Early Brain Development (ကလေးဘဝအစောပိုင်း ဦးနှောက်ဖွံ့ဖြိုးမှု)

Early Brain Development (ကလေးဘဝအစောပိုင်း ဦးနှောက်ဖွံ့ဖြိုးမှု)

ကလေးငယ်တစ်ဦး၏ အနာဂတ်အတွက် လိုအပ်သော သင်ယူနိုင်စွမ်းနှင့် စွမ်းရည်အားလုံးသည် ၎င်း၏ ဦးနှောက်အတွင်းရှိ အာရုံကြောကွန်ရက်များ မည်မျှခိုင်မာစွာ ဖွံ့ဖြိုးချိတ်ဆက်ထားသနည်းဆိုသည့် အချက်ပေါ်တွင် မူတည်နေသည်။ ကလေးဘဝအစောပိုင်း ဦးနှောက်ဖွံ့ဖြိုးမှုဆိုသည်မှာ မျိုးဗီဇ (Genetic Blueprint) အပေါ် အခြေခံ၍ ပတ်ဝန်းကျင်မှရရှိသော လှုံ့ဆော်မှု (Stimulation) များဖြင့် ဦးနှောက်ကွန်ရက်များကို ပုံဖော်တည်ဆောက်ယူရသည့် လုပ်ငန်းစဉ်ဖြစ်သည်။ အထူးသဖြင့် ဘဝအစ ရက်တစ်ထောင်ကာလ (ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီး အသက် ၂ နှစ်) အတွင်း ကောင်းမွန်သော လှုံ့ဆော်မှုများ ရရှိခြင်းသည် ဦးနှောက်၏ ပြုပြင်ပြောင်းလဲနိုင်စွမ်း (Neuroplasticity) ကို မြှင့်တင်ပေးပြီး ကလေး၏ ကောင်းမွန်မှန်ကန်သော အလားအလာများကို အပြည့်အဝ ဖော်ဆောင်ပေးနိုင်သည်။

ကလေးငယ်တစ်ဦး၏ ဦးနှောက်သည် မွေးဖွားချိန်တွင် ပြီးပြည့်စုံမှုမရှိသေးဘဲ ပတ်ဝန်းကျင်မှရရှိသော အတွေ့အကြုံများနှင့် လှုံ့ဆော်မှုများအပေါ် မူတည်၍ ပုံဖော်တည်ဆောက်ယူရသည့်အရာဖြစ်သည်။

  • အခြေခံတည်ဆောက်ပုံ (Brain Wiring)
    • သန္ဓေသားဘဝမှစ၍ ဦးနှောက်အတွင်း နျူရုန်း (Neurone) ဟုခေါ်သော အာရုံကြောဆဲလ်များ သိန်းထောင်သောင်းမက ဘီလီယံနှင့်ချီ၍ ဖြစ်ပေါ်လာပြီး၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ရန် ကွန်ရက်များဖြင့် ဆက်သွယ်ကြသည်
  • အာရုံကြော ချိတ်ဆက်မှုများ (Synapses)
    • သိမှတ်မှု (Memory) နှင့် သင်ယူမှု (Learning) ကဲ့သို့သော အဆင့်မြင့်လုပ်ငန်းစဉ်များသည် အဆိုပါ အာရုံကြောချိတ်ဆက်မှုများမှတစ်ဆင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ကလေး၏ ဘဝအစ ပထမ (၂) နှစ်တာအတွင်း တစ်စက္ကန့်လျှင် အကြိမ်ပေါင်း တစ်သန်းကျော်နှုန်းဖြင့် အလျင်မြန်ဆုံး ချိတ်ဆက်ဖွံ့ဖြိုးကြသည်
  • အတွေ့အကြုံအပေါ် အခြေခံခြင်း (Neuroplasticity)
    • ဤကွန်ရက်များသည် ပုံသေမဟုတ်ဘဲ ပြင်ပလှုံ့ဆော်မှုအပေါ် မူတည်၍ ပြောင်းလဲနိုင်သည်၊ မကြာခဏ အသုံးပြုသော ကွန်ရက်များသည် ပိုမိုခိုင်မာလာပြီး၊ အသုံးမပြုသော ကွန်ရက်များကိုမူ တဖြည်းဖြည်း လျှော့ချခြင်း (Pruning) ပြုလုပ်ကာ ဦးနှောက်၏ လုပ်ဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ယူကြသည်။
ဦးနှောက်တည်ဆောက်ပုံ၊ ဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲနိုင်စွမ်းကို လွှမ်းမိုးနေသောအချက်များ

