ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိမှုသည် တစ်ကမ္ဘာလုံးဆိုင်ရာ တိုးပွါးလာနေသော ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်ဖြစ်သည်။ ၎င်းပြဿနာသည် ကလေးအသက် (၁) နှစ်အရွယ်မှစတင်၍ သိသာစွာ စိုးရိမ်ရသည့် အခြေအနေဖြစ်ပြီး ကလေးငယ်များ အရွယ်ရောက်သည်အထိ သေဆုံးမှုနှုန်းတစ်ခုလုံးတွင် အဓိကပါဝင်နေသော အကြောင်းရင်းတစ်ခုလည်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အစီရင်ခံစာများအရ
- သေဆုံးမှုနှုန်း – နှစ်စဉ်နှစ်တိုင်း ကလေးငယ်ပေါင်း သိန်းနှင့်ချီ၍ မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် အကြမ်းဖက်မှုများကြောင့် သေဆုံးနေကြရသည်
- နောက်ဆက်တွဲဆိုးကျိုးများ – အခြားသန်းပေါင်းများစွာသော ကလေးငယ်များသည် သေဆုံးမှုအထိ မဖြစ်သော်လည်း ဒဏ်ရာရရှိမှုကြောင့် ရေရှည်မသန်စွမ်းဖြစ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ခံစားနေကြရသည်
- အဓိကအကြောင်းရင်းများ – အသက် (၉) နှစ်နှင့်အထက် ကလေးငယ်များတွင် မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုသည် သေဆုံးမှုကို ဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်၊ ကလေးသူငယ် မတော်တဆ ထိခိုက်မှုအားလုံး၏ ထက်ဝက်နီးပါးမှာ ယာဉ်မတော်တဆမှု နှင့် ရေနစ်ခြင်းတို့ကြောင့်ဖြစ်သည်
ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း၊ လူကြီးများမှ စနစ်တကျ ကြီးကြပ်ခြင်းနှင့် ကလေးများကိုယ်တိုင် အန္တရာယ်ကို သိရှိစေရန် အသိပညာပေးခြင်းတို့ကို ပေါင်းစပ်လုပ်ဆောင်ခြင်းဖြင့် ဤအန္တရာယ်များကို ထိရောက်စွာ လျှော့ချကာကွယ်နိုင်မည်ဖြစ်သည်။
ကလေးငယ်များတွင် အဖြစ်များသော ထိခိုက်ဒဏ်ရာရရှိမှုများ
- အမြင့်မှပြုတ်ကျခြင်းနှင့် ချော်လဲခြင်း (Falls)
- ကလေးများတွင် အဖြစ်အများဆုံးသော ဒဏ်ရာရရှိမှုဖြစ်သည်
- လှေကားများ၊ စိုစွတ်သော ရေချိုးခန်းများ၊ ပြတင်းပေါက်များနှင့် ဘေးကာမပါသော ကုတင်များကြောင့် ဖြစ်ပွါးတတ်ပြီး လမ်းလျှောက်တတ်ခါစအရွယ် ကလေးငယ်များသည် အန္တရာယ်အရှိဆုံးဖြစ်သည်
- အရာဝတ္ထုများနှင့် တိုက်မိခြင်း၊ ပိမိခြင်း (Struck by or Against Objects)
- ပရိဘောဂများကို ဝင်တိုက်ခြင်း၊ လေးလံသော အိမ်သုံးပစ္စည်းများ ပြုတ်ကျ၍ ပိမိခြင်း စသည်တို့ကြောင့် ဒဏ်ရာရတတ်သည်
- မွေးကင်းစ မှ အသက် (၁၄) နှစ်အထိ ကလေးများတွင် ဤအန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်။
