Early Biological Programming (ကလေးအနာဂတ်အတွက် ဇီဝကမ္မဖြစ်စဉ်များ ကြိုတင်ပုံဖော်ခြင်း)

Early Biological Programming (ကလေးအနာဂတ်အတွက် ဇီဝကမ္မဖြစ်စဉ်များ ကြိုတင်ပုံဖော်ခြင်း)

ကိုယ်ဝန်ဆောင်ကာလအတွင်း သန္ဓေသား၏ အင်္ဂါအစိတ်အပိုင်းများ၊ အထူးသဖြင့် ဦးနှောက်သည် အံ့ဩဖွယ်ဘနန်း လျင်မြန်သောနှုန်းဖြင့် ဖွံ့ဖြိုးလာသည်။ ဤကာလသည် ခန္ဓာကိုယ်အရွယ်အစား ကြီးထွားလာရုံသာမက ကလေး၏ ခန္ဓာကိုယ်နှင့်ဦးနှောက်သည် နောင်တစ်သက်တာအတွက် မည်သို့အလုပ်လုပ်မည်ဆိုသည်ကို ကြိုတင်ပုံဖော်အစီအစဥ်ဆွဲ ပရိုဂရမ်ချနေသည့် အချိန်ကာလလည်းဖြစ်သည်။ သိပ္ပံပညာရှင်များက ဤဖြစ်စဉ်ကို စောစီးစွာ ဇီဝကမ္မပုံဖော်ခြင်း (Early Biological Programming) ဟု ခေါ်ဆိုကြသည်။

စောစီးစွာ ဇီဝကမ္မပုံဖော်ခြင်း

စောစီးစွာ ဇီဝကမ္မပုံဖော်ခြင်း (Early Biological Programming) ဆိုသည်မှာ ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်၏အာဟာရ၊ စိတ်ဖိစီးမှု၊ ရောဂါပိုးများနှင့် မိခင်၏ အထွေထွေ ကျန်းမာရေးအခြေအနေများမှ ကလေးမွေးဖွားပြီးနောက် ကာလရှည်ကြာသည်အထိ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်အပေါ် လွှမ်းမိုးနိုင်ခြင်းကို ဆိုလိုသည်။ ဤကဲ့သို့ စောစီးစွာ လွှမ်းမိုးမှုများသည် များသောအားဖြင့် ရောဂါဝေဒနာများကို ချက်ချင်း မဖြစ်ပွါးစေသော်လည်း ကလေး၏ နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးပြဿနာများ၊ သင်ယူမှုစွမ်းရည်နှင့် စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာတို့အပေါ် အဆုံးအဖြတ်ပေးနိုင်သည်။

သန္ဓေသားဘဝတွင် မျိုးဗီဇများသည် ပတ်ဝန်းကျင်အခြေအနေများကို အလွန် တုံ့ပြန်လွယ်သည်။ မိခင်၏ အာဟာရ၊ စိတ်ဖိစီးမှုဟော်မုန်းများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်ရမ်းခြင်း၊ အဆိပ်အတောက်များ၊ ပိုးမွှားများနှင့် မိခင်နှင့်သန္ဓေသားကြား အစောပိုင်းရင်းနှီးတွယ်တာမှုတို့သည် သန္ဓေသား၏ မျိုးဗီဇကိုယ်တိုင်ကို မပြောင်းလဲစေနိုင်သော်လည်း DNA အပါအဝင် မျိုးဗီဇအစိတ်အပိုင်းများ၏ လုပ်ဆောင်ချက် ပြောင်းလဲခြင်း (ဥပမာ – DNA methylation and histone modification) များကို ဖြစ်ပေါ်စေသည်။ ထိုမှတစ်ဆင့် မျိုးဗီဇများ မည်သို့ဆက်လက်အလုပ်လုပ်သည် (သာမန်ထက် လွန်ကဲခြင်း သို့မဟုတ် သာမန်အောက် လျော့နည်းခြင်း သို့မဟုတ် လုံးဝအလုပ်မလုပ်ခြင်း) ကို ထိန်းညှိပေးကာ ဇီဝဖြစ်ပျက်မှု၊ စိတ်ဖိစီးမှုတုံ့ပြန်မှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှုစနစ်များကို ပုံဖော်ပေးပြီး အရွယ်ရောက်သည်အထိ ရေရှည်တည်ရှိနေနိုင်သည်။

