Parenting in the Modern World (ခေတ်သစ်ကမ္ဘာ၏ မိဘဘဝနှင့် ရင်သွေးပြုစုပျိုးထောင်ခြင်း)

Parenting in the Modern World (ခေတ်သစ်ကမ္ဘာ၏ မိဘဘဝနှင့် ရင်သွေးပြုစုပျိုးထောင်ခြင်း)

နှစ်ဆယ့်တစ်ရာစုမိဘများသည် ကလေးပြုစုပျိုးထောင်ခြင်းအရာတွင် မည်သည့်ခေတ်တွင်မျှ မကြုံတွေ့ခဲ့ရဖူးသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ရင်ဆိုင်နေရသည်။ နည်းပညာများ၏ အလျင်အမြန် တိုးတက်ပြောင်းလဲလာမှု၊ ဒီဂျစ်တယ်မီဒီယာများ၏ ကြီးမားကျယ်ပြန့်သော လွှမ်းမိုးမှုနှင့် အမြဲမပြတ် ဆက်သွယ်နိုင်သော ကမ္ဘာကြီးသည် မိသားစုတွင်းဆက်ဆံရေး၊ ကလေးဘဝ၏ အခြေခံအုတ်မြစ်နှင့် ကြီးထွားဖွံ့ဖြိုးရာ ပတ်ဝန်းကျင်ကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။

နည်းပညာသည် ပညာရေးဆိုင်ရာ အရင်းအမြစ်များ ရှာဖွေခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုများတွင် ကောင်းမွန်သော အထောက်အပံ့များ ဖြစ်စေသော်လည်း ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းသော ကလေးငယ်များ ပျိုးထောင်ရေးတွင်မူ အနှောင့်အယှက်များစွာ ဖြစ်ပေါ်စေနိုင်သည်။

ယနေ့ခေတ် မိဘများသည် သမားရိုးကျ စောင့်ရှောက်သူအဖြစ်သာမက အောက်ပါကဏ္ဍများကိုပါ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသည်။

  • နည်းပညာပိုင်းဆိုင်ရာ လမ်းညွှန်ပေးသူ – ကလေးများ၏ Screen time (ဖုန်း၊ တက်ဘလက် ကြည့်ချိန်) ကို စီမံခန့်ခွဲပေးခြင်း
  • အင်တာနက်မှ အနိုင်ကျင့်မှုများ (Cyberbullying) မဖြစ်စေရန် အုပ်ထိန်းပေးသူ – အွန်လိုင်းမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကာကွယ်ပေးခြင်း
  • စံပြပုဂ္ဂိုလ် – မိသားစုအတွင်း ကောင်းမွန်သည့် နည်းပညာအသုံးပြုမှု အလေ့အကျင့်များ မွေးမြူခြင်း

ဤကဲ့သို့ နည်းပညာများ လွှမ်းမိုးနေသည့်ကြားမှ ကလေးငယ်တစ်ဦး၏ ဘဝအတွက် အစားထိုးမရနိုင်သော အခြေခံအုတ်မြစ်မှာ မိဘများ၏ တိုက်ရိုက်ထိတွေ့မှုနှင့် နွေးထွေးကြင်နာမှုပင်ဖြစ်သည်။ ထို့ကြောင့် ခေတ်သစ်ကမ္ဘာတွင် မိဘဘဝ ရင်သွေးပြုစုပျိုးထောင်ခြင်း၏ အခြေခံလိုအပ်ချက်များကို အဓိကနယ်ပယ် (၄) ရပ်အပေါ် အခြေခံ၍ လုပ်ဆောင်သင့်သည်။

