HIV prevention (အိတ်ချ်အိုင်ဗွီရောဂါပိုး မကူးစက်အောင် ကာကွယ်ခြင်း)

HIV prevention (အိတ်ချ်အိုင်ဗွီရောဂါပိုး မကူးစက်အောင် ကာကွယ်ခြင်း)

အိတ်ချ်အိုင်ဗွီ (HIV) ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသူ၏ သွေး၊ သုက်ရည်၊ မိန်းမကိုယ်ထွက်အရည်များ၊ စအိုမှထွက်သောအရည်များနှင့် မိခင်နို့ရည်ကဲ့သို့သော ခန္ဓာကိုယ်အရည်များမှတစ်ဆင့် ကူးစက်နိုင်သည်။ ထို့ကြောင့် လိင်ဆက်ဆံခြင်း (လိင်အင်္ဂါ၊ စအို၊ ပါးစပ်)၊ သွေးသွင်းခြင်း (သို့မဟုတ်) မသန့်ရှင်းသော ဆေးထိုးအပ်များကို ပြန်လည်အသုံးပြုခြင်း စသည့်နည်းလမ်းများဖြင့် ကူးစက်ပျံ့နှံ့နိုင်သည်။ ထို့အပြင် ရောဂါပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန် (သို့မဟုတ်) နို့တိုက်ကျွေးချိန်တွင် ကလေးထံသို့လည်း ကူးစက်နိုင်ခြေရှိသည်။

HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ဦးတည်တိုက်ခိုက်ကာ CD4 ဆဲလ်များကို ဖျက်ဆီးပစ်သည်။ ရလဒ်အနေဖြင့် ကိုယ်ခံအားစနစ် တဖြည်းဖြည်း ယိုယွင်းကျဆင်းလာပြီး ခန္ဓာကိုယ်သည် ပုံမှန်အားဖြင့် တိုက်ထုတ်နိုင်သော ရောဂါပိုးများကိုပင် မတွန်းလှန်နိုင်တော့ဘဲ အခြားသော ကူးစက်ရောဂါများ၊ ကင်ဆာရောဂါများနှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဝင်ရောက်လာနိုင်သည်။ ထို့ကြောင့် HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးမှ ကုသခြင်းထက် ကာကွယ်ခြင်းသည် အလွန်အရေးကြီးသည်။

အိတ်ချ်အိုင်ဗွီရောဂါပိုးမှ ကာကွယ်ခြင်းအမျိုးမျိုး
  1. မိမိထံသို့ အိတ်ချ်အိုင်ဗွီပိုး ကူးစက်မခံရအောင် ကာကွယ်ခြင်း
  2. အိတ်ချ်အိုင်ဗွီရောဂါရှိသူတစ်ဦးမှ တခြားသူသို့ မကူးစက်အောင် ကာကွယ်ခြင်း (အေအာတီ ဆေးများဖြင့် အိတ်ချ်အိုင်ဗွီပိုးကို ကုသခြင်း)
  3. ကိုယ်ဝန်ဆောင်ကာလအတွင်း ကလေးသို့ မကူးစက်အောင် ကာကွယ်ခြင်း (မိခင်မှကလေးသို့ အိတ်ချ်အိုင်ဗွီပိုး မကူးစက်အောင် ကာကွယ်ခြင်း)
အိတ်ချ်အိုင်ဗွီပိုး ကူးစက်မခံရအောင် ကာကွယ်ခြင်း
  • HIV ကူးစက်ခံရသူအများစုသည်
  • လိင်ဆက်ဆံခြင်း (ရောဂါပိုးပါသော သုက်ရည်၊ အမျိုးသမီးအင်္ဂါမှ ထွက်သောအရည်များ၊ စအိုမှထွက်သော အရည်များနှင့် ထိတွေ့မိခြင်း)
  • မူးယစ်ဆေးထိုးသော ဆေးထိုးအပ်များနှင့် အခြားကိရိယာများကို မျှဝေသုံးစွဲခြင်းတို့မှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်ပြီး
  • အနည်းစုမှာ သွေးသွင်းခြင်းမှတစ်ဆင့် ကူးစက်ခံရသည်။

ကူးစက်စေသော နည်းလမ်းများကို သေချာသိရှိထားခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။

