Coping with cancer (ကင်ဆာရောဂါကို ရင်ဆိုင်ကျော်ဖြတ်ခြင်း)

Coping with cancer (ကင်ဆာရောဂါကို ရင်ဆိုင်ကျော်ဖြတ်ခြင်း)

လူတစ်ဦးတွင် ကင်ဆာရောဂါရှိကြောင်း စတင်သိရှိရသောအချိန်၌ စိတ်ရှုပ်ထွေးခြင်းနှင့် စိတ်ဖိစီးမှုများအပါအဝင် ယခင်က မကြုံတွေ့ဖူးသော စိတ်ခံစားချက်မျိုးစုံ ဖြစ်ပေါ်ခံစားရနိုင်သည်။ မိမိ၏ အနာဂတ်အတွက် မရေရာမှုများနှင့် ငွေကြေးဆိုင်ရာ စိုးရိမ်ပူပန်မှုများသည် ပူဆွေးသောကရောက်ခြင်းအပါအဝင် မတူညီသော စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ ထိုစိတ်ခံစားချက်များသည် အလွန်ပြင်းထန်နိုင်ပြီး နေ့စဉ်နှင့်အမျှ၊ နာရီအလိုက် သို့မဟုတ် မိနစ်ပိုင်းအတွင်းမှာပင် တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေနိုင်သော်လည်း ထိုသို့စိတ်ခံစားမှုမျိုးစုံ ခံစားရခြင်းသည် ပုံမှန်ဖြစ်စဉ်သာဖြစ်သည်။

ကင်ဆာနှင့်ဆက်စပ်နေသော စိတ်ဖိစီးမှုများနှင့် ကြောက်ရွံ့မှုများကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည့် နည်းလမ်းများစွာရှိသည်။ ရောဂါအကြောင်း မှန်ကန်စွာ သိရှိနားလည်ခြင်း၊ လိုအပ်သော ကူညီပံ့ပိုးမှုများ ရရှိနိုင်ခြင်းများသည် ကင်ဆာရှိသူကို ကင်ဆာရောဂါ ရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းစဉ်များတွင် ကောင်းမွန်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်စေမည်ဖြစ်သည်။

ဤစိတ်အခြေအနေများသည် ရင်ဆိုင်ရခက်ခဲသည်ဟု ထင်မြင်ရသော်လည်း မိမိ၏ စိတ်ခံစားချက်များကို သတိပြုမိရန် ကြိုးစားခြင်းနှင့် လိုအပ်သော အကူအညီများကို တောင်းခံခြင်းဖြင့် များစွာ အထောက်အကူပြုနိုင်သည်။ သို့ဖြစ်၍ မိမိခံစားနေရသော စိတ်ခံစားချက်များနှင့် ပတ်သက်၍ ကောင်းမွန်စွာ နားလည်နိုင်အောင် ကြိုးစားရန် လိုအပ်သည့်အပြင် မိမိကို ကုသပေးမည့် ကင်ဆာရောဂါ ကုသစောင့်ရှောက်ရေး အဖွဲ့ဝင်များနှင့် ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ရန်လည်း အလွန်အရေးကြီးသည်။

ဖြစ်ပေါ်လာနိုင်သော စိတ်ခံစားချက်အမျိုးမျိုး

မိမိခံစားနေရသော စိတ်ခံစားချက်အမျိုးမျိုးကို ခွဲခြားသိမြင်တတ်အောင် လေ့လာသင်ယူခြင်းသည် ထိုခံစားချက်များကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် အထောက်အကူပြုသည်။ “ဘာတွေဖြစ်ပေါ်လာနိုင်သလဲ” ဆိုသည်ကို ကြိုတင်သိရှိထားခြင်းသည် စိတ်ကို ပိုမိုသက်သာရာရစေနိုင်သည်။ လူတိုင်း၏ တုံ့ပြန်မှုများ မတူညီနိုင်ပါ။ အထူးသဖြင့် ကင်ဆာရောဂါသည် ပျောက်ကင်းအောင် ကုသနိုင်သောအဆင့်ထက် ကျော်လွန်နေပြီဟု သိရှိရသည့်အချိန်မျိုးတွင် ပို၍ ကွာခြားနိုင်သည်။ ဖြစ်ပျက်နေသော အခြေအနေများကို လက်ခံနိုင်ရန် မိမိကိုယ်ကို အချိန်ပေးရန် လိုအပ်သည်။ ထိုအခြေအနေမျိုးတွင် တုံ့ပြန်မှုပုံစံ မှန်သည်၊ မှားသည်ဟူ၍ မရှိဘဲ ထိုတုံ့ပြန်မှုများသည် သဘာဝအတိုင်း ဖြစ်ပျက်နေသည်ကို သိရှိထားခြင်းနှင့် ထိုစိတ်ခံစားချက်အမျိုးမျိုးကို စီမံခန့်ခွဲနိုင်ရန် အထောက်အပံ့များ ရရှိနိုင်ကြောင်း သိရှိထားခြင်းသည် များစွာအထောက်အကူဖြစ်စေသည်။ ကင်ဆာရောဂါရှိကြောင်း သိရှိပြီးနောက် အောက်ဖော်ပြပါ စိတ်ခံစားမှုအမျိုးမျိုးကို ခံစားရနိုင်သည်။

