Polypharmacy (ဆေးဝါးများစွာ သုံးစွဲနေခြင်း)

Polypharmacy (ဆေးဝါးများစွာ သုံးစွဲနေခြင်း)

ဆေးဝါးများစွာ သုံးစွဲနေခြင်း (Polypharmacy) ဆိုသည်မှာ ဆေးဝါး (၅) မျိုး သို့မဟုတ် (၅) မျိုးထက်ပိုသော ဆေးဝါးအရေအတွက်ကို တစ်ပြိုင်နက်တည်း ပုံမှန်သောက်သုံးနေခြင်းကို ဆိုလိုသည်။ ထိုသို့ ဆေးဝါးများစွာ သုံးစွဲရခြင်းကို သက်ကြီးရွယ်အိုများတွင် အများဆုံးတွေ့ရသကဲ့သို့ ကျန်းမာရေးမကောင်းသော၊ နာတာရှည်ရောဂါရှိသော လူငယ်လူလတ်ပိုင်းများတွင်လည်း တွေ့ရလေ့ရှိသည်။

သက်ကြီးရွယ်အိုများသည် အသက်ကြီးလာသည်နှင့်အမျှ နာတာရှည်ရောဂါများစွာကို ခံစားရလေ့ရှိသောကြောင့် ဆေးဝါး (၅) မျိုးနှင့်အထက် သုံးစွဲရန် လိုအပ်လာတတ်သည်။ သို့သော် ဤသို့သုံးစွဲရခြင်းသည်ပင် ချော်လဲခြင်း၊ အင်အားချည့်နဲ့ခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်းကဲ့သို့သော ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ်ရှိနေပြန်သည်။ ထို့ကြောင့် Polypharmacy ၏ သမိုင်းကြောင်းဆိုင်ရာ ပြောင်းလဲလာမှုများနှင့် လက်ရှိ ခေတ်သစ်အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အထောက်အထား ခိုင်လုံသော ကုသမှုနည်းလမ်းများကို ပိုမိုကျင့်သုံးခြင်းနှင့် မလိုအပ်ဘဲ ဆေးဝါးများ အလွန်အကျွံ သုံးစွဲမှုများကို လျှော့ချခြင်းစသည်တို့ကို သိရှိရန် လိုအပ်လာသည်။

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးဝါးသုံးစွဲမှုနှုန်းများ အလွန်မြင့်မားလာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများအနေဖြင့် လူနာများ၏ ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန်အတွက် ဆေးဝါးများသုံးစွဲမှုကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးရမည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ထိုစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအား Polypharmacy ကို ကိုင်တွယ်ဖြေရှင်းရာတွင် လက်တွေ့ကျသော နည်းဗျူဟာများကို မျှဝေ၍ ဆေးဝါးစီမံခန့်ခွဲမှုစွမ်းရည် မြှင့်တင်ပေးမှသာ အကောင်းဆုံး အရည်အသွေးပြည့် စောင့်ရှောက်မှုများကို ပေးနိုင်မည်ဖြစ်သည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုင်ရာ ပြောင်းလဲမှုများ

လွန်ခဲ့သော ရာစုနှစ်တစ်ခုခွဲခန့်မှစ၍ Polypharmacy ဆိုသည့် အသုံးအနှုန်းကို ဆေးဝါးများစွာ သုံးစွဲနေခြင်းနှင့် ဆေးဝါးများ အလွန်အကျွံသုံးစွဲခြင်းဆိုင်ရာ ပြဿနာများကို ရည်ညွှန်းရန် အသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ ဤအသုံးအနှုန်းသည် အဓိပ္ပာယ်အမျိုးမျိုး၊ အခြေအနေအမျိုးမျိုးဖြင့် ပြောင်းလဲလာခဲ့ပြီး “မလိုအပ်ဘဲ ဆေးဝါးသုံးစွဲခြင်း” နှင့် “ဆေးသောက်ရန် အကြောင်းရင်းမရှိဘဲ ဆေးဝါးသုံးစွဲခြင်း” စသည်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုခြင်းများလည်း ရှိသည်။ ယေဘုယျအားဖြင့် Polypharmacy ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဆေး (၅) မျိုးနှင့်အထက် သောက်သုံးခြင်းဟု သတ်မှတ်၍ လက်ခံထားကြသည်။

သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရမူ အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ကိန်းဂဏန်းအပေါ် အခြေခံထားခြင်းသာဖြစ်ပြီး အမှန်တကယ် အလေးပေးရမည့်အချက်မှာ ခိုင်လုံသော အထောက်အထားများအပေါ် အခြေခံထားသည့် ဆေးကုသမှု (Evidence-based practice) များကို လိုက်နာကျင့်သုံးရန်နှင့် မသင့်လျော်သော ဆေးဝါးများကို အလွန်အကျွံ သုံးစွဲမှုများအား လျှော့ချရန်တို့ ဖြစ်သည်ဟုဆိုသည်။

ယေဘုယျအားဖြင့် ဆေးဝါးအများအပြားသုံးစွဲခြင်းကို ရှောင်ကြဉ်သင့်သည်ဟု ယူဆပြီး မလိုအပ်သော ဆေးညွှန်းမှုများသည် Polypharmacy နှင့် တိုက်ရိုက်ဆက်စပ်နေကြောင်းလည်း အထောက်အထား ခိုင်လုံစွာ တွေ့ရသည်။

