Cancer treatments (ကင်ဆာကုထုံးများ)

Cancer treatments (ကင်ဆာကုထုံးများ)

ကင်ဆာရောဂါကုသမှု (Cancer treatment) နည်းလမ်းအမျိုးမျိုးရှိပြီး၊ တစ်မျိုးတည်းဖြစ်စေ၊ ပေါင်းစပ်ကုထုံးဖြင့်ဖြစ်စေ ကုသမှုပေးနိုင်သည်။ ကင်ဆာဝေဒနာရှင်များသည် ကုသမှုကို ရွေးချယ်ခြင်းမပြုလုပ်မီ ကင်ဆာရောဂါကုသမှုများ၏ အကျိုးရလဒ်နှင့် ဘေးထွက်ဆိုးကျိုးများကို သက်ဆိုင်ရာဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည်။ ရောဂါတုံ့ပြန်မှုနှင့် ဘေးထွက်ဆိုးကျိုးများကို ခံနိုင်ရည်ရှိမှုအပေါ် မူတည်၍ ရွေးချယ်ထားသည့် ကင်ဆာရောဂါကုသမှုနည်းလမ်းများ အချိန်မရွေး ပြောင်းလဲနိုင်သည်။ ကင်ဆာကုသရာတွင် ကင်ဆာရောဂါကို ကုသခြင်းအပြင်

  • အခြားရောဂါလက္ခဏာများ
  • ကုသမှု၏ ဘေးထွက်ဆိုးကျိုးများနှင့်
  • လူနေမှုဘဝ အရည်အသွေးပြည့်ဝမှု ရရှိစေရန် စသည့်အချက်များကိုပါ ထည့်သွင်းစဥ်းစား ကုသမှုပေးရန် လိုအပ်သည်။

ကင်ဆာရောဂါ ကုသမှုပေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကင်ဆာရောဂါကို တတ်နိုင်သမျှ ပျောက်ကင်းအောင် ကုသ၍ သက်တမ်းစေ့ နေထိုင်နိုင်ရန်ဖြစ်သည်။ သို့သော် ပျောက်ကင်းအောင် မကုသနိုင်ခဲ့လျှင်

  • ကင်ဆာအရွယ်အစား ကျုံ့သွားစေရန်
  • ကြီးထွားမှုကို တားဆီးရန်
  • ကင်ဆာရောဂါပျံ့နှံ့ခြင်းမှ တားဆီးရန်
  • ခံစားနေရသော ဝေဒနာများ သက်သာစေရန် ရည်ရွယ်၍ ကုသခြင်းဖြစ်သည်။
ကင်ဆာရောဂါကုသမှု အသုံးပြုပုံများ

ကင်ဆာရောဂါကုသမှုများကို ကင်ဆာအမျိုးအစား၊ ရောဂါအဆင့်နှင့် လူနာ၏ရွေးချယ်မှုတို့ကို အခြေခံကာ အောက်ပါကုထုံးအမျိုးမျိုးအနေဖြင့် အသုံးပြုလေ့ရှိသည်။