မိခင်၏ခန္ဓာကိုယ်နှင့် ကလေး ဆက်သွယ်ပုံ

အချင်းသည် မိခင်နှင့်ကလေးအကြား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်ပေးသည်။ အချင်းမှတစ်ဆင့် ကလေးငယ်သည် အောက်ပါတို့ကို ရရှိသည်။

  • အာဟာရဓာတ်များ (ဥပမာ _ ဂလူးကို့စ်၊ ပရိုတင်း၊ အဆီဓာတ်၊ သံဓာတ်)
  • အောက်ဆီဂျင်
  • ဟော်မုန်းဓာတ်များ
  • မိခင်၏ ကိုယ်ခံအားစနစ်နှင့် ဇီဝကမ္မဖြစ်စဉ်စနစ်များမှ လာသော အချက်ပြသင်္ကေတများ (Signals)
    ဤအချက်ပြ သင်္ကေတများသည် ကလေး၏ ဦးနှောက်၊ နှလုံးနှင့် အခြားသော အင်္ဂါအစိတ်အပိုင်းများ ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို လမ်းညွှန်ပေးကြသည်။
သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှု

သန္ဓေသား၏ ဦးနှောက်သည် ကိုယ်ဝန် ပထမသုံးလပတ်အတွင်း စတင်ဖြစ်တည်ပြီး ကိုယ်ဝန်ဆောင် ကာလ တစ်လျှောက်လုံး လျင်မြန်စွာ ဆက်လက်ဖွံ့ဖြိုးသည်။

  • ဦးနှောက်ဆဲလ်များ ဖြစ်ပေါ်လာခြင်း၊ သက်ဆိုင်ရာနေရာများသို့ ရွှေ့လျားခြင်းနှင့် ဆဲလ်အချင်းချင်း ဆက်သွယ်မှုများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သည်
  • ဤဆက်သွယ်မှုများသည် အတွေးအခေါ်၊ သင်ယူမှု၊ စိတ်ခံစားမှုနှင့် အမူအကျင့်တို့အတွက် အခြေခံအုတ်မြစ်များ ဖြစ်လာကြသည်
  • လုံလောက်သော အာဟာရနှင့် တည်ငြိမ်သော ပတ်ဝန်းကျင်သည် ဤဆက်သွယ်မှုများကို ထိရောက်စွာ ဖြစ်ပေါ်စေရန် ကူညီပေးသည်
မိခင်၏ စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် ကြာမြင့်စွာ သို့မဟုတ် ပြင်းထန်သော စိတ်ဖိစီးမှုများကို ရင်ဆိုင်ရပါက၊ ထိုစိတ်ဖိစီးမှုများသည် မိမိအတွက်သာမက သန္ဓေသားအပေါ်တွင်ပါ သက်ရောက်မှုရှိနိုင်သည်။

စိတ်ဖိစီးမှု မြင့်တက်သောအခါ ခန္ဓာကိုယ်မှ ကော်တီဇော (Cortisol) ကဲ့သို့သော စိတ်ဖိစီးမှုဟော်မုန်းများ ထုတ်လွှတ်သည်။ ထိုဟော်မုန်းများသည် အချင်းတစ်ရှူးမှတစ်ဆင့် သန္ဓေသားထံသို့ ရောက်ရှိနိုင်ပြီး၊ သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြောစနစ် ဖွံ့ဖြိုးမှုအပေါ် လွှမ်းမိုးမှု ရှိနိုင်သည်။ အထူးသဖြင့် သန္ဓေသား၏ စိတ်ဖိစီးမှုကို တုံ့ပြန်သည့်စနစ် (Stress-Response System) ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည်။ ရံဖန်ရံခါ ကြုံတွေ့ရသော စိတ်ဖိစီးမှုက အန္တရာယ်ရှိသည်ဟု မဆိုလိုသော်လည်း ကာလရှည်ကြာစွာ ခံစားနေရသော စိတ်ဖိစီးမှုများသည် ကလေးဘဝတွင် စိတ်ခံစားမှု ထိန်းချုပ်ခြင်းနှင့် အမူအကျင့်များ အပေါ် သက်ရောက်မှု ရှိနိုင်သည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်အနေဖြင့် မိမိ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ခြင်း၊ လုံလောက်သော အနားယူခြင်း၊ စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ခြင်း သို့မဟုတ် ယုံကြည်ရသော မိသားစုဝင်၊ မိတ်ဆွေများနှင့် တွေ့ဆုံပြောဆိုခြင်းတို့သည် အလွန်အရေးပါသည်။

