ကျောင်းသားတစ်ယောက်၏ ဘဝတွင် စာမေးပွဲဖြေဆိုရသည့် ကာလများသည် စိတ်ဖိစီးမှု (Stress) အများဆုံးအချိန်များ ဖြစ်ကြသည်။ ထိုကာလများတွင် ကျောင်းစာကိုသာ အာရုံစိုက်ပြီး မိမိ၏ ကျန်းမာရေးကို လျစ်လျူရှုမိတတ်ကြသည်။ စာမေးပွဲနီးကပ်လာချိန်တွင်_
- စိတ်တိုလွယ်ခြင်း၊ စိတ်ဆတ်ခြင်းနှင့် စိတ်လေလွင့်ခြင်း (Lack of concentration)
- အာဟာရမျှတသော အစားအစာများ စားသုံးရန်နှင့် လေ့ကျင့်ခန်းလုပ်ရန် ပျက်ကွက်ခြင်း
- စိတ်ဖိစီးမှုကြောင့် အလွန်အကျွံစားခြင်း (Overeating) သို့မဟုတ် အိပ်စက်မှုပုံစံများ ပျက်ယွင်းခြင်း
- စိတ်ဓာတ်ကျခြင်း (Depression) များ ခံစားရနိုင်သည်။
ထို့ကြောင့် စာမေးပွဲကာလအတွင်း ကိုယ်ရောစိတ်ပါ ကျန်းမာစေရန် အောက်ပါနည်းလမ်းများကို စနစ်တကျ လုပ်ဆောင်သင့်သည်။
စိတ်ဖိစီးမှု လျော့နည်းစေရန် ကြိုတင်အစီအစဉ်ရေးဆွဲပါ (Manage your time and stress)
အောင်မြင်သော ကျောင်းသားများသည် အချိန်စီမံခန့်ခွဲမှု (Time management) ကို စနစ်တကျ လုပ်ဆောင်ကြသည်။
- လက်တွေ့ကျသော စာကြည့်အချိန်ဇယား ရေးဆွဲပါ – မိမိကိုယ်တိုင် အမှန်တကယ် လုပ်ဆောင်နိုင်မည့် အတိုင်းအတာကိုသာ လိုက်၍ ရေးဆွဲပါ
- အရေးကြီးသည့် အပိုင်းများကို ဦးစားပေးပါ – ခက်ခဲသော သင်ခန်းစာများကို အလျင်ဦးစားပေး လေ့လာခြင်းဖြင့် ယုံကြည်မှု တိုးစေသည်၊ စာမေးပွဲဖြေခါနီး ညများတွင် စာအသစ်ကျက်ခြင်းထက် သိပြီးသားစာများကို ပြန်လှန်ကြည့်ရှုလေ့လာခြင်း (Revision) က စိတ်ကို ပို၍ တည်ငြိမ်စေသည်
- အနားယူချိန် သတ်မှတ်ပါ – စာမေးပွဲမတိုင်မီ အလွန်ပင်ပန်းနွမ်းနယ်ခြင်း (Burnout) ကို ကာကွယ်ရန် စာကျက်ချိန်နှင့် အနားယူချိန်ကို သီးခြားစီ ခွဲထားပါ
ဦးနှောက်ကို အချိန်မှန် အနားပေး၍ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ (Take Regular Brain Breaks and Move the body)
စာကြည့်စားပွဲရှေ့တွင် နာရီပေါင်းများစွာ ဆက်တိုက်ထိုင်နေမည့်အစား ခေတ္တအနားယူခြင်း (Active Breaks) က အာရုံစူးစိုက်မှုကို ပိုကောင်းစေသည်။ ယေဘုယျအားဖြင့် စာကျက်ချိန် (၁) နာရီလျှင် (၅-၁၀) မိနစ်ခန့် အနားယူသင့်သည်။
ခေတ္တအနားယူစဉ်အတွင်း လုပ်ဆောင်နိုင်သည်များ
- မျက်စိမှိတ်၍ အနားယူခြင်း သို့မဟုတ် အသက်ရှူလေ့ကျင့်ခန်း (Deep breathing) လုပ်ခြင်း
- လမ်းလျှောက်ထွက်ခြင်း သို့မဟုတ် ကိုယ်လက်ဆန့်ထုတ် လေ့ကျင့်ခန်း (Stretching) လုပ်ခြင်း
- ဦးနှောက်ကို အားဖြစ်စေမည့် သရေစာစားခြင်း သို့မဟုတ် တေးဂီတ နားထောင်ခြင်း
- တစ်ရေးတစ်မော အိပ်စက်ခြင်း (Power nap) (၁၀မိနစ် မှ ၂၀မိနစ်ခန့်)
ဤသို့ လုပ်ဆောင်ခြင်းကြောင့် စိတ်ပျော်ရွှင်စေသော ဟော်မုန်း (Endorphins) များ ထွက်ရှိလာပြီး မှတ်ဉာဏ်နှင့် ဖန်တီးနိုင်စွမ်းကို တိုးမြင့်စေသည်။
သတိပြုရန်အချက်များ
