Noise and Health (ဆူညံသံနှင့် ကျန်းမာရေး)

Noise and Health (ဆူညံသံနှင့် ကျန်းမာရေး)

ယနေ့ခေတ် တိုးတက်လာသော မြို့ပြနှင့်စက်မှုလုပ်ငန်းများတွင် ဆူညံသံသည် အဓိက ပတ်ဝန်းကျင်အသံညစ်ညမ်းမှု ပြဿနာတစ်ခု ဖြစ်လာစေသည်။ အသံညစ်ညမ်းမှု (Noise Pollution) ဆိုသည်မှာ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော မလိုလားအပ်သည့် သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်စေသည့်အသံများကို ရည်ညွှန်းသည်။ ထိုအသံများသည် ကျယ်လောင်လွန်းခြင်း သို့မဟုတ် ကြာရှည်စွာ ဆက်တိုက်ရှိနေခြင်းတို့ ဖြစ်ပေါ်ပါက ၎င်းအသံညစ်ညမ်းမှုကြောင့် အကြားအာရုံ ထိခိုက်ပျက်စီးခြင်း ဖြစ်‌ပေါ်လာနိုင်သည်။ ဆူညံသံများကြောင့် အကြားအာရုံ ထိခိုက်နိုင်သည့်အပြင် ခေါင်းကိုက်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါအပါအဝင် အခြားသော ကျန်းမာရေးပြဿနာများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် စိတ်ဖိစီးမှုများခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် လျော့ကျခြင်းနှင့် ဘဝအရည်အသွေးကိုပါ လျော့နည်းစေနိုင်သည်။

ထို့ကြောင့် ဆူညံသံများသည် လူသားတို့၏ ကျန်းမာရေးအတွက် အရေးကြီးသော ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တစ်ခုအဖြစ် ပညာရှင်များက သတ်မှတ်ထားကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ အနောက်ဥရောပတွင် ဆူညံသံကြောင့် Disability-Adjusted Life Year (DALY) ဟုခေါ်သော “မသန်စွမ်းမှုကြောင့် ထိခိုက်သော သက်တမ်းနှစ် သို့မဟုတ် ပျက်ကွက်သွားသော ဘဝသက်တမ်းနှစ်” (၁)သန်း မှ (၁.၆)သန်းအထိ ရှိနေသည်။ ဆိုလိုသည်မှာ ဆူညံသံ၏ဆိုးကျိုးများ (ဥပမာ _ နှလုံးရောဂါ၊ အိပ်မပျော်ခြင်း၊ စိတ်ဖိစီးမှု၊ အကြားအာရုံဆုံးရှုံးခြင်း စသည်တို့) ကြောင့် ကျန်းမာပြီး ကောင်းမွန်သည့် ဘဝသက်တမ်း စုစုပေါင်းကို (၁)သန်း မှ (၁.၆)သန်းအထိ ဆုံးရှုံးနေရပြီး၊ ဤအရေအတွက်သည် ဆူညံသံ၏ ပြင်းထန်သော သက်ရောက်မှုကို ပြသနေခြင်းပင်ဖြစ်သည်။ ထိုပမာဏသည် လေထုညစ်ညမ်းမှုပြီးနောက် ဒုတိယအကြီးမားဆုံး ကျန်းမာရေးဆုံးရှုံးမှု ပြဿနာဖြစ်နေသည်။