  1. ပင်မကုထုံး (Primary treatment)
    ပင်မကုထုံး၏ အဓိကရည်ရွယ်ချက်မှာ ကင်ဆာကို ခန္ဓာကိုယ်မှ အပြီးသတ်ဖယ်ရှားရန် သို့မဟုတ် ကင်ဆာဆဲလ်များ အားလုံးကို သေစေရန်ဖြစ်သည်။ ကင်ဆာအများစုအတွက် အဓိကအသုံးပြုလေ့ရှိသော ပင်မကုထုံးမှာ ခွဲစိတ်ကုသခြင်းဖြစ်သည်။ အချို့ကင်ဆာများသည် ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ကင်ဆာဆေးသွင်းကုထုံးများဖြင့်လည်း ကောင်းစွာတုံ့ပြန်မှု ရှိကြသည်။ မည်သည့် ကင်ဆာကုသမှုနည်းလမ်းကိုမဆို ပင်မကုထုံးအနေဖြင့် အသုံးပြုနိုင်သည်။
  2. တွဲဘက်ကုထုံး (adjuvant treatment)
    ပင်မကုထုံးဖြင့် ကုသမှုခံယူပြီးနောက် ကျန်ရှိနေသေးသော ကင်ဆာဆဲလ်များကို ဖယ်ရှားရန် တွဲဘက်ကုထုံးကို အသုံးပြုသည်။ တွဲဘက်ကုထုံးများသည် ကင်ဆာရောဂါပြန်ဖြစ်နိုင်ခြေကို လျှော့ချ၍ ရှင်သန်မှုနှုန်း မြင့်မားစေနိုင်သည်။ မည်သည့် ကင်ဆာကုသမှုနည်းလမ်းမဆို တွဲဘက်ကုထုံးအနေဖြင့် အသုံးပြုနိုင်သည်။ အဓိကအားဖြင့် ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဟော်မုန်းဖြင့် ကုသခြင်းတို့ကို အသုံးပြုကြသည်။
    ပင်မကုထုံးများကို ပိုမိုလွယ်ကူထိရောက်စေရန် ပင်မကုထုံးမပေးခင် တွဲဘက်ကုထုံးများကို ကြိုတင်ပေးခြင်း (neoadjuvant therapy) လည်း ပြုလုပ်နိုင်သည်။
  3. ဝေဒနာများ ညင်သာစေရန် ဘက်စုံပြုစုကုသမှု (Palliative treatment)
    ကင်ဆာရောဂါကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများနှင့် ကုသမှုများ၏ ဘေးထွက်ဆိုးကျိုးများကိုပါ သက်သာစေပြီး လူနေမှုဘဝအရည်အသွေး မြင့်မားစေရန် ဘက်စုံထောင့်စုံမှ ပေါင်းစပ်ကုသမှုပေးခြင်းဖြစ်သည်။ အခြားသောကင်ဆာကုသမှုများ ခံယူနေချိန်တွင် ဤဘက်စုံပြုစုကုသမှုကို တစ်ပြိုင်တည်း အသုံးပြုနိုင်သည်။
ကင်ဆာကုသမှု နည်းလမ်းအမျိုးမျိုး

ကင်ဆာရောဂါကုသမှု နည်းလမ်းအမျိုးမျိုးမှာ_

  • ခွဲစိတ်ကုသခြင်း (Surgery)
  • ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
  • ဓာတ်‌ရောင်ခြည်ကုထုံး (Radiation therapy)
  • ဟော်မုန်းကုထုံး (Hormone therapy)
  • ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းကုထုံး (Immunotherapy)
  • ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုထုံး (Targeted therapy)
  • ပင်မဆဲလ် သို့မဟုတ် ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Stem cell or bone marrow transplant)
  • ဆေးဘက်ဆိုင်ရာ နည်းပညာများဖြင့် ကင်ဆာရောဂါကုသခြင်း (Interventional treatments) တို့ဖြစ်ကြသည်။

အထက်ဖော်ပြပါ ကင်ဆာရောဂါကုသမှုနည်းလမ်းများကို ရွေးချယ်ရာတွင် အောက်ပါအချက်များပေါ် မူတည်၍ ‌ရွေးချယ်မှု ပြုလုပ်ကြသည်။

  • ဖြစ်ပေါ်သော ကင်ဆာအမျိုးအစား
  • ကင်ဆာရောဂါအဆင့်
  • လူနာ၏ အသက်အရွယ်
  • အခြေခံကျန်းမာ‌ရေးအခြေအနေ
  • လူနာ၏ ရွေးချယ်မှု
  • ကုသမှုနည်းလမ်းများ၏ သက်ဆိုင်ရာ အကျိုးရလဒ်နှင့် ဘေးထွက်ဆိုးကျိုးများ

ခွဲစိတ်ကုသခြင်း (Surgery)
ကင်ဆာအလုံးအကျိတ်ကို ခွဲစိတ်ကုသရာတွင် အစိတ်အပိုင်းအချို့ကို ဖယ်ရှားခြင်း (partial removal) သို့မဟုတ် အပြည့်အဝအားလုံးဖယ်ရှားခြင်း (complete removal) ဖြင့် ကုသနိုင်သည်။ ခွဲစိတ်ကုသခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကင်ဆာဆဲလ်များအားလုံးနှင့် အနီးရှိ အချို့သောတစ်ရှူးများကို ဖယ်ရှား၍ သက်သာပျောက်ကင်းရန်ဖြစ်သည်။