- ဆိုရှယ်မီဒီယာ ထောင်ချောက် (Social Media Trap) – စိတ်ပြေလက်ပျောက် ဗီဒီယိုကြည့်နိုင်သော်လည်း ဆိုရှယ်မီဒီယာပေါ်တွင် အချိန်အလွန်အကျွံ မကုန်ဆုံးစေရန် သတိပြုပါ
- သူတစ်ပါးနှင့်နှိုင်းယှဉ်ခြင်းကို ရှောင်ပါ – မိမိစာကျက်ပြီးသည့် အတိုင်းအတာကို အခြားသူများနှင့် လိုက်လံနှိုင်းယှဉ်ခြင်းက စိတ်ဂနာမငြိမ်ခြင်း (Anxiety) ကိုသာ ဖြစ်စေသည်
လုံလောက်စွာ အိပ်စက်အနားယူပါ (Prioritize “Sanity Sleep”)
စာမေးပွဲဖြေဆိုနိုင်ရန် ညသန်းခေါင်အထိ စာကျက်ခြင်းထက် ဦးနှောက်လုပ်ဆောင်ချက်များ ကောင်းမွန်စေရန် အိပ်စက်ခြင်းက ပို၍အရေးကြီးသည်။
- အိပ်ချိန်သတ်မှတ်ပါ – တစ်နေ့လျှင် (၇-၉) နာရီ ခန့် ရအောင်အိပ်ပါ၊ အိပ်ရာမဝင်မီ အနည်းဆုံး တစ်နာရီခန့် ကြိုတင်၍ စိတ်ဖြေလျှော့ပါ (Wind-down time)
- မှတ်ဉာဏ်သိုလှောင်ခြင်း (Memory Consolidation) – အိပ်စက်ခြင်းသည် တစ်နေ့တာ သင်ယူထားသမျှကို ဦးနှောက်အတွင်း စနစ်တကျ သိမ်းဆည်းပေးသဖြင့် စာမေးပွဲဖြေဆိုရာတွင် ပိုမိုမှတ်မိစေသည်
- အိပ်ရာ၏စည်းကမ်း (Oasis rule) – အိပ်ရာကို အိပ်ရန်အတွက်သာ အသုံးပြုပါ၊ အိပ်ရာထဲတွင် စာကျက်ခြင်းသည် စိတ်ဖိစီးမှုတိုးစေပြီး အိပ်မပျော်ခြင်း (Insomnia) ကို ဖြစ်စေနိုင်သည်
- နည်းပညာပစ္စည်းများ ရှောင်ကြဉ်ခြင်း (Digital detoxing) – မအိပ်မီ နာရီဝက်အလိုတွင် ဖုန်း၊ တက်ဘလက်များ ဖယ်ရှားထားပါ၊ ထိုပစ္စည်းများမှထွက်သော အပြာရောင်အလင်း (Blue light) သည် အိပ်စက်ခြင်းကို အားပေးသည့် Melatonin ဟော်မုန်း ထွက်ရှိမှုကို အဟန့်အတားဖြစ်စေသည်
ဦးနှောက်နှင့် ခန္ဓာကိုယ်အတွက် အာဟာရဖြည့်ပါ (Fuel Your Brain, Not Just Your Cravings)
စိတ်ဖိစီးမှုကြောင့် အချိုနှင့် အသင့်စားမုန့်များကို တောင့်တတတ်သော်လည်း ထိုအစားအစာများက လူကို ပို၍ထိုင်းမှိုင်းစေသည်။
- မှတ်ဉာဏ်ကောင်းစေသည့် အစားအစာများ (Brain Food) – ဥအမျိုးမျိုး၊ ဘယ်ရီသီးများ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့် ငါး (အထူးသဖြင့် Omega-3 ကြွယ်ဝသော ဆယ်လ်မွန်ငါး) တို့ကို ပိုစားပါ
- မနက်စာ (Breakfast) – တစ်နေ့တာလုံး အာရုံစူးစိုက်မှုကောင်းစေရန် မနက်စာကို မဖြစ်မနေ စားပေးပါ၊ ကာဘိုဟိုက်ဒရိတ် (Carbohydrates) နှင့် အသားဓာတ် (Proteins) ပါဝင်သော မနက်စာသည် ပို၍သင့်တော်သည်
- နည်းနည်းနှင့် မကြာခဏစားပါ – တစ်ထိုင်တည်း အလွန်အကျွံစားခြင်းက လေးလံထိုင်းမှိုင်းစေသဖြင့် အစားကို နည်းနည်းစီနှင့် မကြာခဏ ခွဲစားပေးခြင်းက စွမ်းအင်ကို အမြဲပြည့်ဝစေသည်
- သကြားနှင့် အဆီလျှော့ပါ – သွေးတွင်းသကြားဓာတ် တည်ငြိမ်စေရန် သကြားနှင့် အဆီများသော မုန့်များကို ရှောင်ပါ၊ အပြင်စာထက် အိမ်တွင်ချက်သော သန့်ရှင်းသည့် အစားအစာများကို ဦးစားပေးပါ
ရေဓာတ်ပြည့်ဝပါစေ (Stay Hydrated)