သို့သော် အချို့သုတေသနများအရ လူနာများကို လိုအပ်သော ဆေးဝါးများဖြင့် စနစ်တကျ စီမံခန့်ခွဲကုသပေးခြင်းသည် နာတာရှည်လူနာများအတွက် ဆေးရုံအရေးပေါ်တက်ရခြင်းကို လျော့ကျစေကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့်- ရောဂါအခံ (၆) မျိုးခန့်ရှိသော လူနာများ၌ ရောဂါအတွက် သင့်တော်သော ဆေးဝါး (၄) မျိုးမှ (၆) မျိုးအထိ သောက်သုံးနေရသူများသည် ဆေးဝါး (၁) မျိုးမှ (၃) မျိုးသာ သောက်သုံးနေသူများနှင့် နှိုင်းယှဉ်ပါက ရောဂါဖောက်၍ ရုတ်တရက် ဆေးရုံတက်ရနိုင်ခြေ နည်းပါးသည်ကို တွေ့ရသည်။

လက်ရှိအချိန်တွင် Polypharmacy ကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုကြပြီး ဆေးကုသမှုပေးနေသည့် ဆရာဝန်များအနေဖြင့် ၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်များအတိုင်း ခွဲခြားသိမြင်ရန် လိုအပ်သည်။

  • ရောဂါလိုအပ်ချက်အရ ဆေးဝါးများစွာကို သင့်လျော်စွာညွှန်းဆိုခြင်း (Appropriate Polypharmacy)
    ဆေးဝါးအားလုံးကို သတ်မှတ်ထားသော ကုသမှုရည်မှန်းချက် ပြည့်မီစေရန် ညွှန်းဆိုပေးခြင်းဖြစ်ပြီး ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ မဖြစ်စေရန် ဆေးဝါးကုထုံးကို အကောင်းဆုံး ချိန်ညှိထားခြင်းကို ဆိုလိုသည်။
  • သင့်လျော်မှုမရှိဘဲ ဆေးဝါးများစွာကို ညွှန်းပေးခြင်း (Inappropriate Polypharmacy)
    ရောဂါအခြေအနေ လိုအပ်ချက်များကြောင့် မဟုတ်ဘဲ အခြားအကြောင်းပြချက်များဖြင့် ဆေးဝါးတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို၍ ညွှန်းဆိုထားခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် လူနာအတွက် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေ၍ ကုသမှုရည်ရွယ်ချက်များ လည်း အောင်မြင်မှု မရရှိနိုင်ပါ။

အထက်ပါအချက်များအရ Polypharmacy သည် အန္တရာယ်အမြဲရှိသည်ဟု မယူဆနိုင်ကြောင်းနှင့် ဆေးဝါးများကို ညွှန်းဆို၍ ဆေးကုသရာတွင် မည်သည့်ရည်ရွယ်ချက်၊ အကြောင်းပြချက်ဖြင့် ညွှန်းဆိုထားသည်ဆိုသော အချက်ကို အဓိကထည့်သွင်းစဉ်းစားရန် လိုအပ်လာကြောင်း ကောက်ချက်ချနိုင်သည်။ တစ်နည်းဆိုသော် လူနာများ၏ ရောဂါများကို ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန်အတွက် သင့်လျော်၍ အကျိုးရှိသော ကုသမှုများကိုသာ ရရှိစေရန် အားထုတ်ခြင်းသည် အဓိကပန်းတိုင်ဖြစ်သည်။

