Early Childhood – Nurturing Care (ကလေးဘဝအစ ပြုစုပျိုးထောင်ခြင်း)

Early Childhood – Nurturing Care (ကလေးဘဝအစ ပြုစုပျိုးထောင်ခြင်း)

“ဇာတ်လမ်းတစ်ပုဒ်၏ အစကို ပြောင်းလဲပေးနိုင်လျှင် ဇာတ်လမ်းတစ်ခုလုံးကို ပြောင်းလဲပေးနိုင်သည်” (If we change the beginning of the story, we change the whole story) ဟူသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) ၏ ဆောင်ပုဒ်သည် ကလေးဘဝအစ၏ (အထူးသဖြင့် ကလေးအသက် ၂ နှစ်အတွင်း) အရေးကြီးပုံကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။ မွေးဖွားပြီးချိန်မှစ၍ အသက် (၂) နှစ်အထိ အချိန်ကာလအတွင်း ကလေးငယ်အား ပြုစုပျိုးထောင်ပုံသည် ၎င်း၏ ဘဝတစ်လျှောက်လုံးအတွက် အောက်ပါအခြေခံအုတ်မြစ် (Foundation) များကို ချမှတ်ပေးသည်။

  • ကိုယ်ခန္ဓာကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု (Physical and Mental Health)
  • ဘက်စုံကြီးထွားဖွံ့ဖြိုးမှု (Growth and Development)
  • သင်ယူနိုင်စွမ်းနှင့် ဘဝအောင်မြင်မှု (Learning and Success)
  • စိတ်ခံစားမှုနှင့် လူမှုဆက်ဆံရေး စွမ်းရည် (Social and Emotional Skills)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် UNICEF တို့မှ ထုတ်ပြန်ထားသော ကလေးသူငယ်ပြုစုပျိုးထောင်မှု မူဘောင် (Nurturing Care Framework) အရ ကလေးတစ်ဦး ကျန်းမာစွာ ကြီးထွားရန် အောက်ပါအချက်များကို စနစ်တကျ ပေါင်းစပ်ဖော်ဆောင်ပေးရန် လိုအပ်သည်။

ချစ်ခြင်းမေတ္တာဖြင့် ပြုစုပျိုးထောင်ခြင်း (Nurturing Care)

ချစ်ခြင်းမေတ္တာဖြင့် ပြုစုပျိုးထောင်ခြင်းသည် ကလေးငယ်အတွက် ဘေးကင်းလုံခြုံပြီး ချစ်ခြင်းမေတ္တာပြည့်ဝသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခြင်းဖြစ်သည်။

  • မိဘနှင့် ပြုစုပျိုးထောင်သူတို့သည် ကလေး၏ လိုအပ်ချက်များကို နားလည်ကာ ချစ်ခြင်းမေတ္တာဖြင့် ဂရုစိုက်ခြင်း၊ စိတ်ချမ်းသာမှုနှင့် လုံခြုံမှုကို ခံစားစေခြင်းတို့ဖြင့် ကလေး၏ ယုံကြည်မှုကို တည်ဆောက်နိုင်သည်
  • ကလေးငိုသောအခါ အေးဆေးစွာ စောင့်ရှောက်ခြင်း၊ အိပ်ချိန်၊ အစာကျွေးချိန်နှင့် ကစားချိန်တို့တွင် ကလေး၏ လိုအပ်ချက်များကို အာရုံစိုက်၍ ဖြည့်ဆည်းပေးခြင်းတို့သည် အဆိုပါပျိုးထောင်မှု၏ အခြေခံများဖြစ်သည်
  • ဤကဲ့သို့ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပျိုးထောင်ပေးခြင်းသည် ကလေး၏ စိတ်လုံခြုံမှုကို ဖြစ်စေပြီး ဖွံ့ဖြိုးဆဲ ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များ ချိတ်ဆက်ခြင်း (Neural Connections) ကို အားကောင်းစေသည်
  • ထိုမှတစ်ဆင့် ဦးနှောက်ဖွံ့ဖြိုးမှု မြှင့်တင်ခြင်း၊ စိတ်ခံစားမှု ထိန်းချုပ်နိုင်စွမ်းနှင့် လူမှုဆက်ဆံရေးစွမ်းရည် တိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။
အပြန်အလှန် တုံ့ပြန်ဂရုစိုက်ခြင်း (Responsive Caregiving)