- ယာဉ်မတော်တဆဖြစ်ခြင်း (Road Traffic Injuries)
- ကမ္ဘာတစ်ဝှမ်း၌ နာရီတိုင်းတွင် ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသော ကလေးငယ်ပေါင်း (၁၅၀) ခန့်ကို အရေးပေါ်ဌာနများတွင် ကုသပေးနေရသည်
- အသက် (၁၆) မှ (၁၉)နှစ်ကြား ဆယ်ကျော်သက်များတွင် အန္တရာယ်အမြင့်ဆုံးဖြစ်သည်
- ရေနစ်ခြင်း (Drowning)
- အသက် (၁)နှစ် မှ (၄)နှစ်ကြား ကလေးငယ်များသည် ရေအနက် (၂) လက်မခန့်မျှ ရှိသောနေရာ၌ပင် ရေနစ်နိုင်ပြီး အသက်အန္တရာယ်နှင့် တစ်သက်တာ မသန်စွမ်းမှုကို ဖြစ်စေနိုင်သည်
- အသက်ရှူကျပ်ခြင်းနှင့် လည်ပင်းညှစ်မိခြင်း (Suffocation)
- အသက် (၁) နှစ်အောက် ကလေးငယ်များသည် အစာသီးခြင်း သို့မဟုတ် အန္တရာယ်ရှိသော အိပ်စက်မှုအလေ့အထများကြောင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်
- အကောင်ကိုက်ခံရခြင်း (Bites and Stings)
- အင်းဆက်များ၊ ခွေးများ သို့မဟုတ် အခြားတိရစ္ဆာန်များအကိုက်ခံရမှုများကြောင့် ဒဏ်ရာရတတ်သည်
- ချွန်ထက်သောပစ္စည်းများနှင့် ထိုးမိခြင်း၊ ရှမိခြင်း (Cut or Pierce)
- အသက် (၅)နှစ် မှ (၁၄)နှစ်ကြား ကလေးငယ်များသည် စူးစမ်းလိုစိတ်နှင့် ဆော့ကစားလိုစိတ် များသောကြောင့် ထိုအရွယ်ကလေးများတွင် ဤဒဏ်ရာများကို အများဆုံး ကြုံတွေ့ရတတ်သည်
- ခန္ဓာကိုယ်အတွင်း ပြင်ပပစ္စည်းများ ဝင်ရောက်ခြင်း (Foreign Bodies)
- နှာခေါင်း သို့မဟုတ် လည်ချောင်းအတွင်းသို့ စားစရာ သို့မဟုတ် ကစားစရာ ပစ္စည်းငယ်များ ဝင်ရောက်ခြင်းဖြစ်သည်
- အသက် (၁)နှစ် မှ (၄)နှစ်ကြား ကလေးငယ်များတွင် ပို၍အဖြစ်များသည်
- မီးလောင်ခြင်းနှင့် အပူလောင်ခြင်း (Burns)
- အရည်ပူ သို့မဟုတ် အငွေ့ပူလောင်ခြင်းကို ကလေးငယ်များ ပိုမိုကြုံတွေ့ရလေ့ရှိပြီး၊ အသက်ကြီးသောကလေးများသည် မီးလောင်ကျွမ်းခြင်းကို ပိုမိုကြုံတွေ့ရလေ့ရှိသည်
- အားကစားကြောင့် ထိခိုက်ဒဏ်ရာရခြင်း (Sports Injuries)
- အားကစားလုပ်ရာတွင် အရှိန်လွန်၍ တိုက်မိခြင်း၊ ဘောလုံးမှန်ခြင်း သို့မဟုတ် မှားယွင်းသော လှုပ်ရှားမှုများကြောင့် ဒဏ်ရာရတတ်သည်
- အားကစားမလုပ်မီ အကြောလျှော့ခြင်း (Warm-up) မပြုလုပ်ခြင်းနှင့် အကာအကွယ်ပစ္စည်းများ (ဥပမာ – ဒူးအကာ၊ ဦးထုပ်) စနစ်တကျ မသုံးစွဲခြင်းတို့ကြောင့်လည်း ဖြစ်ပွါးနိုင်သည်
ကလေးငယ်များ ထိခိုက်ဒဏ်ရာမရရှိစေရန် ကာကွယ်ခြင်း
- အခြေခံကာကွယ်မှုနှင့် အသိပညာပေးခြင်း
