ယနေ့ခေတ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များသည် နိုးကြားလန်းဆန်းစေရန်၊ ခွန်အားတိုးလာစေရန်နှင့် စာပိုမိုလေ့လာနိုင်ရန် ရည်ရွယ်ချက်များဖြင့် အားဖြည့်အချိုရည် (Energy drinks) များကို မကြာခဏ သောက်သုံးနေကြသည်။ ဤအချိုရည်များသည် စိတ်ကိုနိုးကြားစေသော ကဖိန်းဓာတ်၊ သကြားဓာတ်များနှင့် အချို့သော လှုံ့ဆော်ပစ္စည်းများ (ဥပမာ – Guarana၊ Taurine၊ Ginseng၊ Glucuronolactone၊ L-carnitine စသည်တို့) ကို ပမာဏမြင့်မားစွာ ထည့်သွင်းထားသော အဖျော်ယမကာများဖြစ်သည်။ ထိုလှုံ့ဆော်ပစ္စည်းများ၏ ပါဝင်မှုမြင့်မားခြင်းကြောင့် အထူးသဖြင့် ကလေးများနှင့် ဆယ်ကျော်သက်များအတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာများစွာကို ဖြစ်စေနိုင်သည်။ ထိုအချိုရည်များကို တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပမာဏအနည်းငယ် သောက်ရုံဖြင့် အန္တရာယ်မရှိသော်လည်း နေ့စဥ်ပမာဏများစွာ ဆက်တိုက်သောက်သုံးပါက ထိုအချိုရည်များထဲမှ လှုံ့ဆော်ပစ္စည်းများကြောင့် ခန္ဓာကိုယ်တွင် (အထူးသဖြင့် ဦးနှောက်နှင့် အာရုံကြောစနစ်တွင်) ဆိုးရွားသောသက်ရောက်မှုများ ရှိလာနိုင်သည်။
အမေရိကန်နိုင်ငံ၏ စစ်တမ်းများအရ အမေရိကန် ဆယ်ကျော်သက်များနှင့် လူငယ်များ အများဆုံးသောက်သုံးသည့် အာဟာရဖြည့်စွက်စာများတွင် ဗီတာမင်အားဆေးများပြီးလျှင် အားဖြည့်အချိုရည်များသည် ဒုတိယအများဆုံးဖြစ်သည်။ အထူးသဖြင့် အသက် (၁၈)နှစ် မှ (၃၄)နှစ်ကြား အမျိုးသားများသည် အားဖြည့်အချိုရည်ကို အများဆုံး သောက်သုံးကြပြီး အသက် (၁၂)နှစ် မှ (၁၇)နှစ်ကြား ဆယ်ကျော်သက်များ၏ သုံးပုံတစ်ပုံနီးပါးသည်လည်း ပုံမှန် သောက်သုံးနေကြောင်း တွေ့ရှိရသည်။
ထို့အပြင် အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) ၏ စစ်တမ်းများအရ ပိုမိုစိုးရိမ်စရာကောင်းသည့် အချက်တစ်ချက်ကို တွေ့ရှိရသည်။
- အသက် (၁၅)နှစ် မှ (၂၃)နှစ်ကြား အရက်သောက်သူများသည် အရက်နှင့် အားဖြည့်အချိုရည်ကို ရောနှော၍ အတူသောက်သုံးပါက၊ ရောနှောမသောက်သုံးသူများထက် အဆပေါင်းလေးဆ ပိုမိုပြင်းထန်စွာ မူးယစ်အောင် သောက်သုံးနိုင်ကြောင်းနှင့်
- ထိုသို့ရောနှောသောက်သုံးခြင်းသည် အရက်မူးလျက် ကားမောင်းခြင်း သို့မဟုတ် အရက်နှင့်ဆက်စပ်သော ထိခိုက်ဒဏ်ရာများ ရရှိခြင်း စသည့်ပြဿနာများကို ပိုမိုဖြစ်ပွါးစေကြောင်းလည်း ဖော်ပြထားသည်
ဤအချက်အလက်များက အားဖြည့်အချိုရည်များကို အလွန်အကျွံ သုံးစွဲခြင်းနှင့် အရက်နှင့် တွဲဖက်သောက်သုံးခြင်းကြောင့် လူငယ်များ ကြုံတွေ့နိုင်သည့် အန္တရာယ်များကို ညွှန်ပြနေသည်။
အားဖြည့်အချိုရည်အမျိုးအစားများနှင့် ကဖိန်းပါဝင်မှုပမာဏ
အားဖြည့်အချိုရည်များကို အဓိကအားဖြင့် ထုတ်ကုန်ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်လေ့ရှိသည်။
- သာမန်အရွယ်အစား ပုလင်းနှင့်ဘူးများ (Standard Cans/Bottles)