မိခင်အာဟာရ၏ အခန်းကဏ္ဍ

မိခင်တွင် ကောင်းမွန်လုံလောက်သောအာဟာရ ရရှိခြင်းသည် ကျန်းမာသော ဇီဝကမ္မပုံဖော်ခြင်းကို အထောက်အကူပြုသည်။

  • ညီညွတ်မျှတသော စွမ်းအင်ရရှိမှုသည် ပုံမှန်ကြီးထွားမှုကို အားပေးသည်
  • အရေးကြီးသော အာဟာရဓာတ်များ (ဥပမာ _ ဖောလိတ်၊ သံဓာတ်၊ အိုင်အိုဒင်းနှင့် အိုမီဂါ – ၃ အဆီဓာတ်) သည် ဦးနှောက်၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်များအတွက် မရှိမဖြစ် လိုအပ်သည်

အာဟာရချို့တဲ့ခြင်း သို့မဟုတ် အာဟာရလွန်ကဲခြင်းတို့သည် နောင်တစ်ချိန်တွင် ကလေး၏ ခန္ဓာကိုယ်က သကြားဓာတ်၊ အဆီဓာတ်နှင့် စိတ်ဖိစီးမှုတို့အားတုံ့ပြန်ပုံ နည်းလမ်းကို ပြောင်းလဲစေနိုင်သည်။

သန္ဓေသားဘဝတွင် ခက်ခဲသော အခြေအနေများ ရင်ဆိုင်ရခြင်း

ကိုယ်ဝန်ဆောင်မိခင်သည် အာဟာရချို့တဲ့ခြင်း၊ စိတ်ဖိစီးမှုများခြင်း သို့မဟုတ် ဖျားနာခြင်းစသည့် ပြဿနာများကို ကြုံတွေ့ရပါက သန္ဓေသားလေးသည် ထိုအခြေအနေနှင့် ရှင်သန်နိုင်ရန် လိုက်လျောညီထွေ ပြောင်းလဲမှုများ လိုက်ပါပြုလုပ်ရသည်။

ဥပမာအားဖြင့် ခန္ဓာကိုယ်၏ အထွေထွေကြီးထွားမှုကို နှေးကွေးစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အာဟာရကို ဦးစားပေး ခွဲဝေခြင်း၊ စွမ်းအင်များကို ချွေတာသိုလှောင်တတ်သည့် ဇီဝကမ္မဖြစ်စဉ်များ ဖြစ်ပေါ်လာခြင်း စသည်တို့ဖြစ်သည်။ ဤကဲ့သို့ ချွေတာသိုလှောင်တတ်သော ဇီဝကမ္မစနစ် (Thrifty Phenotype) သည် အာဟာရရှားပါးသည့် ပတ်ဝန်းကျင်အတွက် ခန္ဓာကိုယ်ကို စွမ်းအင်များ ထိရောက်စွာ ချွေတာ၊ သိုလှောင် နိုင်စေရန် ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် မွေးဖွားပြီးနောက် ကလေးသည် အစားအစာ ပေါများသော၊ ကယ်လိုရီများသော၊ လှုပ်ရှားမှု နည်းပါးသော ပတ်ဝန်းကျင်သို့ ရောက်ရှိလာသော်လည်း ကလေး၏ကိုယ်ခန္ဓာမှ ဤချွေတာရေးစနစ်ကို ဆက်လက်ကျင့်သုံးနေခြင်းသည် ပြဿနာကိုဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် ခန္ဓာကိုယ်သည် ပိုလျှံသော ကယ်လိုရီများကို လျင်မြန်စွာ အဆီအဖြစ် သိုလှောင်စုဆောင်းခြင်း၊ မူလက ဆီးချိုဟော်မုန်းဖြစ်သော အင်ဆူလင်ကို ခုခံနိုင်စွမ်း မြင့်မားနေသောကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရန် ခက်ခဲလာခြင်းစသည့် ပုံမမှန်မှုများဖြစ်လာသည်။