လူ၏ဦးနှောက်တွင် ရေဓာတ် (၇၅) ရာခိုင်နှုန်းခန့် ပါဝင်သောကြောင့် ရေဓာတ်အနည်းငယ် ဆုံးရှုံးရုံမျှဖြင့် အာရုံစူးစိုက်မှုနှင့် ဦးနှောက်လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သည်။
- ရေသောက်ရန် မမေ့ပါနှင့် – တစ်နေ့လျှင် ရေ အနည်းဆုံး (၂-၃) လီတာခန့် သောက်ပေးပါ၊ စာကျက်နေစဉ် အလွယ်တကူ သောက်နိုင်ရန် ရေဘူးကို အနားတွင် အမြဲထားပါ
- ကျန်းမာရေးနှင့်ညီညွတ်သော အရည်များ – ရိုးရိုးရေအပြင် အုန်းရည်၊ နို့ သို့မဟုတ် စိတ်အပန်းပြေစေသော သစ်ရွက်၊ သစ်ဥ၊ သစ်ဖုများမှရသည့်လက်ဖက်ရည် (Herbal teas) များ သောက်ပေးနိုင်သည်
- ကဖိန်းဓာတ် လျှော့ပါ – ကော်ဖီ၊ လက်ဖက်ရည်နှင့် အားဖြည့်အချိုရည်များကို အလွန်အကျွံ သောက်သုံးခြင်းသည် ရင်တုန်ခြင်း၊ ခေါင်းမူးခြင်းနှင့် အိပ်မပျော်ခြင်း (Insomnia) တို့ကို ဖြစ်စေနိုင်သဖြင့် သတိပြုရှောင်ကြဉ်ပါ
ပေါင်းသင်းဆက်ဆံရေးနှင့် အကူအညီရယူခြင်း (Connection and Support)
စာမေးပွဲကာလတွင် တစ်ဦးတည်း အထီးကျန်စွာ ရုန်းကန်နေမည့်အစား ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေသည်။
- မိသားစုနှင့် သူငယ်ချင်းများ – အနားယူချိန်တွင် မိသားစုနှင့် ထမင်းအတူစားခြင်း၊ သူငယ်ချင်းများနှင့် စကားပြောဆိုခြင်းက စိတ်ဖိစီးမှုနှင့် ဝန်ထုပ်ဝန်ပိုးများကို လျော့ကျစေသည်
- စာကျက်ဝိုင်း (Group Study) – တစ်ခါတစ်ရံတွင် သူငယ်ချင်းများနှင့် အတူစု၍ စာကျက်ခြင်းက မိမိနားမလည်သော သင်ခန်းစာများကို အပြန်အလှန် ရှင်းပြနိုင်သဖြင့် ပို၍ထိရောက်မှုရှိသည်
- အကူအညီတောင်းခံပါ – စိုးရိမ်ပူပန်မှု (Anxiety) ကြောင့် မခံမရပ်နိုင်အောင် ပင်ပန်းလာပါက ဆရာသမားများ သို့မဟုတ် ကျွမ်းကျင်သော ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ရန် ဝန်မလေးပါနှင့်
စာမေးပွဲဖြေဆိုခါနီးချိန် နောက်ဆုံးပြင်ဆင်မှု (Final Preparation)
စာမေးပွဲဖြေဆိုမည့်နေ့တွင် စိတ်လှုပ်ရှားမှုကြောင့် အမှားအယွင်းမဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားပါ။
- ပစ္စည်းများ စစ်ဆေးပါ – ခဲတံ၊ ဘောပင်၊ ဂဏန်းတွက်စက်နှင့် ရေသန့်ဘူး စသည်တို့ကို စာမေးပွဲမဖြေခင် ညကတည်းက ကြိုတင်ပြင်ဆင်ထားပါ
- အဖြေတိုက်ခြင်းကို ရှောင်ပါ – စာမေးပွဲတစ်ခု ဖြေဆိုပြီးသွားတိုင်း သူငယ်ချင်းများနှင့် အဖြေတိုက်ခြင်းသည် စိုးရိမ်စိတ်ကိုသာ ပိုတိုးစေနိုင်သဖြင့် ထိုဖြေပြီးသောစာမေးပွဲကို စိတ်ထဲမထားဘဲ နောက်တစ်ဘာသာအတွက်သာ အာရုံစိုက်ပါ
- စိတ်ဓာတ်မြှင့်တင်ပါ – စာမေးပွဲဆိုသည်မှာ ဘဝအတွက် အတွေ့အကြုံတစ်ခုမျှသာဖြစ်ကြောင်း သတိရပြီး မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိ ဖြေဆိုပါ