ကလေးငယ်များသည် ဘေးအန္တရာယ်ကို ကိုယ်တိုင်မခွဲခြားနိုင်သဖြင့် လူကြီးများ၏ လမ်းပြမှုသည် အလွန်အရေးကြီးသည်။- အန္တရာယ်များအကြောင်း သင်ကြားပေးခြင်း – မီးဘေး၊ ရေဘေးနှင့် လမ်းအန္တရာယ်များကို တားမြစ်ရုံတင်မကဘဲ “ဘာကြောင့် အန္တရာယ်ရှိသည်” ကိုပါ ကလေးနားလည်အောင် ရှင်းပြရမည်
- သက်ကြီးပိုင်းကလေးများကို ပါဝင်စေခြင်း – ၎င်းတို့ကို “ဘေးကင်းလုံခြုံရေး သံတမန်များ” အဖြစ် လေ့ကျင့်ပေးပြီး ညီငယ်၊ ညီမငယ်များကို စောင့်ရှောက်ခိုင်းခြင်းဖြင့် ကလေးအချင်းချင်း အသိပညာပေးသည့်စနစ် တည်ဆောက်ပါ
- စံပြအဖြစ် နေထိုင်ခြင်း – ကလေးများသည် လူကြီးများကို အတုယူတတ်သဖြင့် မိဘကိုယ်တိုင်က ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းခြင်း၊ လမ်းကို စနစ်တကျ ကူးခြင်းစသည်တို့ကို လက်တွေ့လုပ်ဆောင်ပြရမည်
- နေအိမ်အတွင်း ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များ
နေအိမ်အတွင်း ထိခိုက်ဒဏ်ရာရမှု ကာကွယ်ရန် မိဘနှင့် အုပ်ထိန်းသူများ အောက်ပါတို့ကို အထူးဂရုပြုသင့်သည်။- မီးဘေးအန္တရာယ်
- အထပ်တိုင်းတွင် မီးခိုးငွေ့နှင့် ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide) အာရုံခံစက်များ တပ်ဆင်ပါ
- ဖယောင်းတိုင်နှင့် မီးခြစ်များကို ကလေးလက်လှမ်းမမီသော နေရာတွင်သာ ထားရှိပါ၊ ဖယောင်းတိုင်များ၊ ရေနံဆီမီးအိမ်များကို လူမရှိဘဲ ထွန်းညှိထားခြင်းမပြုသင့်ပါ
- ထို့ပြင် ကလေးငယ်များ၊ အိမ်မွေးတိရစ္ဆာန်များ၊ လိုက်ကာများနှင့် လွယ်ကူစွာ မီးကူးစက်နိုင်သော ပရိဘောဂများအနီးနားတွင် ထွန်းညှိခြင်းအားရှောင်ပါ
- အဆိပ်သင့်မှု
- ဆေးဝါးများ၊ ဓာတုပစ္စည်းများ၊ ဘက်ထရီ၊ သံလိုက်နှင့် သန့်ရှင်းရေးသုံးပစ္စည်းများကို လုံခြုံစွာ သိမ်းဆည်းပါ
- အဆိပ်အတောက်ဖြစ်စေနိုင်သော အပင်များကို ဖယ်ရှားပါ၊ အိမ်သုတ်ဆေးတွင် ခဲဓာတ် (Lead) ပါဝင်မှု ရှိမရှိ စစ်ဆေးပါ
- လျှပ်စစ်အန္တရာယ်
- ပလပ်ပေါက်များတွင် အကာဖုံး (Plug covers) တပ်ဆင်ပါ
- လျှပ်စစ်ကြိုးများကို ဖုံးကွယ်ထားပါ
- အသုံးပြုမှုရာဇဝင်မသိသော ကလေးစီးကားထိုင်ခုံ (Car seats) နှင့် ဘေးဘောင်ချ၍ရသော ကလေးအိပ်ရာ (Drop-side cribs) များကို အသုံးမပြုပါနှင့်
- လျှပ်စစ်အိမ်သုံးပစ္စည်းများကို သက်တမ်းမကုန်ဆုံးကြောင်း၊ ထုတ်လုပ်သူမှ ပြန်လည်သိမ်းဆည်းထားသော ပစ္စည်းမဟုတ်ကြောင်းနှင့် ပျက်စီးယိုယွင်းမှု မရှိကြောင်း သေချာမှ အသုံးပြုသင့်သည်
- အသက်ရှူကျပ်ခြင်းနှင့် အပူလောင်ခြင်း