  1. ကလေးဘဝအစောပိုင်း (၂) နှစ်တာကာလအတွင်း Screen ကြည့်ရှုခြင်းကို ရှောင်ကြဉ်ရေး
  2. ဒီဂျစ်တယ်မီဒီယာနှင့် လူမှုကွန်ရက်များ၏ ဘက်ပေါင်းစုံသက်ရောက်မှုများ
  3. မိသားစုအတွင်း ကျန်းမာပြီး ရေရှည်တည်တံ့သော ဒီဂျစ်တယ်အလေ့အထများ တည်ဆောက်ရန် နည်းဗျူဟာများ
  4. မိဘများ၏ နွေးထွေးကြင်နာသော ဂရုစိုက်မှု (Tender Loving Care – TLC)
ကလေးဘဝအစောပိုင်း (၂) နှစ်တာကာလအတွင်း Screen ကြည့်ရှုခြင်းကို ရှောင်ကြဉ်ရေး

ကလေးငယ်တစ်ဦး၏ ဘဝအစောပိုင်း (၂) နှစ်တာကာလသည် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးသော အချိန်ကာလဖြစ်သည်။ ထိုကာလအတွင်း ဦးနှောက်သည် ဘာသာစကား၊ အာရုံစူးစိုက်ခြင်း၊ စိတ်ခံစားမှု ထိန်းချုပ်ခြင်းနှင့် လူမှုဆက်ဆံရေး စွမ်းရည်များအတွက် အခြေခံလိုအပ်သော အာရုံကြော ဆက်သွယ်မှုကွန်ရက်များကို အလျင်အမြန် တည်ဆောက်နေသည်။ ကလေးငယ်များသည် အဓိကအားဖြင့် လူအချင်းချင်း တိုက်ရိုက်ထိတွေ့ ဆက်သွယ်ခြင်း၊ အာရုံခံစားမှုမှတစ်ဆင့် လေ့ကျင့်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား ကစားခြင်းတို့မှ အကောင်းဆုံး သင်ယူနိုင်ကြသည်။

အမေရိကန် ကလေးအထူးကုဆရာဝန်များအသင်း (American Academy of Pediatrics) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့၏ အကြံပြုချက်များအရ အသက် (၂) နှစ်အောက် ကလေးငယ်များကို မိသားစုနှင့် အပြန်အလှန် Video call ပြောခြင်းမှလွဲ၍ ကျန်အချိန်များတွင် Screen time အသုံးမပြုရန် ပြင်းပြင်းထန်ထန် တားမြစ်ထားသည်။ မျက်နှာချင်းဆိုင် ဆက်သွယ်ပြောဆိုခြင်း၊ မျက်လုံးချင်းဆုံခြင်း (Eye contact) နှင့် ပြုစုစောင့်ရှောက်သူ၏ နွေးထွေးသောအပြုအမူတို့သည်သာ ကလေးငယ်၏ သိမြင်နားလည်မှုနှင့် စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံးဖြစ်ပြီး Screen ကြည့်ခြင်းသည် ထိုဖွံ့ဖြိုးမှုများအတွက် အစားထိုးမပေးနိုင်ပါ။

သုတေသနများအရ ကလေးဘဝတွင် လွန်ကဲသော Screen time ရှိခြင်းသည် ဘာသာစကားဖွံ့ဖြိုးမှု နောက်ကျခြင်း၊ အာရုံစူးစိုက်မှု တိုတောင်းခြင်းနှင့် လူမှုဆက်သွယ်ရေးစွမ်းရည် ချို့ယွင်းခြင်းတို့နှင့် များစွာ ဆက်စပ်နေသည်ကို တွေ့ရသည်။ အတူတကွ သီချင်းဆိုခြင်း၊ စကားပြောဆိုခြင်း၊ စာဖတ်ခြင်းနှင့် ကစားခြင်းတို့အစား Screen များမှ နေရာယူလာသောအခါ ကလေးငယ်များသည် အရေးကြီးသော သင်ယူမှုအခွင့်အလမ်းများ ဆုံးရှုံးသွားရသည်။ ထိုသို့ ထိခိုက်လွယ်သော ကာလတွင် မိဘများနှင့် ပြုစုစောင့်ရှောက်သူများသည် ကလေးများကို ပုံပြင်ပြောပြခြင်း၊ သီချင်းအတူတူနားထောင်၍ ကခုန်ခြင်း၊ အတူတူ ကစားပေးခြင်းစသည့် နေ့စဉ်ထိတွေ့ဆက်ဆံနိုင်သည့် အပြုအမူများကိုသာ အဓိကထား လုပ်ဆောင်သင့်သည်။

