Urgent care ဆိုသည်မှာ ရုတ်တရက် ဖြစ်ပေါ်လာသော ဖျားနာမှုများနှင့် ထိခိုက်ဒဏ်ရာများကို ကြိုတင်ရက်ချိန်းယူရန် မလိုဘဲ၊ ဦးစားပေး၍ လျင်မြန်စွာ အားချင်းကုသပေးသည့် ပြင်ပလူနာဆေးကုသမှု ဝန်ဆောင်မှုဖြစ်သည်။ အသက်အန္တရာယ် စိုးရိမ်စရာ မရှိသော်လည်း အလျင်အမြန် ကုသမှု လိုအပ်သည့် အခြေအနေများအတွက် ရည်ရွယ်သည်။ မိမိပြသနေကျဆရာဝန်နှင့် ပြသရန် မဖြစ်နိုင်သော အချိန်များတွင် အကူအညီရယူနိုင်ပြီး ဆေးရုံကြီးများ၏ အရေးပေါ်ဌာန (ER) သို့ သွားရောက်ခြင်းထက် ပိုမိုမြန်ဆန်ထိရောက်သည်။ အဓိကကွာခြားချက်မှာ Urgent care သည် မပြင်းထန်သော ရောဂါဝေဒနာများအတွက်ဖြစ်ပြီး အရေးပေါ်ကုသမှု (Emergency care) သည် အသက်အန္တရာယ်ရှိနိုင်သော ပြင်းထန်ဒဏ်ရာနှင့် ရောဂါဝေဒနာများကို အဓိကကုသပေးခြင်းဖြစ်သည်။
Urgent Care စင်တာများတွင် အများအားဖြင့် အရေးပေါ်ကုသမှု လေ့ကျင့်သင်ကြားပြီးသော မိသားစုဆရာဝန်နှင့် သူနာပြုများက ကုသမှုပေးလေ့ရှိသည်။ ၎င်းတို့သည် အထွေထွေကုသမှုများအပြင် အောက်ပါဝန်ဆောင်မှုများကိုပါ ပေးနိုင်သည်။
- လူနာအခြေအနေအား ချက်ချင်းစမ်းသပ်စစ်ဆေးပေးနိုင်ခြင်း – လက်ရှိအခြေအနေအတွက် လိုအပ်သော မေးမြန်းစစ်ဆေးမှုကို လျင်မြန်စွာ ပြုလုပ်ပေးခြင်း
- ရောဂါရှာဖွေခြင်း – အခြေခံဓာတ်ခွဲစစ်ဆေးခြင်းများ၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ အီးစီဂျီ (ECG) ဆွဲခြင်းကို ချက်ချင်းဆောင်ရွက်ပေးနိုင်ခြင်း
- ကုသမှုပေးခြင်း – ဆေးဝါးဖြင့်ကုသခြင်း၊ သာမန်ထိခိုက်ဒဏ်ရာများကိုကုသခြင်း၊ အသေးစားခွဲစိတ်မှုများ ပြုလုပ်ပေးခြင်း
Urgent Care တွင် ပြသသင့်သော ရောဂါအခြေအနေများ
အသက်အန္တရာယ်ရှိလောက်အောင် ပြင်းထန်မှုမရှိသော်လည်း အလျင်အမြန်ကုသရန် လိုအပ်သည့် အောက်ပါအခြေအနေများအတွက် Urgent Care ဆေးခန်းများသည် အသင့်တော်ဆုံးဖြစ်သည်။
- ရုတ်တရက် ဖြစ်ပွါးပြီး (၂၄) နာရီအတွင်း ကုသမှုခံယူရန် လိုအပ်ခြင်း
- အချိန်တိုအတွင်း အသက်အန္တရာယ် ဖြစ်စေနိုင်သည်အထိ ဆိုးရွားမည့် အခြေအနေမဟုတ်ခြင်း
- မိမိပြနေကျ ဆရာဝန်နှင့် နောက်တစ်ကြိမ် ရက်ချိန်းအထိ စောင့်ဆိုင်းရန် မဖြစ်နိုင်ခြင်း
- ပုံမှန်ဆေးခန်းဖွင့်ချိန်ပြင်ပတွင် ရုတ်တရက် ကျန်းမာရေးပြဿနာပေါ်ပေါက်ခြင်း
အောက်ဖော်ပြပါ ရောဂါအခြေအနေများသည် Urgent Care တွင် အများဆုံး ကုသပေးလေ့ရှိသည့် အခြေအနေအချို့ဖြစ်သည်။
- အထွေထွေရောဂါကုသမှု
- အအေးမိခြင်း၊ တုပ်ကွေး၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းနှင့် ထိပ်ကပ်နာဖြစ်ခြင်း
- မပြင်းထန်သော အဆုတ်ရောင်နမိုးနီးယားရာဂါ
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဖျားခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း
- ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း
- ပြင်းထန်မှုမရှိသော ဓာတ်မတည့်မှုများနှင့် အရေပြားပိုးဝင်ခြင်း