အပြန်အလှန် တုံ့ပြန်ဂရုစိုက်ခြင်းသည် ကလေး၏ အချက်ပြမှုများကို မိဘက အသိအမှတ်ပြုပြီး မှန်ကန်စွာ ပြန်လည်တုံ့ပြန်ပေးသည့် “အပေးအယူ” (Serve and Return) လုပ်ငန်းစဉ်ဖြစ်သည်။

  • ကလေးက ပြုံးပြလျှင် ပြန်လည်ပြုံးပြခြင်း၊ မျက်လုံးချင်းဆုံ၍ ဆက်သွယ်ခြင်း (Eye Contact) နှင့် ကလေး၏ အသံပြုမှုများကို စကားလုံးများဖြင့် ပြန်လည်တုံ့ပြန်ခြင်းတို့ ပါဝင်သည်
  • မိဘနှင့် ပြုစုပျိုးထောင်သူတို့၏ အာရုံစိုက်မှု၊ ချစ်ခြင်းမေတ္တာနှင့် ဤကဲ့သို့ အပြန်အလှန်တုံ့ပြန်မှုများကို ရရှိခြင်းဖြင့် ကလေးသည် ခိုင်မာသော ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို တည်ဆောက်နိုင်သည်။

ထို့ကြောင့် ကလေး၏ ဘဝအစ (၂) နှစ်တာကာလအတွင်း မိဘတို့၏ ချစ်ခြင်းမေတ္တာနှင့် အပြန်အလှန်တုံ့ပြန်မှုသည် ကလေးဘဝတစ်လျှောက်လုံးကို အောင်မြင်စွာ ပြောင်းလဲတည်ဆောက်နိုင်စွမ်းရှိသည်။

ကျန်းမာရေးကောင်းမွန်မှု (Good Health)

ကျန်းမာရေးကောင်းမွန်မှုသည်လည်း ကလေး၏ ပထမ (၂) နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုအားလုံး၏ အခြေခံအုတ်မြစ် (Foundation) ဖြစ်သည်။

  • ကလေး၏ ကိုယ်ခန္ဓာကျန်းမာရေးနှင့် စိတ်ကျန်းမာရေး (Physical and Mental Health) လိုအပ်ချက်များကို အချိန်မီ ဖြည့်ဆည်းပေးနိုင်ပါက သင်ယူနိုင်စွမ်း၊ လူမှုဆက်ဆံရေးနှင့် ဘဝအောင်မြင်မှုများကို အပြည့်အဝ ရရှိနိုင်သည်
  • ကောင်းမွန်သော ကျန်းမာရေးကို ထိန်းသိမ်းရန် ကိုယ်ဝန်ဆောင်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်း (Antenatal Care) နှင့် ကလေးမွေးဖွားပြီးနောက် ကာကွယ်ဆေးများကို အချိန်မီထိုးနှံပေးခြင်း (Immunisation) တို့သည် အရေးကြီးသည်
  • ရောဂါကူးစက်မှုများကို ကာကွယ်ထိန်းချုပ်ခြင်းနှင့်အတူ ကလေး၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှု (Growth and Development Monitoring) ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ခြင်းဖြင့် ကျန်းမာရေးပြဿနာများကို အစောဆုံး သိရှိနိုင်သည်
  • ကျန်းမာရေးကောင်းမွန်မှုတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး (Mental Well-being) သည်လည်း အရေးပါသည်၊ ချစ်ခြင်းမေတ္တာနှင့် လုံခြုံသော ပတ်ဝန်းကျင်တွင် ကြီးပြင်းရသော ကလေးများသည် စိတ်ဖိစီးမှု (Stress) ကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်သည်