ဘဝအစောပိုင်းတွင် ဤကဲ့သို့ ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးနိုင်မှသာ ကလေးငယ်များ ကြီးပြင်းလာသည့်အခါ ဒီဂျစ်တယ်မီဒီယာများ၏ ရှုပ်ထွေးသော သက်ရောက်မှုများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်သည်။

ဒီဂျစ်တယ်မီဒီယာနှင့် လူမှုကွန်ရက်များ၏ ဘက်ပေါင်းစုံမှ သက်ရောက်မှုများ

ကလေးငယ်များ ကြီးပြင်းလာသည်နှင့်အမျှ ဒီဂျစ်တယ်မီဒီယာများနှင့် လူမှုကွန်ရက်များသည် နေ့စဉ် လူနေမှုဘဝတွင် ပိုမိုအရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။ နည်းပညာသည် ပညာရေးဆိုင်ရာ အထောက်အကူများနှင့် ဆက်သွယ်မှုအခွင့်အလမ်းများကို ပေးစွမ်းနိုင်သော်လည်း၊ အလွန်အကျွံသုံးစွဲခြင်း သို့မဟုတ် စနစ်တကျ ထိန်းချုပ်မှုမရှိခြင်းတို့သည် ကြီးမားသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။

အဓိကစိုးရိမ်ရသည့်အချက်မှာ ကလေး၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဖြစ်သည်။ သုတေသနများအရ လူမှုကွန်ရက်ကို အလွန်အကျွံ အသုံးပြုခြင်းသည် အထူးသဖြင့် ဆယ်ကျော်သက်များတွင် စိုးရိမ်စိတ် လွန်ကဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုအားနည်းခြင်းနှင့် မိမိ၏ ရုပ်ပိုင်းဆိုင်ရာကို စိတ်တိုင်းမကျခြင်း စသည်တို့နှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။ အွန်လိုင်းပေါ်တွင် စနစ်တကျ ပြုပြင်ထားသော ပုံရိပ်များနှင့် လူနေမှုပုံစံများကို အမြဲမပြတ် မြင်တွေ့နေရခြင်းသည် လက်တွေ့မကျသော နှိုင်းယှဉ်မှုများကို ဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။

အွန်လိုင်းလုံခြုံရေးသည်လည်း အလွန်အရေးကြီးသော ကိစ္စရပ်ဖြစ်သည်။ ကျောင်းနေအရွယ် ကလေးများနှင့် ဆယ်ကျော်သက်များသည် အင်တာနက်မှ အနိုင်ကျင့်မှုများ (Cyberbullying)၊ ကလေးနှင့် မသင့်လျော်သော အကြောင်းအရာများနှင့် အွန်လိုင်းမှ မသမာသူများ၏ အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်။ ထိုမျှသာမက Screen time များပြားလွန်းခြင်းကြောင့် အိပ်စက်မှု အရည်အသွေး၊ ပညာရေးစွမ်းဆောင်ရည်၊ ကိုယ်လက်လှုပ်ရှားမှုနှင့် မိသားစုဆက်ဆံရေးတို့ကို ဆိုးကျိုးသက်ရောက်စေနိုင်သည်။

