မိခင်နှင့် ကလေးကျန်းမာရေးအတွက် မွေးဖွားပြီးနောက်ပိုင်း စောင့်ရှောက်မှုသည် အလွန်အရေးကြီးသည်။ ကလေးမွေးဖွားပြီးချိန်မှ (၆) ပတ် သို့မဟုတ် (၄၂) ရက်အထိကို မီးတွင်းကာလ (Postnatal period) ဟု သတ်မှတ်ပြီး ထိုကာလအတွင်း ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို စနစ်တကျ စောင့်ကြည့်ရန် လိုအပ်သည်။
ထိုကာလအတွင်း ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ခံယူခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်သည်။
- မိခင်နှင့်ကလေး ကျန်းမာရေးနှင့် အသက်ရှင်သန်မှုနှုန်း မြင့်မားလာခြင်း
- နောက်ဆက်တွဲပြဿနာများကို စောစီးစွာသိရှိပြီး မလိုအပ်သော ကုသမှုများကို လျှော့ချနိုင်ခြင်း
- အမျိုးသမီးများ၏ ဘဝအရည်အသွေးနှင့် စိတ်ချမ်းသာမှုကို မြင့်မားစေခြင်း
မီးဖွားပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မိခင်၏ မူလကျန်းမာရေးပြဿနာများနှင့် စမ်းသပ်တွေ့ရှိချက်များပေါ် မူတည်ပြီး တစ်ဦးနှင့်တစ်ဦး ကွာခြားချက်ရှိနိုင်သော်လည်း အခြေခံအားဖြင့် အောက်ပါအစီအစဉ်အတိုင်း (၄) ကြိမ်တိတိ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လိုအပ်သည်။
- ပထမအကြိမ် – မီးဖွားပြီး (၂၄) နာရီအတွင်း
- ဒုတိယအကြိမ် – မီးဖွားပြီးနောက် (၃) ရက်
- တတိယအကြိမ် – မီးဖွားပြီးနောက် (၇) ရက် မှ (၁၄) ရက်အတွင်း
- စတုတ္ထအကြိမ် – မီးဖွားပြီးနောက် (၄) ပတ် မှ (၆) ပတ်အတွင်း
ပထမအကြိမ် ကျန်းမာရေးစောင့်ရှောက်မှု – မီးဖွားပြီး (၂၄) နာရီအတွင်း
မည်သို့သောနည်းလမ်းဖြင့် မီးဖွားသည်ဖြစ်စေ၊ မီးဖွားပြီး (၂၄) နာရီကာလသည် မိခင်နှင့်ရင်သွေးအတွက် အလွန်အရေးကြီးသည့်အချိန်ဖြစ်သည့်အတွက် ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးဝန်ထမ်းများက အနီးကပ်စောင့်ရှောက်ပေးသည်။ မီးတွင်းသွေးသွန်ခြင်း (Primary PPH) နှင့် ကိုယ်ဝန်ဆိပ်တက်၍ အတက်ရောဂါဖြစ်ခြင်းတို့သည် မွေးပြီး (၆)နာရီ မှ (၁၂)နာရီအတွင်း အဖြစ်များသောကြောင့် အထူးဂရုစိုက်ရန် လိုအပ်သည်။
ဆောင်ရွက်ပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုများ
- သွေးပေါင်ချိန်ခြင်းနှင့် သွေးခုန်နှုန်းတိုင်းတာခြင်း
- သားအိမ်ကောင်းမွန်စွာ ကျုံ့ဝပ်ခြင်း ရှိမရှိနှင့် သားအိမ်အမြင့်ကို တိုင်းတာစစ်ဆေးခြင်း
- မိန်းမကိုယ်မှ ပုံမှန်ထက်ပို၍ သွေးဆင်းခြင်း ရှိမရှိ သေချာစွာ စမ်းသပ်စစ်ဆေးခြင်း
- မီးဖွားပြီး (၆) နာရီအတွင်း ဆီးကောင်းမွန်စွာသွားစေရန် အားပေးညွှန်ကြားခြင်း (ဆီးမသွားပါက သားအိမ်ဝပ်ရန် နှောင့်နှေးစေပြီး သွေးသွန်နိုင်ခြေ ပိုများစေခြင်းကြောင့်ဖြစ်သည်)
- မိန်းမကိုယ် သို့မဟုတ် ခွဲစိတ်ဒဏ်ရာ နာကျင်မှုများအတွက် သင့်တော်သော အနာပျောက်ဆေးများ သုံးစွဲစေခြင်း
- မွေးပြီးပြီးခြင်း မိခင်နို့တိုက်ကျွေးရန် ပြသညွှန်ကြားခြင်း (၎င်းသည် သားအိမ်ကျုံ့ဝပ်မှုကို အားပေးသောကြောင့်ဖြစ်သည်)
- နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ပါက ချက်ချင်းအကြောင်းကြားရန် လိုအပ်သော အရေးကြီးလက္ခဏာများကို ရှင်းလင်းအသိပေးခြင်း
- အာဟာရပြည့်ဝစွာ စားသောက်ရေး၊ တစ်ကိုယ်ရေနှင့် မွေးလမ်းကြောင်း သန့်ရှင်းရေးတို့အတွက် မှာကြားခြင်း
ဒုတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှု – မီးဖွားပြီး (၃) ရက်မြောက်
မိခင်နှင့်ရင်သွေးတွင် မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ ရှိမရှိ စမ်းသပ်ရန်နှင့် ကျန်းမာရေးပညာပေးရန်အတွက်ဖြစ်သည်။