အသံ၏ပြင်းအားနှင့် အန္တရာယ်ရှိနိုင်ခြေ

ပတ်ဝန်းကျင်ရှိ ဆူညံသံသည် မည်မျှကျယ်လောင်သည်ကို သိရှိနိုင်ရန်၊ အသံလှိုင်း၏ ပြင်းအား (‌amplitude or volume) ကို ဒက်စီဘယ် (dB) ဖြင့် တိုင်းတာသည်။ အသံ၏ပြင်းအား ဒက်စီဘယ်ပမာဏပေါ် မူတည်၍ လူသားများအပေါ် အန္တရာယ်ရှိနိုင်ခြေကို တွက်ဆနိုင်သည်။ ယေဘုယျအားဖြင့် (၇၀) dB အောက်ရှိသော အသံများကို အန္တရာယ်ကင်းသည်ဟု သတ်မှတ်ထားကြသည်။ ဥပမာအားဖြင့် လေချွန်သံ (30dB)၊ ရေခဲသေတ္တာစက်သံ (40dB)၊ ပုံမှန်စကားပြောသံ (60dB)၊ ရုံးခန်းအတွင်း ပုံမှန်ဆူညံသံ (70dB)) တို့ဖြစ်ကြသည်။ ၇၀ dB ထက်မြင့်သော အသံများသည် အချိန်ကြာလာသည်နှင့်အမျှ ကျန်းမာရေးကို ထိခိုက်စေနိုင်ကာ ၁၂၀ dB ထက်မြင့်သော အသံများသည် လျင်မြန်စွာ ပြင်းထန်သော ထိခိုက်မှုများကို ဖြစ်စေနိုင်သည်။

ဆူညံသံသည် အသံပြင်းအားသာမက ဆက်တိုက်ဖြစ်နေခြင်း သို့မဟုတ် ပြတ်တောင်းပြတ်တောင်း ကြားရခြင်းနှင့် ဆူညံသံ ကြာမြင့်ချိန်တို့အပေါ် လိုက်၍ စိတ်အနှောင့်အယှက်ဖြစ်မှု၊ ကျန်းမာရေးအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေသည်။

ဆူညံသံ ဖြစ်ပွါးစေနိုင်သော အကြောင်းရင်းများ

ဆူညံသံ၏ ပြင်းအားနှင့် သက်ရောက်ပုံပေါ် မူတည်၍ ဖြစ်ပွါးစေသော အကြောင်းရင်းများကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

အန္တရာယ်ဖြစ်စေနိုင်သည့် (၇၀) dB နှင့်အထက်ရှိသော ဆူညံသံများ
(၇၀) dB နှင့်အထက်ရှိသော အသံများသည် အန္တရာယ်ရှိသောအဆင့်များဖြစ်သဖြင့် မကြာခဏ ကြာရှည်စွာ ထိတွေ့ခြင်းကြောင့် အကြားအာရုံထိခိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာအားဖြင့်_

  • မြေယာရှုခင်း ဒီဇိုင်းအလှဆင်သော စက်ကိရိယာများ (ဥပမာ _ မြက်ရိတ်စက်) မှ ထွက်သောအသံ – 75dB
  • လေယာဥ်ပေါ်တွင် ကြားရသော စက်သံ – 80dB
  • မြို့ပြယာဥ်ကြော ပိတ်ဆို့မှုအသံ – 85dB
  • ဆံပင်အခြောက်ခံစက်အသံ – 90dB
  • နိုက်ကလပ် သို့မဟုတ် ဘားမှအသံများ – 110dB တို့ဖြစ်ကြသည်။

အလွန်ကျယ်လောင်၍ ချက်ချင်း ထိခိုက်နိုင်သော (၁၂၀) dB နှင့်အထက်ရှိသော ဆူညံသံများ
(၁၂၀) dB နှင့်အထက်ရှိသော အသံများသည် အလွန်ကျယ်လောင်၍ ပြင်းထန်သော ထိခိုက်မှုများကို လျင်မြန်စွာ ဖြစ်ပေါ်လာစေနိုင်သည်။ ဥပမာအားဖြင့်_

  • ရော့ခ် သို့မဟုတ် ပေါ့ဂီတအသံ – 120dB
  • မီးရှုးမီးဗန်းအသံ ၊မြေထိုးစက်အသံ – 130dB
  • ဂျက်အင်ဂျင်အသံ – 135dB
  • သေနတ်သံ – 140dB တို့ဖြစ်ကြသည်။

“ဆူညံသံ/စိတ်ဖိစီးမှု သဘောတရား” (Noise/Stress Concept) အရ ဆူညံသံသည် ကျန်းမာရေးကို နည်းလမ်းနှစ်မျိုးဖြင့် ထိခိုက်စေနိုင်သည်။