ယခုခေတ်တွင် မိဘများသည်လည်း သတင်းအချက်အလက် ဖောင်းပွမှုဒဏ်ကို ရင်ဆိုင်နေရသည်။ ဆိုရှယ်မီဒီယာတွင် နာမည်ကြီးသူများ၊ Blog များ နှင့် အွန်လိုင်းသတင်းများမှ တက်လာကြသော သတင်းအချက်အလက်များသည် အငြင်းပွါးဖွယ်အချက်များ ပါဝင်နေခြင်းကြောင့် မည်သည့်အချက်အလက်ကို ယုံကြည်ရမည်ကို ဆုံးဖြတ်ရ ခက်ခဲနေတတ်သည်။ ဤသို့သော စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် မိဘများသည် သားသမီးများအား အွန်လိုင်းကမ္ဘာ၏ အန္တရာယ်များကို ကာကွယ်ပေးရုံသာမက မိသားစုအတွင်း ကျန်းမာသော ဒီဂျစ်တယ်အလေ့အကျင့်များကိုပါ လက်တွေ့ကျကျ ချမှတ်ပေးရန် လိုအပ်သည်။

မိသားစုအတွင်း ကျန်းမာပြီး ရေရှည်တည်တံ့သော ဒီဂျစ်တယ်အလေ့အထများ တည်ဆောက်ရန် နည်းဗျူဟာများ

နည်းပညာကို လုံးဝပိတ်ပင်တားဆီးမည့်အစား ကလေးငယ်များကို နည်းပညာအား တာဝန်ယူမှုရှိရှိနှင့် သတိပြုဆင်ခြင်စွာ အသုံးပြုတတ်စေရန် သင်ကြားပေးဖို့ လိုအပ်သည်။ ကောင်းမွန်သော ဒီဂျစ်တယ် အလေ့အကျင့်များကို မိသားစုအတွင်းမှ စတင်တည်ဆောက်ရမည်ဖြစ်ပြီး မိဘများ၏ စဉ်ဆက်မပြတ် လမ်းညွှန်မှုနှင့် စံနမူနာပြ အပြုအမူများ လိုအပ်သည်။

တိကျရှင်းလင်းသော ကန့်သတ်ချက်များ သတ်မှတ်ခြင်းသည် အလွန်အရေးကြီးသည်။ မိသားစုဝင်များ၏ တစ်နေ့တာ Screen ကြည့်ချိန်ကို အတိအကျ သတ်မှတ်ပြီး လိုက်နာရန် လိုအပ်သည်။ ထို့ပြင် Screen လုံးဝအသုံးမပြုသင့်သော အချိန်များဖြစ်သည့်_

  • ထမင်းစားချိန်၊ စာလုပ်ချိန်
  • မိသားစု စကားပြောချိန်နှင့် ကစားချိန်
  • ညအိပ်ရာမဝင်မီ (၁) နာရီအလို အချိန်ကာလ စသည်တို့ကို သတ်မှတ်ပြီး မိသားစုဝင်တိုင်း ပါဝင်လိုက်နာရန် လိုအပ်သည်။ ထိုကန့်သတ်ချက်များပြုလုပ်ပေးထားခြင်းဖြင့် ကလေးငယ်များ၏ အိပ်စက်မှု၊ အာရုံစူးစိုက်မှု၊ မိသားစုဝင်များနှင့် ရင်းနှီးကျွမ်းကျင်မှုတို့ကို ကာကွယ်တည်ဆောက်ပေးသည်။