ဦးနှောက်၏ အခြေခံတည်ဆောက်ပုံနှင့် ပြုပြင်ပြောင်းလဲနိုင်စွမ်းများကို ထိန်းကျောင်းမောင်းနှင်နေသည့် အဓိကအချက်များရှိသည်။ ဦးနှောက်ဖွံ့ဖြိုးမှုဖြစ်စဉ်သည် ကလေးငယ်၏ မျိုးဗီဇအချက်အလက်များနှင့် ပြင်ပပတ်ဝန်းကျင်မှ ရရှိသော အတွေ့အကြုံများ အပြန်အလှန် အကျိုးပြုမှုအပေါ်တွင် မူတည်နေသည်။ ထိုသို့ ဦးနှောက်ကွန်ရက်များ ချိတ်ဆက်ခြင်းကို လွှမ်းမိုးနေသည့် အဓိကအချက် (၂) ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

  • မျိုးဗီဇဆိုင်ရာ အခြေခံမူဘောင် (Genetic Blueprint)
    မိဘများထံမှ အစဉ်အဆက် လက်ဆင့်ကမ်းရရှိသော မျိုးဗီဇ (Gene) သည် ဦးနှောက်ဖွံ့ဖြိုးမှု၏ အခြေခံမူဘောင် (Blueprint) ဖြစ်သည်။
    • ဒီအန်အေ (DNA) တွင် သိုလှောင်ထားသော အချက်အလက်များသည် အာရုံကြောစနစ် မှန်ကန်စွာ ဖွဲ့စည်းတည်ဆောက်ရန်အတွက် ပြုပြင်၍မရသော အခြေခံအကြောင်းခံဖြစ်သည်
    • အချို့သော မျိုးဗီဇဆိုင်ရာ ပြဿနာများ သို့မဟုတ် ရောဂါများသည် ဦးနှောက်နှင့် အာရုံကြောစနစ် တည်ဆောက်ပုံကို သိသာစွာ ထိခိုက်စေနိုင်သည်
    • သန္ဓေသားဘဝတွင် ကြုံတွေ့ရသော ပြင်ပပတ်ဝန်းကျင် အခြေအနေများ [ဥပမာ – ခဲသတ္တု (Lead)၊ ဓာတ်ရောင်ခြည် (Radiation) နှင့် ကင်ဆာဆေးများနှင့် ထိတွေ့မိခြင်း] သည်လည်း DNA နှင့် ဦးနှောက်ဖွဲ့စည်းမှုကို အကျိုးသက်ရောက်စေသည်
  • ပတ်ဝန်းကျင်မှ အာရုံခံလှုံ့ဆော်မှုများ (Sensory Stimulation)
    ဦးနှောက်သည် အတွေ့အကြုံအပေါ် မူတည်၍သာ သင်ယူသောကြောင့် ပြင်ပမှ လှုံ့ဆော်မှု (Input) သည် မရှိမဖြစ် လိုအပ်သည်။
    • အပြန်အလှန်တုံ့ပြန်မှု (Serve and Return)
      • အသက် (၁) နှစ်အောက်အရွယ်တွင် ကလေးငယ် စတင်ပြုလုပ်လိုက်သည့် ဆက်သွယ်မှုများကို မိသားစုမှ တုံ့ပြန်ပေးခြင်းဖြင့် ကလေးနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်နိုင်ပြီး လေ့လာသင်ယူမှုကွန်ရက်ကို ထူထောင်ပေးနိုင်သည်
    • အာရုံခံ လှုံ့ဆော်နှိုးဆွမှု (Sensory stimulation)
      • စောစီးစွာ အာရုံခံလှုံ့ဆော်မှု ရရှိပါက ဦးနှောက်၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်များ ပိုမိုဖွံ့ဖြိုးလာနိုင်ပြီး ထိခိုက်ပျက်စီးထားသော ဦးနှောက်လုပ်ငန်းစဉ်များကိုပင် အတိုင်းအတာတစ်ခုထိ တိုးတက်လာစေရန် ထောက်ပံ့ပေးနိုင်သည်

အထက်ပါ မျိုးဗီဇနှင့် ပြင်ပလှုံ့ဆော်မှုများ၏ အကျိုးသက်ရောက်မှုသည် အချိန်ကာလအပေါ် မူတည်၍ ကွဲပြားမှုရှိသည်။ ထို့ကြောင့် ဦးနှောက်ကွန်ရက်များ အလျင်မြန်ဆုံး ဖွံ့ဖြိုးပြီး ပြင်ပလွှမ်းမိုးမှုများကို အထိရောက်ဆုံး တုံ့ပြန်နိုင်သည့် အချိန်ကာလများကို သိရှိနားလည်ထားရန် အလွန်အရေးကြီးသည်။ ထိုကာလများကို “ဖွံ့ဖြိုးမှု အချက်အချာကျသော ကာလများ” ဟုခေါ်သည်။