ဤရလဒ်အနေဖြင့် အဝလွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါ (Type 2 Diabetes) နှင့် သွေးကြောပိတ်ဆို့မှုကြောင့် ဖြစ်သော နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားစေနိုင်သည်။

ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှု

ကလေး၏ ကိုယ်ခံအားစနစ်သည် ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးပတ်များမှစတင်၍ အလျင်အမြန် ဖွံ့ဖြိုးလာပြီး၊ ပြင်ပလောကရှိ ရောဂါပိုးမွှားများအား မည်သို့တုံ့ပြန်ရမည်ကို သင်ယူသည်။ ဤဖြစ်စဉ်အပေါ် မိခင်ထံမှရရှိသော ပဋိပစ္စည်း (Antibodies) များ၊ ကလေးမွေးဖွားသည့်ပုံစံ (သဘာဝအတိုင်း သို့မဟုတ် ခွဲစိတ်မွေးဖွားခြင်း)၊ ပတ်ဝန်းကျင်ရှိ ပိုးမွှားများနှင့် အစောပိုင်း ထိတွေ့မှု၊ မိခင်နို့ တိုက်ကျွေးခြင်းနှင့် အစောပိုင်းရရှိသော အာဟာရဓာတ်များက အဓိကလွှမ်းမိုးထားသည်။

အကယ်၍ ဤအစောပိုင်း ဇီဝကမ္မအချက်ပြမှုများ ပျက်ယွင်းသွားပါက နောက်ပိုင်းတွင် ဓာတ်မတည့်ခြင်း (Allergies)၊ ပန်းနာရင်ကျပ် (Asthma) နှင့် ကိုယ်ခံအားစနစ်မှ မိမိခန္ဓာကိုယ်ကို ပြန်လည်တိုက်ခိုက်သော ကိုယ်ခံအား မူမမှန်တုံ့ပြန်ခြင်းဆိုင်ရောဂါများ (Autoimmune diseases) ဖြစ်ပွါးနိုင်ခြေကို မြင့်မားစေနိုင်သည်။

အရေးကြီးသောအချက်မှာ စောစီးစွာ ဇီဝကမ္မပုံဖော်ခြင်းသည် ကလေးအတွက် အပြီးသတ် သတ်မှတ်ပေးသောကံကြမ္မာ မဟုတ်ကြောင်းသိရှိရန်လိုသည်။ ၎င်းသည် ဖြစ်နိုင်ခြေရှိသော အန္တရာယ်နှင့် ကြံ့ကြံ့ခံနိုင်စွမ်းကို စောစီးစွာ ပုံဖော်ပေးခြင်းသာဖြစ်ပြီး၊ ကလေးမွေးဖွားပြီးနောက်ပိုင်း ဂရုတစိုက် ပြုစုစောင့်ရှောက်မှု ဆက်လက်ရရှိပါက ရလဒ်များကို များစွာပြောင်းလဲပေးနိုင်သည်။ မွေးပြီး (၂) နှစ်အတွင်း မေတ္တာရှိသော ဆက်ဆံရေး၊ ကောင်းမွန်သော အာဟာရ၊ လှုံ့ဆော်မှုနှင့် ဘေးကင်းသော ပတ်ဝန်းကျင်တို့သည်လည်း နို့စို့အရွယ်နှင့် ကလေးဘဝသာမက လူ့ဘဝတစ်လျှောက်လုံး ကျန်းမာစွာ ဖွံ့ဖြိုးရန် ဆက်လက် အထောက်အကူ ပြုနေမည်ဖြစ်သည်။