  • ထိတ်လန့်တုန်လှုပ်ခြင်း (Shock)
    • ထိတ်လန့်တုန်လှုပ်ခြင်းသည် ပထမဆုံး ခံစားရနိုင်သော စိတ်ခံစားချက်ပင်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် မည်သူမဆို မိမိတွင် ကင်ဆာရောဂါရှိကြောင်း ကြားသိရန် အဆင်သင့် ဖြစ်မနေသောကြောင့်ဖြစ်သည်
    • ကင်ဆာရောဂါဝေဒနာရှင်များအနေနှင့် “မိမိထံတွင် ဘာကြောင့် ထိုရောဂါလာဖြစ်ရသနည်း” ကဲ့သို့သော မေးခွန်းထုတ်မိခြင်း သို့မဟုတ် လောကကြီးက မိမိတို့အပေါ် မတရားပြုသည်ဟု ခံစားရခြင်းမျိုးသည် ဖြစ်လေ့ရှိသည့် သဘာဝသာဖြစ်သည်
    • အထူးသဖြင့် မိမိကိုယ်ကို နေမကောင်းဖြစ်နေသည်ဟု မခံစားရသည့်အခါမျိုးတွင် ကင်ဆာရောဂါဖြစ်နေသည်ကို လုံးဝမယုံကြည်နိုင်ခြင်း၊ လက်မခံနိုင်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည်
  • မယုံကြည်နိုင်သကဲ့သို့ ခံစားရခြင်း သို့မဟုတ် လက်မခံနိုင်ဘဲ ငြင်းဆန်ခြင်း (Disbelief/ In Denial)
    • ကုသနိုင်သော နည်းလမ်းများတွင် ကန့်သတ်ချက်များ ရှိနေခြင်း သို့မဟုတ် ကင်ဆာရောဂါကို အပြည့်အဝ ပျောက်ကင်းအောင် ကုသ၍ မရနိုင်ကြောင်း ကြားသိရသည့်အခါ လက်ခံနိုင်ရန် အလွန်ခက်ခဲသည်
    • အစပိုင်းတွင် အမှန်တရားကို လက်မခံလိုဘဲ ငြင်းပယ်နေမိခြင်း (Denial) သည် ရုတ်တရက် ကြုံတွေ့လိုက်ရသည့် စိတ်ဒဏ်ရာကို ခုခံကာကွယ်ရန်နှင့် အခြေအနေကို လက်ခံလာနိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ အချိန်ယူနေခြင်းလည်း ဖြစ်နိုင်သည်
    • သို့သော် ထိုသို့လက်မခံဘဲ ငြင်းပယ်နေသည့် သဘောထားသည် အချိန်ကြာရှည်လာပါက လိုအပ်သော ကုသမှုများ ခံယူရန် သို့မဟုတ် အကူအညီ ရယူရန် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်စေနိုင်သည်
    • ထို့ကြောင့် မည်ကဲ့သို့ပင် ခံစားနေရစေကာမူ မိမိ၏ ရောဂါအခြေအနေများနှင့် ပတ်သက်၍ ဆရာဝန်နှင့် ပွင့်လင်းစွာ ဆွေးနွေးပြောဆိုရန် အလွန်အရေးကြီးသည်
  • ဒေါသထွက်ခြင်း (Anger)
    • ကင်ဆာရောဂါရှိသူတစ်ဦးသည် ဒေါသထွက်ခြင်းကို ခံစားရနိုင်သည်
    • အချို့လူနာများသည် မိမိတို့၏ ဒေါသနှင့် စိတ်ပျက်အားမလိုအားမရဖြစ်မှုများကို အပြင်ပန်းတွင် ထုတ်ဖော်မပြသူများ ရှိသကဲ့သို့ အချို့သူများသည် ၎င်းတို့၏ ဒေါသများကို မိသားစုဝင်များ၊ သူငယ်ချင်းများ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူများထံသို့ ပုံချမိတတ်ကြသည်
    • သို့သော်လည်း ဤအရာများသည် တမင်ရည်ရွယ်၍ လုပ်ဆောင်ခြင်းမျိုး မဟုတ်ကြပေ
    • မိမိခံစားနေရသော စိတ်ခံစားမှုများကို ငြင်းပယ်ခြင်း သို့မဟုတ် လျစ်လျူရှုထားခြင်းမျိုးနှင့် ကြုံတွေ့ရသည့်အခါ ထိုအကြောင်းရင်းနှင့် မသက်ဆိုင်သော တုံ့ပြန်မှုများအဖြစ် ထွက်ပေါ်လာတတ်သည်
    • ဥပမာအားဖြင့်
      • ရင်သားကင်ဆာရှိနေခြင်းအပေါ် ဒေါသထွက်နေသော အမျိုးသမီးတစ်ဦးသည် မိသားစုဝင်များအပေါ် ပိုမိုစိတ်တိုစိတ်ကောက် လွယ်လာနိုင်သည်
      • အဆုတ်ကင်ဆာကြောင့် ဝမ်းနည်းနေသော အမျိုးသားတစ်ဦးသည် ပုံမှန်အားဖြင့် သူ၏စိတ်ကို အနှောင့်အယှက်မဖြစ်စေသော အသေးအဖွဲကိစ္စလေးများအပေါ်တွင်ပင် အလွန်အမင်းစိတ်တိုပြီး ကြေကွဲဝမ်းနည်းခြင်းကို ခံစားရနေနိုင်သည်
    • ထိုကဲ့သို့သော အခြေအနေမျိုးတွင် မိသားစုဝင်နှင့် သူငယ်ချင်းများအနေနှင့် လူနာများသည် ပြဿနာတိုင်းကို လိုက်လံဖြေရှင်းပေးရန် မျှော်လင့်နေခြင်းမျိုး မဟုတ်ဘဲ လူနာများ၏စကားကို နားထောင်ပေးရုံနှင့်ပင် များစွာ အထောက်အကူဖြစ်စေနိုင်ကြောင်း နားလည်နိုင်ရန် လိုအပ်သည်
  • မိမိကိုယ်ကို အပြစ်တင်ခြင်း (Guilt)
    • ကင်ဆာဝေဒနာရှင်တစ်ဦးသည် မိမိကိုယ်ကို အပြစ်ရှိသကဲ့သို့ ခံစားရနိုင်သည်
    • ရောဂါလက္ခဏာများကို ဘာကြောင့် စောစောသတိမထားမိခဲ့သည်ကို တွေးမိကာ အတိတ်ကို ပြန်လည်တွေးတောပူပန်ခြင်း သို့မဟုတ် မိမိ၏ နေထိုင်မှုပုံစံကြောင့် ကင်ဆာရောဂါ ဖြစ်လာရသည် ဟုဆိုပြီး မိမိကိုယ်မိမိ အပြစ်တင်ခြင်းမျိုး ဖြစ်ပေါ်တတ်သည်
    • အိမ် သို့မဟုတ် လုပ်ငန်းခွင်တွင် ကင်ဆာဖြစ်စေနိုင်သော အရာတစ်ခုခုနှင့် ထိတွေ့မိခဲ့ခြင်း စသည့်သံသယစိတ်များ ဝင်လာတတ်သည့်အပြင် မိမိ၏ မိသားစုဝင်များတွင် ကင်ဆာရောဂါ ဖြစ်ပေါ်လာမလားဆိုသည့် စိုးရိမ်ပူပန်စိတ်များလည်း ဝင်လာတတ်သည်
    • ကင်ဆာအများစု၏ ဖြစ်ပေါ်ရသော အကြောင်းရင်းများကို ယခုအချိန်ထိ အတိအကျ သိရှိနိုင်ခြင်း မရှိသေးပါ
    • ကင်ဆာအမျိုးအစား အနည်းငယ်သည် မျိုးရိုးလိုက်ခြင်း (မိဘမှ သားသမီးထံသို့ လက်ဆင့်ကမ်းခြင်း) ကြောင့် ဖြစ်ပေါ်လာသည်ဟု သိရှိထားကြသည် (မိသားစုဝင်တစ်ဦးတွင် ကင်ဆာရောဂါဖြစ်ပေါ်ခဲ့လျှင် ကျန်ရှိနေသော မိသားစုဝင်များတွင် ကင်ဆာရောဂါဖြစ်နိုင်ခြေ ပိုများနိုင်ခြင်းဖြစ်သည်)
    • ဤအချက်သည်လည်း ကင်ဆာဝေဒနာရှင်များအတွက် စိုးရိမ်ပူပန်စေမည့် နောက်ထပ်အချက်တစ်ခု ဖြစ်လာသည်
  • စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့ခြင်း (Worried and Afraid)
    • မိမိတွင် ကင်ဆာရောဂါရှိနေကြောင်း သိရှိရပါက အချို့မှာ ရောဂါကို ကြောက်ရွံ့ကြသကဲ့သို့ အချို့မှာမူ ကင်ဆာရောဂါ ကုသမှုများကို ကြောက်ရွံ့ပြီး ထိုဒဏ်များကို မည်သို့ဖြတ်ကျော်ရမည်ကို ကြိုတင်တွေးတော စိုးရိမ်ပူပန်နေကြသည်