ထို့ကြောင့် မိဘနှင့် ပြုစုပျိုးထောင်သူတို့၏ အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးအပေါ် အာရုံစိုက်မှုသည် ကလေး၏ ဘဝတစ်လျှောက်လုံးအတွက် အရေးကြီးသော အရင်းအမြစ်ဖြစ်သည်။

အာဟာရပြည့်စုံမှု (Adequate Nutrition)

အာဟာရပြည့်စုံမှုသည် ကလေး၏ ဘဝအစ (၂) နှစ်တာကာလအတွင်း ကြီးထွားမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကိုယ်ခံအားစနစ် (Immune System) အတွက် မဖြစ်မနေ လိုအပ်သော အခြေခံအချက်ဖြစ်သည်။

  • ကိုယ်ဝန်ဆောင်ကာလမှစ၍ ကလေးအသက်အရွယ် အစောပိုင်းအထိ အာဟာရပြည့်ဝစွာ ရရှိခြင်းသည် ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အပြည့်အဝ ရရှိစေနိုင်သည်
  • ကလေးမွေးဖွားပြီးနောက် ပထမ (၆) လအတွင်း မိခင်နို့တစ်မျိုးတည်းသာ ကျွေးမွေးခြင်း (Exclusive Breastfeeding) သည် အရေးအကြီးဆုံးဖြစ်သည်၊ မိခင်နို့တွင် လိုအပ်သော အာဟာရဓာတ်များ၊ ကိုယ်ခံအားမြှင့်တင်ပေးသည့် အစိတ်အပိုင်းများနှင့် ရောဂါကာကွယ်ပေးနိုင်သော အာနိသင်များ (Antibodies) ကြွယ်ဝစွာ ပါဝင်သည်
  • အသက် (၆) လကျော်လျှင် ကလေး၏ အသက်အရွယ်နှင့် ကိုက်ညီသော ဖြည့်စွက်အာဟာရ အစားအစာများ (Complementary Foods) ကို စတင်ကျွေးမွေးရမည်၊ ထို့ပြင် မိခင်နို့ကိုလည်း အသက် (၂) နှစ်အထိ ဆက်လက်တိုက်ကျွေးပေးရန် လိုအပ်သည်
  • အာဟာရပြည့်စုံလုံလောက်မှုသည် အစားအစာ ပမာဏသာမက အရည်အသွေး၊ အာဟာရစုံလင်မှု (Dietary Diversity) နှင့် သန့်ရှင်းဘေးကင်းမှုတို့အပေါ်တွင်လည်း မူတည်သည်
  • အာဟာရမလုံလောက်ပါက ကိုယ်အလေးချိန်မတက်ခြင်း၊ အရွယ်နှင့်မမျှ သေးကွေးခြင်း (Stunting) နှင့် ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးခြင်း (Cognitive Delay) တို့ ဖြစ်ပေါ်နိုင်သည်

ထို့ကြောင့် မိဘနှင့် ပြုစုပျိုးထောင်သူတို့၏ အာဟာရဆိုင်ရာ အသိပညာနှင့် မှန်ကန်စွာ ကျွေးမွေးမှုသည် ကလေး၏ ဘဝတစ်လျှောက် ကျန်းမာရေးနှင့် သင်ယူနိုင်စွမ်းအတွက် အရေးကြီးသော အထောက်အပံ့ဖြစ်သည်။

ကစားခြင်းနှင့် နေ့စဉ်ဘဝအပြန်အလှန်ဆက်ဆံမှုများမှတစ်ဆင့် သင်ယူခြင်း (Learning through Play and Everyday Interaction)