ဤအမျိုးအစားသည် သာမန် အချိုရည်ပုလင်းများကဲ့သို့ အရွယ်အစားရှိပြီး ဥပမာအားဖြင့် ၁၆ အောင်စ (သို့မဟုတ် ၄၇၀ စီစီခန့်) ပမာဏ ပါဝင်သည်။ သာမန် ၁၆-အောင်စ အချိုရည်ဘူးတစ်ဘူးတွင် ကဖိန်းဓာတ် ၇၀ မှ ၂၄၀ မီလီဂရမ်အထိ ပါဝင်နိုင်သည်။ - အားဖြည့်အချိုရည် ပုလင်းသေးများ (Energy Shots)
ဤအမျိုးအစားသည် ပုလင်းအသေးအရွယ်အစားဖြစ်သည်။ ပမာဏအားဖြင့် ၂ မှ ၂.၅ အောင်စ (သို့မဟုတ် ၅၀ စီစီခန့်) သာ ပါဝင်သော်လည်း ကဖိန်းဓာတ် ပို၍မြင့်မားစွာ (၁၁၃ မှ ၂၀၀ မီလီဂရမ်) ပါဝင်သည်။
ယင်းပမာဏများကို အခြားဖျော်ရည်များနှင့် နှိုင်းယှဉ်ကြည့်ပါက_
- ၁၂ အောင်စ ကိုလာ တစ်ဘူးတွင် ကဖိန်းဓာတ် ၃၅ မီလီဂရမ်ခန့် သာပါဝင်သည်
- ၈ အောင်စ ကော်ဖီ တစ်ခွက်တွင် ကဖိန်းဓာတ် ၁၀၀ မီလီဂရမ်ခန့် ပါဝင်သည်ကို တွေ့ရသည်။
အားဖြည့်အချိုရည်များ၏ အခြားပါဝင်ပစ္စည်းတစ်မျိုးဖြစ်သော Guarana (ဘရာဇီးလ် ကိုကိုး) သည်လည်း ကဖိန်းဓာတ်၏ အခြားအရင်းအမြစ်တစ်ခုဖြစ်သောကြောင့် စုစုပေါင်းကဖိန်းပမာဏကို ပိုများစေသည်။ ကဖိန်းဓာတ်အပြင် အားဖြည့်အချိုရည်များတွင် သကြားဓာတ် ပါဝင်မှုမှာလည်း များပြားလွန်ကဲသည်ကို တွေ့ရသည်။
- လူကြီးတစ်ဦးအတွက် တစ်နေ့လျှင် ပုံမှန် အကြံပြုထားသော သကြားဓာတ်လိုအပ်ချက်သည် ၃၀ ဂရမ်ထိသာဖြစ်ပြီး၊ ကလေးများအတွက်သည် အသက်အရွယ်အလိုက် ၁၅ – ၂၀ ဂရမ်ထိသာဖြစ်သည်
- အားဖြည့်အချိုရည် ၁၆-အောင်စ တစ်ဘူးတည်း၌ပင် သကြားဓာတ် ၅၄ ဂရမ် မှ ၆၂ ဂရမ်အထိ ပါဝင်သောကြောင့် သကြားဓာတ်လွန်ကဲသည်ဟု ဆိုနိုင်သည်
ထို့ကြောင့် အားဖြည့်အချိုရည် တစ်ဘူးတည်း သောက်သုံးလိုက်ခြင်းသည်ပင် တစ်နေ့တာ သကြားဓာတ် လိုအပ်ချက်ထက် သိသိသာသာ ပိုများသွားစေမည်ဖြစ်သည်။
ကဖိန်းဓာတ်နှင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများ
လေ့လာတွေ့ရှိချက်များအရ ကျန်းမာသော အရွယ်ရောက်ပြီးသူ အများစုအတွက် တစ်နေ့လျှင် ကဖိန်းဓာတ်ပမာဏ (၄၀၀) မီလီဂရမ်အထိ သောက်သုံးခြင်းသည် ဘေးကင်းသည်ဟု ဖော်ပြထားသော်လည်း ကလေးများတွင် တစ်နေ့တာအတွက် ဘေးကင်းသည်ဟု ယူဆနိုင်သော ကဖိန်းဓာတ်ပမာဏကို အတိအကျမသိရပါ။ ထို့ကြောင့် အမေရိကန် ကလေးအထူးကုဆရာဝန်များအသင်း (American Academy of Paediatrics) မှလည်း အားဖြည့်အချိုရည်များသည် ကဖိန်းဓာတ် မြင့်မားစွာ ပါဝင်သောကြောင့် ကလေးများနှင့် ဆယ်ကျော်သက်များအတွက် မသင့်လျော်ပါဟု ဖော်ပြထားပြီး ကလေးများ၏ အချိုရည်သောက်သုံးမှုကို ကန့်သတ်ရန် အကြံပြုထားသည်။
အမေရိကန် ကလေးနှင့်ဆယ်ကျော်သက် စိတ်ကျန်းမာရေးအထူးကုဆရာဝန်များအသင်း (American Academy of Child and Adolescent Psychiatry – AACAP) ၏ အဆိုအရ အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ကလေးများသည် တစ်နေ့လျှင် ကဖင်း (၁၀၀) မီလီဂရမ်ထက် ပို၍ မသောက်သုံးသင့်ကြောင်း၊ ထို့ကြောင့် အားဖြည့်အချိုရည်များကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ကြောင်း အကြံပြုထားသည်။ အားဖြည့်အချိုရည်များသည် နိုးကြားမှုနှင့် စွမ်းအင်ကို ယာယီမြှင့်တင်ပေးနိုင်သော်လည်း ၎င်းတို့တွင် ပါဝင်သော လှုံ့ဆော်ပစ္စည်းများသည် အာရုံကြောစနစ်နှင့် နှလုံးအပေါ် ဆိုးရွားစွာ သက်ရောက်နိုင်သည်။ ၎င်းတို့တွင် ပါဝင်သော ကဖိန်းဓာတ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီးနောက်ပိုင်း၌ပင် ခန္ဓာကိုယ်အတွင်း ဆိုးရွားသော သက်ရောက်မှုများ ကျန်ရှိနိုင်သည်။