အချို့သော အစောပိုင်းအဆင့်ကင်ဆာရောဂါများအတွက် ခွဲစိတ်ကုသခြင်းတစ်ခုတည်းကိုသာ ပင်မကုထုံးအဖြစ် အသုံးပြုကုသနိုင်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့နေသည့် ရောဂါကျွမ်းသောအဆင့်တွင် အဓိကကျသော အကျိတ်နေရာများကို ခွဲစိတ်ကုသမှုပြုပြီးနောက် ကျန်ရှိနေသေးသော ကင်ဆာဆဲလ်များကို ဖယ်ရှားနိုင်ရန် အခြားကုသနည်းလမ်းများကို တွဲဘက်ကုထုံးအနေဖြင့် လိုအပ်နိုင်သည်။ တစ်ခါတစ်ရံတွင် ခွဲစိတ်ကုသမှုမပြုလုပ်မီ ကင်ဆာကျိတ် အရွယ်အစားကျုံ့သွားစေရန် ကင်ဆာဆေးသွင်း ကုသခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် အကျိတ်ကို ခွဲစိတ်ဖယ်ရှားရာတွင် ပိုမိုလွယ်ကူစေနိုင်သည်။

ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy)
ဓာတ်ရောင်ခြည်ကုထုံးသည် ဓာတ်ရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးဖယ်ရှားခြင်းဖြင့် ကင်ဆာကြီးထွားမှုနှင့်ပျံ့နှံ့မှုကို ဟန့်တားသည်။ ဓာတ်‌ရောင်ခြည်ဖြင့်ကုထုံးကို ကင်ဆာဆေးဝါးများဖြင့် တွဲဖက်ကုသနိုင်သကဲ့သို့ ခွဲစိတ်ကုသမှု ပြုလုပ်ပြီးနောက် ကျန်ရှိနေသော ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်နှင့် မခွဲစိတ်မီ ကင်ဆာကျိတ်ကျုံ့သွားစေရန် အသုံးပြုနိုင်သည်။ ဓာတ်ရောင်ခြည် ကုထုံးအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ခန္ဓာကိုယ်ပြင်ပမှ ဓာတ်ရောင်ခြည်ပြ ကုသခြင်း (External beam radiation therapy)
    ခန္ဓာကိုယ်ပြင်ပမှ စက်ကိုအသုံးပြု၍ ကင်ဆာကို တိုက်ရိုက် ဓာတ်ရောင်ခြည်ပြ၍ ကုသခြင်းဖြစ်သည်။
  • ရေဒီယိုသတ္တိကြွပစ္စည်းများကို အသုံးပြု၍ ခန္ဓာကိုယ်တွင်း ဓာတ်ရောင်ခြည် ထုတ်လွှတ်ကုသခြင်း (Internal beam radiation therapy)
    ခန္ဓာကိုယ်အတွင်းသို့ ရေဒီယိုသတ္တိကြွပစ္စည်းများကို ကင်ဆာနှင့်အနီးတစ်ဝိုက်တွင် ထည့်ထားခြင်း၊ ဆေးအရည် သို့မဟုတ် ဆေးလုံးအနေဖြင့် သောက်ခြင်း၊ သွေးပြန်ကြောမှတစ်ဆင့် ထည့်သွင်းခြင်းဖြင့် ဓာတ်ရောင်ခြည်ပေး၍ ကုသနိုင်သည်။
  • ဝေဒနာများ ညင်သာစေရန် ဘက်စုံပြုစုကုသမှုအနေနှင့် ဓာတ်‌ရောင်ခြည်ဖြင့်ကုသခြင်း
    ဤကုသမှုဖြင့် လူနာတွင် ရောဂါလက္ခဏာများ လျော့ပါးသက်သာစေနိုင်သည့်အပြင် လူနေမှုဘဝ အရည်အသွေးများကိုပါ မြင့်တက်စေနိုင်သည်။

ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
ကင်ဆာဆဲလ်များကို သေစေရန် ကင်ဆာဆေးဝါးများကို သောက်ဆေး သို့မဟုတ် ထိုးဆေးအနေဖြင့် အသုံးပြု၍ ကုသခြင်းဖြစ်သည်။ ခွဲစိတ်ကုသနေစဥ် ကင်ဆာဆေးဝါးများကို ကင်ဆာရှိသော ကိုယ်တွင်းအင်္ဂါအတွင်းသို့ သို့မဟုတ် ကင်ဆာကို ပံ့ပိုးပေးနေသော သွေးလွှတ်ကြောအတွင်းသို့ တိုက်ရိုက်ဆေးထိုးထည့်ခြင်းဖြင့်လည်း အသုံးပြုနိုင်သည်။ ကင်ဆာဆေးဝါးတစ်မျိုးတည်းဖြစ်စေ၊ အမျိုးအစားများစွာ ပေါင်းစပ်၍ဖြစ်စေ၊ အခြားဆေးဝါးများနှင့် ပေါင်းစပ်၍ဖြစ်စေ အသုံးပြုနိုင်သည်။ အခြားသော ကင်ဆာကုသမှု နည်းလမ်းများနှင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။ ကင်ဆာဆေးဝါးများဖြင့် ကုသခြင်းသည် ပျံ့နှံ့မှုရှိနေသော ကင်ဆာ၊ ကုသမှုခံယူပြီးနောက် ပြန်ဖြစ်သော ကင်ဆာများအတွက်လည်း အသုံးပြုနိုင်သည့် ထိရောက်သော ကုသမှုတစ်မျိုးဖြစ်သည်။