ဖွံ့ဖြိုးမှု အချက်အချာကျသော ကာလများ (Sensitive Periods)

ကလေးငယ်များသည် ဤကာလများတွင် လှုံ့ဆော်မှု၊ သင်ကြားမှုနှင့် ဗဟုသုတများကို အားစိုက်စရာမလိုဘဲ သဘာဝအလျောက် လျင်မြန်စွာသင်ယူနိုင်ကြသည်။

  1. အာရုံခံစားမှုဆိုင်ရာ ကာလ (Sensory Period)
    • ကာလအပိုင်းအခြား – မွေးစ မှ (၆)နှစ်အထိ (အမြင်အာရုံအတွက် ပထမ ၃ လနှင့် အကြားအာရုံအတွက် ၃ နှစ်ခွဲအထိမှာ အရေးအကြီးဆုံးဖြစ်သည်)
    • ဖွံ့ဖြိုးမှု
      • အာရုံ (၅) ပါးမှတစ်ဆင့် ကမ္ဘာကြီးကို အမျိုးအစားခွဲခြား သိမြင်လာသည်
    • လှုံ့ဆော်ပေးခြင်း
      • ကလေးအား ပစ္စည်းများ ကိုင်တွယ်ခွင့်ပေးခြင်း၊ ကွဲပြားသော အသံများ နားထောင်စေခြင်းနှင့် မျက်လုံးချင်းဆုံ၍ ကြည့်ပေးခြင်း စသည်တို့ ပြုလုပ်ရမည်
      • အမြင်အာရုံအတွက် မွေးစ ပထမ (၃) လအတွင်း လှုံ့ဆော်မှု မရရှိပါက နောင်တစ်သက်တာအတွက် ပြန်လည်ပြုပြင်ရန် ခက်ခဲသော ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။
  2. ဘာသာစကားဆိုင်ရာ ကာလ (Language Period)
    • ကာလအပိုင်းအခြား – မွေးစ မှ (၆)နှစ်အထိ (အသက် ၅ နှစ်အောက်သည် ဘာသာစကား ဖွံ့ဖြိုးမှုအတွက် အထိရောက်ဆုံးဖြစ်သည်)
    • ဖွံ့ဖြိုးမှု
      • အသံများ၊ စကားလုံးများနှင့် သဒ္ဒါစည်းမျဉ်းများကို အထူးကြိုးစားရန်မလိုဘဲ အလွယ်တကူ လက်ခံနားလည်နိုင်သည်
    • လှုံ့ဆော်ပေးခြင်း
      • ကလေးနှင့် စကားများများ ပြောဆိုခြင်း၊ ကဗျာ၊ သီချင်းများဆိုပြခြင်းနှင့် စာအုပ်များ ဖတ်ပြခြင်းတို့သည် ဦးနှောက်အတွင်း ဘာသာစကားကွန်ရက်ကို အခိုင်မာဆုံး တည်ဆောက်ပေးသည်
  3. အစီအစဉ်နှင့် လှုပ်ရှားမှုဆိုင်ရာကာလ (Order and Movement Period)
    • ကာလအပိုင်းအခြား – မွေးစ မှ (၄)နှစ်အထိ (အစီအစဉ်တကျရှိမှုအတွက် ၁ နှစ်မှ ၄ နှစ်ကြားသည် အထူးအရေးကြီးသည်)
    • ဖွံ့ဖြိုးမှု
      • ပတ်ဝန်းကျင်၌ တသမတ်တည်းရှိသော အစီအစဉ်နှင့် စည်းမျဉ်းများ၊ ပုံမှန်အလေ့အထများ လိုအပ်ပြီး ၎င်းက စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ပေးသည်
      • တစ်ချိန်တည်းမှာပင် လက်ချောင်းလေးများ၏ အသေးစိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ရန် ကြိုးစားလာသည်
    • လှုံ့ဆော်ပေးခြင်း
      • နေ့စဉ်လုပ်ငန်းဆောင်တာများကို အချိန်မှန် ပြုလုပ်ပေးခြင်း (Routine) နှင့် ကလေးအား လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ အန္တရာယ်မရှိသောပစ္စည်းများ ကောက်ယူကိုင်တွယ်ခွင့် ပေးရမည်
  4. လူမှုဆက်ဆံရေးဆိုင်ရာ ကာလ (Social Period)
    • ကာလအပိုင်းအခြား – အသက် (၂)နှစ်ခွဲ မှ (၆)နှစ်အထိ
    • ဖွံ့ဖြိုးမှု
      • အခြားသူများနှင့် အတူတကွ နေထိုင်ပုံ၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ စည်းမျဉ်းများကို စတင်နားလည်လာသည်
    • လှုံ့ဆော်ပေးခြင်း
      • မိဘများမှ အပြုအမူကောင်းများကို နမူနာပြသခြင်း (Modeling) နှင့် အခြား ကလေးများ၊ လူကြီးများနှင့် ထိတွေ့ဆက်ဆံနိုင်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည်
  5. အခြေခံအသိဉာဏ်နှင့် စူးစမ်းလေ့လာမှုဆိုင်ရာ ကာလ (Higher Cognitive Functions / Sensorimotor Exploration)
    • ကာလအပိုင်းအခြား – အသက် (၆)လ မှ (၁)နှစ်ဝန်းကျင် (ဤကာလတွင် စတင်သောအခြေခံများသည် အသက် ၃ နှစ်မှ ၅ နှစ်ကြားတွင် အဆင့်မြင့် စဉ်းစားတွေးခေါ်မှုများအဖြစ် ဒုတိယအကြိမ် အရှိန်အဟုန်ဖြင့် ထပ်မံဖွံ့ဖြိုးသည်)
    • ဖွံ့ဖြိုးမှု
      • အရာဝတ္ထုများ၏ တည်ရှိမှု (Object Permanence – မျက်စိရှေ့တွင် မမြင်ရသော်လည်း ပစ္စည်းတစ်ခုသည် ရှိနေဆဲဖြစ်ကြောင်း သိမြင်ခြင်း) နှင့် အကြောင်းအကျိုး ဆက်စပ်မှု (Cause and Effect) များကို စတင်နားလည်လာသည်
    • လှုံ့ဆော်ပေးခြင်း
      • ကလေးကို စူးစမ်းရှာဖွေနိုင်သော ကစားနည်းများ (ဥပမာ – ပုန်းတမ်းကစားခြင်း၊ အဝတ်အောက်တွင် ဖုံးထားသော အရုပ်များကို ရှာဖွေစေခြင်း) နှင့် အရာဝတ္ထုများကို ကိုင်တွယ်စမ်းသပ်ခွင့်ပေးခြင်းဖြင့် ဦးနှောက်၏ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving) ကို လှုံ့ဆော်ပေးရမည်