- သွေးတိုးခြင်း သို့မဟုတ် သွေးတွင်းသကြားဓာတ်များခြင်း (ပြင်းထန်သော နောက်ဆက်တွဲလက္ခဏာများ မရှိပါက)
- တိရစ္ဆာန် သို့မဟုတ် အင်းဆက်ကိုက်ခြင်း (အဆိပ်ပြင်းသော သတ္တဝါများ မဟုတ်ပါက)
- ခွဲစိတ်ကုသမှု
- ပြတ်ရှဒဏ်ရာများ၊ မီးလောင်၊ အပူလောင်ဒဏ်ရာများ (သွေးထွက်မများပါက၊ စိုးရိမ်ရသည့် အခြေအနေမဟုတ်ပါက)
- အနာစိမ်းပေါက်ခြင်း၊ အနာရင်းခြင်း သို့မဟုတ် ဒဏ်ရာများအား ချုပ်ပေးခြင်း
- သားဖွားနှင့်မီးယပ်
- ကိုယ်ဝန်ဆောင်စဉ် မပြင်းထန်သော ပျို့အန်ခြင်း
- ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်မှ အရည်ဆင်းခြင်း သို့မဟုတ် ယားယံခြင်း
- ဆီးခုံနာကျင်ခြင်း သို့မဟုတ် ရာသီလာစဉ် ကိုက်ခဲခြင်း
- အရိုးနှင့်အကြော
- ခြေလက်အဆစ်နာကျင်ခြင်း
- အသေးစား အရိုးထိခိုက်ခြင်း
- ခြေကျင်းဝတ်ခေါက်ခြင်း သို့မဟုတ် အဆစ်အမြစ် လွဲခြင်း (အသေးစား)
- ခါးနာခြင်း သို့မဟုတ် အလုပ်လုပ်စဥ် ထိခိုက်မိသော ဒဏ်ရာများ
- ကလေးကျန်းမာရေး
- အဖျားရောဂါ၊ နားကိုက်ခြင်းနှင့် လည်ချောင်းနာခြင်း
- ချောင်းဆိုးခြင်း သို့မဟုတ် အနည်းငယ် ရင်ကျပ်ခြင်း (အသက်ရှူရ မခက်ခဲပါက)
- အော့အန်ခြင်း သို့မဟုတ် ဝမ်းပျက်ဝမ်းလျှောခြင်း (ရေဓာတ် အလွန်အမင်း ခမ်းခြောက်မှု မရှိပါက)
- အဖျားကြီးရာမှ ခေတ္တခဏ တက်သွားခြင်း (အသက်အန္တရာယ် စိုးရိမ်ရသည့် လက္ခဏာများ မရှိပါက)
Urgent Care တွင် ကုသမှုပေးသည့် လုပ်ငန်းစဥ်များ
Urgent Care စင်တာများတွင် လူနာ၏ ဝေဒနာအခြေအနေပေါ် မူတည်၍ အောက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ပေးလေ့ရှိသည်။
ရောဂါအခြေအနေကို ဆန်းစစ်ခြင်းနှင့် ကုသခြင်း
- လူနာရောက်ရှိသည်နှင့် သွေးပေါင်ချိန်၊ အပူချိန်နှင့် နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ စသည်တို့ကို ဦးစွာ တိုင်းတာစစ်ဆေး၍ ပြင်းထန်မှုအဆင့်ကို သတ်မှတ်သည်
- ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပြသရန် မလိုအပ်သည့် လူနာများကို ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းစစ်ဆေး ဆောင်ရွက်သည်
- လိုအပ်သည့် အခြေခံသွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ အီးစီဂျီဆွဲခြင်း၊ ဓာတ်မှန်ရိုက်ခြင်းတို့ကို လိုအပ်သလို ချက်ချင်းပြုလုပ်၍ ရောဂါကို အတည်ပြုသည်
- ထို့နောက် လိုအပ်သောဆေးဝါးများ ပေးခြင်း၊ ထိခိုက်ဒဏ်ရာ ကုသပြုစုပေးခြင်းများကို ချက်ချင်းပြုလုပ်ပေးသည်
စောင့်ကြည့်ကုသမှုပေးခြင်း
အချို့သော လူနာများတွင် ချက်ချင်းကုသမှုပေးပြီးနောက် လူနာ၏ အခြေအနေကို နာရီအနည်းငယ်ကြာ အနီးကပ် စောင့်ကြည့်ရန် သို့မဟုတ် လိုအပ်သော ကုသမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်နိုင်သည်။ စောင့်ကြည့်ကုသခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူနာသည် လုံလောက်သော ကုသမှုရရှိပြီး ဆေးခန်းမှ ပြန်ဆင်းနိုင်ခြေ ရှိမရှိ သို့မဟုတ် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်း ပို့ဆောင်ကုသရမည့်အခြေအနေ ရှိမရှိ သေချာစေရန်ဖြစ်သည်။