ကင်ဆာဆေးဝါးများသည် ကင်ဆာဆဲလ်များ အလျင်အမြန်ပွါးများခြင်းကို ဦးတည်တိုက်ခိုက်သည့်အပြင် ခန္ဓာကိုယ်တွင်းရှိ ကျန်းမာသောဆဲလ်များ (ဥပမာ_သွေးဆဲလ်၊ အရေပြားဆဲလ်၊ အစာအိမ်ဆဲလ်များ၊ အမွေးအိတ် [hair follicle]) ရှိ ဆဲလ်များကိုပါ ထိခိုက်စေနိုင်သည်။ သို့သော် ကင်ဆာဆေးဝါးများ၏ အာနိသင် ကုန်ဆုံးသွားသည့်အချိန်တွင် ကျန်းမာသန်စွမ်းသောဆဲလ်များ အသစ်ပြန်လည်ရှင်သန်လာသောကြောင့် ပုံမှန်အတိုင်း ပြန်ကောင်းနိုင်သည်။

ဟော်မုန်းကုထုံး (Hormone therapy)
ဟော်မုန်းကုထုံးသည် ကင်ဆာဆဲလ်များ ကြီးထွားပွါးများမှု (growth) ကို အားပေးသော ဟော်မုန်းများကို လျှော့ချခြင်း သို့မဟုတ် ၎င်းတို့၏လုပ်ငန်းများကို တားဆီးခြင်းဖြင့် ကင်ဆာဆဲလ်များကို ဖယ်ရှားသည့်ကုထုံးဖြစ်သည်။
ခန္ဓာကိုယ်မှ သဘာဝအလျောက် ထုတ်လုပ်သော ဟော်မုန်းများ (ဥပမာ_အန်ဒရိုဂျင်၊ အီစတိုဂျင်) ကို တုံ့ပြန်၍ ကြီးထွားသည့် အချို့သောကင်ဆာများ (ဥပမာ_ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ) တွင် သုံးလေ့ရှိသည်။ ဤကုထုံးသည် ကင်ဆာဆဲလ်များအပေါ် ဟော်မုန်း၏လှုံ့ဆော်မှု လျော့ကျစေပြီး ၎င်းဆဲလ်များ၏ ကြီးထွားပွါးများမှုကို နှေးကွေးစေနိုင်သည်။ ကင်ဆာကို အသားစယူစစ်ဆေးပြီးနောက် ကင်ဆာဆဲလ်များတွင် ဟော်မုန်းအာရုံခံ (hormone receptor) များ ရှိမရှိကို စစ်ဆေး၍ တွေ့ရှိပါက ‌ဟော်မုန်းကုထုံးကို အသုံးပြုနိုင်သည်။

ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းကုထုံး (Immunotherapy)
ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်းသည် ကိုယ်ခံအားစနစ်မှ ကင်ဆာဆဲလ်များကို မှတ်သားသိရှိနိုင်ရန်နှင့် ဖျက်ဆီးဖယ်ရှားနိုင်ရန် ကူညီပေးခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် ပုံမှန်ကောင်းမွန်သော ကိုယ်ခံအားစနစ်သည် ပိုးမွှားများကဲ့သို့ အန္တရာယ်ရှိသည့်အရာများကို သိရှိဖော်ထုတ်ကာ ဖယ်ရှားနိုင်စွမ်းရှိသည်။ အချို့သော ကင်ဆာဆဲလ်များသည် ပုံမှန်ကိုယ်ခံအားစနစ်ကို ပုန်းရှောင်နိုင်သောကြောင့် တိုက်ခိုက်ဖယ်ရှားခြင်းမခံရဘဲ ရှင်သန်ကြီးထွားလာကြသည်။ ကိုယ်ခံအားကို ပြုပြင်ထိန်းညှိသော ကုထုံးသည် ကင်ဆာဆဲလ်များကို ခန္ဓာကိုယ်၏ သဘာဝခုခံမှုစနစ်မှ လွတ်မြောက်မသွားစေရန် တားဆီးပေးနိုင်သည်။ မှဲ့ကင်ဆာကဲ့သို့သော ကင်ဆာအမျိုးအစားကို ကုသရာတွင် အလွန်ထိရောက်မှုရှိသည်။ ဘေးထွက်ဆိုးကျိုးများအနေဖြင့် နှလုံး၊ အဆုတ်၊ သိုင်းရွိုက်အစရှိသော ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်ရမ်းခြင်း၊ မျက်စိခြောက်ခြင်း၊ အရေပြားတွင် အကွက်ပေါ်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