ကလေးငယ်များအတွက် ကနဦးသင်ယူမှု (Early Learning) ဆိုသည်မှာ စာအုပ်ဖတ်ခြင်း သို့မဟုတ် စာသင်ကြားခြင်းများသာ မဟုတ်ဘဲ ကစားခြင်းနှင့် နေ့စဉ်ဘဝ အပြန်အလှန်ဆက်ဆံမှုများမှတစ်ဆင့် အများဆုံး ဖြစ်ပေါ်လာသည်။

  • မိဘနှင့်ကလေးအကြား စကားပြောခြင်း၊ သီချင်းဆိုခြင်း၊ အတူကစားခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို အတူတူလုပ်ဆောင်ခြင်းတို့သည် ဦးနှောက်ဖွံ့ဖြိုးမှု (Brain Development)၊ ဘာသာစကားစွမ်းရည်နှင့် စဉ်းစားတွေးခေါ်နိုင်စွမ်း (Cognitive Skills) တို့ကို တိုးတက်စေသည်
  • ကစားခြင်းသည် ကလေးအတွက် ပျော်ရွှင်မှုပေးရုံသာမက သင်ယူမှု၏ အဓိကနည်းလမ်း (Primary way of learning) ဖြစ်သည်၊ ကစားနေစဉ်အတွင်း ကလေးသည် အသစ်အဆန်းများကို စူးစမ်းလေ့လာနိုင်ပြီး ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် စိတ်ကူးစိတ်သန်းများ (Imagination) ဖွံ့ဖြိုးလာသည်
  • အရုပ်နှင့်ကစားခြင်း၊ ပစ္စည်းများကို အမည်ပေးပြောခြင်းနှင့် မိဘ၏မျက်နှာအမူအရာကို ကြည့်၍ ပြန်လည်တုံ့ပြန်ခြင်း (Serve and Return interaction) ကဲ့သို့သော ရိုးရှင်းသည့် လှုပ်ရှားမှုများသည်ပင် ဦးနှောက်အတွင်း ဆဲလ်များချိတ်ဆက်မှု (Neural connections) ကို တိုးပွားစေသည်
  • နေ့စဉ်ဘဝ အပြန်အလှန်ဆက်ဆံမှုများ ဖြစ်သည့် အစာကျွေးချိန်တွင် စကားပြောပေးခြင်း သို့မဟုတ် အိမ်မှုကိစ္စများ လုပ်ဆောင်ချိန်တွင် ကလေးအား ပြောပြကာ ပါဝင်စေခြင်းတို့သည် ကလေး၏ ဘာသာစကားနားလည်မှုနှင့် ယုံကြည်မှုကို မြှင့်တင်ပေးသည်
  • ကလေး၏သင်ယူမှုအတွက် အထူးကစားကွင်းများ မလိုအပ်ဘဲ မိဘ၏ ချစ်ခြင်းမေတ္တာပါသော အချိန်ပေးမှုနှင့် အာရုံစိုက်မှု (Focused Attention) သည်သာ အကောင်းဆုံးသော သင်ကြားမှုဖြစ်သည်။

ထို့ကြောင့် ကစားခြင်းနှင့် နေ့စဉ်ဘဝ အပြန်အလှန်ဆက်ဆံမှုတိုင်းသည် ကလေးအတွက် အဖိုးတန်သော သင်ယူမှုအခွင့်အလမ်းများဖြစ်သည်။

လုံခြုံရေးနှင့် ဘေးကင်းရေး (Security and Safety)

ကလေး၏ လုံခြုံရေးနှင့် ဘေးကင်းရေး (Security and Safety) ကို ထိန်းသိမ်းပေးခြင်းသည် ကျန်းမာရေး၊ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် အခြေခံလိုအပ်ချက်ဖြစ်သည်။