သက်ကြီးရွယ်အိုများနှင့် ဆေးဝါးများစွာ သောက်သုံးခြင်း

ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း တိုးတက်လာသည်နှင့်အမျှ အသက် (၆၅) နှစ်နှင့်အထက်ရှိသူ အရေအတွက်သည် ကမ္ဘာပေါ်တွင် နေ့စဉ်တိုးလျက်ရှိနေပြီး အမေရိကန်နိုင်ငံတွင် ပြင်ပလူနာဌာန၌ ဆေးကုသမှု ခံယူသူများ၏ သုံးပုံတစ်ပုံကျော်သည် သက်ကြီးပိုင်းလူနာများ ဖြစ်သည်ကို တွေ့ရသည်။ အသက်အရွယ်ကြီးသူများတွင် တွေ့ရလေ့ရှိသော ဆေးဝါးများစွာ သုံးစွဲနေခြင်းနှင့် ဆက်စပ်သည့် အချက်များနှင့် ဘေးထွက်ဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ရှုပ်ထွေးသော ရောဂါအခံများစွာရှိခြင်း (Multiple diseases)
    အသက်အရွယ်ကြီးလာသည်နှင့်အမျှ ကိုယ်ခန္ဓာ၏ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် နာတာရှည်ရောဂါများ ဖြစ်ပေါ်နိုင်ခြေများလာပြီး သက်ကြီးရွယ်အိုများတွင် နာတာရှည်ရောဂါ (၂) ခုနှင့်အထက် (ဥပမာ – သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ) တွဲ၍ ဖြစ်ပေါ်နိုင်သည်။ ရောဂါဖြစ်ပွားမှု များလာသည်နှင့်အမျှ ဆရာဝန်တစ်ဦးထက်ပို၍ ပြသရန် လိုအပ်သလို ဆရာဝန်များက ညွှန်သော ဆေးဝါးများ သောက်သုံးရခြင်းလည်း ပိုများလာသည်။
  • ဆေးဝါးများ၏ ဆိုးကျိုးသက်ရောက်မှု (Adverse Drug Effect – ADE)
    • ဆေးဝါးအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုကို ဆိုလိုပြီး ပုံမှန်သောက်သုံးနေကျ ဆေးပမာဏနှင့်ပင် ဆိုးကျိုးများ ဖြစ်ပေါ်ခြင်းဖြစ်သည်
    • အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုများနှင့် ဆေးဝါးများကို ခန္ဓာကိုယ်တွင်းမှ စွန့်ထုတ်နိုင်စွမ်း လျော့နည်းလာခြင်းတို့ကြောင့် သက်ကြီးရွယ်အိုများတွင် ဆေးဝါးဆိုးကျိုးဖြစ်နိုင်ခြေ ပိုများလာသည်
    • ထို့အပြင် သောက်သုံးရသည့် ဆေးအမျိုးအစား ပိုများလေ၊ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေ ပိုမြင့်လေဖြစ်သည်
    • သက်ကြီးရွယ်အိုများ ဆေးရုံ ရုတ်တရက်တက်ရသည့် အကြောင်းရင်းများ၏ (၅)ရာခိုင်နှုန်း မှ (၂၈)ရာခိုင်နှုန်းခန့်မှာ ဆေးဝါးများ၏ ဆိုးကျိုးသက်ရောက်မှုများကြောင့် ဖြစ်နိုင်သည်
    • သက်ကြီးရွယ်အိုများတွင် ဆေးဝါးများကို မသင့်လျော်စွာ အသုံးပြုခြင်းကြောင့်လည်း ထိုကဲ့သို့ပြင်းထန်သော နောက်ဆက်တွဲရလဒ်များ ဖြစ်ပေါ်တတ်ပြီး အချို့ဆိုးကျိုးများသည် ကြိုတင်ကာကွယ်၍ ရနိုင်သည်
    • ကြိုတင်ကာကွယ်ကာ ရှောင်လွှဲ၍ရသော ဆိုးကျိုးများ အများဆုံးဖြစ်ပေါ်တတ်သည့် ဆေးဝါးအုပ်စုများမှာ နှလုံးနှင့် သွေးကြောဆိုင်ရာဆေးများ (Cardiovascular drugs)၊ သွေးကျဲဆေးများ (Anticoagulants)၊ ဆီးချိုကျဆေးများ (Hypoglycemics)၊ ဆီးဆေးများ (Diuretics) နှင့် အကိုက်အခဲပျောက်ဆေးများ (NSAIDs) တို့ ဖြစ်သည်
    • ၂၀၂၆ ခုနှစ်၏ လမ်းညွှန်ချက်များအရ ဆီးချိုကျဆေးများကြောင့် သွေးချိုအလွန်အကျွံ ကျဆင်းပြီး မူးဝေလဲကျခြင်းသည် သက်ကြီးရွယ်အိုများတွင် အထူးသတိပြုရမည့် အန္တရာယ်ဖြစ်သည်။
  • ဆေးဝါးအချင်းချင်း ဓာတ်ပြုခြင်း (Drug interactions)
    • ဆေးဝါးများစွာ သောက်သုံးရခြင်းသည် ဆေးအချင်းချင်း ဓာတ်ပြုခြင်းနှင့် ဓာတ်မတည့်ခြင်းများကို ဖြစ်စေသည်
    • ထို့ပြင် ဆေးဝါးများစွာ ညွှန်းရသောကြောင့် အတူပေးရန် မသင့်တော်သော ဆေးဝါးများ တွဲပေးမိနိုင်ခြေကိုလည်း များစေသည်
    • ဆေးအချင်းချင်း ဓာတ်ပြုခြင်းဆိုသည်မှာ ဆေးတစ်မျိုးစီပေးချိန်တွင် မတွေ့ရသော အာနိသင်များ သို့မဟုတ် ဆိုးကျိုးများကို ဆေးဝါးများ အတူပေးချိန်တွင် တွေ့ရခြင်းဖြစ်သည်
    • ဆေးတစ်မျိုးကြောင့် အခြားဆေးတစ်မျိုး၏ အာနိသင်ကျဆင်းခြင်း သို့မဟုတ် အာနိသင်ပိုများသွားခြင်း (Overdose) ဖြစ်ခြင်းကို တွေ့ရနိုင်သည် (ဥပမာအားဖြင့် – ဘိန်းပါဝင်သော အနာသက်သာဆေးများနှင့် စိတ်ငြိမ်ဆေးများ တွဲပေးခြင်းဖြင့် အနာသက်သာဆေးများ၏ အာနိသင်များသွားခြင်း ဖြစ်စေနိုင်သည်)
    • ဆေးဝါးများ ဓာတ်ပြုခြင်းကြောင့် ဖြစ်ပေါ်တတ်သော တွေ့ရများသည့် လက္ခဏာများမှာ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ ဂယောင်ဂတမ်းဖြစ်ခြင်း၊ ကျောက်ကပ်လုပ်ငန်း ရုတ်တရက်ပျက်စီးခြင်းနှင့် သွေးပေါင်ကျခြင်းတို့ဖြစ်သည်။
  • ဆေးပုံမှန်မသောက်ခြင်း (Compliance)
    • ဆေးဝါးများစွာ သောက်သုံးနေရသော အသက်ကြီးသူလူနာများသည် အသက်အရွယ်အရ အမြင်အားနည်းခြင်းနှင့် မှတ်ဉာဏ်အားနည်းခြင်း စသည်တို့ကြောင့် ဆေးပုံမှန်သောက်ရန် ခက်ခဲနိုင်သည်
    • နောက်ဆက်တွဲအနေဖြင့် ထိရောက်သော ကုသမှု မရရှိခြင်းနှင့် ဆေးရုံမကြာခဏ ပြန်တက်ရခြင်း စသည်တို့ ဖြစ်နိုင်သည်
  • ဆေးဝါးများ ထပ်ဆင့် ပေါင်းပေးခြင်း (Prescribing cascades)