- ဖျားနာခြင်း – ဖျားနာရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် သွေးစစ်ဆေးချက် အဖြေများကို စောင့်ဆိုင်းနေစဉ်အတွင်း လူနာအား စောင့်ကြည့်ပေးခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်းနှင့် မူးဝေခြင်း – အော့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ပါက သွေးကြောမှဆေးရည်သွင်းခြင်း (IV fluids) ပြုလုပ်ပေးပြီး လူနာပြန်လည် လန်းဆန်းလာခြင်း ရှိမရှိကို စောင့်ကြည့်ခြင်း
- ရင်ကျပ်ခြင်း – အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက် ရှူဆေး (Inhaler သို့မဟုတ် Nebulizer) ပေးပြီးနောက် အသက်ရှူ ပြန်လည်ကောင်းမွန်လာစေရန် စောင့်ကြည့်ခြင်း
- ဒဏ်ရာများကို ချုပ်ပေးခြင်း (Stitches) – ပြတ်ရှဒဏ်ရာများအတွက် ထုံဆေးပေး၍ ဒဏ်ရာကို သန့်စင်ခြင်း၊ ဆေးထည့် ပတ်တီးစည်းခြင်းနှင့် ချုပ်ပေးခြင်းများ ပြုလုပ်ပေးသည်၊ ထို့နောက် သွေးထွက်ရပ်ခြင်း ရှိမရှိနှင့် ပတ်တီးစည်းပြီးနောက် အခြေအနေကို ခေတ္တစောင့်ကြည့်ခြင်း
- ဓာတ်မတည့်မှု ဖြစ်ခြင်း – အသေးစား ဓာတ်မတည့်မှုများအတွက် ဆေးပေးပြီးနောက် ပိုမိုဆိုးရွားသည့် လက္ခဏာများ (ဥပမာ _ အသက်ရှူကျပ်ခြင်း) ဖြစ်ပေါ်လာခြင်း ရှိမရှိကို စောင့်ကြည့်ခြင်း
- နာကျင်ကိုက်ခဲခြင်း – အကိုက်အခဲပျောက်ဆေးများ ပေးပြီးနောက် နာကျင်မှု သက်သာသွားခြင်း ရှိမရှိနှင့် ဆေး၏ ဘေးထွက်ဆိုးကျိုး ရှိမရှိကို ဆန်းစစ်ခြင်း
အရေးပေါ် လွှဲပြောင်းပေးခြင်း (Escalation)
- လူနာသည် ကုသနေစဥ်အတွင်း သို့မဟုတ် စောင့်ကြည့်ကုသနေစဥ်အတွင်း အခြေအနေ ပိုမိုဆိုးရွားလာပါက သို့မဟုတ် Urgent Care ၌ ကုသနိုင်သော အတိုင်းအတာအထက် ကျော်လွန်နေပါက အရေးပေါ်ဌာန (ER) သို့ ချက်ချင်း လွှဲပြောင်းပေးသည် (ဥပမာ _ အသက်ရှူရ ခက်ခဲလာခြင်း၊ သတိလစ်သွားခြင်း သို့မဟုတ် ပြင်းထန်သော အတွင်းဒဏ်ရာများ ရှိနေကြောင်း တွေ့ရှိရခြင်းစသည်)
- လိုအပ်ပါက လူနာတင်ယာဉ် (Ambulance) ကို တိုက်ရိုက်ခေါ်ဆို၍ လူနာကို ဘေးကင်းစွာ ပို့ဆောင်ပေးသည်
အရေးပေါ် ဆေးကုသမှု (Emergency Care) နှင့် ကွာခြားချက်
Emergency care ဆိုသည်မှာ ဆေးရုံကြီးများ၏ အရေးပေါ်ကုသမှုဌာန (Emergency Department/ER) မှ ပေးသည့် ဝန်ဆောင်မှုမျိုးဖြစ်သည်။ ၎င်းသည် အသက်အန္တရာယ်ရှိသော အခြေအနေများ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးစေနိုင်သည့် အခြေအနေများ၊ သို့မဟုတ် ဆေးရုံအဆင့် ရောဂါရှာဖွေရေး၊ ကုသရေးနှင့် ဆေးဝါးကိရိယာ လိုအပ်မှု၊ ခွဲစိတ်ကုသမှု၊ အထူးကုဆရာဝန်ကုသမှုများ လိုအပ်ခြင်း (ဥပမာ _ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုထက်မက ပြင်းထန်စွာ ထိခိုက်ခြင်း) အတွက် ရည်ရွယ်သည်။