မိဘများကိုယ်တိုင်မှ စံနမူနာပြပြီး မိမိကိုယ်တိုင် ဖုန်းအသုံးပြုမှုကို လျှော့ချ၍ လက်တွေ့ဘဝ ဆက်ဆံရေးများကို ဦးစားပေးပြသပါက ကလေးငယ်များသည်လည်း ဒီဂျစ်တယ်စည်းကမ်းများကို ပိုမိုလိုက်နာလာမည်ဖြစ်သည်။ အိပ်ခန်းနှင့် ထမင်းစားခန်းကဲ့သို့သော နေရာများကို “Screen ကင်းမဲ့ဇုန် (Screen-free zones)” များအဖြစ် သတ်မှတ်ခြင်းသည်လည်း အပြန်အလှန် စကားပြောဆိုမှုကို အားပေးရာရောက်သည်။ ကိုယ်ရေးကိုယ်တာလုံခြုံမှု၊ အွန်လိုင်းပေါ်တွင် အပြန်အလှန် လေးစားမှုရှိရန်နှင့် လူမှုကွန်ရက်၏ အန္တရာယ်များအကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းသည် ကလေးငယ်များကို အွန်လိုင်းကမ္ဘာတွင် ဘေးကင်းစွာ ကျင်လည်စေနိုင်သည်။ ဤကဲ့သို့ စည်းကမ်းများ ချမှတ်ခြင်းနှင့်အတူ အရေးကြီးသည်မှာ မိဘနှင့် သားသမီးအကြား နွေးထွေးသော ဆက်ဆံရေးနှင့် အရည်အသွေးရှိသော အချိန်များကို ပေးဝေနိုင်ခြင်းပင်ဖြစ်သည်။

မိဘများ၏ နွေးထွေးကြင်နာသော ဂရုစိုက်မှု (Tender Loving Care – TLC)

ခေတ်သစ်ကမ္ဘာတွင် မိဘများသည် စီးပွားရေးနှင့် လူမှုရေး တာဝန်များကြောင့် အလုပ်များနေတတ်ကြသည်။ သို့သော် ကလေးငယ်တစ်ဦးအတွက်မူ၊ နည်းပညာထက် ပိုမိုလိုအပ်သည်မှာ မိဘများ၏ “နွေးထွေးကြင်နာသော ဂရုစိုက်မှု (Tender Loving Care)” ပင် ဖြစ်သည်။ အတူရှိသည့် အချိန်ပမာဏထက် ထိုအချိန်ကို အကျိုးရှိအောင် အသုံးချသည့် အခြေအနေ (Quality over Quantity) သည် ပိုမိုအရေးကြီးသည်။

  • နွေးထွေးကြင်နာသော ဂရုစိုက်မှု (TLC) ၏ အရေးပါပုံ
    • ကလေးတစ်ဦးသည် မိဘများ၏ နွေးထွေးသော ဂရုစိုက်မှုကို ခံစားရသောအခါ ၎င်း၏ ဦးနှောက်အတွင်း၌ လုံခြုံမှုနှင့် ပျော်ရွှင်မှုကို ပေးစွမ်းသော ဟော်မုန်းများ ထွက်ရှိလာပြီး စိတ်ဖိစီးမှုကို လျော့နည်းစေသည်
    • ဤသည်မှာ ကလေး၏ စိတ်ဓာတ်ကြံ့ခိုင်မှု (Resilience) အတွက် အခြေခံအုတ်မြစ်ဖြစ်သည်
  • အလုပ်များသည့်ကြားမှ နွေးထွေးကြင်နာမှု (TLC) ပေးဝေနည်း (ဥပမာများ)
    • နေ့စဉ် (၁၅) မိနစ် အပြည့်အဝပေးခြင်း – တစ်နေ့တာအတွင်း အလုပ်များနေသော်လည်း အနည်းဆုံး (၁၅) မိနစ်ခန့်ကို ဖုန်းနှင့် အခြားအနှောင့်အယှက်များ လုံးဝမရှိဘဲ ကလေးနှင့်အတူ ဆော့ကစားခြင်း သို့မဟုတ် စကားပြောခြင်း ပြုလုပ်ပါ
    • ပွေ့ဖက်ထိတွေ့မှုဖြင့် ဂရုစိုက်ခြင်း – အိမ်ပြန်ရောက်သည့်အခါ ကလေးကို နွေးထွေးစွာ ဖက်လှဲတကင်း ပြုလုပ်ခြင်း၊ အိပ်ရာဝင်ချိန်တွင် ပွေ့ဖက်၍ ပုံပြင်ပြောပြခြင်းတို့သည် ကလေးကို လုံခြုံမှု ခံစားရစေနိုင်သည်
    • စကားပြောဆိုခြင်းနှင့် နားထောင်ခြင်း – ကလေးပြောသမျှကို စိတ်ရှည်လက်ရှည် နားထောင်ပေးခြင်းနှင့် ၎င်း၏ ခံစားချက်များကို အသိအမှတ်ပြုပေးခြင်းသည် ကလေး၏ မိမိကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်ပေးသည်။

