် လူကြီးဘဝတွင် ဖြစ်ပေါ်နိုင်သော အဝလွန်ခြင်း၊ အမျိုးအစား ၂ ဆီးချိုရောဂါ၊ ကင်ဆာများ၊ နှလုံးသွေးကြောနှင့်သက်ဆိုင်သော ရောဂါများ၊ စိတ်ကျန်းမာရေးဆိုင်ရာရောဂါများဖြင့် ဆက်စပ်နိုင်သည်။ ထိုသို့ဖြစ်ပွါးနိုင်ခြေများကို လျှော့ချရန် မွေးဖွားပြီးနောက်ပိုင်းနှင့် လူကြီးဘဝ နေထိုင်မှုပုံစံ ပြောင်းလဲမှုများမှာလည်း အရေးကြီးပြီး၊ ကျန်းမာသော စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊ ကောင်းမွန်စွာအိပ်စက်ခြင်းတို့သည် အချို့မျိုးဗီဇများ၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေခြင်းဖြင့် ဖြစ်စဉ်များကို ပြန်လည်ထိန်းညှိပေးနိုင်သည်။
မိခင်၏စိတ်ဖိစီးမှုနှင့် ဟော်မုန်းများ၏ လွှမ်းမိုးမှု
ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်ခံစားရသော စိတ်ဖိစီးမှုများသည်လည်း သန္ဓေသား၏ ဖွံ့ဖြိုးမှုအပေါ် အရေးကြီးသော သက်ရောက်မှုများရှိသည်။
- စတီးရွိုက်ဟော်မုန်း (Cortisol)
မိခင်စိတ်ဖိစီးချိန်တွင် ထွက်လာသည့် စတီးရွိုက်ဟော်မုန်းသည် အချင်းကို ဖြတ်သန်းပြီး သန္ဓေသား၏ ဦးနှောက်အတွင်းရှိ ဟိုက်ပိုသဲလမတ်စ် – ပစ်ကျူတရီ – အက်ဒရီနယ် လမ်းကြောင်း (Hypothalamo-Pituitary-Adrenal Axis) တစ်လျှောက် စိတ်ဖိစီးမှုကို တုံ့ပြန်သောစနစ်ကို အလွန်တက်ကြွစေခြင်း သို့မဟုတ် ပြောင်းလဲစေခြင်းကို ဖြစ်စေနိုင်သည်။ ထိုသို့ဖြစ်ပေါ်ခဲ့ပါက သန္ဓေသား ကြီးပြင်းလာသော ကလေးဘဝတွင် စိတ်ဖိစီးမှုကို လွယ်လွယ်ကူကူ ခံစားတတ်လာခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်းနှင့် စိတ်ခံစားမှု ထိန်းချုပ်နိုင်စွမ်း မရှိခြင်းတို့ကို ဖြစ်စေနိုင်သည်။ - ဟော်မုန်းထိတွေ့ခံရမှု များပြားခြင်း
ဟော်မုန်းထိတွေ့မှု များပြားခြင်းသည် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် များစွာ သက်ရောက်မှုရှိပြီး နောက်ပိုင်း ကြီးပြင်းလာသောဘဝတွင် စိတ်ခံစားမှု ထိန်းချုပ်နိုင်စွမ်း မရှိခြင်း၊ မှတ်ဉာဏ်မှတ်သားနိုင်မှု ထိခိုက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
နောက်ပိုင်းကြီးပြင်းလာသောဘဝနှင့် ဆက်စပ်သောရောဂါများ
သန္ဓေသားဘဝတွင် တွေ့ကြုံရသော ပတ်ဝန်းကျင်နှင့် အပြောင်းအလဲများပေါ် မူတည်၍ အောက်ပါ နာတာရှည်ရောဂါများ ဖြစ်ပွါးနိုင်သည်ကို တွေ့ရသည်။ ၎င်းတို့မှာ_
- နှလုံးသွေးကြောနှင့် ဆက်စပ်သော ရောဂါများ (Cardiovascular disease)
- သွေးတိုးခြင်း (Hypertension)
- အမျိုးအစား ၂ ဆီးချိုရောဂါ (Type 2 Diabetes)