  • ကလေးငယ်သည် ကိုယ်ရောစိတ်ပါ လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်တွင်သာ စိတ်အေးချမ်းသာစွာဖြင့် လေ့လာသင်ယူနိုင်မည်ဖြစ်သည်
  • မိဘနှင့်ပြုစုပျိုးထောင်သူများသည် ကလေးအနီးအနားတွင် အန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများမထားခြင်း၊ လျှပ်စစ်အန္တရာယ်နှင့် အပူလောင်ခြင်းအန္တရာယ် (Electrical and Burn Hazards) တို့မှ ကာကွယ်ပေးခြင်းဖြင့် အိမ်တွင်းဘေးကင်းရေးကို ဦးစားပေးရမည်
  • ထို့အပြင် နေ့စဉ်ဘဝတွင် ကလေးအပေါ် အကြမ်းဖက်မှုကင်းစင်ပြီး လုံခြုံသည့် လူမှုပတ်ဝန်းကျင် (Safe Social Environment) ဖြစ်စေရန် ဂရုစိုက်ပေးခြင်းသည် ကလေး၏ ယုံကြည်မှုနှင့် လုံခြုံစိတ်ခံစားမှု (Sense of Security) ကို တည်ဆောက်ရာတွင် အဓိကကျသည်။
အိပ်ချိန်လုံခြုံမှုနှင့် အိပ်စက်ခြင်း အလေ့အကျင့်များ (Safe Sleep Practices and Routines)

ကလေး၏ အိပ်စက်ခြင်းသည် ကိုယ်ခန္ဓာကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းဖြစ်သည်။

  • ကလေးအား လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တွင် အိပ်စက်စေခြင်း၊ အိပ်ရာအတွင်း အန္တရာယ်ဖြစ်စေသော ပစ္စည်းများမထားခြင်းနှင့် အိပ်ရာကို သန့်ရှင်းအောင်ထားခြင်းတို့သည် အလွန်အရေးကြီးသည် (Safe Sleep Environment)
  • ပုံမှန်အိပ်ချိန်အလေ့အကျင့် (Sleep Routine) ဖန်တီးပေးခြင်းသည် ကလေးကို အိပ်ရေးဝစေပြီး နေ့စဉ်သင်ယူမှုများအတွက် စိတ်ချမ်းသာမှု ရရှိစေသည်
  • နေ့စဉ်အချိန်မှန် အိပ်စက်စေခြင်းနှင့် အိပ်ရာမဝင်မီ ပုံပြင်ပြောခြင်း၊ သီချင်းဆိုခြင်း (Bedtime stories and Lullabies) ကဲ့သို့သော အလေ့အကျင့်များ ပြုလုပ်ပေးသင့်သည်
  • ကလေးငယ် အိပ်စက်မှုဆိုင်ရာ အခက်အခဲများ (ဥပမာ – နေ့ညမှားခြင်း၊ အိပ်ရန်ခက်ခဲခြင်း) ကြုံတွေ့ရပါက ပုံမှန်အိပ်ချိန် သတ်မှတ်ပေးခြင်းနှင့် ကလေး၏ လိုအပ်ချက်အပေါ် အာရုံစိုက်တုံ့ပြန်ခြင်း (Responsive Settling) နည်းလမ်းများဖြင့် ဖြေရှင်းနိုင်သည်။
မိဘ၏စိတ်ကျန်းမာရေးနှင့် မိသားစုဆက်ဆံရေး (Parental Mental Health and Family Relationships)

မိဘ၏ စိတ်ကျန်းမာရေးနှင့် မိသားစုဆက်ဆံရေးသည် ကလေးငယ်၏ ပထမအသက် (၂)နှစ်အတွင်း ဖွံ့ဖြိုးမှုအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည်။