အားဖြည့်အချိုရည်များကြောင့်ဖြစ်နိုင်သော ကျန်းမာရေးအန္တရာယ်များ
ကလေးများသည် ခန္ဓာကိုယ်အရွယ်အစား ပိုမိုသေးငယ်ခြင်း၊ ဦးနှောက်ဖွံ့ဖြိုးဆဲဖြစ်ခြင်းနှင့် မိမိကိုယ်ကို ထိန်းချုပ်ကန့်သတ်နိုင်စွမ်း နည်းပါးခြင်းတို့ကြောင့် ကဖိန်းဓာတ် စားသုံးခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲပြဿနာများ၊ အန္တရာယ်များကို ပို၍ ခံစားရလွယ်သည်။ ကဖိန်းဓာတ် သောက်သုံးသော ကလေးများသည် အိပ်စက်ခြင်းတွင် အနှောင့်အယှက်များဖြစ်လာနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများလည်း ဖြစ်ပေါ်လာနိုင်သည်။
အထူးသဖြင့် အလွန်အကျွံ သောက်သုံးမိပါက အောက်ပါနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။
ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ
- ရေဓာတ်ခန်းခြောက်ခြင်း
- ဝမ်းလျှောခြင်း
- ကတုန်ကယင်ဖြစ်ခြင်း
- အသက်ရှူနှုန်း မြန်ခြင်း
- နှလုံးခုန်နှုန်း မြန်ခြင်း၊ မမှန်ခြင်း (Arrhythmias)
- သွေးတိုးခြင်း
- တက်ခြင်း
စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အပြုအမူဆိုင်ရာ ပြဿနာများ
- အိပ်မပျော်ခြင်း
- စိုးရိမ်စိတ်လွန်ကဲခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်း
- အာရုံစူးစိုက်နိုင်မှု ကျဆင်းခြင်း
- ရန်လိုခြင်း
- စိတ်ဖိစီးမှု များလာခြင်း
- စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ခြေ များလာခြင်း
- ကြောက်ရွံ့ထိတ်လန့်မှု လွန်ကဲသည့်ရောဂါ (Panic attack) စသည်တို့ဖြစ်နိုင်သည်။
အားကစားသမားများ သောက်သုံးသော အချိုရည်များနှင့် ကွာခြားချက်များ (Energy Drinks vs. Sports Drinks)
အားကစားသမားအတွက် ထုတ်လုပ်ထားသော အားကစားအချိုရည်များကိုလည်း အားဖြည့်အချိုရည်များနှင့် မှားတတ်သည်။ အားဖြည့်အချိုရည်များနှင့် အဓိကကွာခြားချက်မှာ အားကစားအချိုရည်များတွင် ကဖိန်းဓာတ် မပါဝင်ခြင်းဖြစ်သည်။ သို့သော် အားကစားအချိုရည်များတွင် သကြားဓာတ်၊ ဆိုဒီယမ်နှင့် ပိုတက်စီယမ်တို့ ပါဝင်ပြီး ယင်းတို့သည် ပြင်းထန်ပြီး ကြာရှည်သည့် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နေသူများအတွက် အာဟာရနှင့် အရည်များကို ပြန်လည်ဖြည့်တင်းပေးရန် ကူညီပေးသည်။
ကလေးများနှင့် ဆယ်ကျော်သက်များတွင်မူ ထိုသကြားဓာတ်လွန်ကဲသော အချိုရည်များကြောင့် သွားပိုးစားခြင်းနှင့် အဝလွန်ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် မိဘများအနေဖြင့် ကလေးများ နေ့စဥ်သောက်သုံးနေသော အရည်များတွင် သကြားဓာတ်များသော အချိုရည်များကို ဖယ်ရှားလျှော့ချခြင်း ပြုလုပ်သင့်သည်။ ကလေးများသောက်သုံးမည့် အချိုရည် အမျိုးအစားနှင့် အချိုရည်များ၏ အာဟာရတံဆိပ်များကိုပါ မိဘများမှ စစ်ဆေးသင့်သည်။