    • ဆေးများစွာ သောက်သုံးရသူများတွင် ဖြစ်ပေါ်သော ဆေးများ၏ ဘေးထွက်ဆိုးကျိုးများနှင့် ဆေးအချင်းချင်း ဓာတ်ပြုမှုများကို နောက်ထပ် ရောဂါလက္ခဏာအသစ်တစ်ခုဟု မှားယွင်းယူဆမိပြီး ထိုလက္ခဏာသက်သာစေရန် နောက်ထပ်ဆေးအသစ်များ ထပ်ပေါင်းပေးမိခြင်း (Prescribing cascades) ကို ပြုလုပ်မိနိုင်သည်
    • ဥပမာ – လူနာတစ်ဦးသည် ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ငိုက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီး/ဝမ်း မထိန်းနိုင်ခြင်း၊ ချော်လဲကျခြင်းနှင့် စိတ်ဓာတ်ကျခြင်း စသည့်လက္ခဏာများ ခံစားရပါက ဆရာဝန်များကိုယ်တိုင် သောက်လက်စ ဆေးဝါးများ၏ ဆိုးကျိုးများဟု ဦးစွာမစဉ်းစားမိဘဲ လက္ခဏာသက်သာစေရန် ဆေးဝါးအသစ်များ ထပ်ပေးမိတတ်သည်
    • ဝမ်းချုပ်ပါက ဝမ်းပျော့ဆေးပေးခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်းအတွက် စိတ်ကျရောဂါကုသဆေးများ ထပ်ထည့်ခြင်းတို့ ပြုလုပ်ကြရာ လူနာသည် ဆေးဝါးအသစ်များ၏ နောက်ထပ်ဆိုးကျိုးများကို ထပ်တိုး၍ ခံစားရနိုင်သည်
  • တင်ပါးဆုံရိုး ကျိုးနိုင်ခြေ များခြင်း (Hip Fracture Risk)
    • ဆေးများစွာ သောက်သုံးရခြင်းသည် အသက်အရွယ်ကြီးသူများတွင် တင်ပါးဆုံရိုးကျိုးခြင်းနှင့် ဆက်စပ်မှုရှိသည်ဟု သုတေသနများက ဖော်ပြသည်
    • အထူးသဖြင့် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများအတွက် သောက်သုံးရသော ဆေးဝါးများသည် ခေါင်းမူးခြင်းနှင့် အထိုင်အထ မူးဝေခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် နောက်ဆက်တွဲအနေဖြင့် လဲကျခြင်းနှင့် တင်ပါးဆုံရိုးကျိုးခြင်းတို့ ဖြစ်ပေါ်နိုင်သည်
  • ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သော ဆေးဝါးများနှင့် ဖြည့်စွက်အားဆေးများ (Over-the-counter Medications and Supplements) ကို သောက်သုံးခြင်း
    • သက်ကြီးရွယ်အိုများသည် ဆေးဆိုင်များမှ ဆေးများ အလွယ်တကူ ဝယ်သောက်ခြင်း၊ ဖြည့်စွက်အားဆေးများ၊ တိုင်းရင်းဆေးများကို သောက်သုံးခြင်း အလေ့အကျင့်ရှိကြသည်
    • အကိုက်အခဲပျောက်ဆေး၊ အစာကြေဆေး၊ ဝမ်းပျော့ဆေး၊ အားဆေးစသည်တို့အပြင် တိုင်းရင်းဆေးများနှင့် ဖြည့်စွက်စာများကိုလည်း သောက်လေ့ရှိသည်
    • ထိုဆေးများကို ရေရှည်သောက်သုံးခြင်းသည် ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် သောက်လက်စ ဆေးဝါးများနှင့် ဓာတ်ပြုနိုင်ခြင်းစသည့် အန္တရာယ်များကို ဖြစ်စေနိုင်သည်
  • ကျန်းမာရေးစောင့်ရှောက်မှုပုံစံ ပြောင်းလဲခြင်း (Transition of Care)
    • သက်ကြီးရွယ်အိုများသည် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် ဆေးရုံမကြာခဏ တက်ရခြင်း၊ ဘိုးဘွားရိပ်သာ သို့မဟုတ် လူနာပြုစုစောင့်ရှောက်ရေး ဂေဟာများတွင် ကုသမှုခံယူခြင်းနှင့် အိမ်တွင် ဆေးကုသခြင်း စသည်တို့ကြောင့် တစ်နေရာမှတစ်နေရာ ပြောင်းရွှေ့ချိန်တွင် ဆေးဝါးသောက်သုံးမှု မှားယွင်းခြင်း ပြဿနာများ အများဆုံး ဖြစ်နိုင်သည်
    • လူနာပြုစုသူ အချင်းချင်း နားလည်မှုလွဲ၍ တိုက်ရမည့်ဆေးများကို မတိုက်မိခြင်း၊ ရပ်ထားသော ဆေးများကို ပြန်တိုက်မိခြင်းနှင့် ဆေးပမာဏများ မှားယွင်းတိုက်မိခြင်း စသည်တို့ကြောင့် ဆေးဝါးများစွာ သောက်မိနိုင်သလို ဘေးထွက်ဆိုးကျိုးများစွာလည်း ခံစားရနိုင်သည်
  • အသက်အရွယ်ကြီးခြင်းကြောင့် ဆေးဝါးများအပေါ် သက်ရောက်မှု (Effects of Aging on Drugs)
    • အသက်အရွယ်ကြီးလာချိန်တွင် ကိုယ်ခန္ဓာ ဇီဝဖြစ်စဉ်များ ပြောင်းလဲခြင်းကြောင့် ဆေးဝါးများ၏ အာနိသင် သက်ရောက်မှုများ ပြောင်းလဲနိုင်သည်
    • အူလမ်းကြောင်းမှ စုပ်ယူနိုင်စွမ်း ကျဆင်းခြင်း၊ အသည်းလုပ်ငန်း ကျဆင်းခြင်း၊ ကျောက်ကပ်အားနည်းခြင်း၊ ကြွက်သားထု လျော့နည်းခြင်း၊ အဆီပမာဏ များလာခြင်းနှင့် Albumin အသားဓာတ် နည်းခြင်းတို့ကြောင့် ဆေးအာနိသင် နည်းသွားခြင်း သို့မဟုတ် ဆေးကို ကိုယ်ခန္ဓာမှ ကောင်းစွာ မစွန့်ထုတ်နိုင်ခြင်းကြောင့် ဆေးအာနိသင် ပိုများခြင်းနှင့် ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်ခြင်းတို့ကို ဖြစ်စေနိုင်သည်
  • ဆေးဝါးများကို ရပ်တန့်ခြင်း (Deprescribing)
    • သောက်လက်စ ဆေးဝါးများကို ရပ်တန့်ခြင်း (Deprescribing) ကို များသောအားဖြင့် ဆေးများ၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း၊ ဆေးအာနိသင် မပြခြင်းနှင့် ဆေးအချင်းချင်း ဓာတ်ပြုခြင်း စသည့်အခြေအနေများတွင် ပြုလုပ်လေ့ရှိသည်
    • သို့သော် ကျန်းမာရေးစောင့်ရှောက်သူများအနေဖြင့် တစ်ခုခုဖြစ်ပြီးမှ ဆေးရပ်တန့်ခြင်းထက် ဆေးဝါးတစ်ခုစီ၏ ကောင်းကျိုး၊ ဆိုးကျိုးများကို နှိုင်းဆချင့်ချိန်ကာ လူနာနှင့် တိုင်ပင်ဆွေးနွေးပြီး မလိုအပ်သော၊ အကျိုးမရှိသော ဆေးဝါးများကို ကြိုတင်ရပ်ထားရန် အကြံပြုထားသည်
လက်တွေ့ကုသမှုဆိုင်ရာ အရေးပါမှု