    • နာကျင်မှုနှင့် ဝေဒနာခံစားရမည်ကို ကြောက်ရွံ့ခြင်းသည် ကင်ဆာဝေဒနာရှင်များနှင့် ၎င်းတို့၏ ချစ်ခင်ရသူ မိသားစုမိတ်ဆွေများအကြား အဖြစ်အများဆုံး ကြောက်ရွံ့မှုတစ်ခုဖြစ်သည်
  • စိတ်ဖိစီးပြီး စိုးရိမ်သောကရောက်ခြင်း (Stressed and Anxious)
    • မိမိတွင် ကင်ဆာရောဂါရှိနေကြောင်း သိရှိရသည့်အခါ အလွန်ထိတ်လန့်စရာ ကောင်းသည့်အပြင် စိတ်ဖိစီးမှုများ ဖြစ်ပေါ်၍ စိုးရိမ်သောကရောက်နိုင်သကဲ့သို့ သေဆုံးရမည်ကိုလည်း ကြောက်ရွံ့မိနိုင်သည်
    • အကယ်၍ ထိုစိတ်ခံစားချက်များ ပြင်းထန်လွန်းပြီး မထိန်းချုပ်နိုင်ပါက အလွန်အမင်း ကြောက်ရွံ့သည့် စိတ်ဖိစီးမှုဖြစ်စဉ်များ (Panic Attacks) ကို ဖြစ်ပေါ်စေနိုင်သည်
  • မျှော်လင့်ချက်ကင်းမဲ့ခြင်း (Hopeless)
    • ကင်ဆာရောဂါသည် ကျန်းမာပျော်ရွှင်သော ဘဝသို့သွားရာ လမ်းခရီးတွင် ပိတ်ဆို့နေသော အဟန့်အတားတစ်ခုကဲ့သို့ မြင်မိသောအခါ လူတစ်ယောက်သည် မျှော်လင့်ချက်ကင်းမဲ့ခြင်း သို့မဟုတ် ဝမ်းနည်းကြေကွဲခြင်းမျိုး ခံစားရနိုင်သည်
    • အထူးသဖြင့် အနာဂတ်အတွက် မရေမရာဖြစ်နေသည့် အချိန်မျိုးတွင် စိတ်ကို ပျော်ပျော်ရွှင်ရွှင်နှင့် တက်ကြွအောင်ထားနိုင်ရန် အလွန်ခက်ခဲလှသည်
    • ကုသမှုလုပ်ငန်းစဉ်များနှင့် ပေးဆပ်ရမည့် အချိန်များကို တွေးကြည့်ရုံနှင့်ပင် ရင်ဆိုင်ကျော်ဖြတ်နိုင်ရန် အလွန်ပင်ပန်းလွန်းသည်ဟု ထင်မြင်မိနိုင်သည်
  • ဝမ်းနည်းပြီး စိတ်ဓာတ်ကျခြင်း (Sad and Depressed)
    • ကင်ဆာရောဂါကို သိရှိပြီးနောက် ဝမ်းနည်းစိတ်ဖြစ်ပေါ်လာခြင်းသည် သဘာဝကျသော တုံ့ပြန်မှုတစ်ရပ်ပင်ဖြစ်သည်
    • မိသားစုဝင်များနှင့် သူငယ်ချင်းမိတ်ဆွေများသည်လည်း မိမိနှင့်ထပ်တူ စိတ်မကောင်း ဝမ်းနည်းနေနိုင်သည်
    • သို့သော် ထိုဝမ်းနည်းစိတ်သည် ဆက်တိုက်ဖြစ်ပေါ်နေခြင်း၊ မနက်အချိန်တွင် အိပ်ရာမှထရန် ခက်ခဲလာခြင်း၊ ယခင်က ပျော်ရွှင်ခဲ့သော လုပ်ငန်းများကို လုပ်ဆောင်ရန် စိတ်အားထက်သန်မှုများ ပျောက်ဆုံးလာခြင်းတို့ ဖြစ်ပေါ်ပါက စိတ်ကျရောဂါ (Depression) ဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန် အရေးကြီးသည်
  • ဆုံးရှုံးခြင်းနှင့် ပူဆွေးသောကဖြစ်ခြင်း (Loss and Grief)
    • ကင်ဆာဝေဒနာရှင်တစ်ဦးသည် မိမိ၏ရောဂါအခြေအနေနှင့် ကုသမှုလုပ်ငန်းစဉ်များအပေါ်တွင် ဆုံးရှုံးမှုတစ်ခုကဲ့သို့ ခံစားရပြီး ပူဆွေးသောကဖြစ်ခြင်းတို့ကို ခံစားရနိုင်သည်
    • ကင်ဆာရောဂါသည် လူတစ်ဦး၏ မိမိကိုယ်ကိုအမြင် သို့မဟုတ် မိမိကိုယ်ပိုင်ခံယူချက်များကို ပြောင်းလဲပစ်နိုင်သည်
    • မိမိ၏ခန္ဓာကိုယ်နှင့် မိမိ၏အနာဂတ်အပေါ်ထားရှိသည့် အမြင်များကိုလည်း ပြောင်းလဲသွားစေနိုင်သည်
    • ထိုကဲ့သို့ဆုံးရှုံးမှုများအတွက် ပူဆွေးဝမ်းနည်းရခြင်းသည် သဘာဝကျသော တုံ့ပြန်မှုတစ်ခုပင်ဖြစ်သည်
    • ကင်ဆာဝေဒနာရှင်များသည် မိမိဘဝအပေါ်ထားရှိသော ယခင်ကအယူအဆများကို စွန့်လွှတ်လိုက်ရပြီး လက်ခံချင်စရာမကောင်းသော အပြောင်းအလဲသစ်များကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန် လိုအပ်သည်
    • ထိုသို့ ဆုံးရှုံးမှုများနှင့် အပြောင်းအလဲများကို ကိုယ်တိုင်သတိပြုမိနိုင်ရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်နိုင်သည်
    • မိမိ၏ ပူဆွေးသောကဖြစ်ခြင်းကို နီးစပ်ရာလူတစ်ဦးဦးနှင့် မျှဝေခံစားခြင်းသည် များစွာအထောက်အကူ ဖြစ်စေသည်
    • အကယ်၍ ရင်ဖွင့်တိုင်ပင်ရန် စိတ်ချရသူ အနီးအနားတွင် မရှိပါက စိတ်ကျန်းမာရေးပညာရှင်တစ်ဦးဦးနှင့် တွေ့ဆုံဆွေးနွေးသင့်သည်
    • လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဂရုစိုက်စောင့်ရှောက်ရန် လိုအပ်သကဲ့သို့ စိတ်ခံစားချက်များကိုလည်း ဂရုတစိုက်စောင့်ရှောက်ပေးရန် လိုအပ်သည်
  • မသေချာမရေရာမှုများ ခံစားရခြင်း (Uncertainty)
    • မိမိဘဝနှင့် စိတ်ခံစားချက်များအပေါ်တွင် မိမိကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း လျော့နည်းသွားသကဲ့သို့ ခံစားရနိုင်ပြီး ကူကယ်ရာမဲ့သလို သို့မဟုတ် အစွမ်းအစမရှိတော့သလိုမျိုး ခံစားချက်များ ဖြစ်ပေါ်စေနိုင်သည်
    • အထူးသဖြင့် လူနာသည် မိမိဘာသာရပ်တည်နိုင်ပြီး အရာရာကို စနစ်တကျ စီစဉ်နေထိုင်တတ်သူတစ်ယောက်ဖြစ်ခဲ့လျှင် မရေရာသော အနာဂတ်ကို လက်ခံနိုင်ရန်နှင့် ကျင့်သားရရန် အလွန်ပင် ခက်ခဲလှသည်
  • အထီးကျန်သကဲ့သို့ ခံစားရခြင်း (Loneliness)
    • မိမိပတ်ဝန်းကျင်တွင် လူအများရှိနေလျှင်ပင် တစ်ခါတစ်ရံတွင် အထီးကျန်သကဲ့သို့ ခံစားရနိုင်သည်၊ မိမိကြုံတွေ့နေရသည့် အခြေအနေများကို မည်သူမျှ နားမလည်နိုင်ဟု ခံစားနေရခြင်းသည် လူ့လောကထဲမှ သီးသန့်ဖြစ်နေသကဲ့သို့ ခံစားရစေသည်
    • ကင်ဆာဝေဒနာရှင်တစ်ဦးအနေနှင့် မိမိ၏စိတ်ခံစားချက်များကို သတိပြုမိရန်နှင့် ထိုစိတ်ခံစားချက်များကို နားလည်သဘောပေါက်ပြီး ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေရန် အလွန်အရေးကြီးသည်
    • ထိုစိတ်ခံစားချက်များသည် မိမိကိုယ်ကိုအပေါ်ထားရှိသော အမြင်၊ မိမိဘဝအပေါ် ရှုမြင်ပုံ၊ ကုသမှုနှင့် ပတ်သက်၍ ချမှတ်ရမည့် ဆုံးဖြတ်ချက်များအပေါ်တွင် သက်ရောက်မှုရှိသောကြောင့်ဖြစ်သည်