ကျန်းမာရေးနှင့် ညီညွတ်သော အစားထိုးရွေးချယ်စရာများ
အားဖြည့်အချိုရည်များအစား ရေဓာတ်ပြန်လည်ဖြည့်တင်းရန်နှင့် စွမ်းအင်ရရှိရန်အတွက် ကျန်းမာရေးနှင့် ညီညွတ်သော ရွေးချယ်စရာများစွာရှိသည်။ လူတိုင်းအတွက် (အထူးသဖြင့် ကလေးများအတွက်) ရေသာလျှင် ရေဓာတ်ပြန်လည်ဖြည့်တင်းရန် အကောင်းဆုံးဖြစ်ပြီး မိဘများမှလည်း စံနမူနာပြ သောက်သုံးသင့်သည်။
ကျန်းမာရေးနှင့် ညီညွတ်သည့် အချိုရည်များ
ရေအပြင် အခြားကျန်းမာရေးနှင့် ညီညွတ်သော အစားထိုး ရွေးချယ်စရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- သကြားမပါသော အုန်းရည် (Sugar-free Coconut Water) – သဘာဝအတိုင်း ဓာတ်ဆားများ ပါဝင်သည်
- ရေဖြင့် ဖျော်ထားသော ၁၀၀% သစ်သီးဖျော်ရည် (Diluted 100% Fruit Juice) – သစ်သီးဖျော်ရည်ကို ရေဖြင့် ရောစပ်သောက်သုံးနိုင်သည်
- အဆီလျှော့ထားသော နို့ သို့မဟုတ် နို့အစားထိုး ထုတ်ကုန်များ (Low-fat Milk or Milk Alternatives) – ပရိုတင်းနှင့် ကယ်လ်ဆီယမ်ဓာတ်များ ရရှိနိုင်သည်
- အိမ်တွင်းဖြစ် အားကစား အချိုရည် (Homemade Sports Drink) – ၁၀၀% သစ်သီးဖျော်ရည် (၁/၃ ခွက်) + ရေ (၂/၃ ခွက်) + ဆားအနည်းငယ်တို့ကို ရောစပ်ဖျော်စပ်နိုင်သည်
ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်ကောင်းများကို အားပေးခြင်း
အားဖြည့်အချိုရည်များ သောက်သုံးခြင်းသည် ပညာရေးဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုများ၊ စိုးရိမ်ပူပန်မှုများ (Anxiety) နှင့် နာတာရှည် အိပ်ရေးပျက်ခြင်း (Chronic Sleep Deprivation) ကဲ့သို့သော အန္တရာယ်များ ဖြစ်လာစေနိုင်သည်။ ထို့ကြောင့် ကလေးများနှင့် လူငယ်များသည် စိတ်ကိုလန်းဆန်းစေရန်နှင့် အချိုရည်များအား မီခိုအားထားခြင်းမှ တဖြည်းဖြည်း လျှော့ချဖယ်ရှားလာစေရန်အတွက် အောက်ပါ ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့်ကောင်းများကို အားပေးလုပ်ဆောင်သင့်သည်။
- အာဟာရ ညီညွတ်မျှတသော အစားအသောက်များစားခြင်း (Balanced Diet) – ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို အစားအစာများမှ ရရှိစေသည်
- အချိန်မှန် အိပ်စက်ခြင်း (Regular Sleep) – လုံလောက်သော အိပ်စက်ချိန်သည် စွမ်းအင်နှင့် စိတ်ကြည်လင်မှုကို အကောင်းဆုံး ပေးစွမ်းသည်
- ပုံမှန် အနားယူ အပန်းဖြေချိန်များ (Regular Breaks and Relaxation) – စိတ်ဖိစီးမှု လျှော့ချပေးပြီး စိတ်ပိုင်းဆိုင်ရာ လန်းဆန်းစေသည်
မိဘ၊ ဆရာနှင့် ကျောင်းများမှ လုပ်ဆောင်နိုင်သည့်အချက်များ
ကလေးများနှင့် ဆယ်ကျော်သက် လူငယ်များ အားဖြည့်အချိုရည်များ သောက်သုံးမှု လျှော့နည်းပပျောက်စေရန် လူတိုင်းသည် ကလေးများရှေ့တွင် ထိုအချိုရည်များသောက်သုံးခြင်းကို ရှောင်ရှားခြင်းဖြင့် ကောင်းမွန်သော အပြုအမူအဖြစ် စံနမူနာပြနိုင်သည်။ ထို့အပြင် မိဘ၊ ဆရာနှင့် ကျောင်းများမှလည်း အောက်ပါအကြံပြုချက်များအတိုင်း ပူးပေါင်းလိုက်နာသင့်သည်။