မိသားစုများအတွက် အဓိကသတင်းစကား

ကျန်းမာသော ကိုယ်ဝန်ဆောင်မှုသည် ကလေး၏ အနာဂတ် ကျန်းမာရေး၊ သင်ယူမှုနှင့် သုခချမ်းသာတို့အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချမှတ်ပေးသည်။ မျှတစွာ စားသောက်ခြင်း၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်းစသည့် သေးငယ်သော်လည်း အမြဲမပြတ် လုပ်ဆောင်သင့်သည့် အပြုအမူများသည် တစ်သက်တာလုံးအတွက် ထူးခြားသော ပြောင်းလဲမှုများကို ဖြစ်စေနိုင်သည်။ ဘဝအစ ရက်တစ်ထောင်အတွင်း အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလအတွင်း စောစီးစွာ ဇီဝကမ္မ ပုံဖော်ခြင်းကို လုပ်ဆောင်ခြင်းဖြင့် ကလေးဘဝ၏ အခြေခံ အုတ်မြစ်ကို ချမှတ်ပေးရုံသာမက အနာဂတ်ကိုပါ တည်ဆောက်ပေးနိုင်သည်။

References:

  1. Barker, D. J. P. (2003). The developmental origins of adult disease. European Journal of Epidemiology, 18(8), 733–736.
  2. Gluckman, P. D., & Hanson, M. A. (2004). Developmental origins of disease paradigm: A mechanistic and evolutionary perspective. Pediatric Research, 56(3), 311–317.
  3. Godfrey, K. M., Reynolds, R. M., Prescott, S. L., Nyirenda, M., Jaddoe, V. W., Eriksson, J. G., et al. (2017). The developmental origins of health and disease: Opportunities for intervention. The Lancet, 389(10073), 131–144.
  4. Waterland, R. A., & Michels, K. B. (2007). Epigenetic epidemiology of the developmental origins hypothesis. Annual Review of Nutrition, 27, 363–388.
  5. Meaney, M. J. (2010). Epigenetics and the biological definition of gene × environment interactions. Child Development, 81(1), 41–79.
  6. Dominguez-Salas, P., Moore, S. E., Cole, D., da Costa, K.-A., Cox, S. E., Dyer, R. A., et al. (2014). DNA methylation potential: Dietary intake of methyl-donors and modulators and genomic methylation in early life. Proceedings of the Nutrition Society, 73(3), 1–12.
  7. Gluckman, P. D., Hanson, M. A., Cooper, C., & Thornburg, K. L. (2008). Effect of in utero and early-life conditions on adult health and disease. The New England Journal of Medicine, 359(1), 61–73.
  8. Hertzman, C., & Boyce, T. (2010). How experience gets under the skin to create gradients in developmental health. Annual Review of Public Health, 31, 329–347.
  9. Walker, C. L., Ruff, J. S., Burggren, W. W., & Liberles, D. A. (2018). Evolutionary and mechanistic insights into developmental programming. Proceedings of the Royal Society B: Biological Sciences, 285(1873).
  10. Seckl, J. R. (2008). Glucocorticoids, developmental ‘programming’ and the risk of affective dysfunction. Progress in Brain Research, 167, 17–34.
  11. Fleming, T. P., Watkins, A. J., Velazquez, M. A., Mathers, J. C., Prentice, A. M., Stephenson, J., et al. (2018). Origins of lifetime health around the time of conception: Causes and consequences. The Lancet, 391(10132), 1842–1852.
  12. Prescott, S. L. (2013). Early-life environmental determinants of allergic diseases and the wider pandemic of inflammatory noncommunicable diseases. Journal of Allergy and Clinical Immunology, 131(1), 23–30.
  13. Thompson, R. A., & Nelson, C. A. (2001). Developmental science and the media: Early brain development. American Psychologist, 56(1), 5–15.

Published: 27 January 2026

Share

27 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.