ကင်ဆာဆဲလ် သီးသန့်ပစ်မှတ်ထားကုထုံး (Targeted therapy)
ဤကုထုံးသည် ပုံမှန်ဆဲလ်များကို မထိခိုက်ဘဲ ကင်ဆာဆဲလ်များ၏ ဓာတ်ပစ္စည်းများကို တိုက်ရိုက်ပစ်မှတ်ထား၍ ကုသသော နည်းလမ်းဖြစ်သည်။ ကင်ဆာဆဲလ်များသည် မျိုးဗီဇပြောင်းလဲမှုကြောင့် ပုံမှန်မဟုတ်သော ပရိုတင်းများထုတ်လုပ်ပြီး ကင်ဆာဆဲလ်များ အလွန်လျှင်မြန်စွာ ကြီးထွားပွါးများလာကြသည်။ ထိုသို့ ကင်ဆာဆဲလ် သီးသန့်ပစ်မှတ်ထားကုထုံးကို အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များ ကြီးထွားပွါးများမှုကို ရပ်တန့်စေပြီး အလိုအလျောက် သေစေနိုင်သည်။ ကုသပြီးနောက် ကင်ဆာပြန်ဖြစ်ခြင်းမှလည်း ကာကွယ်နိုင်သည်။ သောက်ဆေး သို့မဟုတ် ထိုးဆေးအနေဖြင့် အသုံးပြုနိုင်သည်။ အခြားသော ကင်ဆာကုသမှုများနှင့် နှိုင်းယှဥ်လျှင် ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထား ကုထုံးသည် ကင်ဆာဆဲလ်သီးသန့်ကိုသာ ရှာဖွေတိုက်ခိုက်သောကြောင့် ပုံမှန်ဆဲလ်များ ထိခိုက်မှု နည်းပါးသည်။ ကင်ဆာအမျိုးအစား အမျိုးမျိုးတွင် အသုံးပြုနိုင်သော မတူညီသည့် ကုသနည်းအမျိုးအစား များစွာရှိသည်။ ကုသမှုနည်းလမ်း အမျိုးအစားအသစ်များသည်လည်း အချိန်နှင့်တပြေးညီ ထပ်မံထွက်ပေါ်လျက်ရှိသည်။

ပင်မဆဲလ် သို့မဟုတ် ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Stem cell or bone marrow transplant)
ပင်မဆဲလ် (ရိုးတွင်းခြင်ဆီ) အစားထိုးကုသခြင်းဆိုသည်မှာ ကင်ဆာဖြစ်လာနိုင်သော သက်တမ်းနုသော သွေးဆဲလ်များ (immature blood cells) ကို ကျန်းမာသော ဆဲလ်များဖြင့် အစားထိုးကုသပေးသော နည်းလမ်းဖြစ်သည်။ အဓိကအမျိုးအစား (၂) မျိုးရှိသည်။

  1. မိမိခန္ဓာကိုယ်ထဲမှ ကျန်းမာသောဆဲလ်များဖြင့် အစားထိုးကုသခြင်း (Autologous stem cells transplant)
    ကင်ဆာဆဲလ်များ သို့မဟုတ် ထိခိုက်ပျက်စီးနေသော ဆဲလ်များကို မိမိခန္ဓာကိုယ်တွင်းရှိ ကျန်းမာသောဆဲလ်များဖြင့် အစားထိုးကုသခြင်းဖြစ်သည်။
  2. လှူဒါန်းသူထံမှ ဆဲလ်များဖြင့် အစားထိုးကုသခြင်း (Allogenic stem cells transplant)
    မိမိသွေးနှင့် ကိုက်ညီမှုရှိသည့် လှူဒါန်းသူထံမှ ရရှိသော ကျန်းမာသောဆဲလ်များဖြင့် အစားထိုးကုသခြင်းဖြစ်သည်။