- အဝလွန်ခြင်း (Obesity)
ထိုရောဂါများကို ဖြစ်စေနိုင်သော အကြောင်းအရာများတွင် ပေါင်မပြည့်ဘဲ မွေးဖွားခြင်း၊ သန္ဓေသားညှက်ခြင်း စသည်တို့ပါဝင်သည်။
သန္ဓေသားဘဝမှစ၍ ကြိုတင်ပုံဖော်ခြင်းကို ပြောင်းလဲနိုင်သော အခွင့်အလမ်းများ
သန္ဓေသားဘဝ စတင်ဖွံ့ဖြိုးမှု ပုံဖော်သတ်မှတ်ခြင်းသည် ပြန်လည်မပြောင်းလဲနိုင်သော ဖြစ်စဉ်တစ်ရပ် လုံးဝမဟုတ်ပါ။ အောက်ပါတို့ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် နာတာရှည် ကျန်းမာရေးပြဿနာများကို ပြေလည်ဖြေရှင်းနိုင်သည်။
- ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ခံယူခြင်း (Prenatal Care)
အာဟာရမျှတစွာ စားသောက်နေထိုင်ခြင်း၊ သန္ဓေသားစောင့်ရှောက်မှု ပုံမှန်ခံယူခြင်းဖြင့် နောက်ဆက်တွဲပြဿနာ ဖြစ်လာနိုင်သော အခြေအနေများကို ကြိုတင်ကာကွယ်နိုင်ခြင်းနှင့် လိုအပ်သော ဆေးဝါးများကို သောက်သုံးခြင်း - မွေးဖွားပြီးနောက် စောင့်ရှောက်ခြင်း (Postnatal Care)
မိခင်နို့ သေချာစွာ တိုက်ကျွေးခြင်း၊ သင့်တင့်မျှတသော အာဟာရ ကျွေးမွေးခြင်း၊ ကျန်းမာသော နေထိုင်မှုပုံစံဖြင့် နေထိုင်ခြင်း - လူပျိုဖော်အပျိုဖော်ဝင်စအရွယ်နှင့် လူကြီးဘဝ နေထိုင်မှုပုံစံ ပြောင်းလဲမှုများ (Adolescent and Adult Lifestyle Changes)
ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်းနှင့် ကောင်းမွန်စွာ အိပ်စက်ခြင်းတို့ဖြင့် အစောပိုင်းကာလက ဖြစ်ပေါ်ခဲ့သော မျိုးဗီဇမပြောင်းဘဲ အလုပ်လုပ်ပုံ ပြောင်းလဲခြင်းဖြစ်စဉ်အချို့ကို ပြန်လည်ထိန်းညှိပေးနိုင်ခြင်းဖြစ်သည်။
Fetal Programming နှင့် လူထုကျန်းမာရေးအပေါ် ရေရှည်သက်ရောက်မှုများ
သန္ဓေသားဘဝ စတင်ဖွံ့ဖြိုးမှု ပုံဖော်သတ်မှတ်ခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာရေးအပေါ်တွင်သာ သက်ရောက်သည်မဟုတ်ဘဲ လူထုတစ်ရပ်လုံး၏ ကျန်းမာရေးနှင့်လည်း တိုက်ရိုက်သက်ဆိုင်သည်။ ထို့ကြောင့် မိခင်ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များ ပြုလုပ်ခြင်း (Maternal Health Programs)၊ အာဟာရဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း (Nutrition Policies) နှင့် ကလေးသူငယ်ဘဝ အစောပိုင်းကတည်းက လိုအပ်သော ကုသမှုများ စောစီးစွာပေးခြင်း (Early childhood interventions) တို့ဖြင့် လူထုတစ်ရပ်လုံးတွင် ဖြစ်ပွါးနိုင်သော နာတာရှည် ကျန်းမာရေးပြဿနာ (Chronic disease burden) များနှင့် ၎င်းတို့၏ နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချနိုင်သည်။