Urgent Care နှင့် အရေးပေါ်ကုသမှု မတူညီသည့်အချက်မှာ ဆေးရုံအရေးပေါ်ဌာနများတွင် အဆင့်မြင့် ဆေးဘက်ဆိုင်ရာ ကုသမှုများကို အရေးပေါ်ဆေးပညာရှင်များနှင့် ကျွမ်းကျင်သော အခြားအထူးကုဆရာဝန်များ (ဥပမာ _ ခွဲစိတ်အထူးကု) မှ (၂၄) နာရီ ကုသမှုပေးနိုင်ခြင်းဖြစ်သည်။ ထို့ပြင် ဆက်လက်ကုသရန် လိုအပ်သောလူနာများအား ဆေးရုံတင်ကုသခြင်း၊ ခွဲစိတ်ခြင်း၊ အထူးကြပ်မတ်ကုသခြင်းများ ဆက်လက်လုပ်ဆောင်နိုင်သည်။
အရေးပေါ်ဆေးကုသမှု (Emergency Care) ခံယူသင့်သော အခြေအနေများ
အောက်ပါအခြေအနေများတွင် ဆေးရုံအရေးပေါ်ဌာနများသို့ ချက်ချင်း ပြသကုသမှု ခံယူသင့်သည်။
- ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ရင်ဘတ်ထဲတွင် ဖိထားသလို ခံစားရခြင်း
- အသက်ရှူရ ခက်ခဲခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်း
- ရုတ်တရက် အားနည်းသွားခြင်း၊ ထုံကျဥ်ခြင်း သို့မဟုတ် စကားမပြောနိုင်တော့ခြင်း (လေဖြတ်ခြင်း လက္ခဏာများ)
- လွန်ကဲစွာ အဆက်မပြတ် သွေးထွက်နေခြင်း
- သတိလစ်ခြင်း သို့မဟုတ် သတိမကောင်းခြင်း
- ဦးခေါင်း၊ လည်ပင်းနှင့် နောက်ကျောကို ပြင်းထန်စွာ ထိခိုက်မိခြင်း
- ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
- ထိန်းချုပ်၍မရသော အတက်ရောဂါ ဖြစ်ခြင်း (အတက်ကြာချိန် ၅ မိနစ်ထက်ကျော်ခြင်း)
- ရုတ်တရက် နှလုံးခုန်ရပ်ခြင်း သို့မဟုတ် လေဖြတ်ခြင်း
- ပြင်းထန်စွာ ဗိုက်နာခြင်း
- ပြင်းထန်သော မီးလောင်ဒဏ်ရာနှင့် အပူလောင်ဒဏ်ရာများ
- အဆိပ်မိခြင်း သို့မဟုတ် မူးယစ်ဆေး အသုံးပြုမှု လွန်ကဲခြင်း
- မိမိကိုယ်ကို သတ်သေချင်သောစိတ် ဖြစ်ခြင်း သို့မဟုတ် ပြင်းထန်သော စိတ်ကျန်းမာရေး ပြဿနာရှိခြင်း
Urgent Care နှင့် Emergency Care အကြား အဓိကကွာခြားချက်များ
| လုပ်ငန်းစဥ် | Urgent Care | Emergency Care |
|---|---|---|
| ရည်ရွယ်ချက် | အသက်အန္တရာယ် မရှိသော်လည်း လျင်မြန်စွာကုသရန် လိုအပ်သော အခြေအနေများ | အသက်အန္တရာယ်ရှိသော အခြေအနေများ၊ ဆေးရုံတင်ကုသရန် လိုအပ်သည့် အခြေအနေများ |
| အချိန် | ဆေးခန်း၏ သတ်မှတ်ထားသော အချိန်ပိုင်းအလိုက် (လိုအပ်ပါက ညနေပိုင်း သို့မဟုတ် ရုံးပိတ်ရက်များတွင် ကုသမှုပေးသည်) | ၂၄ နာရီပတ်လုံး မည်သည့်အချိန်မဆို |
| စောင့်ဆိုင်းချိန် | စောင့်ဆိုင်းချိန် တိုတောင်းသည် | စောင့်ဆိုင်းချိန် ပိုကြာနိုင်သည် |
| ပစ္စည်းကိရိယာနှင့် ဝန်ထမ်း | အခြေခံဓာတ်ခွဲခန်းနှင့် ဓာတ်မှန်၊ မိသားစုဆရာဝန်များနှင့် သူနာပြုများ၊ ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များ | ကျွမ်းကျင်သော အထူးကုဆရာဝန်များ၊ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာများနှင့် ခွဲစိတ်ခန်း၊ အထူးကြပ်မတ် ကုသဆောင်စသည် |