ထိရောက်စွာ ကာကွယ်သော နည်းလမ်းများ
  1. လိင်ဆက်ဆံခြင်းဆိုင်ရာ ကာကွယ်ခြင်းနည်းလမ်းများ
    • အပျော်အပါးလိုက်စားခြင်းမှ ရှောင်ကြဥ်ခြင်းသည် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ပိုးကူးစက်ခံရခြင်းမှ ထိရောက်စွာ ကာကွယ်ပေးနိုင်သလို လိင်မှတစ်ဆင့် ကူးစက်တတ်သည့် အခြားရောဂါများနှင့် ကိုယ်ဝန်ရနိုင်ခြင်းများကိုလည်း ကာကွယ်ပေးသည်
    • ထိုသို့မရှောင်နိုင်ပါက လိင်ဆက်ဆံသည့်အခါတိုင်း ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုခြင်းဖြင့် သုက်ရည်၊ မိန်းမကိုယ်မှအရည် (သို့မဟုတ်) သွေးနှင့် ထိတွေ့မှုနည်းစေသောကြောင့် HIV ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သကဲ့သို့ ဆီးပူညောင်းကျရောဂါ (Gonorrhoea)၊ ကယ်လ်မိုင်းဒီးယား (Chlamydia) ရောဂါစသည့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကိုလည်း ကာကွယ်နိုင်သည်
    • လိင်မှတစ်ဆင့် ကူးစက်တတ်သည့်ရောဂါများ (Sexually transmitted infections) ရှိပါက HIV ကူးစက်နိုင်ခြေ ပိုများသောကြောင့် ထိုရောဂါများကို စစ်ဆေး၍ ကုသမှုခံယူရန် လိုအပ်သည်
  2. မူးယစ်ဆေးသုံးစွဲခြင်းဆိုင်ရာ ကာကွယ်ခြင်း နည်းလမ်းများ
    • မူးယစ်ဆေးသုံးစွဲခြင်းကို လုံးဝရှောင်ကြဥ်ခြင်းသည် ထိရောက်စွာ ကာကွယ်ပေးနိုင်သော နည်းလမ်းဖြစ်သကဲ့သို့ မူးယစ်ဆေးစွဲနေပါက အမြန်ဖြတ်နိုင်အောင် အကူအညီ ရှာဖွေရန်လိုသည်
    • မူးယစ်ဆေးစွဲခြင်း (Substance use disorder) ကို ကုသရန် သက်ဆိုင်ရာ ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ လိုအပ်သော ဆေးဝါးကုသမှု ခံယူခြင်းဖြင့် HIV ကူးစက်နိုင်ခြေကို လျော့နည်းစေသည်
    • အကယ်၍ မူးယစ်ဆေးစွဲနေပါက မူးယစ်ဆေးထိုးရာတွင် အသုံးပြုသော ဆေးထိုးအပ်များနှင့် အခြားကိရိယာများကို တခြားသူများနှင့် မျှဝေသုံးစွဲခြင်း လုံးဝမပြုလုပ်ရပါ၊ သန့်ရှင်းသော တစ်ခါသုံး ဆေးထိုးအပ်နှင့် ကိရိယာအသစ်များကို အသုံးပြုရန် အကြံပြုထားသည်
    • မည်သို့မျှမတတ်နိုင်သည့်အချိန် ဆေးထိုးအပ်ကို မျှဝေသုံးစွဲရမည်ဆိုပါက ဆေးထိုးအပ်ကို အရောင်ချွတ်ဆေး (Bleach) ဖြင့် သတ်မှတ်ချက်အတိုင်း ဆေးကြောသန့်စင်၍ ပိုးသတ်ပါ၊ ဆေးထိုးအပ်အသစ်ကဲ့သို့ အပြည့်အဝ ကာကွယ်နိုင်ခြင်း မရှိသော်လည်း HIV ပိုးနှင့် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးများ ကူးစက်နိုင်ခြေကို အတိုင်းအတာတစ်ခုအထိ လျော့နည်းစေသည်
  3. သွေးမှတစ်ဆင့် ကူးစက်ခြင်းမှ ကာကွယ်ခြင်း နည်းလမ်းများ
    • သွေးလှူရှင်များကို စနစ်တကျ စီစစ်ရွေးချယ်ခြင်း (HIV ပိုးကူးစက်ခံရနိုင်သည့် အပြုအမူ မရှိသူများကို ဦးစားပေးရွေးချယ်ခြင်း)
    • လှူဒါန်းထားသော သွေးများကို HIV ပိုး ရှိမရှိ တိကျသောစစ်ဆေးမှုများဖြင့် စစ်ဆေးခြင်း
    • အမှန်တကယ် လိုအပ်သော အခြေအနေများတွင်သာ သွေးနှင့် သွေးပစ္စည်းများကို အသုံးပြုခြင်း စသည့်နည်းလမ်းများသည် သွေးမှတစ်ဆင့် ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်
  4. အိတ်ချ်အိုင်ဗွီပိုး ကုသသောဆေးများဖြင့် ကြိုတင်ကာကွယ်ခြင်း
    • ရောဂါပိုးနှင့် ထိတွေ့မှုမရှိခင် ဆေးကြိုတင်သောက်၍ ကာကွယ်ခြင်း (PrEP: pre-exposure prophylaxis)
    • ရောဂါပိုးရှိသူ (သို့မဟုတ်) ရောဂါပိုးရှိနိုင်ခြေများသူများ၏ သွေး (သို့မဟုတ်) ခန္ဓာကိုယ်အရည်များနှင့် ထိတွေ့မှုရှိပြီးနောက် ကူးစက်ခြင်းမှ ကာကွယ်ခြင်း (PEP: post-exposure prophylaxis)
PrEP (Pre-exposure prophylaxis) (ရောဂါပိုးနှင့် မထိတွေ့ခင် ကာကွယ်ခြင်း)

