Childhood Safeguarding (ကလေးသူငယ် ဘေးကင်းလုံခြုံရေး)

Childhood Safeguarding (ကလေးသူငယ် ဘေးကင်းလုံခြုံရေး)

ကလေးသူငယ် ဘေးကင်းလုံခြုံရေး (Child Safeguarding) ဆိုသည်မှာ ကလေးငယ်များအား ဘေးအန္တရာယ်ဖြစ်စေခြင်း၊ အလွဲသုံးစားပြုခြင်း (Abuse)၊ လျစ်လျူရှုခြင်း (Neglect) နှင့် ခေါင်းပုံဖြတ်ခြင်း (Exploitation) တို့မှ ကာကွယ်ပေးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ၎င်းတွင်_

  • ကလေးများ၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမည့် အခြေအနေများကို ကြိုတင်တားဆီးပေးခြင်း (Prevention)
  • ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တွင် စိတ်အေးချမ်းသာစွာ ကြီးပြင်းလာစေရန် အာမခံချက်ပေးခြင်း (Providing safe environment)
  • ကျောင်းများ၊ အဖွဲ့အစည်းများနှင့် အွန်လိုင်းလူမှုကွန်ရက် (Online platforms) များအတွင်း ခိုင်မာသော မူဝါဒများ (Policies) ချမှတ်ခြင်း
  • လိုအပ်သော သင်တန်းများ ပေးခြင်းနှင့် သတင်းပေးတိုင်ကြားသည့် လုပ်ထုံးလုပ်နည်းများ (Reporting procedures) ကို စနစ်တကျ ဖော်ဆောင်ခြင်းတို့ ပါဝင်သည်။

ကလေးသူငယ်များနှင့် ထိတွေ့ဆက်ဆံနေရသော သို့မဟုတ် ၎င်းတို့ကို စောင့်ရှောက်မှုပေးနေသော လူကြီးတိုင်းတွင် ကလေးများ၏ ဘေးကင်းလုံခြုံမှုကို ဖော်ဆောင်ပေးရန် တာဝန်ကိုယ်စီ ရှိကြသည်။

ဘေးအန္တရာယ်များကို နားလည်သဘောပေါက်ခြင်း (Understanding Risks)

ကလေးသူငယ်များ ဘေးကင်းလုံခြုံစေရန် စောင့်ရှောက်ရာတွင် အဓိကကျသောအချက်မှာ ၎င်းတို့အပေါ် မည်ကဲ့သို့သော ထိခိုက်မှုများ ကျရောက်နိုင်သည်ကို ကြိုတင်မြော်မြင် နားလည်ထားခြင်း (Proactive understanding) ပင်ဖြစ်သည်။ ဤအန္တရာယ်များကို လက်ခံအသိအမှတ်ပြုပြီး ကြိုတင်ကာကွယ်ခြင်းသည် လူမှုအဖွဲ့အစည်းတိုင်း၏ အခြေခံအကျဆုံး ကျင့်ဝတ်ဖြစ်သည်။

ကလေးသူငယ်များအပေါ် ကျရောက်သည့် “ထိခိုက်နစ်နာမှု” (Harm) တွင် အောက်ပါပုံစံအမျိုးမျိုး ပါဝင်နိုင်သည်။

  • ရုပ်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု (Physical Abuse) – ကိုယ်ခန္ဓာကို နာကျင်အောင် ပြုလုပ်ခြင်း
  • လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု (Sexual Abuse) – မလျော်ကန်သော ထိတွေ့မှုနှင့် ပြုမူမှုများ
  • စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု (Emotional Abuse) – ခြိမ်းခြောက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနှင့် စိတ်ဒဏ်ရာရစေခြင်းစသည့် အပြုအမူများ
  • လျစ်လျူရှုခြင်း (Neglect) – အခြေခံလိုအပ်ချက်များဖြစ်သည့် အစားအသောက်၊ ကျန်းမာရေးနှင့် ဂရုစိုက်မှုများ (Basic needs) ကို ဖြည့်ဆည်းမပေးခြင်း
  • အွန်လိုင်းအန္တရာယ်များ (Online Risks/E-Safety) – အွန်လိုင်းမှ လှည့်ဖြားဖြားယောင်းခြင်း (Online Grooming)၊ အနိုင်ကျင့်စော်ကားခြင်း (Cyberbullying) နှင့် မသင့်လျော်သော ရုပ်ပုံ၊ ဗီဒီယိုများ ပြသခြင်း (Inappropriate content)
  • ကလေးအချင်းချင်း ထိခိုက်စေမှု (Peer-on-peer Abuse) – လူကြီးများသာမက အခြားကလေးများ၏ အနိုင်ကျင့်မှု သို့မဟုတ် အလွဲသုံးစားပြုမှု
ဘေးကင်းလုံခြုံမှုဆိုင်ရာ စောင့်ရှောက်ခြင်း အခြေခံလုပ်ဆောင်ချက်များ

ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေရန် (Mental and Physical Safety) လူကြီးမိဘများနှင့် အဖွဲ့အစည်းများအားလုံး အောက်ပါအခြေခံအဆင့်များကို အတူတကွ လုပ်ဆောင်ကြရန် လိုအပ်သည်။

  1. ကြိုတင်ကာကွယ်ခြင်း (Prevention)
    ပြဿနာမဖြစ်ခင် ကြိုတင်တားဆီးခြင်းသည် အထိရောက်ဆုံးသော နည်းလမ်းဖြစ်သည်။
    • မှန်ကန်သင့်လျော်သူကို ရွေးချယ်ခြင်း (Safe Recruitment)
      အဖွဲ့အစည်းများအနေဖြင့် ကလေးများနှင့် တိုက်ရိုက်ထိတွေ့မည့်သူများကို စနစ်တကျ စိစစ်ခန့်အပ်ရသကဲ့သို့ မိဘများအနေဖြင့်လည်း မိမိကလေးနှင့် နီးစပ်မည့်သူများကို သေချာစွာ လေ့လာရမည်။
    • စည်းကမ်းသတ်မှတ်ခြင်း (Setting Boundaries)
      ကလေးများနှင့် ဆက်ဆံရာတွင် လိုက်နာရမည့် “စည်းဘောင်” (Professional/Social Boundaries) ကို တိကျစွာ သတ်မှတ်ထားခြင်းဖြင့် အလွဲသုံးစားပြုခြင်းများမှ တားဆီးနိုင်သည်။ ထို့ပြင် လူကြီးတစ်ဦးနှင့် ကလေးတစ်ဦးတည်း သီးသန့်ရှိမနေစေရန် (Two-Adult Rule) နှင့် လူမှုကွန်ရက်တွင် သီးသန့်ဆက်သွယ်မှု မပြုရန် (Digital Boundary) စည်းကမ်းများ ချမှတ်ထားရမည်။
    • ဗဟုသုတမျှဝေခြင်း (Empowerment through Education)
      မိမိကိုယ်ကိုယ် ကာကွယ်တတ်စေရန် ပုံမှန်သင်ကြားပေးရမည်။ ၎င်းတွင်_
      • မလျော်ကန်သော ထိတွေ့မှု (Unsafe Touch) ကို ခွဲခြားသိမြင်စေခြင်း
      • အတွင်းခံဝတ်စုံ ဝတ်ဆင်သည့် နေရာများကို မည်သူမျှ ထိခိုက်ခွင့်မရှိသည့် စည်းကမ်း (The Underwear Rule / Pantosaurus Rule) ကို သင်ကြားပေးခြင်း
      • “မဟုတ်ဘူး” ဟု ပြတ်ပြတ်သားသား ငြင်းဆိုတတ်သည့် စွမ်းအား (The Power of Saying ‘NO’) ကို လေ့ကျင့်ပေးခြင်း
    • အွန်လိုင်းဘေးကင်းရေး (E-Safety / Online Safeguarding)
      အင်တာနက် အသုံးပြုရာတွင် ကိုယ်ရေးအချက်အလက် လုံခြုံမှု (Privacy) ရှိစေရန်နှင့် အွန်လိုင်းမှ လှည့်ဖြားဖြားယောင်းခြင်း (Online Grooming)၊ အနိုင်ကျင့်ခြင်း (Cyberbullying) တို့ကို သတိပြုမိစေရန် ကြိုတင်လမ်းညွှန်ပေးရမည်။
  2. သတိပြုမိခြင်း (Recognition)
    ကလေးငယ်များ၏ အပြုအမူ၊ စိတ်ခံစားချက်နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို ဂရုတစိုက် စောင့်ကြည့်ရန် (Observation) လိုအပ်သည်။
    • အရိပ်အယောင်များကို သတိပြုခြင်း (Recognizing Signs)
      • စိတ်ပိုင်းဆိုင်ရာ – ကလေးတစ်ယောက် ရုတ်တရက် အနေအေးသွားခြင်း (Withdrawal)၊ အကြောင်းမဲ့ ကြောက်ရွံ့ခြင်း (Fearfulness)၊ အိပ်မက်ဆိုးများ မကြာခဏမက်ခြင်း သို့မဟုတ် အစားအသောက်ပျက်ခြင်းတို့ကို သတိပြုပါ
      • ရုပ်ပိုင်းဆိုင်ရာ – ရှင်းပြရခက်သော ဒဏ်ရာများ (Unexplained Injuries)၊ အဝတ်အစားများ စုတ်ပြဲခြင်း သို့မဟုတ် ကိုယ်ခန္ဓာ သန့်ရှင်းမှုမရှိဘဲ လျစ်လျူရှုခံထားရသည့် လက္ခဏာများကို မျက်ခြေမပြတ် စောင့်ကြည့်သင့်သည်
      • အပြုအမူပိုင်း – မိမိအသက်အရွယ်နှင့် မလိုက်ဖက်သော လိင်ပိုင်းဆိုင်ရာ ဗဟုသုတများ သို့မဟုတ် အပြုအမူများ (Sexualized Behavior) ပြသလာခြင်း ရှိမရှိကိုလည်း သတိထားရန် လိုအပ်သည်
    • နားထောင်ပေးခြင်း (Active Listening)
      ကလေးငယ်များ စကားပြောလာသည့်အခါ မဟန့်တားဘဲ၊ အကဲဖြတ်ခြင်းမပြုဘဲ စိတ်ရှည်လက်ရှည် နားထောင်ပေးခြင်းသည် ၎င်းတို့၏ လုံခြုံမှုကို စိတ်ချစေရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို တိုက်ရိုက်မပြောဘဲ ပုံပြင်များ သို့မဟုတ် ကစားခြင်းမှတစ်ဆင့် အရိပ်အမြွက် ပြောကြားတတ်သည်ကိုလည်း သတိပြုပါ။