- မီးဖိုများရှေ့တွင် အကာအရံတပ်ဆင်ပါ
- ရေနွေးအိုးများကို ကလေးလက်လှမ်းမမီသောနေရာတွင်ထားပါ
- ကလေးငယ်များတွင် အစာသီးနိုင်သော အစာများ (မြေပဲ၊ စပျစ်သီး၊ သကြားလုံးအမာ) ကျွေးခြင်းကို ရှောင်ကြဉ်ပါ
- လိုက်ကာကြိုးနှင့် ပလတ်စတစ်အိတ်များကို ကလေးနှင့် ဝေးရာတွင် ထားပါ
- ချော်လဲခြင်းနှင့် ပြုတ်ကျခြင်း
- ကလေးထိုင်မည့် ခုံကို မြင့်သောနေရာတွင် မထားပါနှင့်
- ဗီရိုနှင့်တီဗီများကို နံရံနှင့် ခိုင်မြဲစွာ ချိတ်ဆက်ပါ
- လှေကားထိပ်နှင့် အောက်ခြေတို့တွင် ဘေးကင်းလုံခြုံရေးတံခါး (Safety gates) များ တပ်ဆင်ပါ
- ဘေးကင်းသော အိပ်ရာဖန်တီးခြင်း
- လသားအရွယ်ကလေး ရုတ်တရက်သေဆုံးခြင်း (Sudden Infant Death Syndrome) မှကာကွယ်ရန် ဘေးကင်းလုံခြုံသော အိပ်စက်မှု ပတ်ဝန်းကျင် ဖန်တီးပေးရန် လိုအပ်သည်
- ကလေးကို အမြဲပက်လက်ထားသိပ်ပါ
- မျက်နှာကို တစ်ခုခုဖြင့် မဖုံးမိစေရန်နှင့် အခန်းတွင်း အပူချိန် မျှတစေရန် ဂရုစိုက်ပါ
- မီးဘေးအန္တရာယ်
- ကျောင်းနှင့် အများပြည်သူဆိုင်ရာနေရာများတွင် ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များ
- ကစားကွင်း ဘေးကင်းရေး
- ကစားကွင်းမြေပြင်တွင် မာကျောသော လမ်းများအစား သဲ၊ ရာဘာပြား သို့မဟုတ် သစ်ခေါက်မှုန့်များကို (၉)လက်မ မှ (၁၂)လက်မအထိ ထူထဲစွာ ခင်းထားသင့်သည်
- ကလေးငယ်များ၏ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုနှင့် အင်အားမှာ အသက်အလိုက် ကွာခြားသဖြင့် (၅) နှစ်အောက် ကလေးငယ်များအတွက် ကစားကွင်းများကို သီးခြားခွဲထားသင့်သည်
- ကလေးငယ်များကို လက်တန်းမြင့် (Monkey Bars) များပေါ်တွင် မဆော့ကစားစေရန် တားမြစ်ထားသင့်သည်
- စာသင်ခန်းအတွင်းဘေးကင်းရေး
- ဗီရိုများကို နံရံတွင် ခိုင်ခံ့စွာ တပ်ဆင်ပါ
- လွယ်အိတ်များကို ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲမထားဘဲ စင်ပေါ်တွင် စနစ်တကျ ထားရှိခြင်းဖြင့် ခလုတ်တိုက်ခြင်းကို ကာကွယ်ပါ
- စနစ်တကျ ကြီးကြပ်မှု
- ဆရာ၊ ဆရာမများသည် ကလေးများ ကစားကွင်း၌ ကစားချိန်တွင် တာဝန်ခွဲ၍ စောင့်ကြည့်ရမည်
- ဒန်းပေါ်တွင် မတ်တတ်ရပ်စီးခြင်းကဲ့သို့ အန္တရာယ်ရှိသော ကစားနည်းများကို အချိန်မီ တားဆီးရမည်
- အများပြည်သူဆိုင်ရာနေရာများတွင် ဘေးကင်းရေး
- လမ်းကူးရာတွင် “ရပ်၊ ကြည့်၊ သွား” စည်းကမ်းကို သင်ပေးပါ
- စျေးဝယ်စင်တာတွင် စက်လှေကားစီးရာတွင် လိုက်နာရမည့် စည်းကမ်းများနှင့် လူကွဲသွားပါက အကူအညီတောင်းခံနည်း သင်ထားပါ