  • မိဘတို့၏ စိတ်ကျန်းမာရေး (Parental Mental Health) သည် ကလေးငယ် စိတ်ချမ်းသာစွာ ကြီးထွားရန်နှင့် ယုံကြည်မှုရှိရှိ သင်ယူနိုင်ရန်အတွက် အလွန်အရေးကြီးသည်
  • ကလေးအား နူးညံ့သိမ်မွေ့စွာ ပြုစုပျိုးထောင်နိုင်ရန် မိဘကိုယ်တိုင် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများ (Stress and Anxiety) ကို သင့်တင့်မျှတစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရမည်
  • အလုပ်ဖိအား သို့မဟုတ် ဘဝဖိစီးမှုများကြောင့် စိတ်ပင်ပန်းမှု ခံစားရပါက အနားယူခြင်း၊ အားလပ်ချိန်ယူခြင်းနှင့် မိသားစုနှင့်အတူ ပျော်ရွှင်စရာ အချိန်များဖန်တီးခြင်း (Quality Time) စသည့် နည်းလမ်းများကို အသုံးချသင့်သည်
  • မိသားစုအတွင်း ဆက်ဆံရေးကောင်းမွန်မှု (Healthy Family Relationships) သည် ကလေး၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် လူမှုဆက်ဆံရေးစွမ်းရည် ဖွံ့ဖြိုးမှုအတွက် အရေးပါသည်
  • မိဘနှင့်ကလေးအကြား ချစ်ခြင်းမေတ္တာပြည့်ဝသော ဆက်ဆံရေးအပြင် မိသားစုဝင်အချင်းချင်း လေးစားမှုရှိခြင်းနှင့် ပြဿနာများကို မှန်ကန်သောနည်းလမ်းဖြင့် ဖြေရှင်းခြင်း (Positive Conflict Resolution) သည် ကလေး၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို များစွာအထောက်အကူပြုသည်။
နိဂုံး

ကလေး၏ ဘဝအစ (၂) နှစ်တာကာလ (First 2 Years of Life) အတွင်း မေတ္တာဖြင့်ပြုစုပျိုးထောင်ခြင်း (Nurturing Care) သည် ကလေးဘဝတစ်လျှောက်လုံး၏ ကျန်းမာရေး၊ ကြီးထွားဖွံ့ဖြိုးရေး၊ ဘဝအောင်မြင်ရေး၊ သင်ယူနိုင်စွမ်းနှင့် စိတ်ခံစားမှုတို့အတွက် အခြေခံအုတ်မြစ် (Foundation) ပင်ဖြစ်သည်။ ကလေးနှင့်မိဘအကြား အပြန်အလှန်တုံ့ပြန် ဂရုစိုက်မှု (Responsive Caregiving) ကို ကျန်းမာရေး၊ အာဟာရ၊ သင်ယူမှု၊ ဘေးကင်းရေးနှင့် မိဘ၏ စိတ်ကျန်းမာရေး စသည့်အချက်များနှင့် စနစ်တကျ ပေါင်းစပ်ဖော်ဆောင်ပေးခြင်းဖြင့် ကလေး၏ အနာဂတ်ကို အကောင်းဆုံး ပြောင်းလဲတည်ဆောက်ပေးနိုင်မည်ဖြစ်သည်။ ဘဝအစ ပထမ (၂) နှစ်တာကာလအတွင်း ဤသို့ စနစ်တကျစောင့်ရှောက်ပေးခြင်းဖြင့် ကလေး၏ အနာဂတ်ကျန်းမာရေး၊ ဘက်စုံဖွံ့ဖြိုးရေးနှင့် ဘဝအောင်မြင်တိုးတက်ရေးတို့အတွက် များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ပေသည်။

References:

  1. United Nations Children’s Fund. (2025). Seeds of success: Nurturing young children through parenting support. Retrieved February 10, 2026, from https://www.unicef.org/media/171971/file/Seeds%20of%20Success.pdf.pdf
  2. World Health Organization, & United Nations Children’s Fund. (2022). Nurturing care handbook: Strategic action 3 – Strengthen services: How to build systems, improve the workforce and provide three-level support. Retrieved February 10, 2026, from https://iris.who.int/server/api/core/bitstreams/781de51d-4cef-482e-bb3b-c2b3becf3c9f/content

Published: 9 March 2026

Share

9 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.