ကင်ဆာရောဂါကုသမှုကို ဖြတ်သန်းနေစဉ် လူအများစုတွင် စိတ်ခံစားမှုအမျိုးမျိုး ပေါင်းစပ်ဖြစ်ပေါ်နေတတ်သည်။

  • ကုသမှုကို စတင်နိုင်ခြင်းကြောင့် စိတ်သက်သာမှု ရရှိလာနိုင်ပြီး ကင်ဆာရောဂါကို အနိုင်ယူမည်ဟူသော မျှော်လင့်ချက်များလည်း ဖြစ်ပေါ်လာနိုင်သည်
  • တစ်ချိန်တည်းမှာပင် ကုသမှုများ အောင်မြင်နိုင်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ၊ ရင်ဆိုင်ရမည့် အခက်အခဲများအပေါ် ဝမ်းနည်းစိတ်များလည်း ဖြစ်ပေါ်လာနိုင်သည်၊ အနာဂတ်အပေါ် စိုးရိမ်ကြောက်ရွံ့စိတ်များလည်း ခံစားရနိုင်သည်

ဤစိတ်ခံစားမှုအားလုံးတို့သည် သဘာဝကျသောအရာများသာ ဖြစ်ပေသည်။ မိသားစုဝင်များ၊ သူငယ်ချင်းမိတ်ဆွေများနှင့် စကားပြောဆိုခြင်း သို့မဟုတ် ကင်ဆာအထောက်အပံ့အဖွဲ့များတွင် ပူးပေါင်းပါဝင်ခြင်းသည် ကင်ဆာရောဂါနှင့် ၎င်းတို့၏ကုသမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေနိုင်ကြောင်း သိရှိထားရန် လိုအပ်သည်။