ဆောင်ရွက်ပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုများ
- မိခင်၏ စားသောက်မှု၊ သန့်ရှင်းရေး၊ ဆီး/ဝမ်း သွားမှုနှင့် မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အခက်အခဲများကို ဆွေးနွေးမေးမြန်း ကူညီခြင်း
- သွေးပေါင်ချိန်ခြင်းနှင့် သွေးခုန်နှုန်း တိုင်းတာခြင်း
- သားအိမ်ကောင်းမွန်စွာ ကျုံ့ဝပ်ခြင်း ရှိမရှိနှင့် သားအိမ်အမြင့် စစ်ဆေးခြင်း
- ခွဲစိတ်ဒဏ်ရာ ချုပ်ရိုးအခြေအနေများကို စစ်ဆေးခြင်း
- ပြဿနာမရှိပါက ရင်သွေး၏ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆေးရုံမှ အိမ်သို့ ဆင်းခွင့်ပြုခြင်း
- မိန်းမကိုယ် သို့မဟုတ် ခွဲစိတ်ဒဏ်ရာ နာကျင်မှုအတွက် အနာပျောက်ဆေးများနှင့် လိုအပ်သော အားဆေးများ ညွှန်ကြားခြင်း
- အရေးကြီးပြန်လည်ပြသရန် လိုအပ်သော လက္ခဏာများကို မှာကြားခြင်း
တတိယအကြိမ် ကျန်းမာရေးစောင့်ရှောက်မှု – မီးဖွားပြီး (၇)ရက် မှ (၁၄)ရက်အတွင်း
ထိုကာလတွင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ခံစားရမှုများ သက်သာလာသော်လည်း စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို သိသာစွာ ခံစားရတတ်သည်။ စိတ်ခံစားလွယ်ခြင်း (Baby Blues) ကြောင့် ဝမ်းနည်းလွယ်ခြင်း၊ စိုးရိမ်စိတ်များခြင်း၊ ငိုခြင်း၊ အိပ်စက်ရန်ခက်ခဲခြင်းတို့ ဖြစ်တတ်ပြီး ရက်သတ္တပတ် (၂) ပတ်ခန့်တွင် အလိုအလျောက် သက်သာသွားလေ့ရှိသည်။
ဆောင်ရွက်ပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုများ
- ဆေးရုံဆင်းပြီးနောက်ပိုင်း ကိုယ်နှင့်စိတ် ကျန်းမာရေးအခြေအနေများ စစ်ဆေးခြင်း
- မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများနှင့် ပတ်သက်၍ မေးမြန်းစမ်းသပ်ခြင်း
- သွေးပေါင်ချိန်၊ သွေးခုန်နှုန်းနှင့် သားအိမ်အမြင့် တိုင်းတာခြင်း
- ခွဲစိတ်မွေးဖွားထားသူဖြစ်ပါက ချုပ်ရိုးအခြေအနေ စစ်ဆေးခြင်း
- မိခင်အနေဖြင့် မိမိကြုံတွေ့ခံစားနေရသည်များ ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခြင်း
စတုတ္ထအကြိမ် ကျန်းမာရေးစောင့်ရှောက်မှု – မီးဖွားပြီးနောက် (၄)ပတ် မှ (၆)ပတ်အတွင်း
မီးဖွားပြီး ကျန်းမာရေးစောင့်ရှောက်မှု၏ နောက်ဆုံးအကြိမ်ဖြစ်ပြီး ခန္ဓာကိုယ်သည် ပုံမှန်နီးပါး ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
ဆောင်ရွက်ပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုများ
- ပုံမှန်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်၍ မီးတွင်းကာလ ပြဿနာများ ရှိမရှိ စစ်ဆေးခြင်း
- သားဆက်ခြားခြင်း (Family Planning) – မိသားစုစီမံကိန်းပေါ်မူတည်၍ မိမိနှင့် အသင့်တော်ဆုံး သားဆက်ခြားနည်းလမ်းကို ရွေးချယ်နိုင်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ခြင်း
မီးဖွားပြီးနောက် ကျန်းမာရေး စောင့်ရှောက်မှု၏ အရေးကြီးသောအချက်များ
အထက်တွင် ဖော်ပြထားသောအချက်များသည် ပုံမှန်မီးတွင်းကာလ (Normal Puerperium) အတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများသာဖြစ်သည်။ မိမိ၏ နဂိုရှိရင်းစွဲ ကျန်းမာရေးပြဿနာများ (Pre-existing medical conditions)၊ ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ရသော ပြဿနာများ (Pregnancy Complications) နှင့် မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ (Postnatal complications) ပေါ်မူတည်၍ ကျန်းမာရေးစောင့်ရှောက်မှု ပုံစံများသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားနိုင်သည်။