ပင်မဆဲလ် သို့မဟုတ် ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းကို အခြားကင်ဆာကုသမှုများနှင့် တုံ့ပြန်မှုမရှိသော သို့မဟုတ် ကုသပြီးနောက် ပြန်လည်ဖြစ်ပွါးလာသော ‌သွေးကင်ဆာရောဂါများကို ကုသရာတွင် အသုံးပြုသည်။ ဓာတ်‌ရောင်ခြည်ကုထုံး၊ ကင်ဆာဆေးဝါးများဖြင့် ကုသမှုခံယူပြီးနောက် သွေးဆဲလ်များ ပြန်လည်ဖြည့်တင်းရန် အတွက်လည်း ပင်မဆဲလ်အစားထိုးကုသခြင်းကို လိုအပ်နိုင်သည်။

ဆေးဘက်ဆိုင်ရာနည်းပညာများဖြင့် ကင်ဆာရောဂါကုသခြင်း (Interventional treatments)
ဆေးဘက်ဆိုင်ရာ နည်းပညာများကို အသုံးပြု၍ အလွန်ပြင်းထန်သည့် အပူဓာတ်၊ အအေးဓာတ်၊ လျှပ်စစ်ဓာတ် သို့မဟုတ် ဓာတုပစ္စည်းများဖြင့် ကင်ဆာဆဲလ်များ သေဆုံးအောင် ပြုလုပ်သော ကုထုံးဖြစ်သည်။ ခွဲစိတ်စရာမလိုဘဲ တစ်ရှုးများကို ခွဲစိတ်ကုသမှုနီးပါး တိကျစွာဖယ်ရှားနိုင်သော ကုသမှုနည်းလမ်းလည်းဖြစ်သည်။ ခွဲစိတ်ကုသရန် မသင့်တော်သူများတွင် အသုံးပြုနိုင်သည့်အပြင် ဝေဒနာများညင်သာစေရန် ဘက်စုံပြုစုကုသမှုအနေဖြင့်လည်း အသုံးပြုနိုင်သည်။

အသုံးပြုနိုင်သော နည်းလမ်းများမှာ_

  • လျှပ်စစ်သံလိုက်လှိုင်းများကိုအသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးဖယ်ရှားခြင်း (Electrosurgery – Radiofrequency ablation, Microwave ablation)
  • အလွန်ပြင်းသော အအေးဓာတ်ကို အသုံးပြု၍ ကင်ဆာဆဲလ်များကို အေးခဲအောင်ပြုလုပ်ပြီး ဖျက်ဆီးဖယ်ရှားခြင်း (Cryotherapy)
  • လေဆာအလင်းတန်းများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးဖယ်ရှားခြင်း (Laser therapy)
  • စွမ်းအားမြင့်အသံလှိုင်းများကို အသုံးပြု၍ ကင်ဆာဆဲလ်များ သေစေခြင်း (High Intensity Focused Ultrasound – HIFU)
  • အလင်းနှင့် ဆေးဝါးများ ပေါင်းစပ်ကုသခြင်း (Photodynamic therapy – PDT)
  • ခရမ်းလွန်ရောင်ခြည်ဖြင့် ကုသခြင်း (Ultraviolet light treatment)
  • အီသနော (Ethanol) ကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးဖယ်ရှားခြင်း (ethanol injection) တို့ဖြစ်ကြသည်။
ကင်ဆာရောဂါကုသမှုခံယူရမည့် အချိန်ကာလ

ကင်ဆာဆေးဝါးများဖြင့် ကုသရာတွင် အချိန်စက်ဝန်းအလိုက် ဆေးပတ်ပြည့်အောင် ကုသမှုခံယူရန် လိုအပ်သည်။ ကုသမှုတစ်ခုလုံး၏ ကုသမှုကြာမြင့်ချိန် (စက်ဝန်းအရေအတွက် – series of cycles) သည် တစ်ဦးနှင့်တစ်ဦး မတူညီဘဲ အောက်ဖော်ပြပါအချက်များပေါ် မူတည်၍ ကွဲပြားနိုင်သည်။

  • ကင်ဆာအမျိုးအစား
  • ကင်ဆာအဆင့်
  • ကုသမှုခံယူသည့် ဆေးဝါးအမျိုးအစား
  • ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ
  • ဘေးထွက်ဆိုးကျိုးများမှ ပြန်လည်သက်သာရန် လိုအပ်ချိန်
ရောဂါကုသမှုစက်ဝန်း – treatment cycles