ဤဖြစ်စဉ်သည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေးကို မိခင်ဝမ်းတွင်းကတည်းက စတင်ပုံဖော်နေကြောင်း သက်သေပြနေသည့် အရေးကြီးသော သိပ္ပံအယူအဆတစ်ခုဖြစ်သည်။ ကျန်းမာရေးကို သေချာစွာ ထိန်းသိမ်းဂရုစိုက်ခြင်းသည် လူတစ်ဦး မွေးဖွားပြီးနောက်ပိုင်းမှသာ စတင်ရမည်မဟုတ်ဘဲ မိခင်၏ ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်ကာလနှင့် ကလေးဘဝ အစောပိုင်းကတည်းက ကြိုတင်စတင်ရမည်ဖြစ်ကြောင်း နှိုးဆော်လျက်ရှိသည်။
မိခင်၏ အာဟာရ၊ စိတ်အေးချမ်းမှုနှင့် နေထိုင်မှုပုံစံများသည် မျက်စိဖြင့် မမြင်ရသော်လည်း သန္ဓေသား၏ ခန္ဓာကိုယ်အတွင်းပိုင်း၌ တိတ်ဆိတ်စွာ သက်ရောက်မှု ရှိနေပြီး၊ လူတစ်ဦး၏အနာဂတ်ကျန်းမာရေးအတွက် အခြေခံပုံစံကို ပုံဖော်ရေးဆွဲပေးနေသည်။ ထို့ကြောင့် မိခင်ကျန်းမာရေးကို အလေးထားခြင်းသည် ကလေးတစ်ယောက်၏ အနာဂတ်ကို ကောင်းမွန်စေရန်နှင့် ဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ပေးရန် လုပ်ဆောင်ခြင်းနှင့် တူညီသည်။
သို့သော် အစောပိုင်းကာလ ပုံဖော်မှုများသည် လုံးဝပြောင်းလဲ၍မရသော ကံကြမ္မာမဟုတ်ဘဲ နောက်ပိုင်းဘဝများတွင် ကောင်းမွန်သော ကျန်းမာရေးအလေ့အထများ၊ ပြည့်ဝသော အာဟာရနှင့် စနစ်ကျသော ကျန်းမာရေးစောင့်ရှောက်မှုများမှတစ်ဆင့် ပြန်လည်ပြုပြင်ညှိနှိုင်းနိုင်သည့် အခွင့်အလမ်းများ ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် ကျန်းမာရေးဆိုသည်မှာ အချိန်တစ်ခုကျမှ စတင်ရမည့်အရာမဟုတ်ဘဲ မိခင်ဝမ်းတွင်းကတည်းက စတင်ကာ ဘဝတစ်လျှောက်လုံး ဆက်လက်ပြုပြင် ပုံဖော်သွားရမည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း နားလည်သဘောပေါက်ရန် လိုအပ်သည်။ ဤသို့ နားလည်ခြင်းသည် လူတစ်ဦးချင်းစီအတွက်သာမက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ပါ အလွန်အရေးကြီးသည်။
References:
- Fowden, A. L., Giussani, D. A., & Forhead, A. J. (2006). What is fetal programming? A lifetime health is under the control of in utero health. The Journal of Physiology, 572(Pt 1), 3–7.
- Burdge, G. C., & Lillycrop, K. A. (2010). Fetal programming and epigenetics. Advances in Genetics, 71, 1–17.
- Simmons, R. (2011). Epigenetic programming and fetal metabolic programming. Endocrinology, 152(2), 399–404.
Published: 28 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.