ကျန်းမာပျော်ရွှင်သော မီးတွင်းကာလအတွက် လိုက်နာရန် အချက်များ
- ကောင်းမွန်စွာ အနားယူခြင်း
မီးဖွားပြီးစတွင် ခန္ဓာကိုယ် ပြန်လည်နာလန်ထူရန် အိပ်ရေးဝဝ အနားယူရန် လိုအပ်သည်။ “ကလေးအိပ်ချိန်တွင် မိခင်ပါ အတူအိပ်စက်ခြင်း” (Sleep when the baby sleeps) နည်းလမ်းကို ကျင့်သုံးပါ။ - အာဟာရပြည့်ဝစွာ စားသုံးခြင်း
ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို မျှတစွာ စားသုံးပါ။ အထူးသဖြင့် မိခင်နို့တိုက်ကျွေးနေသူများအတွက် ပရိုတင်း၊ သံဓာတ်၊ ကယ်လ်ဆီယမ်နှင့် ဗီတာမင်ဓာတ်များ ပိုမိုလိုအပ်သည်။ - ရေဓာတ်ဖြည့်တင်းခြင်း
တစ်နေ့လျှင် ရေကို လုံလောက်စွာ (အနည်းဆုံး ၈ခွက် မှ ၁၀ ခွက်အထိ) သောက်သုံးပေးခြင်းသည် နို့ထွက်ကောင်းစေရုံသာမက ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးသည်။ - တစ်ကိုယ်ရေ သန့်ရှင်းရေး
မွေးလမ်းကြောင်းနှင့် ခွဲစိတ်ဒဏ်ရာများကို သန့်ရှင်းခြောက်သွေ့အောင် ထားရှိပါ။ ပိုးဝင်ခြင်းမှ ကာကွယ်ရန် လက်ဆေးခြင်းနှင့် မီးတွင်းသုံးပတ်တီး (Sanitary pads) များကို မကြာခဏ လဲလှယ်ပေးခြင်းတို့ကို ဂရုစိုက်ပါ။ - မိခင်နို့ မှန်ကန်စွာ တိုက်ကျွေးခြင်း
မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အကြံဉာဏ်များအတိုင်း မှန်ကန်စွာ တိုက်ကျွေးပါ။ ၎င်းသည် ကလေးအတွက် အာဟာရရရှိရုံသာမက မိခင်၏ သားအိမ်ကျုံ့ဝပ်မှုကိုလည်း အားပေးသည်။ - စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုရယူခြင်း
မိမိ၏ စိတ်ခံစားမှုများကို ခင်ပွန်း၊ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ကျန်းမာရေးစောင့်ရှောက်သူများကို ပွင့်လင်းစွာ ဖွင့်ဟပြောဆိုပါ။ လိုအပ်ပါက အိမ်မှုကိစ္စနှင့် ကလေးထိန်းခြင်းများတွင် အကူအညီ ရယူပါ။ - ကိုယ်လက်လှုပ်ရှားမှု
ဆရာဝန်နှင့် တိုင်ပင်၍ သင့်တော်သော လမ်းလျှောက်ခြင်းကဲ့သို့ ပေါ့ပါးသော လေ့ကျင့်ခန်းများကို စတင်နိုင်သည်။ ၎င်းသည် သွေးလည်ပတ်မှု ကောင်းစေပြီး သွေးကြောပိတ်ခြင်း (Deep Vein Thrombosis) အန္တရာယ်ကို လျှော့ချပေးသည်။
အရေးကြီးဆုံးအချက်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်မိသားစုဝင်များ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများကို ကြိုတင်ရှာဖွေ ကာကွယ်ရမည့်အပြင်၊ အရေးကြီးသော အန္တရာယ်လက္ခဏာများကို မိသားစုဝင်များပါ သိရှိထားခြင်းဖြင့် အချိန်မီ ကုသမှု ခံယူနိုင်မည်ဖြစ်သည်။ မီးတွင်းကာလကို အန္တရာယ်ကင်းကင်းဖြင့် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မည်ဖြစ်သည်။
References:
- National Institute for Health and Care Excellence. (n.d.). Postnatal care (CG37). Retrieved January 16, 2025, from https://www.nice.org.uk/guidance/cg37
- World Health Organization. (n.d.). Postnatal care. Retrieved January 16, 2025, from https://www.who.int/teams/sexual-and-reproductive-health-and-research-(srh)/areas-of-work/maternal-and-perinatal-health/postnatal-care
- American College of Obstetricians and Gynecologists. (2018). Optimizing postpartum care (Committee Opinion). Retrieved January 16, 2025, from https://www.acog.org/clinical/clinical-guidance/committee-opinion/articles/2018/05/optimizing-postpartum-care
Published: 27 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.