  1. တိုက်ရိုက်ထိခိုက်ခြင်း
    အလွန်မြင့်မားသော ဆူညံသံ dB (A) 100 ကျော်သည် နားစည်နှင့် အကြားအာရုံခံပစ္စည်းတို့ကို တိုက်ရိုက်ပျက်စီးစေသည်။
  2. သွယ်ဝိုက်ထိခိုက်ခြင်း
    dB(A) 50–70 အတွင်းရှိသော ဆူညံသံသည် နေ့စဉ်လှုပ်ရှားမှုများ၊ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပြီး စိတ်ဖိစီးမှုဟော်မုန်းများ မြင့်တက်‌စေ၍ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
ဆူညံသံကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးပြဿနာများ

ဆူညံသံသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှစ်မျိုးလုံးကို ထိခိုက်စေနိုင်ပြီး အောက်ပါပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။

  1. စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် စိတ်ဖိစီးမှု
    • စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုများ
      • လမ်းမပေါ်မှ ယာဉ်သံများနှင့် ဆူညံသံများသည် စိတ်ဓာတ်ကျနိုင်ခြေနှင့် စိုးရိမ်ပူပန်မှုများ တိုးစေသည်
      • လေယာဉ်စက်သံမှ ဆူညံသံသည်လည်း စိတ်ဓာတ်ကျနိုင်ခြေကို ပိုမိုမြင့်တက်စေသည်
    • မိမိကိုယ်ကို အဆုံးစီရင်ခြင်း
      • လမ်းသွားလမ်းလာ၊ ယာဉ်ကြောပိတ်ဆို့မှုကြောင့်ဖြစ်သော ဆူညံသံများနှင့် ရထားစက်သံ ဆူညံသံများသည် မိမိကိုယ်ကို အဆုံးစီရင်မှုနှုန်း မြင့်တက်စေခြင်းနှင့် ဆက်စပ်နေသည်
    • ကလေးများနှင့် ဆယ်ကျော်သက်များ၏ အပြုအမူဆိုင်ရာ ပြဿနာများ
      • ဆူညံသံသည် ကလေးများ၏ အာရုံစူးစိုက်မှု နည်းပါးခြင်းအပြုအမူဆိုင်ရာ ပြဿနာများနှင့် စိတ်လှုပ်ရှားလွယ်ခြင်းတို့ကို ဖြစ်စေသည်
  2. အိပ်စက်ခြင်းနှင့် ဟော်မုန်းစနစ်ဆိုင်ရာ ပြဿနာများ
    • နှစ်ခြိုက်စွာ အိပ်စက်မှု နည်းပါးခြင်း (အိပ်မပျော်ခြင်း)
      • ဆူညံသံများသည် နှစ်ခြိုက်စွာအိပ်စက်မှုကို ထိခိုက်စေပြီး အိပ်ရေးပျက်သော ဝေဒနာများကို ခံစားရစေသည်၊ ညအချိန်များတွင် လူများသည် ဆူညံသံကို ပိုမိုအာရုံခံစားလွယ်သောကြောင့်ဖြစ်သည်
      • အိပ်ရေးပျက်ခြင်းသည် အာရုံကြောစနစ်ကို အလုပ်ပိုမိုလုပ်စေသောကြောင့် သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါအန္တရာယ်များကို ဖြစ်ပေါ်စေနိုင်သည်
      • အခြားသိသာသော အကြောင်းရင်းများမရှိဘဲ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေခြင်းများရှိပါက ဆူညံသံထိတွေ့မှု ရှိမရှိ ထည့်သွင်းစဥ်းစားသင့်သည်
    • ဟော်မုန်းစနစ်ပျက်ယွင်းခြင်း (Stress Hormone)
      • ဆူညံသံသည် ဦးနှောက်ရှိ Hypothalamic-Pituitary-Adrenal Axis (HPA) ကို ထိခိုက်စေ၍ စိတ်ဖိစီးမှု ဟော်မုန်းများ (ဥပမာ – Cortisol) ကို မြင့်တက်စေပြီး နှလုံးရောဂါနှင့် ဇီဝဖြစ်ပျက်မှုဆိုင်ရာရောဂါများ (Cardiometabolic disease) ဖြစ်နိုင်ခြေကို မြင့်တက်စေသည်
  3. ရုပ်ပိုင်းဆိုင်ရာနှင့် နာတာရှည်ရောဂါများ
    • နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ
      • ဆူညံသံကြောင့် စိတ်ဖိစီးမှုဟော်မုန်းများ တိုးလာခြင်းသည် သွေးတိုးခြင်း (Hypertension)၊ နှလုံးခုန်နှုန်းမမှန်ခြင်း (Arrhythmia)၊ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေမြင့်တက်စေနိုင်သကဲ့သို ရှိရင်းစွဲရောဂါများကိုလည်း ပိုမိုဆိုးရွားလာစေသည်
    • အကြားအာရုံ ဆုံးရှုံးခြင်း
      • အထူးသဖြင့် စက်မှုလုပ်ငန်းခွင်များ၊ ဂီတပွဲတော်များနှင့် စက်သံကျယ်သော ပတ်ဝန်းကျင်များတွင် ဆူညံသံများနှင့် ကြာရှည်စွာ ထိတွေ့မိပါက နားအူခြင်း (Tinnitus) သို့မဟုတ် အမြဲတမ်း အကြားအာရုံ ထိခိုက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်
    • ကိုယ်ခံအားစနစ် အားနည်းခြင်း
      • နာတာရှည် စိတ်ဖိစီးမှု (Stress) နှင့် အိပ်ရေးပျက်ခြင်းကြောင့် ကိုယ်ခံအားစနစ် (Immune System) အားနည်းလာပြီး ရောဂါပိုးများ အလွယ်တကူ ဝင်‌ရောက်လာနိုင်သည်
ဆူညံသံကြောင့် ဖြစ်ပွားသော ကျန်းမာရေးပြဿနာများ ကာကွယ်ရန် လိုက်နာဆောင်ရွက်သင့်သည့် နည်းလမ်းများ