သက်ကြီးရွယ်အိုများသည် ရှုပ်ထွေးသော ကျန်းမာရေးပြဿနာများကို ကုသရန်အတွက် ဆေးဝါးအမျိုးမျိုးကို တစ်ပြိုင်နက် သုံးစွဲရန် လိုအပ်နိုင်သဖြင့် ပြုစုစောင့်ရှောက်ရာတွင် စိန်ခေါ်မှုများရှိသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများအတွက် ဘက်စုံစောင့်ရှောက်မှုပေးရာတွင် ဆေးဝါးအညွှန်းများကို အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်းပေးခြင်း (Optimizing Medication Regimen) သည် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။ ဆေးများစွာ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများကို အမြဲသတိပြုရမည်ဖြစ်ပြီး သက်ကြီးလူနာတစ်ဦးတွင် လက္ခဏာအသစ်များ ပေါ်ပေါက်လာပါက အခြားအကြောင်းရင်းကြောင့်ဟု တိကျသေချာမသိရသေးမီအထိ လက်ရှိသုံးစွဲနေသော ဆေးဝါးများကြောင့် ဖြစ်နိုင်သည်ဟု ဦးစွာယူဆပြီး စစ်ဆေးသင့်သည်။ ဤသို့ကြိုတင်စဉ်းစားခြင်းဖြင့် ဆေးတစ်ခု၏ ဘေးထွက်ဆိုးကျိုးကို အခြားရောဂါတစ်ခုအဖြစ် မှားယွင်းသတ်မှတ်ကာ ဆေးများထပ်ဆင့်တိုးပေးခြင်းကို ကာကွယ်နိုင်ပြီး ဆေးရုံတက်ရမည့် အန္တရာယ်ကိုပါ လျှော့ချနိုင်သည်။ ထို့ပြင် အခြားဆိုးကျိုးများဖြစ်သော တင်ပါးဆုံရိုးကျိုးခြင်း၊ ချော်လဲခြင်းနှင့် သိမြင်နားလည်မှုစွမ်းရည် ကျဆင်းခြင်း စသည့်ပြဿနာများကို သိရှိနားလည်ထားခြင်းဖြင့် မလိုလားအပ်သော ရလဒ်များကို ရှောင်ရှားနိုင်ပြီး ဆေးကုသမှုစရိတ်များကိုလည်း လျှော့ချနိုင်သည်။