- အသိပညာပေးခြင်း – အားဖြည့်အချိုရည်များ၏ အန္တရာယ်များနှင့်ပတ်သက်၍ ကျောင်းသားများ၊ လူငယ်များကို ထိရောက်စွာ အသိပညာပေးခြင်း
- ကျောင်းတွင်း ရောင်းချမှု စည်းမျဉ်းများ – ကျောင်းများတွင် ကျန်းမာရေးနှင့် ညီညွတ်သော ဖျော်ရည်များ (ဥပမာ _ အဆီမပါသော သို့မဟုတ် အဆီနည်းသောနို့၊ ၁၀၀% သစ်သီးဖျော်ရည်) ကိုသာ ရောင်းချပေးခြင်း
- အာဟာရစံနှုန်းများ သတ်မှတ်ခြင်း – ကျောင်းဝင်းအတွင်းနှင့် အနီးတဝိုက်တွင် အားဖြည့်အချိုရည်များ ရောင်းချခြင်းနှင့် စျေးကွက်ရှာဖွေခြင်းတို့ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကျန်းမာရေးနှင့်သင့်လျော်သော အာဟာရစံနှုန်းများ သတ်မှတ်ခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်ခြင်းတို့ကို ပြုလုပ်သင့်သည်
အထက်ပါအချက်များ လုပ်ဆောင်ခြင်းဖြင့် ကလေးများနှင့် လူငယ်များအတွက် အားဖြည့်အချိုရည်များအစား ကျန်းမာရေးနှင့် ညီညွတ်သော ရွေးချယ်မှုများ ပြုလုပ်နိုင်ရန် အထောက်အကူ ဖြစ်စေနိုင်သည်။
References:
- Centers for Disease Control and Prevention. (n.d.). Energy drinks. Retrieved November 7, 2025, from https://www.cdc.gov/school-nutrition/energy-drinks/
- National Center for Complementary and Integrative Health. (n.d.). Energy drinks. Retrieved November 7, 2025, from https://www.nccih.nih.gov/health/energy-drinks
- Portland Pediatric Dentistry. (n.d.). Energy drinks and kids: What parents need to know. Retrieved November 7, 2025, from https://www.portlandpediatric.com/energy-drinks-and-kids-what-parents-need-to-know/
- Johns Hopkins Medicine. (n.d.). Energy drinks and kids. Retrieved November 7, 2025, from https://www.hopkinsmedicine.org/health/wellness-and-prevention/energy-drinks-and-kids
- Seattle Children’s Hospital. (n.d.). Why kids and teens should avoid energy drinks. Retrieved November 7, 2025, from https://www.seattlechildrens.org/healthy-tides/why-kids-and-teens-should-avoid-energy-drinks/
- National Health Service. (n.d.). How does sugar in our diet affect our health? Retrieved November 7, 2025, from https://www.nhs.uk/live-well/eat-well/food-types/how-does-sugar-in-our-diet-affect-our-health/
- Mayo Clinic. (n.d.). Caffeine: How it affects your body. Retrieved November 7, 2025, from https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/caffeine/art-20045678
Published: 24 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