ကင်ဆာဆေးဝါးများကို တစ်မျိုးတည်းဖြစ်စေ၊ ပေါင်းစပ်၍ဖြစ်စေ အချိန်စက်ဝန်းအလိုက် ပေးရခြင်းသည် ခန္ဓာကိုယ် ပြန်လည်နလန်ထူနိုင်ရန် အနားယူခွင့်ပေးလိုက်ခြင်းဖြစ်သည်။ ထိုသို့ကင်ဆာဆေးဝါးများ အသုံးပြုပြီးနောက် ပြန်လည်အနားယူခြင်း ပြီးဆုံးသည့်အချိန်အထိကို ‌ရောဂါကုသမှုစက်ဝန်း တစ်ကြိမ်အဖြစ် သတ်မှတ်သည်။ ထို့သို့အနားယူပြီးသည့်အချိန်တွင် နောက်ထပ် ‌ရောဂါကုသမှုစက်ဝန်း ပြန်လည်စတင်ရသည်။ ကင်ဆာဆေးဝါးထိုးဆေးများဖြစ်ပါက ဆေးသွင်းချိန်မှာ တစ်ရက် သို့မဟုတ် နှစ်ရက်ခန့်ဖြစ်နိုင်ပြီး၊ သောက်ဆေးများဖြစ်ပါက လိုအပ်သည့်အချိန်ကာလတစ်ခုအတွင်း နေ့စဥ်သောက်သုံးပြီးနောက် ပြန်လည်အနားယူချိန်ပေးရသည်။ အနားယူသည့်အချိန်ကာလမှာ အသုံးပြုသည့်ဆေးဝါးနှင့် ကုသမှုလမ်းစဥ်ပေါ် မူတည်၍ အချိန် (၁)ပတ် မှ (၄)ပတ်ကျော်အထိ ကြာမြင့်နိုင်သည်။ ကုသမှုတစ်ခုလုံးအတွက် ကြာမြင့်ချိန်သည် များသောအားဖြင့် အချိန် (၃)လ မှ (၆)လအထိ ကြာလေ့ရှိသည်။ ထိုအချိန်ကာလအတွင်း ‌ကုသမှုစက်ဝန်း အကြိမ်အရေအတွက် (၄)ကြိမ် မှ (၈)ကြိမ်အထိ ပေးလေ့ရှိသည်။

ကင်ဆာရောဂါကုသခြင်း၏ အကျိုးရလဒ်များ

ကင်ဆာရောဂါသည် ပျံ့နှံ့မှုမရှိသေးသော အစောပိုင်းအဆင့်တွင် သိရှိပြီး ထိရောက်သောကုသမှု ခံယူပါက ကင်ဆာရောဂါ ပျောက်ကင်းနိုင်သည်။ ဆေးကုသမှုခံယူပြီးနောက် (၅) နှစ်အတွင်း သက်သာကောင်းမွန်နေသော ကင်ဆာအများစုသည် ပြန်လည်ဖြစ်ပွါးလေ့မရှိသောကြောင့် ရောဂါအခြေအနေကြိုတင်ခန့်မှန်းချက် (Prognosis) ကို (၅) နှစ်တာ အသက်ရှင်နိုင်မှုနှုန်း (5 year survival) ဖြင့် မှန်းဆနိုင်သည်။ ထို့အပြင် ကင်ဆာများသည် အခြားသောအစိတ်အပိုင်းများသို့ ပျံ့နှံ့၍ နောက်ဆုံးအဆင့်သို့ ရောက်ရှိသည့်တိုင်အောင် ဆေးကုသမှုခံယူခြင်းဖြင့် ရောဂါလက္ခဏာများ သက်သာခြင်း၊ ရှင်သန်ချိန်သက်တမ်းကာလတစ်လျှောက် နေထိုင်ဖြတ်သန်းမှုကို အထောက်အကူပြုခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။

ကင်ဆာကုသမှု၏ ဘေးထွက်ဆိုးကျိုးများ

ကင်ဆာရောဂါကုသမှုများသည် ကင်ဆာဆဲလ်များကို သေစေနိုင်သကဲ့သို့ ကျန်းမာသော ဆဲလ်များကိုလည်း ထိခိုက်နိုင်သောကြောင့် အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။

ကာလတို ဘေးထွက်ဆိုးကျိုးများ (Short-term side effects)