လူနာအချို့တွင် ရောဂါအရ ဆေးအမျိုးမျိုးပေးရန် လိုအပ်သည်မှာ ရှောင်လွှဲ၍မရသော်လည်း ကျန်းမာရေးစောင့်ရှောက်သူများသည် ဆေးအလွန်အကျွံပေးခြင်း (Over-prescribing) သို့မဟုတ် ရောဂါအတွက် လိုအပ်သော ဆေးဝါးများ ပြည့်စုံအောင် မပေးခြင်း (Under-prescribing) မဖြစ်စေရန် သတိပြုသင့်သည်။ ထိုမျှသာမက ဆေးဝါးသင့်လျော်မှုကို ဆုံးဖြတ်ရာတွင် လူနာ၏ မျှော်မှန်းသက်တမ်းနှင့် ကုသမှုမျှော်မှန်းချက်များကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။ ဥပမာအားဖြင့် ရောဂါပြင်းထန်မှုကြောင့် မျှော်မှန်းသက်တမ်းနည်းသော လူနာများတွင် ရောဂါကုသခြင်းထက် လက္ခဏာသက်သာစေသော ဆေးဝါးများကို ဦးစားပေးညွှန်းပေးခြင်း ပြုလုပ်သင့်သည်။

သက်ကြီးရွယ်အိုများတွင် ရှုပ်ထွေးသောရောဂါများကို ကုသရာတွင် အောက်ပါအချက်များကို အလေးပေးစဉ်းစားသင့်သည်။