ဆူညံသံအန္တရာယ်ကို ကာကွယ်ရာတွင် အဆင့်ဆင့် ထိန်းချုပ်မှုများကို လိုက်နာရန် လိုအပ်သည်။ အဓိကရည်မှန်းချက်မှာ အသံထိတွေ့မှု အရင်းအမြစ်ကို လျှော့ချခြင်း သို့မဟုတ် အပြီးအပိုင် ဖယ်ရှားခြင်းဖြစ်သည်။ ကိုယ်ပိုင်အကာအကွယ်ပစ္စည်းများ အသုံးပြုခြင်းသည် နောက်ဆုံးအဆင့်နည်းလမ်းဖြစ်သည်။

  1. အသံအရင်းအမြစ်ကို အပြီးအပိုင် ဖယ်ရှားခြင်းနှင့် အစားထိုးခြင်း
    ဤနည်းလမ်းသည် အန္တရာယ်ဖြစ်စေသော အသံကို စတင်ရာနေရာမှ လုံးဝပပျောက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။
    • ဖယ်ရှားခြင်း (Elimination) – ဖြစ်နိုင်ပါက ဆူညံသောလုပ်ငန်းစဉ်ကို လုံးဝဖျက်သိမ်းပစ်ခြင်း (ဥပမာ _ ဆူညံသောနည်းလမ်းအစား ပိုမိုတိတ်ဆိတ်သောနည်းလမ်း အသုံးပြုခြင်း၊ မြို့ပြဧရိယာများတွင် ဟွန်းမတီးရ နယ်မြေများ သတ်မှတ်ခြင်း)
    • အစားထိုးခြင်း (Substitution) – ဆူညံသောစက်ကိရိယာများကို အသံဆူညံမှုနည်းသော သို့မဟုတ် အသံအနည်းငယ်သာထွက်သော စက်များဖြင့် အစားထိုးခြင်း
  2. အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ထိန်းချုပ်မှုများ (Engineering Controls)
    အသံအရင်းအမြစ်နှင့် လူသားတို့ကြားတွင် အသံအတားအဆီးများ ထားရှိကာ ထိတွေ့မှု ပမာဏကို လျှော့ချခြင်းဖြစ်သည်။
    • အသံအတားအဆီးများ (Sound Barriers) – အသံလှိုင်းများကို ပိတ်ဆို့ရန်အတွက် အသံကာနံရံများ တပ်ဆင်ခြင်း (အသံကိုစုပ်ယူနိုင်သော အသံစုပ်ဖော့ပြားများ ထည့်သွင်းတပ်ဆင်ခြင်း)
    • ဆူညံမှုနည်းသော စက်ပစ္စည်းများ _ အသံဆူညံမှုနည်းသော စက်များကို ရွေးချယ်ဝယ်ယူ၍ အသုံးပြုခြင်း
    • ပြုပြင်ထိန်းသိမ်းမှု _ စက်ပစ္စည်းများကို ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းဖြင့် ချို့ယွင်းမှုကြောင့်ဖြစ်သော မလိုအပ်သည့် အသံများကို ကာကွယ်ခြင်း
    • အသံလုံအကာအတွင်း ထည့်သွင်းခြင်း (Enclosures) – ဆူညံသောစက်များကို အသံလုံသည့် အခန်းများ သို့မဟုတ် အကာများအတွင်း ထည့်သွင်းထားခြင်း