အဖြစ်အများဆုံး ကာလတို ဘေးထွက်ဆိုးကျိုးများ

  • ပင်ပန်းနွမ်းနယ်ခြင်း
  • သွေးအားနည်းခြင်း
  • ပျို့အန်ခြင်း
  • နာကျင်ခြင်း

အခြားဖြစ်ပေါ်နိုင်သော ကာလတို ဘေးထွက်ဆိုးကျိုးများ

  • ဆံပင်ကျွတ်ခြင်း
  • ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း
  • ပါးစပ်အတွင်း အနာများဖြစ်ခြင်း
  • လက်သည်းများ ကျွတ်ဆတ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ခံတွင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းရှိ အမြှေးပါးရောင်ရမ်းခြင်း
  • အရေပြား ယားယံခြင်း၊ အနီကွက်ထွက်ခြင်း၊ ခြောက်သွေ့ခြင်း
  • အနာကျက်နှေးခြင်း
  • သွေးခဲများဖြစ်ပေါ်ခြင်း
  • ရောဂါပိုးများ မကြာခဏ ဝင်‌ရောက်ခြင်း

ရေရှည်ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများ (long-term side effects)

  • အရိုးအဆစ်များနာကျင်ခြင်း၊ အရိုးပွခြင်း
  • မှတ်ဉာဏ်လျော့နည်းခြင်း
  • အာရုံစူးစိုက်ရန် ခက်ခဲခြင်း
  • အစာခြေစနစ် ပြဿနာများ _ အာဟာရစုပ်ယူမှု ခက်ခဲခြင်း
  • သွေးပေါင်ချိန်မြင့်တက်ခြင်း၊ နှလုံးစည်းချက်မမှန်ခြင်း
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ _ စိတ်ဓာတ်ကျခြင်း၊ ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့် ဝေဒနာ
  • အာရုံကြော ထိခိုက်ပျက်စီးခြင်း
  • မျိုးပွါးစနစ်ထိခိုက်မှု _ လိင်စိတ်ဆန္ဒပြောင်းလဲမှု၊ မီးယပ်သွေး စောဆုံးခြင်း၊ မျိုးပွါးမှု ထိခိုက်ခြင်း

အချုပ်အားဖြင့် ဆိုရသော် အကောင်းဆုံး ကုသမှုရလဒ် ရရှိနိုင်ရန် ဆရာဝန်များ ညွှန်ကြားထားသည့် ကင်ဆာရောဂါ ကုသမှုလမ်းစဥ်ကို သေချာစွာ နားလည်သိရှိလိုက်နာရန် အလွန်အရေးကြီးသည်။ ကုသမှုလမ်းစဥ်အတိုင်း လိုက်နာမှုမရှိလျှင် ဆေးအာနိသင်များ လျော့ကျ၍ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေ ပိုမိုများပြားလာပြီး ရောဂါပိုဆိုးလာနိုင်သည်။ ထို့ကြောင့် မိမိရွေးချယ်သည့် ကုသမှုလမ်းစဥ်ကို သေချာနားလည် သဘောပေါက်၍ လိုက်နာခြင်းဖြင့် အကောင်းဆုံးသော ကုသမှုရလဒ်ကို ရရှိနိုင်မည်ဖြစ်သည်။

References:

  1. Healthdirect Australia. (n.d.). Cancer treatments. Retrieved February 2026, from https://www.healthdirect.gov.au/cancer-treatments
  2. Macmillan Cancer Support. (n.d.). Types of cancer treatment. Retrieved February 2026, from https://www.macmillan.org.uk/cancer-information-and-support/treatment/types-of-treatment
  3. Cleveland Clinic. (n.d.). Cancer treatment. Retrieved February 2026, from https://my.clevelandclinic.org/health/treatments/cancer-treatment
  4. Mayo Clinic. (n.d.). Cancer treatment: About. Retrieved February 2026, from https://www.mayoclinic.org/tests-procedures/cancer-treatment/about/pac-20393344
  5. MedlinePlus. (n.d.). Cancer treatments: What you need to know. Retrieved February 2026, from https://medlineplus.gov/ency/patientinstructions/000901.htm
  6. Cancer Research UK. (n.d.). Cancer drugs: Treatment cycles and courses. Retrieved February 2026, from https://www.cancerresearchuk.org/about-cancer/treatment/cancer-drugs/how-you-have/treatment-cycles-and-courses
  7. Convit, J. (n.d.). Benefits and risks of different cancer treatment. Jacinto Convit Institute. Retrieved February 2026, from https://www.jacintoconvit.org/science-series-17-benefits-and-risks-of-different-cancer-treatment

Published: 20 February 2026

Share

20 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.