  • အထောက်အထားခိုင်မာသော ဆေးဝါးများကို အကောင်းဆုံးဖြစ်အောင် ညွှန်းဆိုခြင်း
  • သောက်ရသော ဆေးလုံးနှင့် ဆေးပြားအရေအတွက် (Pill Burden) ကို လျှော့ချခြင်းဖြင့် ဆေးများစွာ သုံးစွဲရမှုကို နည်းပါးစေခြင်း
  • မလိုအပ်သော ဆေးများကို ရပ်ဆိုင်းခြင်း
  • ဆေးဝါးကြောင့်ဖြစ်သော ဆိုးကျိုးများကို စောင့်ကြည့်ခြင်းနှင့် ဖြစ်လာပါက ထိန်းချုပ်ကုသပေးခြင်း
ဆေးဝါးအလွန်အကျွံ သုံးစွဲခြင်းကို ကာကွယ်ရန် နည်းလမ်းများ
  1. ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ တာဝန်များ
    • လူနာ၏ ဆေးမှတ်တမ်းကို တိကျစွာ ထိန်းသိမ်းခြင်း
      ရောဂါရာဇဝင်နှင့် သောက်သုံးနေသော ဆေးဝါးစာရင်းများကို တိကျစွာ မှတ်တမ်းတင်ထားပြီး လက်ရှိ နောက်ဆုံးအခြေအနေကို အခါအားလျော်စွာ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်သည်။
    • ဆေးအားလုံးကို စစ်ဆေးခြင်း
      လူနာများအနေဖြင့် မိမိသောက်သုံးနေသော ဆေးညွှန်းပါ ဆေးများသာမက ဆေးဆိုင်မှ ဝယ်သောက်သောဆေး (OTC)၊ အားဆေးများ၊ တိုင်းရင်းဆေးနှင့် ဖြည့်စွက်စာ စသည့် ဆေးဝါးအားလုံးကို ဆေးခန်းပြတိုင်း ဆရာဝန်အား ပြသရန် တိုက်တွန်းရမည်။
    • ပြောင်းလဲမှုများကို ရှင်းလင်းစွာ အသိပေးခြင်း
      ဆေးဝါးပမာဏ ပြောင်းလဲခြင်းနှင့် အကြိမ်ရေ ပြောင်းလဲခြင်း စသည်တို့ကို လူနာနှင့် ပြုစုစောင့်ရှောက်သူအား သေချာရှင်းပြရမည့်အပြင် ဖြစ်နိုင်ပါက ပြောင်းလဲမှုများကို စာဖြင့် ရေးသားပေးရမည်။
    • အနည်းဆုံးနှင့် အရှင်းဆုံးဖြစ်စေခြင်း
      ဆေးအရေအတွက်ကို အနည်းဆုံးဖြစ်အောင် လျှော့ချပြီး သောက်ရမည့်နည်းလမ်းကို အရှင်းဆုံးဖြစ်အောင် လမ်းညွှန်ရမည် (ဥပမာ _ သွေးကျဆေး နှစ်မျိုးပေးမည့်အစား နှစ်မျိုးပေါင်းထားသော ဆေးတစ်လုံးတည်းသာ တိုက်ခြင်း)
    • ရောဂါနှင့် ဆေးကို ချိတ်ဆက်စစ်ဆေးခြင်း
      ညွှန်းဆိုထားသော ဆေးတိုင်းသည် မည်သည့်ရောဂါအတွက် လိုအပ်ကြောင်း အမြဲချိတ်ဆက်စစ်ဆေးပြီး ခိုင်လုံသော အကြောင်းပြချက် ထားရှိရမည်။
    • မလိုအပ်သော ဆေးများကို ရပ်တန့်ခြင်း
      မလိုအပ်တော့သော ဆေးဝါးများအားလုံးကို ရပ်ဆိုင်းပစ်ရမည်။
    • ဓာတ်ပြုမှုများကို စစ်ဆေးခြင်း
      ဆေးတစ်ခုနှင့်တစ်ခု ဓာတ်ပြုခြင်း သို့မဟုတ် ဆေးနှင့် ရောဂါအခြေအနေ မတည့်ခြင်းများ ရှိမရှိ စနစ်တကျ စစ်ဆေးရမည်။
    • ပူးပေါင်းဆောင်ရွက်ခြင်း
      လူနာအပါအဝင် မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများနှင့် ဆေးဝါးကျွမ်းကျင်ပညာရှင် (Pharmacist) များနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
    • အန္တရာယ်ရှိသော ဆေးများကို ရှောင်ကြဉ်ခြင်း
      သက်ကြီးရွယ်အိုများအတွက် အန္တရာယ်ရှိနိုင်သော ဆေးဝါးများကို ရှောင်ကြဉ်ရန် သတ်မှတ်ထားသော လမ်းညွှန်ချက်များ ဖြစ်သည့် Beers Criteria ကို အသုံးပြုရမည်၊ Beers Criteria ကို (၁၉၉၁) တွင် Dr. Mark Beers နှင့် လုပ်ဖော်ကိုင်ဘက်များက စတင်တီထွင်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာများရှိ သက်ကြီးလူနာများအတွက် မသင့်တော်သော ဆေးဝါးအသုံးပြုမှုများနှင့် အန္တရာယ်များကို စစ်ဆေးရန် အသုံးပြုခဲ့ကြသည်။ လက်ရှိတွင် အမေရိကန် သက်ကြီးရွယ်အို ကျန်းမာ‌ရေး အဖွဲ့အစည်းက သက်ကြီးရွယ်အိုလူနာအားလုံးအတွက် မသင့်တော်သော သို့မဟုတ် ဘေးအန္တရာယ် ဖြစ်စေနိုင်ခြေရှိသော ဆေးဝါးအသုံးပြုမှု (Potentially Inappropriate Medication – PIM usage) ကို စစ်ဆေးသည့် စစ်ဆေးမှုလမ်းညွှန်အဖြစ် နှစ်စဥ်မွမ်းမံကာ ဆေးပညာရှင်များစွာ အသုံးပြုလျက်ရှိသည်။
    • ဆေးပမာဏနည်းနည်းဖြင့် စတင်ခြင်း
      ဆေးအသစ်ကို အနည်းဆုံး ပမာဏဖြင့် စတင်ပြီးမှ လိုအပ်သလို ဖြည်းဖြည်းချင်း တိုးပေးရမည်။
    • ဆေးတစ်ခု၏ ဘေးထွက်ဆိုးကျိုးအတွက် နောက်ဆေးတစ်ခုဖြင့် ကုသမှုကို ရှောင်ကြဉ်ခြင်း
      ဆေးကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးကို ကုသရန်အတွက် နောက်ထပ်ဆေးအသစ်များကို ထပ်မံတိုးခြင်း (Prescribing Cascade) ကို ရှောင်ကြဉ်ရမည်။
    • ဆေးရုံတက်/ဆင်းချိန်တွင် စစ်ဆေးမှုများ သေချာပြုလုပ်ခြင်း
      ဆေးရုံတက်ချိန်၊ ဆင်းချိန် သို့မဟုတ် ပြုစုကုသသည့်နေရာ တစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ချိန်တွင် ဆေးမှတ်တမ်းများကို သေချာစွာ ပြန်လည်စစ်ဆေးရမည်၊ ဆက်လက်ကုသပေးမည့် ဆရာဝန်ထံသို့ ဆေးမှတ်တမ်းများကို သေချာစွာ လွှဲပြောင်းပေးခြင်းဖြင့် ဆေးကြောင့်ဖြစ်နိုင်သည့် အမှားကို ကာကွယ်ရမည်၊ ဆေးရုံဆင်းမှတ်တမ်းတွင် လူနာ၏ ရောဂါအခြေအနေနှင့် ဆက်လက်သောက်သုံးရမည့် ဆေးများကို တိကျစွာဖြည့်စွက်ပြီး လူနာပြုစုသူများထံ စနစ်တကျ ရှင်းလင်းစွာ ညွှန်ကြားပေးရမည်။
    • ကုသမှုရည်မှန်းချက်ကို ထည့်သွင်းစဉ်းစားခြင်း
      ဆေးညွှန်းပေးချိန်တွင် လူနာ၏ မျှော်မှန်းသက်တမ်းနှင့် ကုသမှု၏ ရည်မှန်းချက်များကို ထည့်သွင်းစဉ်းစားရမည်။