    • အွန်လိုင်းလှုပ်ရှားမှုများကို စောင့်ကြည့်ခြင်း (Monitoring Online Activity)
      ကလေး၏ အွန်လိုင်းအသုံးပြုမှုပုံစံ ရုတ်တရက် ပြောင်းလဲသွားခြင်း၊ ဖုန်း သို့မဟုတ် ကွန်ပျူတာ အသုံးပြုနေစဉ် တစ်စုံတစ်ဦး ရောက်လာပါက အလန့်တကြား ပိတ်ပစ်ခြင်း သို့မဟုတ် လျှို့ဝှက်စွာ အသုံးပြုခြင်း ရှိမရှိကို သတိပြုရန် လိုအပ်သည်။
  3. ယုံကြည်မှုတည်ဆောက်ခြင်းနှင့် အကူအညီတောင်းခံစေခြင်း
    ကလေးတစ်ယောက်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရပါက သို့မဟုတ် အန္တရာယ်ကြုံရပါက မကြောက်မရွံ့ဘဲ အကူအညီတောင်းခံနိုင်သည့် “ယုံကြည်မှုလမ်းကြောင်း” တစ်ခု ရှိနေရန် အလွန်အရေးကြီးသည်။
    • မိသားစုအတွင်းတွင်
      • ပွင့်လင်းသော ဆက်ဆံရေး တည်ဆောက်ပါ – “ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုအမှားမျိုးပဲလုပ်ခဲ့ပါစေ… ဖေဖေ မေမေတို့ကို အမှန်အတိုင်း ပြောပြလို့ရတယ်” ဆိုသည့် စိတ်ချလုံခြုံမှုကို ကလေးအား ငယ်စဉ်ကတည်းက ပေးထားပါ
      • နားထောင်ပေးမည့်သူ ရှိနေပါစေ – ကလေးက တစ်ခုခု လာပြောသည့်အခါ အပြစ်တင်ခြင်း၊ ငေါက်ငမ်းခြင်း မပြုဘဲ အလေးအနက်ထား နားထောင်ပေးခြင်းဖြင့် ကလေး၏ ယုံကြည်မှုကို ရယူပါ
    • ကလေးများနှင့်ထိတွေ့ဆက်ဆံနေရသော ကျောင်း၊ အဖွဲ့အစည်းများအနေဖြင့်လည်း အောက်ပါအချက်များကို သတိပြုဆောင်ရွက်ထားသင့်သည်။
      • ယုံကြည်စိတ်ချရသူ (Safe Person) သတ်မှတ်ထားခြင်း
        ကလေးငယ်များ သို့မဟုတ် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ အနေဖြင့် စိုးရိမ်ပူပန်မှုများရှိပါက အချိန်မရွေး လွတ်လပ်စွာ တိုင်ပင်နိုင်သည့် “ကလေးသူငယ် ဘေးကင်းလုံခြုံရေး တာဝန်ခံ” တစ်ဦးကို သီးသန့်ခန့်အပ်ထားရန်လိုသည်။
      • ရှင်းလင်းသော လမ်းညွှန်ချက် – တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရပါက မည်သူ့ထံသို့ သွားရောက်ပြောဆိုရမည်၊ မည်သည့်ဖုန်းနံပါတ်သို့ ဆက်သွယ်ရမည်ကို ကလေးရော လူကြီးပါ သိရှိအောင် ရှင်းရှင်းလင်းလင်း ကြေညာထားရမည်။
  4. ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း
    ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သို့မဟုတ် သံသယရှိပါက အချိန်ဆွဲခြင်းမပြုဘဲ “ကလေး၏ဘေးကင်းရေး” ကို အကြွင်းမဲ့ဦးစားပေး၍ ချက်ချင်းလက်ငင်း တုံ့ပြန်ဆောင်ရွက်ရမည်။
    • အဦးဆုံးအနေဖြင့် ကလေး၏လုံခြုံရေးအတွက် သေချာအောင် ပြုလုပ်ပါ – အန္တရာယ်ရှိနေသည်ဟု သိရှိရသည်နှင့် တပြိုင်နက် ကလေးအား အဆိုပါပတ်ဝန်းကျင် သို့မဟုတ် လူပုဂ္ဂိုလ်ထံမှ ချက်ချင်းခွဲထုတ်ပေးပါ
    • ယုံကြည်ပေးပါ၊ ဖေးမပေးပါ – ကလေးပြောလာသည့် အကြောင်းအချက်များကို လက်ခံ အသိအမှတ်ပြုပေးခြင်းဖြင့် ကလေး၏စိတ်ကို အရင်ဆုံးနှစ်သိမ့်ပေးပါ၊ အပြစ်တင်ခြင်း သို့မဟုတ် အတင်းအကျပ်မေးမြန်းခြင်းကို ရှောင်ကြဉ်ပါ
    • ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ – ကလေး၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် ဆရာဝန် သို့မဟုတ် ကလေးစိတ်ပညာရှင်များနှင့် အမြန်ဆုံးပြသပြီး လိုအပ်သော ကုစားမှုများ ရယူပေးပါ
    • အဖွဲ့အစည်းများ၊ ကွန်ရက်များနှင့်ချိတ်ဆက်၍ ဖြေရှင်းပါ – ပြဿနာ၏ အတိမ်အနက်ပေါ်မူတည်၍ လိုအပ်လာပါက သက်ဆိုင်ရာ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများထံ အကူအညီတောင်းခံကာ ကလေးအတွက် အကောင်းဆုံးဖြစ်မည့်လမ်းစဉ်ကို အတူတကွ ဖော်ဆောင်သင့်သည်