ကင်ဆာရောဂါကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည့် နည်းလမ်းအသွယ်သွယ်
  1. မိမိ၏ ကင်ဆာရောဂါအခြေအနေအကြောင်း အချက်အလက်များကို သေချာစွာ သိရှိအောင် ပြုလုပ်ခြင်း
    • ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) ကို မေးမြန်းရမည့် မေးခွန်းများကို စဉ်းစားရ ခက်ခဲနိုင်သည်
    • အောက်တွင် ဖော်ပြထားသော မေးခွန်းများသည် ကင်ဆာရောဂါ ကုသမှုနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် လိုအပ်သည့် အချက်အလက်များကို စုဆောင်းရာတွင် အလွန်အထောက်အကူ ဖြစ်စေသည်
      • ကင်ဆာအမျိုးအစား
      • ကင်ဆာတည်ရှိသော (ဖြစ်ပွါးသော) နေရာ၊ အဆိုပါနေရာမှ အခြားသို့ ပျံ့နှံ့သွားခြင်း ရှိမရှိ
      • လက်ရှိရောက်ရှိနေသော ကင်ဆာအဆင့်နှင့် ၎င်းကင်ဆာအဆင့်၏ အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ချက်
      • ကုသမှုရွေးချယ်ခြင်းမတိုင်မီ လိုအပ်နိုင်သည့် အခြားသော နောက်ထပ်စစ်ဆေးမှုများ
      • ရွေးချယ်နိုင်သော ကုသမှုနည်းလမ်းများ
      • ဆရာဝန်၏ ကုသမှုနှင့်ပတ်သက်၍ အကြံပြု‌ရွေးချယ်ခြင်း၊ ၎င်းရွေးချယ်မှုအတွက် အကြောင်းပြချက်၊ အထောက်အထား
      • ကုသမှု၏ ရည်မှန်းချက် (ရောဂါအမြစ်ပြတ်ရေး သို့မဟုတ် ဝေဒနာသက်သာစေရေး)
      • ကုသမှု ခံယူနေစဥ် ဖြစ်ပေါ်နိုင်သော အခြေအနေများ
      • အခြားကုသမှုများ ရှိမရှိ
      • ကုသမှုများ၏ အာနိသင်၊ ကောင်းကျိုး၊ နောက်ဆက်တွဲဆိုးကျိုးများ
      • ကုသမှု မခံယူရန် ဆုံးဖြတ်လျှင် ဖြစ်ပေါ်နိုင်သော အခြေအနေများ
    • ပထမဆုံး ဆေးရုံ၊ ဆေးခန်းသွားရောက်ပြသချိန်တွင် မိသားစုဝင်တစ်ဦးဦး သို့မဟုတ် သူငယ်ချင်းမိတ်ဆွေ တစ်ယောက်ယောက်ကို အဖော်အဖြစ် ခေါ်သွားရန် လိုအပ်သည်၊ သို့မှသာ ဆရာဝန်များ ပြောပြသည့် အချက်အလက်များကို ကူညီမှတ်သားပေးနိုင်လိမ့်မည်ဖြစ်သည်
    • မိမိသည် ကင်ဆာရောဂါနှင့် ပတ်သက်၍ မည်မျှအထိ သိလိုသည်ကို ကြိုတင်စဉ်းစားထားရန် လိုအပ်သည်
      • အချို့သူများသည် အသေးစိတ် အချက်အလက်များအားလုံးကို သိရှိလိုကြပြီး ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်သည့် အချိန်တွင် မိမိကိုယ်တိုင် ပါဝင်ဆုံးဖြတ်လိုကြသည်
      • သို့သော် အချို့သူများမှာမူ အခြေခံသဘောမျှ သိရှိလိုကြပြီး အသေးစိတ် အချက်အလက်များနှင့် ဆုံးဖြတ်ချက်များကို မိသားစုဝင်များနှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူ ဆရာဝန်တို့ထံတွင် ယုံကြည်စွာ အပ်နှံထားလိုကြသည်
      • မည်သည့်နည်းလမ်းသည် မိမိအတွက် အဆင်အပြေဆုံး ဖြစ်နိုင်မည်ကို စဉ်းစား၍ ရောဂါနှင့်ပတ်သက်၍ မိမိသိထားချင်သော အတိုင်းအတာပမာဏကို ကုသပေးနေသည့် ဆရာဝန်ကို အသိပေးရန် လိုအပ်သည်
  2. ဖြစ်ပေါ်လာနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို ကြိုတင်ခန့်မှန်းခြင်း
    • ကင်ဆာရောဂါရှိကြောင်း သိရှိပြီးစအချိန်နှင့် ကုသမှုမစတင်မီအချိန်တို့သည် ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာနိုင်သည့် အပြောင်းအလဲများအတွက် ကြိုတင်ပြင်ဆင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်
    • နောက်ပိုင်းတွင် ကြုံတွေ့ရမည့် အရာအားလုံးကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်
    • မည်သည့်အချက်များ ပြောင်းလဲသွားနိုင်သည်၊ နေ့စဉ် လူနေမှုဘဝအပေါ် မည်သို့သက်ရောက်မှု ရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားရမည်
    • ပုံမှန်လုပ်ဆောင်နေကျ အစီအစဉ်များကို ဆက်လက် လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ဆရာဝန်များအား ကြိုတင်မေးမြန်းထားပါ
    • အကယ်၍ ကုသမှုကြောင့် နေ့စဉ်တာဝန်များ ထမ်းဆောင်ရန် ခက်ခဲလာနိုင်သဖြင့် ထိုကိစ္စများအတွက် ကြိုတင်စီစဉ်ထားရန် လိုအပ်သည်
    • ဆေးရုံတွင် အချိန်ပေးရခြင်း သို့မဟုတ် ဆေးရုံပြသရန် ရက်ချိန်းများစွာ ရှိနေခြင်းတို့ ဖြစ်နေနိုင်သည်၊ ထို့အတွက် ပုံမှန်အိမ်မှုကိစ္စများကို မည်သူက ကူညီလုပ်ဆောင်ပေးမည်ကို ကြိုတင်ရှာဖွေ စီစဉ်ထားရမည်
  3. ကျန်းမာသော လူနေမှုပုံစံကို ထိန်းသိမ်းခြင်း
    • ကျန်းမာသော လူနေမှုပုံစံသည် လူတစ်ဦး၏ စွမ်းဆောင်ရည်ပမာဏကို မြှင့်တင်ပေးနိုင်သည်
    • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို ရွေးချယ်စားသုံးခြင်း၊ လုံလောက်စွာ အနားယူခြင်းသည် ကင်ဆာရောဂါနှင့် ၎င်း၏ကုသမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုနှင့် နုံးချည့်ပင်ပန်းမှုများကို သက်သာစေရန် အထောက်အကူပြုနိုင်သည်
    • ဖြစ်နိုင်သမျှ
      • နေ့စဉ်လုပ်ဆောင်နေကျ အစီအစဉ်များကို ပုံမှန်အတိုင်းဖြစ်အောင် လုပ်ဆောင်ပါ
      • ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ လုံလောက်စွာ အိပ်စက်ခြင်း၊ အစာစားခြင်းတို့အတွက် နေ့စဉ် အချိန်သတ်မှတ်ထားပါ
      • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် မိမိနှစ်သက်ဝါသနာပါရာ အလုပ်များကို လုပ်ဆောင်ခြင်းကလည်း ကုသမှုခံယူနေစဉ်အတွင်း ရောဂါကုသမှု၏ ဘေးထွက်ဆိုးကျိုးများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ရုံသာမက သက်တမ်းပိုမိုကြာရှည်စွာ နေထိုင်နိုင်ခြေလည်းရှိသည်