    • ဆေးပမာဏလျှော့ခြင်းသည် ဆေးလျှော့ခြင်းမဟုတ်ကြောင်း သတိပြုခြင်း
      ဆေးရပ်ခြင်းမဟုတ်ဘဲ ဆေးပမာဏ လျှော့ချခြင်းသည် Polypharmacy မဖြစ်အောင် လုပ်ဆောင်ခြင်းဟု မသတ်မှတ်နိုင်ကြောင်း သိရှိထားရမည်။
    • နည်းပညာများ အသုံးပြုခြင်း
      ရောဂါများစွာရှိသော သက်ကြီးလူနာများအတွက် ဆေးညွှန်းရာတွင် STOPP (Screening Tool of Older Person’s Prescriptions) နှင့် START (Screening Tool to Alert to Right Treatment) စသည့် စစ်ဆေးမှုစနစ်များကို တွဲဖက်သုံးစွဲသင့်သည်၊ ထို့ပြင် နောက်ဆုံးပြင်ဆင်ထားသော Beers Criteria လမ်းညွှန်ချက်များကို အသုံးပြုရမည်။
    • AI (ဉာဏ်ရည်တု) အသုံးပြုခြင်း
      ဆေးဝါးအလွန်အကျွံ သုံးစွဲမှုကို လျှော့ချရန် AI နည်းပညာကို လက်တွေ့အထောက်အကူပြု စနစ်အဖြစ် အသုံးပြုခြင်းသည် ကောင်းမွန်သော အလားအလာဖြစ်သော်လည်း လူနာ၏ အချက်အလက်လုံခြုံမှုနှင့် ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
  2. ကျန်းမာရေးစောင့်ရှောက်မှုပေးသော ပညာရှင်များ စုပေါင်းဆောင်ရွက်ခြင်း
    လူနာများ သောက်သုံးရန် လိုအပ်သော ဆေးဝါးများကို ညွှန်းပေးနိုင်ရန်နှင့် လူနာ၏ ဆေးဝါးသုံးစွဲမှုကို ပုံမှန်စစ်ဆေးရန် သက်ဆိုင်ရာပညာရှင်များ စုပေါင်းဆောင်ရွက်မှုသည် အရေးကြီးသည်။ ကျန်းမာရေးဝန်ဆောင်မှုပေးသူများသည် ဆေးဝါးပညာရှင်များ၊ သူနာပြုများနှင့်အတူ ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်သည်။ ဆေးညွှန်းပေးသူ ဆရာဝန်များသည် ဆေးစတင်ပေးသည့် ရက်စွဲ၊ ဆေးပမာဏနှင့် သောက်သုံးရမည့် အချိန်ကာလတို့ကို တိကျစွာ ဖော်ပြပေးရန် လိုအပ်သလို သူနာပြုများသည်လည်း လူနာသောက်သုံးနေသည့် ဆေးများကို တိကျစွာ မှတ်သား၍ ထပ်နေသည့် ဆေးဝါးများကို ဖယ်ထုတ်ခြင်းနှင့် လိုအပ်သော ဆေးများကို ဖြည့်ပေးခြင်းတို့ ပြုလုပ်ရန် လိုအပ်သည်။ မသေချာသော ဆေးဝါးများအတွက် ဆရာဝန်ကို ပြန်လည် မေးမြန်းခြင်း သို့မဟုတ် ဆေးဝါးပညာရှင်ထံမှ အကြံဉာဏ်တောင်းခြင်းတို့ ပြုလုပ်နိုင်သည်။ ဆေးဝါးပညာရှင်သည် လူနာ၏ လက်ရှိဆေးဝါးအားလုံးကို သိရှိထားရန် လိုအပ်ပြီး ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးနှင့် ဆေးဓာတ်ပြုခြင်းများကို အမြဲစစ်ဆေးနေရမည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်သူများသည် လူနာအား ဆေးဝါးများပေးရခြင်း၏ ရည်ရွယ်ချက်များကို အမြဲရှင်းပြပေးရန် လိုအပ်ပြီး သို့မှသာ လူနာသည် မိမိအတွက် လိုအပ်သော ဆေးဝါးများကို ပုံမှန်သောက်သုံးကာ ရောဂါကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် ဆေးဝါးများစွာ သုံးစွဲနေခြင်း (Polypharmacy) သည် ရှုပ်ထွေးသော နာတာရှည်ရောဂါများရှိသည့် သက်ကြီးလူနာများအတွက် မလွှဲမရှောင်သာသော အခြေအနေတစ်ခု ဖြစ်နိုင်သော်လည်း ၎င်းနှင့်အတူပါလာသည့် ဘေးထွက်ဆိုးကျိုးနှင့် ဆေးဝါးများအချင်းချင်း ဓာတ်ပြုမှုအန္တရာယ်များကို အမြဲသတိပြုရန် လိုအပ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် ဆေးအရေအတွက်ထက် ဆေးဝါးများ၏ သင့်လျော်မှုကို အလေးပေးစစ်ဆေးခြင်း၊ မလိုအပ်သောဆေးများကို ရပ်တန့်ခြင်း (Deprescribing) နှင့် ခေတ်ပေါ် နည်းပညာရပ်များကို အသုံးပြု၍ စနစ်တကျ စီမံခန့်ခွဲခြင်းတို့ဖြင့် လူနာ၏ လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။ လူနာ၊ မိသားစုဝင်များနှင့် ကျန်းမာရေးပညာရှင်များ စုပေါင်းဆောင်ရွက်ခြင်းသည် ဆေးဝါးအလွန်အကျွံ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သော ဆိုးကျိုးများကို ကာကွယ်ရန်နှင့် ဘေးကင်းထိရောက်သော ကုသမှုရလဒ်များ ရရှိရန်အတွက် အဓိကသော့ချက်ဖြစ်သည်။

References:

  1. Johns Hopkins Medicine. (n.d.). Polypharmacy in adults 60 and older. Retrieved February 18, 2026, from https://www.hopkinsmedicine.org/health/wellness-and-prevention/polypharmacy-in-adults-60-and-older
  2. National Center for Biotechnology Information. (2024). Polypharmacy. In StatPearls. Retrieved February 18, 2026, from https://www.ncbi.nlm.nih.gov/books/NBK532953/
  3. NHS Specialist Pharmacy Service. (n.d.). Understanding polypharmacy, overprescribing and deprescribing. Retrieved February 18, 2026, from https://www.sps.nhs.uk/articles/understanding-polypharmacy-overprescribing-and-deprescribing/
  4. Physio-pedia. (n.d.). Polypharmacy. Retrieved February 18, 2026, from https://www.physio-pedia.com/Polypharmacy
  5. WebMD. (n.d.). What is polypharmacy? Retrieved February 18, 2026, from https://www.webmd.com/drugs/what-is-polypharmacy

Published: 10 March 2026

Share

10 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.