အချုပ်အားဖြင့်ဆိုရသော် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ရန်မှာ စာကျက်ရုံသာမက ကိုယ်ခန္ဓာနှင့် စိတ်ကျန်းမာရေးကိုပါ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်။ အာဟာရပြည့်ဝစွာ စားသောက်ခြင်း၊ လုံလောက်စွာ အိပ်စက်အနားယူခြင်းနှင့် အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲခြင်းတို့သည် ကျောင်းသားတစ်ဦး၏ မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှုကို အထူးကောင်းမွန်စေသည်။ စာမေးပွဲဆိုသည်မှာ ဘဝ၏ မှတ်တိုင်တစ်ခုသာဖြစ်သဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိဖြင့် ကျန်းမာစွာ ရင်ဆိုင်ဖြေဆိုခြင်းကသာလျှင် အကောင်းဆုံးသော ရလဒ်များကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။
References:
- JED Foundation. (n.d.). 6 ways to take care of yourself during exam time. Retrieved January 23, 2026, from https://jedfoundation.org/resource/6-ways-to-take-care-of-yourself-during-exam-time/
- City, University of London — City St George’s. (2025). Tips for looking after your wellbeing during exam season. Retrieved January 23, 2026, from https://studenthub.citystgeorges.ac.uk/news-and-events/news/2025/may/tips-for-looking-after-your-wellbeing-during-exam-season
- Centre for Student Success (WithinSight Education). (n.d.). Ultimate guide to staying healthy during exam season. Retrieved January 23, 2026, from https://www.withinsightedu.org/blog/ultimate-guide-to-staying-healthy-during-exam-season
- Cestar High School. (n.d.). 5 tips for staying healthy during exams. Retrieved January 23, 2026, from https://cestarhighschool.com/blog/5-tips-staying-healthy-exams/
- Futurum Careers. (n.d.). Caring for your mental health during exam season. Retrieved January 23, 2026, from https://futurumcareers.com/caring-for-your-mental-health-during-exam-season
- Food Services, University of Toronto. (n.d.). 5 tips for surviving exam season. Retrieved January 23, 2026, from https://foodservices.utoronto.ca/5-tips-for-surviving-exam-season/
- McMaster University Wellness. (n.d.). 7 tips for navigating exam season. Retrieved January 23, 2026, from https://wellness.mcmaster.ca/7-tips-for-navigating-exam-season/
- VU Medical Centre (VUM). (n.d.). Advice for students during exams. Retrieved January 23, 2026, from https://vum.bg/advice-students-exams/
Published: 25 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.