  4. မိမိ၏ ရည်မှန်းချက်များနှင့် ဦးစားပေးအရာများကို ပြန်လည်သုံးသပ်ခြင်း
    • မိမိဘဝတွင် မည်သည့်အရာက အမှန်တကယ် အရေးအကြီးဆုံးဖြစ်သည်ကို သိရှိအောင် ရှာဖွေဖော်ထုတ်ရမည်
    • မိမိအတွက် အရေးအကြီးဆုံးနှင့် အဓိပ္ပာယ်အရှိဆုံး ဖြစ်စေမည့် လုပ်ဆောင်ချက်များအတွက် အချိန်ပေးပါ
    • မိမိ၏ လုပ်ငန်းဆောင်တာများကို ပြန်လည်စစ်ဆေးပြီး မိမိရည်မှန်းချက်နှင့် မကိုက်ညီသည့် ကိစ္စရပ်များကို ဖျက်သိမ်းရန် စီစဉ်ပါ
  5. ငွေရေးကြေးရေးအပေါ် မည်သို့ သက်ရောက်နိုင်သည်ကို ထည့်သွင်းစဉ်းစားခြင်း
    • ကင်ဆာရောဂါရှိကြောင်း သိရှိပြီးနောက် မမျှော်လင့်ထားသော ငွေရေးကြေးရေးဆိုင်ရာ ပြဿနာများစွာ ပေါ်ပေါက်လာနိုင်သည်
    • ကုသမှုလုပ်ငန်းစဉ်များကြောင့် အလုပ်မှ ခေတ္တနားရခြင်း သို့မဟုတ် အိမ်မှုကိစ္စများ မလုပ်ဆောင်နိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်
    • ဆေးရုံစရိတ်၊ ဆေးဝါးစရိတ်နှင့် သွားလာစရိတ် အစရှိသည့် ကုန်ကျစရိတ်များအပေါ် မူတည်၍ ရွေးချယ်နိုင်သည့် ကုသမှုနည်းလမ်းများနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်ပါ
  6. အယူအဆလွဲမှားမှုများနှင့် ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ခြင်း
    • ကင်ဆာရောဂါနှင့် ပတ်သက်၍ ယနေ့ထက်တိုင် အယူအဆအမှားအချို့ ရှိနေဆဲဖြစ်သည်
    • သူငယ်ချင်းမိတ်ဆွေအချို့မှ ကင်ဆာရောဂါသည် ကူးစက်နိုင်သောရောဂါဟု တွေးတောမိနိုင်သကဲ့သို့ လုပ်ဖော်ကိုင်ဖက်များမှလည်း အလုပ်ဆက်လုပ်ရန် လုံလောက်သော ကျန်းမာရေး ရှိနိုင်မည်လားဟု သံသယဝင်နိုင်သည်
    • အချို့သောသူများသည် မှားယွင်းသော စကားလုံးများ ပြောဆိုမိမည်ကို စိုးရိမ်သောကြောင့် ရှောင်ဖယ်နေတတ်ကြသည်၊ လူအများစုတွင် စိုးရိမ်ပူပန်မှုများနှင့် မေးခွန်းများ ရှိနေနိုင်သည်
    • အခြားသူများကို မည်သို့ တုံ့ပြန်ဆက်ဆံမည်ကို ဆုံးဖြတ်ထားရန် လိုအပ်သည်၊ ယေဘုယျအားဖြင့် လူအများသည် မိမိ၏ ပြုမူနေထိုင်ပုံစံအတိုင်း လိုက်ပါဆောင်ရွက်ကြလိမ့်မည်
  7. မိမိနှင့်သင့်တော်မည့် ကင်ဆာရောဂါ ရင်ဆိုင်ကျော်ဖြတ်နည်းများ ရှာဖွေဖော်ထုတ်ခြင်း
    • လူတစ်ဦးချင်းစီ၏ ကင်ဆာကုသမှုပုံစံများ မတူညီကြသကဲ့သို့ ရောဂါကို ရင်ဆိုင်ဖြေရှင်းသည့် နည်းလမ်းများသည်လည်း တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သည်
    • အောက်ပါနည်းလမ်းများကို စမ်းသပ်ကြည့်နိုင်သည်
      • စိုးရိမ်မှုနှင့် ပူပင်သောကများကို လျှော့ချနိုင်မည့် နည်းလမ်းများကို လေ့ကျင့်ပါ
      • မိမိ၏ စိတ်ခံစားချက်များကို မိသားစု၊ သူငယ်ချင်း၊ ဘာသာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် သို့မဟုတ် နှစ်သိမ့်ဆွေးနွေးသူများနှင့် ပွင့်လင်းရိုးသားစွာ ဝေမျှပါ
      • မိမိ၏ အတွေးများကို စနစ်တကျ ပြန်လည်စုစည်းနိုင်ရန် နေ့စဉ်မှတ်တမ်း ရေးသားပါ
      • ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရတော့မည်ဆိုလျှင် ရွေးချယ်စရာတစ်ခုချင်းစီ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများကို စာရင်းပြုစုပါ
      • မိမိတစ်ယောက်တည်း သီးသန့်နေထိုင်မည့် အချိန်တစ်ခုကို သတ်မှတ်ထားပါ
      • အလုပ်ကိစ္စများနှင့် အပန်းဖြေလုပ်ငန်းဆောင်တာများတွင် တတ်နိုင်သမျှ ပါဝင်လုပ်ဆောင်ပါ
      • ငြင်းဆိုရန် လိုအပ်ပါက မလုပ်နိုင်ပါဟု ပြောရန် အသင့်ပြင်ထားပါ၊ ဤအချိန်သည် မိမိကိုယ်ကိုသာ အဓိက အာရုံစိုက်ရမည့်အချိန်ဖြစ်သည်
စိတ်ခံစားချက်များ ထိန်းချုပ်နိုင်မည့် နည်းလမ်းများ
  • ဗဟုသုတရှာဖွေခြင်းဖြင့် ကြောက်ရွံ့မှုကို ကျော်လွှားပါ
    • အချို့သောသူများသည် အခြေအနေသစ်တစ်ခု သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေတစ်ခုကို ရင်ဆိုင်ရသည့်အခါ ထိုအကြောင်းအရာနှင့် ပတ်သက်၍ တတ်နိုင်သမျှ များများလေ့လာထားခြင်းက လက်တွေ့ဘဝကို ရင်ဆိုင်ရန် ပိုမိုလွယ်ကူစေကြောင်း တွေ့ရှိရသည်
    • ၎င်းသည် ကင်ဆာကဲ့သို့ ရှုပ်ထွေးသော ရောဂါတစ်ခုကို ရင်ဆိုင်ရချိန်တွင် ပို၍ပင် မှန်ကန်လှသည်
    • လူသားတို့သည် များသောအားဖြင့် မသိနားမလည်ခြင်းနှင့် ရှေ့ဆက်၍ ဘာဖြစ်လာနိုင်သည်ဆိုသည့် မရေရာမှုများအပေါ် အလွန်အမင်း ကြောက်ရွံ့တတ်ကြသည်၊ ဗဟုသုတရှိခြင်းသည် ထိုကဲ့သို့ မသိနားမလည်မှုကြောင့် ဖြစ်ပေါ်သော ကြောက်ရွံ့စိတ်ကို လျော့ပါးစေနိုင်သည်
    • လူတစ်ဦးအနေဖြင့် မိမိတွင် ဖြစ်ပွါးနေသော ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်၊ ကုသမှုနည်းလမ်းများနှင့် ပြန်လည်ကျန်းမာလာနိုင်မည့် အခွင့်အလမ်းများ အကြောင်းကို လေ့လာသိရှိထားသင့်သည်
    • ဆရာဝန်နှင့် တိုင်ပင်ခြင်း သို့မဟုတ် သတင်းအရင်းအမြစ် ယုံကြည်စိတ်ချရသော ကျန်းမာရေးဝက်ဆိုဒ်များမှ လိုအပ်သော အချက်အလက်များ ရယူခြင်းများ ပြုလုပ်ရမည်
    • ကင်ဆာရောဂါကို ရင်ဆိုင်နေရသော လူနာများသည် မိမိ၏ ရောဂါအခြေအနေကို ပြောင်းလဲနိုင်ခြင်း မရှိသော်လည်း ရောဂါနှင့် ပတ်သက်သည့် နောက်ဆုံးပေါ် အချက်အလက်များကို ရှာဖွေလေ့လာပြီး ကင်ဆာရောဂါကုသမှု ခရီးစဉ်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ရန် ပြင်ဆင်ထားနိုင်သည်