    • တုန်ခါမှု လျှော့ချခြင်း (Damping) – တုန်ခါမှုကြောင့် ဖြစ်ပေါ်လာသော အသံများကို လျှော့ချရန် တုန်ခါမှုကာပစ္စည်းများ အသုံးပြုခြင်း
  3. စီမံခန့်ခွဲမှုဆိုင်ရာ ထိန်းချုပ်ခြင်း (Administrative Controls)
    ဆူညံသံနှင့် ထိတွေ့ရသည့် အချိန်ပမာဏကို ကန့်သတ်ခြင်းနှင့် လုပ်ငန်းခွင် စည်းမျဉ်းများကို ပြောင်းလဲခြင်းဖြစ်သည်။
    • အချိန်ကန့်သတ်ခြင်း _ အလုပ်ချိန်ဇယား သို့မဟုတ် အလှည့်ကျစနစ်ဖြင့် ဆူညံသောနေရာတွင် နေထိုင်ရသည့်၊ အလုပ်လုပ်ရမည့်အချိန်ကို လျှော့ချခြင်း
    • ဝင်ရောက်ခွင့်ကန့်သတ်ခြင်း _ ဆူညံသောနေရာများသို့ ဝင်ရောက်သူအရေအတွက်ကို ကန့်သတ်ခြင်း၊ တာဝန်အရ ဝင်ရောက်ရပါက အသံကာပစ္စည်းများကို စနစ်တကျ တပ်ဆင်ဝတ်ဆင်ပြီးမှ ဝင်ရောက်စေခြင်း
    • သင်တန်းပေးခြင်း _ အလုပ်သမားများအား အသံအန္တရာယ်၏ ဆိုးကျိုးများနှင့် ကာကွယ်နည်းများကို သင်ကြားပေးခြင်း
    • သတိပေးဆိုင်းဘုတ်များ _ ဆူညံသောနေရာများကို ရှင်းလင်းစွာ အမှတ်အသား ပြုထားခြင်း
  4. အကာအကွယ်ပစ္စည်းများ (Personal Protective Equipment – PPE)
    • အခြားထိန်းချုပ်မှုများနှင့်အတူ လူတစ်ဦးချင်းစီ၏ နားကို ကာကွယ်ရန် အသုံးပြုသည်။
    • နားအကာအကွယ် _ အလုပ်သမားများအား နားတွင်တပ်ရန် အဆို့များ (Earplugs) သို့မဟုတ် နားအုပ်များ (Earmuffs) ပေးခြင်း
    • မှန်ကန်စွာ ရွေးချယ်ခြင်းနှင့် တပ်ဆင်ခြင်း _ နားအကာအကွယ်ပစ္စည်းများ ရွေးချယ်နည်း၊ တပ်ဆင်နည်းနှင့် အသုံးပြုနည်းများကို စနစ်တကျ သင်ကြားပြသခြင်း
  5. ကျန်းမာရေး စောင့်ကြည့်စစ်ဆေးခြင်း
    • ကနဦး အကြားအာရုံစစ်ဆေးခြင်း _ အသံဆူညံသောနေရာတွင် အလုပ်လုပ်မည့် အလုပ်သမားများအား အလုပ်မဝင်မီ ကနဦးအကြားအာရုံစစ်ဆေးမှု ပြုလုပ်ပေးခြင်း
    • ပုံမှန်စစ်ဆေးခြင်း _ အကြားအာရုံဆုံးရှုံးမှု ရှိမရှိ စောင့်ကြည့်ရန်နှင့် ကာကွယ်ရေးနည်းလမ်းများ၏ ထိရောက်မှုကို သိရှိရန် အကြားအာရုံစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်း