အချုပ်အားဖြင့် ကလေးတစ်ဦး၏ ပတ်ဝန်းကျင်သည် အသစ်အသစ်သော အရာများနှင့် ထိတွေ့နိုင်ရန် အားပေးသော ပတ်ဝန်းကျင် ဖြစ်ရန် လိုအပ်သည်။ အရေးကြီးသော ဖွံ့ဖြိုးမှုကာလများတွင် စောစီးစွာ လေ့ကျင့်ပေးခြင်း သို့မဟုတ် လှုံ့ဆော်ပေးခြင်းသည် ကလေး၏ ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။

References:

  1. Center on the Developing Child at Harvard University. (n.d.). InBrief: The science of early childhood development. Retrieved January 16, 2026, from https://developingchild.harvard.edu/resources/inbrief-science-of-ecd/
  2. Colombo, J., Gustafson, K. M., & Carlson, S. E. (2020). Critical and sensitive periods in development and nutrition. Annals of Nutrition and Metabolism, 75(Suppl. 1), 34–42. https://doi.org/10.1159/000508053
  3. Fox, S. E., Levitt, P., & Nelson, C. A., III. (2010). How the timing and quality of early experiences influence the development of brain architecture. Child Development, 81(1), 28–40. https://doi.org/10.1111/j.1467-8624.2009.01380.x
  4. Knudsen, E. I. (2004). Sensitive periods in the development of the brain and behavior. Journal of Cognitive Neuroscience, 16(8), 1412–1425. https://doi.org/10.1162/0898929042304796
  5. Stiles, J., & Jernigan, T. L. (2010). The basics of brain development. Neuropsychology Review, 20(4), 327–348. https://doi.org/10.1007/s11065-010-9148-4
  6. World Health Organization. (n.d.). Nurturing care for early childhood development: A framework for helping children survive and thrive to transform health and human potential. Retrieved January 16, 2026, from https://iris.who.int/server/api/core/bitstreams/781de51d-4cef-482e-bb3b-c2b3becf3c9f/content
  7. Gazerani, P. (2025). The neuroplastic brain: Current breakthroughs and emerging frontiers. Brain Research, 1858, 149643. https://doi.org/10.1016/j.brainres.2025.149643
  8. Gilley, P. M., Sharma, A., Mitchell, T. V., & Dorman, M. F. (2010). The influence of a sensitive period for auditory-visual integration in children with cochlear implants. Hearing Research, 270(1–2), 131–138. https://doi.org/10.1016/j.heares.2010.03.087
  9. Montessori, M. (1966). The secret of childhood (M. J. Costello, Trans.). Ballantine Books.

Published: 9 March 2026

Share

9 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.