    • မိမိကို ကုသပေးသည့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် စတင်ရန် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။
  • မိမိခံစားနေရသည့် စိတ်ခံစားမှုများကို ဖွင့်ဟပြောဆိုပါ (ဆက်သွယ်ပြောဆိုမှုကို အမြဲပွင့်လင်းနေပါစေ)
    • ချစ်ခင်ရသူများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် အပြန်အလှန် ပွင့်လင်းရိုးသားစွာ ဆက်သွယ်ပြောဆိုပါ
    • မိမိကိုယ်တိုင်က သန်မာသကဲ့သို့ ဟန်ဆောင်ပြီး ခံစားချက်အစစ်အမှန်ကို ထုတ်မပြောပါက အထီးကျန်ခြင်း သို့မဟုတ် အားကိုးရာမဲ့ခြင်းကို ခံစားရနိုင်သည်
    • မိမိပတ်ဝန်းကျင်ရှိ လူများကို မိမိ၏ တကယ့်ခံစားချက် အစစ်အမှန်များကို ဖော်ပြမည်ဆိုပါက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖေးမကူညီနိုင်မည်ဖြစ်သည်
    • စိတ်ဖိစီးမှု အလွန်အမင်း များပြားလာပြီး စိတ်မွန်းကြပ်မှုကို ခံစားရပါက မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ပါ
    • လိုအပ်လျှင် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု ခံယူခြင်း သို့မဟုတ် ဆေးဝါးကုသမှုခံယူခြင်း အစရှိသည့် နည်းလမ်းများသည် များစွာအထောက်အကူဖြစ်စေသည်
  • အွန်လိုင်းပေါ်တွင် မျှဝေခြင်း သို့မဟုတ် ကင်ဆာဝေဒနာရှင်အချင်းချင်း ဆက်သွယ်ခြင်းများ ပြုလုပ်ပါ
    • မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် အဆက်အသွယ်မပြတ် ရှိနေရန်အတွက် အီးမေးလ် (Email)၊ လူမှုကွန်ရက် (Social Media) သို့မဟုတ် ဘလော့ဂ် (Blog) များကို အသုံးပြုနိုင်သည်
    • ကင်ဆာဝေဒနာ မခံစားဖူးသူများအတွက် မိမိ၏ ခံစားချက်များကို နားလည်ပေးနိုင်ရန် ခက်ခဲနိုင်သည်
    • မိမိကဲ့သို့ အခြေအနေမျိုးကို ကြုံတွေ့ဖူးသူများနှင့် စကားပြောဆိုခြင်းသည် များစွာ အထောက်အကူပြုနိုင်သည်၊ ၎င်းတို့၏ ကင်ဆာရောဂါကို ကျော်ဖြတ်နိုင်ခဲ့ပုံ အတွေ့အကြုံများနှင့် ကုသမှုခံယူနေစဉ် ဖြစ်ပေါ်နိုင်သောအရာများကိုလည်း မျှဝေပေးနိုင်သည်
    • ထို့ကြောင့် မိမိနှင့်အလားတူ အခြေအနေမျိုး ကြုံတွေ့နေရသူများနှင့် အတွေ့အကြုံများကို ဆွေးနွေးနိုင်ရန် လူကိုယ်တိုင်တွေ့ဆုံခြင်း၊ ဖုန်း၊ အီးမေးလ် သို့မဟုတ် အွန်လိုင်းဆက်သွယ်မှုများမှတစ်ဆင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများနှင့် ပုံမှန်တွေ့ဆုံမှုများ ပြုလုပ်၍ အတွေ့အကြုံများ ဖလှယ်နိုင်သည်
  • အခြားဖြည့်စွက်ကုထုံးများကို သင့်တော်သလို စမ်းသပ်ကြည့်ခြင်း
    • စိတ်အပန်းဖြေခြင်း၊ တရားထိုင်ခြင်းနှင့် အနှိပ်ခံခြင်း အစရှိသည့် ဖြည့်စွက်ကုထုံးများသည် စိတ်ဖိစီးမှုကို လျော့ကျစေခြင်း၊ စိုးရိမ်သောကများ ပြေလျော့စေခြင်းနှင့် စိတ်ခံစားချက်များကို ပိုမိုကောင်းမွန်လာစေခြင်းဖြင့် ရောဂါဝေဒနာကို ပိုမိုရင်ဆိုင်နိုင်စွမ်းရှိအောင် ကူညီပေးသည်
  • သေးငယ်သော အရာလေးများမှတစ်ဆင့် ဘဝ၏ ပျော်ရွှင်မှုကို ရှာဖွေပါ
    • ယခုလက်ရှိ အခြေအနေတွင် မိမိလုပ်ဆောင်နိုင်နေသေးသော သေးငယ်သည့် အရာများအပေါ်တွင်သာ အာရုံစိုက်ရန် ကြိုးစားပါ
      (ဥပမာ _ သူငယ်ချင်းတစ်ယောက်နှင့် ကော်ဖီအတူသောက်ခြင်း သို့မဟုတ် မိမိအကြိုက်ဆုံး နေရာများဆီသို့ အလည်အပတ်သွားခြင်း)
  • သင့်တော်သောအကူအညီကို လက်ခံပါ
    • သူငယ်ချင်းမိတ်ဆွေများမှ စိတ်ရင်းနှင့် ကူညီချင်သည့်တိုင်အောင် တစ်ခါတစ်ရံတွင် မိမိဘက်မှ အကူအညီတောင်းရန် ခက်ခဲနေတတ်သည်
    • ထို့ကြောင့် ကူညီမှုများကို စီမံညှိနှိုင်းပေးရန်နှင့် နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေများကို လူအများကို အသိပေးအကြောင်းကြားနိုင်စေရန် စိတ်ချရသည့် သူငယ်ချင်း သို့မဟုတ် ဆွေမျိုးတစ်ဦးဦးကို တာဝန်ပေးထားရန် လိုအပ်သည်
  • ဘာသာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုများကို အားကိုးပါ
    • အချို့သူများသည် မိမိတို့၏ ဘာသာတရား၊ သက်ဝင်ယုံကြည်မှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ခံယူချက်များမှတစ်ဆင့် အဓိပ္ပာယ်ရှိသော နှစ်သိမ့်မှုများကို ရှာဖွေတွေ့ရှိတတ်ကြသည်
    • အချို့တွင်မူ မိသားစု၊ သူငယ်ချင်းများနှင့် အတူတကွ အချိန်ကုန်ဆုံးခြင်း သို့မဟုတ် သဘာဝတရား၏ အလှတရားများအကြားတွင် နေထိုင်ခြင်းကဲ့သို့သော အခြားသော နည်းလမ်းများဖြင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ရယူကြသည်
  • မရေရာမှုများကို စီမံခန့်ခွဲပါ
    • ကင်ဆာရောဂါရှိနေပြီဟု သိရှိရခြင်းသည် ရှေ့တွင် မည်သို့ဖြစ်မည်ကို သေချာမသိနိုင်သဖြင့် မိမိကိုယ်တိုင် ထိန်းချုပ်စီမံလေ့ရှိသူတစ်ယောက် ဖြစ်ပါက ထိုသို့မရေရာသည့် အခြေအနေသစ်ကို လိုက်လျောညီထွေစွာ နေထိုင်ရန် အလွန်ခက်ခဲနိုင်သည်
    • အချို့သူများက အလုပ်များ ပို၍လုပ်ဆောင်ခြင်း သို့မဟုတ် အခြားအရာတစ်ခုခုဖြင့် အာရုံပြောင်းခြင်းဖြင့် အနာဂတ်အကြောင်း တွေးတောပူပန်မှုများကို ရှောင်လွှဲတတ်ကြသည်။
    • အချို့အတွက်မူ မရေရာမှုများကြားတွင် မည်သို့နေထိုင်ရမည်ကို သင်ယူခြင်းဖြင့် ရင်ဆိုင်ကြသည်၊ ထိုသို့မရေရာမှုများကို စီမံခန့်ခွဲရာတွင် မည်သည့်နည်းလမ်းက မှန်သည်၊ မှားသည်ဟူ၍ မရှိဘဲ မိမိနှင့် အကိုက်ညီဆုံး နည်းလမ်းကိုသာ ရွေးချယ်နိုင်သည်