ကလေးသူငယ် ဘေးကင်းလုံခြုံရေးဆိုင်ရာ စောင့်ရှောက်ခြင်းသည်မှာ တစ်ကြိမ်တည်း လုပ်ဆောင်ရမည့်အရာ မဟုတ်ဘဲ အစဉ်တစိုက် သင်ယူပြင်ဆင်နေရမည့် “ရှင်သန်နေသော လုပ်ငန်းစဉ်” တစ်ခုဖြစ်သည်။ မိဘများ၏ မေတ္တာနှင့် အဖွဲ့အစည်းများ၏ တာဝန်ယူမှု ပေါင်းစပ်မှသာ ကလေးငယ်များအတွက် အကောင်းဆုံးသော လုံခြုံရေးကွန်ရက်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

References:

  1. European Commission. (2020). Key competences for a changing society: Common reference framework (EU Commission Staff Working Document) [PDF]. Retrieved January 25, 2026, from https://commission.europa.eu/document/download/f53f19ef-c655-4d63-91e5-db4fee59ca3e_en?filename=KCS-CS-Standards-ENG-200218.pdf
  2. Episcopal School of Kuwait. (2025). Safeguarding and child protection procedures [PDF]. Retrieved January 25, 2026, from https://epgs3cdn.epg.edu.kw/wp-content/uploads/20250120103604/1.1.1-Safeguarding-and-Child-Protection-Procedures.pdf
  3. Keeping Children Safe. (n.d.). Child abuse in organisations. Retrieved January 25, 2026, from https://www.keepingchildrensafe.global/child-abuse-in-organisations/

Published: 26 February 2026

Share

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.