References:

  1. Hear. (n.d.). Decibels chart. Retrieved November 21, 2025, from https://www.hear.com/resources/hearing-loss/decibels-chart/
  2. WebMD. (n.d.). What is noise pollution? Retrieved November 21, 2025, from https://www.webmd.com/a-to-z-guides/what-is-noise-pollution
  3. Gamal, M. (2025). Environmental noise: Improving urban soundscapes for well-being. ArchDaily. Retrieved November 21, 2025, from https://www.archdaily.com/1029098/environmental-noise-improving-urban-soundscapes-for-well-being ArchDaily+1
  4. World Health Organization. (2024). How much does environmental noise affect our health? WHO updates methods to assess health risks. Retrieved November 21, 2025, from https://www.who.int/europe/news/item/04-08-2024-how-much-does-environmental-noise-affect-our-health–who-updates-methods-to-assess-health-risks World Health Organization
  5. Muzet, A. (2005). Environmental noise, sleep and health. Environmental Health Perspectives, 113(Supplement 2), 14–22. https://doi.org/10.1289/ehp.113-a14
  6. University of British Columbia. (n.d.). Noise hazards (occupational hygiene). Shared Research Services. Retrieved November 21, 2025, from https://srs.ubc.ca/health-safety/occupational-hygiene/noise-hazards/
  7. Razai, M. S., King, E., Majeed, A., & James, P. (2025). The impact of noise pollution on health. BMJ, 391, e081193. https://doi.org/10.1136/bmj-2024-081193

Published: 3 December 2025

Share

3 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View More
Impact of first 1000 days to resilience (ဘဝတစ်သက်တာ ခံနိုင်ရည်အားအတွက် ဘဝအစ ရက်တစ်ထောင်)
Apr 27, 2026
Healthy Lifestyles

Impact of first 1000 days to resilience (ဘဝတစ်သက်တာ ခံနိုင်ရည်အားအတွက် ဘဝအစ ရက်တစ်ထောင်)

ဘဝအစရက် (၁၀၀၀) အတွင်း ရရှိသော နွေးထွေးသည့် ပြုစုစောင့်ရှောက်မှုများသည်...

Epigenetics (မျိုးဗီဇအပေါ် သက်ရောက်ပြောင်းလဲမှု)
Apr 23, 2026
Healthy Lifestyles

Epigenetics (မျိုးဗီဇအပေါ် သက်ရောက်ပြောင်းလဲမှု)

Epigenetics ဆိုသည်မှာ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင်အခြေအနေများသည်...

Vaccination In Pregnancy (ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးနှံခြင်း)
Apr 22, 2026
Healthy Lifestyles

Vaccination In Pregnancy (ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးနှံခြင်း)

ကိုယ်ဝန်ဆောင်စဥ် ကာကွယ်ဆေးထိုးနှံခြင်းသည် ကိုယ်ဝန်ဆောင်မိခင်အတွက်သာမက...