ကင်ဆာရောဂါကို ရင်ဆိုင်ကျော်ဖြတ်ရခြင်းသည် ခက်ခဲနက်နဲသော ခရီးစဉ်တစ်ခု ဖြစ်သော်လည်း မှန်ကန်သော ဗဟုသုတများ ရှာဖွေခြင်း၊ မိမိ၏ စိတ်ခံစားချက်များကို ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုခြင်းနှင့် ချစ်ခင်ရသူများ သို့မဟုတ် ကျွမ်းကျင်ပညာရှင်များထံမှ အကူအညီ ရယူခြင်းစသည်တို့ဖြင့် ဤခရီးစဉ်ကို အကောင်းဆုံး ဖြတ်ကျော်နိုင်သည်။ ရောဂါကုသမှု ခရီးစဉ်အတွင်း ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတိုင်းသည် သဘာဝကျသော ဖြစ်စဉ်များသာဖြစ်ကြောင်း နားလည်ထားရန် လိုအပ်သည်။ ကျန်းမာသော လူနေမှုပုံစံကို ထိန်းသိမ်းပြီး မိမိဘဝ၏ ဦးစားပေးအရာများကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြင့် ကင်ဆာဝေဒနာရှင်တစ်ဦးသည် စိန်ခေါ်မှုများကြားမှပင် စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ဘဝကို အနှစ်သာရရှိရှိ ဆက်လက်ရှင်သန်နိုင်မည်ဖြစ်သည်။

References:

  1. American Cancer Society. (n.d.). Coping with a cancer diagnosis (Circle of Life Module 5). https://www.cancer.org/content/dam/cancer-org/microsites/circle-of-life/documents/module5-coping-with-a-cancer-diagnosis.pdf
  2. Cancer Council Australia. (n.d.). Living with advanced cancer. https://www.cancer.org.au/assets/pdf/living-with-advanced-cancer-booklet
  3. Shen, M. J. (2024). 10 tips for coping with a cancer diagnosis. Fred Hutchinson Cancer Center. Retrieved February 10, from https://www.fredhutch.org/en/news/center-news/2024/05/10-tips-coping-cancer-diagnosis-megan-shen.html
  4. Mayo Clinic. (2026). Cancer diagnosis: 11 tips for coping. Retrieved February 10, from https://www.mayoclinic.org/diseases-conditions/cancer/in-depth/cancer-diagnosis/art-20044544
  5. American Cancer Society. (n.d.). Adjusting to life with cancer. Retrieved February 10, from https://www.cancer.org/cancer/survivorship/coping/adjusting-to-life-with-cancer.html

Published: 10 March 2026

Share

10 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.