- ရေကန်များအနီးတွင် ကလေးကို တစ်စက္ကန့်မျှ မျက်ခြေမပြတ်ပါစေနှင့်
- အားကစားလှုပ်ရှားမှုများပြုလုပ်ရာတွင် အန္တရာယ်ကင်းရေး
- စက်ဘီးစီးလျှင် ဦးထုပ် (Helmet) နှင့် ဒူးအကာများကို အမြဲဝတ်ဆင်ခိုင်းပါ
- အားကစားမလုပ်မီ အကြောလျှော့ခြင်း (Warm-up) ပြုလုပ်တတ်အောင် သင်ပေးပါ
- နေပူထဲတွင်ပြုလုပ်ရသော အားကစားနည်းများ ကစားပါက ရေများများသောက်ခိုင်းပြီး မကြာခဏ အနားပေးပါ
- အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှု
- မီးဘေး၊ ငလျင်ဘေး စသည့် အရေးပေါ် အခြေအနေများတွင် မည်သို့ တုံ့ပြန်ရမည်ကို ကျောင်းများတွင် ပုံမှန်လေ့ကျင့်ပေးပါ
- ကျောင်းတွင် ရှေးဦးသူနာပြုသေတ္တာနှင့် CPR (အသက်ကယ်နည်း) တတ်ကျွမ်းသူများ အမြဲရှိနေသင့်သည်
- ကစားကွင်း ဘေးကင်းရေး
References:
- World Health Organization. (2018). World report on child injury prevention. Retrieved January 23, 2026, from https://www.who.int/publications/i/item/9789241563574
- World Health Organization. (2012). Injuries and violence prevention: A WHO/UNICEF agenda for children and adolescents [PDF]. Retrieved January 23, 2026, from https://iris.who.int/server/api/core/bitstreams/ca6497f7-7253-4568-8d86-18d9504a5977/content
- HealthHub. (n.d.). Common childhood injuries & a child-safe home. Retrieved January 23, 2026, from https://www.healthhub.sg/health-conditions/common-childhood-injuries-a-child-safe-home
- Association for Behavioral and Cognitive Therapies. (n.d.). Injury prevention with young children. Retrieved January 23, 2026, from https://www.abct.org/fact-sheets/injury-prevention-with-young-children/
- Children for Health. (n.d.). Accidents and preventing injuries. Retrieved January 23, 2026, from https://www.childrenforhealth.org/100messages/accidents-and-preventing-injuries/
- Children’s Environmental Health Network. (n.d.). How to protect children on the playground. Retrieved January 23, 2026, from https://cehn.org/how-to-protect-children-on-the-playground/
Published: 26 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.