| ကြိုတင်ရက်ချိန်းယူရန် လိုအပ်မှု | မလိုပါ | မလိုပါ (လူနာအခြေအနေပေါ် မူတည်၍ အဆင့်ခွဲခြားသတ်မှတ်ပြီး ဦးစားပေးကုသသည်) |
အခြားသိထားသင့်သည့်အချက်များ
- Urgent Care သည် မိသားစုဆရာဝန်နေရာတွင် အစားထိုးရန် မဟုတ်ခြင်း
Urgent Care သည် မိမိပြသနေကျဆရာဝန်နှင့် တွေ့ဆုံပြသရန် မဖြစ်နိုင်သောအချိန်များအတွက်သာဖြစ်ပြီး ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများ သို့မဟုတ် နာတာရှည်ရောဂါ ကုသမှုများအတွက် မိမိပြသနေကျဆရာဝန်နှင့် ဆက်လက်ပြသရန်လိုသည်။ - Urgent Care သည် ပြင်းထန်သော အရေးပေါ်အခြေအနေများကို မကိုင်တွယ်နိုင်ခြင်း
အကယ်၍ Urgent Care ဆေးခန်း၏ တာဝန်ရှိသူမှ လူနာ၏အခြေအနေမှာ ပြင်းထန်သည် သို့မဟုတ် ၎င်းတို့ကုသနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသည်ဟု ယူဆပါက အရေးပေါ်ဌာန (ER) သို့ ချက်ချင်း လွှဲပြောင်းပေးလိမ့်မည်။
အမြန်ဆုံး ဆုံးဖြတ်နိုင်ရေး လမ်းညွှန်ချက်
အောက်ပါအခြေအနေများတွင် Urgent Care ကို ရွေးချယ်ပါ။
- အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း နေ့တွင်းချင်း ချက်ချင်း ကုသမှုခံယူရန် လိုအပ်ခြင်း
- မိမိပြသနေကျ မိသားစုဆရာဝန်နှင့် ပြသရန် အချိန် သို့မဟုတ် အခြေအနေ အဆင်မပြေခြင်း
- သာမန်ထိခိုက်ဒဏ်ရာ သို့မဟုတ် အတွေ့များသော ဖျားနာမှုများ ဖြစ်ခြင်း
အောက်ပါအခြေအနေများတွင် Emergency Care (ER) ကို ရွေးချယ်ပါ။
- ပြင်းထန်သော သို့မဟုတ် အသက်အန္တရာယ်ရှိသော လက္ခဏာများ ခံစားနေရခြင်း
- အဆင့်မြင့် ပုံရိပ်ဖော်စက်များဖြင့် စမ်းသပ်ရန်၊ ခွဲစိတ်ရန် သို့မဟုတ် အထူးကုဆရာဝန်နှင့် အရေးပေါ်ပြသရန် လိုအပ်ခြင်း
- အခြေအနေ ပြင်းထန်မှု ရှိမရှိ မသေချာပါက စိတ်ချရစေရန် Emergency Care ကိုသာ ဦးစားပေး ရွေးချယ်သင့်သည်။
References:
- American Academy of Urgent Care Medicine. (n.d.). What is urgent care medicine? Retrieved December 31, 2025, from https://aaucm.org/what-is-urgent-care-medicine/
- Mayo Clinic Health System. (n.d.). Emergency vs. urgent care: What’s the difference? Retrieved December 31, 2025, from https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/emergency-vs-urgent-care-whats-the-difference
- Medical Realities. (n.d.). What services do urgent care centers provide? Retrieved December 31, 2025, from https://medicalrealities.com/what-services-do-urgent-care-centers-provide/
- Solv Health. (n.d.). What services do urgent care centers provide? Retrieved December 31, 2025, from https://www.solvhealth.com/health/what-services-do-urgent-care-centers-provide
Published: 27 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