ထို့ကြောင့် ကလေးငယ်များအား ဒီဂျစ်တယ်ကမ္ဘာ၏ ဆိုးကျိုးများမှ ကာကွယ်ပေးနိုင်ရန် မိဘများ၏ နွေးထွေးကြင်နာမှုသည် အကောင်းဆုံး “ခုခံအား” ပင်ဖြစ်သည်။ ယနေ့ခေတ်တွင် သားသမီးများကို ပြုစုပျိုးထောင်ရာ၌ နည်းပညာကို လက်ခံအသုံးပြုခြင်းနှင့် ကလေး၏ ဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ သုခချမ်းသာများကို ကာကွယ်ခြင်းတို့အကြား မျှတသော အလယ်အလတ်လမ်းစဉ်ကို ရှာဖွေရန် လိုအပ်သည်။ ဤသို့မျှတသော ချဉ်းကပ်မှုများသည်သာ ခံနိုင်ရည်ရှိပြီး၊ ဘက်စုံဖွံ့ဖြိုးသော ကလေးငယ်များ ဖြစ်လာစေရန်အတွက် မရှိမဖြစ် လိုအပ်သော အဆင့်များဖြစ်သည်။

References:

  1. Balanced Awakening. (n.d.). Modern parenting challenges: Key issues facing today’s families. Retrieved January 19, 2026, from https://balancedawakening.com/blog/modern-parenting-challenges-key-issues-facing-todays-families
  2. Child Mind Institute. (n.d.). A big disconnect: How tech changes families. Retrieved January 19, 2026, from https://childmind.org/article/big-disconnect-how-tech-changes-families-2/
  3. Child Mind Institute. (n.d.). Media guidelines for kids of all ages. Retrieved January 19, 2026, from https://childmind.org/article/media-guidelines-for-kids-of-all-ages/
  4. Child Mind Institute. (n.d.). How to set limits on screen time. Retrieved January 19, 2026, from https://childmind.org/article/how-to-set-limits-on-screen-time/
  5. Cleveland Clinic. (n.d.). The dangers of social media for youth. Retrieved January 19, 2026, from https://health.clevelandclinic.org/dangers-of-social-media-for-youth
  6. Nuvoli, V., Camanni, M., Mariani, I., Ponte, S., Black, M., & Lazzerini, M. (2025). Digital screen exposure in infants, children and adolescents: A systematic review of existing recommendations. Public Health Practice, 10, 100653. https://doi.org/10.1016/j.puhip.2025.100653
  7. American Heart Association. (2024). Tips for reducing screen time and why that might be a good idea. Retrieved January 19, 2026, from https://www.heart.org/en/news/2024/02/29/tips-for-reducing-screen-time-and-why-that-might-be-a-good-idea
  8. UNICEF. (n.d.). Digital parenting. Retrieved January 19, 2026, from https://www.unicef.org/parenting/digital-parenting
  9. Cambridge University Press. (n.d.). Screen time, brain network development and socioemotional competence in childhood: Moderation of associations by parent–child reading. Retrieved January 19, 2026, from https://www.cambridge.org/core/journals/psychological-medicine/article/screen-time-brain-network-development-and-socioemotional-competence-in-childhood-moderation-of-associations-by-parentchild-reading/D78E5BD54628940B752E35F609BA1FB4

Published: 29 March 2026

Share

29 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.