PrEP ဆိုသည်မှာ HIV ပိုးကူးစက်ခြင်းကို လျှော့ချပေးနိုင်သည့် ဆေးများဖြစ်ပြီး သောက်ဆေး (သို့မဟုတ်) ထိုးဆေးများအနေဖြင့် ရရှိနိုင်သည်။ PrEP သည် လိင်ဆက်ဆံခြင်း (သို့မဟုတ်) ဆေးထိုးအပ် မျှဝေအသုံးပြုခြင်းတို့ကြောင့် ပိုးကူးစက်နိုင်ခြေများသော အရွယ်ရောက်ပြီးသူများနှင့် ဆယ်ကျော်သက်များတွင် ရောဂါပိုးကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ ထို့ပြင် ကလေးယူရန် ပြင်ဆင်နေသူများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များမှ ကလေးငယ်များသို့ HIV ပိုးကူးစက်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ PrEP ဆေးဝါးများသည် HIV ကူးစက်နိုင်ခြေကို လျှော့ချပေးသော်လည်း ကွန်ဒုံးများသုံးခြင်းဖြင့် ကာကွယ်နိုင်သည့် လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ (STIs) (သို့မဟုတ်) ကိုယ်ဝန်ရနိုင်ခြင်းတို့ကို ကာကွယ်ပေးနိုင်ခြင်းမရှိပါ။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (U.S FDA) ခွင့်ပြုချက်ရထားသော PrEP ဆေးအချို့မှာ_ Truvada, Descovy သောက်ဆေးများနှင့် Apretude, Yeztugo ထိုးဆေးများ ဖြစ်သည်။

PrEP ၏ ထိရောက်မှု
PrEP သည် လိင်ဆက်ဆံခြင်း (သို့မဟုတ်) ဆေးထိုးအပ်သုံးခြင်းတို့ကြောင့် HIV ကူးစက်နိုင်ခြေကို သိသာစွာ လျှော့ချပေးသည်။

  • PrEP သောက်ဆေးများသည် နေ့စဥ်ဆက်တိုက်သောက်သုံးပြီး (၇)ရက် မှ (၂၁)ရက်ခန့်အကြာတွင် သွေးထဲ၌ ရောဂါပိုးကို အကောင်းဆုံးကာကွယ်ပေးနိုင်သည့် ဆေးပမာဏသို့ ရောက်ရှိသည်၊ ထို့ကြောင့် ထိရောက်သော ကာကွယ်မှုရရှိနိုင်ရန် ဆေးကို နေ့စဥ်ပုံမှန်သောက်သုံးရန် အရေးကြီးသည်
  • သို့ရာတွင် PrEP ထိုး‌ဆေးများအတွက် ကာကွယ်မှုအကောင်းဆုံးအဆင့်သို့ ရောက်ရှိရန် ကြာချိန်ကိုမူ သေချာစွာ မသိရှိသေးပါ
  • PrEPနှင့် သင့်တော်ခြင်း ရှိမရှိ ဆုံးဖြတ်ခြင်း
  • HIV ပိုးမရှိသူများတွင် အောက်ပါအချက်တစ်ခုခုနှင့် ကိုက်ညီပါက PrEP သောက်ရန် ညွှန်ကြားနိုင်သည်။
    • လွန်ခဲ့သော (၆) လအတွင်း လိင်ဆက်ဆံဖူးပြီး အောက်ပါအချက်တစ်ခုခုနှင့်ကိုက်ညီခြင်း _
    • HIV ပိုးရှိသော လိင်ဆက်ဆံဖော်ရှိခြင်း (အထူးသဖြင့် ဗိုင်းရပ်စ်ပမာဏ မသိရသော (သို့မဟုတ်) များနေသေးသူဖြစ်ပါက)
    • ကွန်ဒုံးကို အမြဲအသုံးမပြုခဲ့ခြင်း
    • လွန်ခဲ့သည့် (၆) လအတွင်း လိင်မှတစ်ဆင့်ကူးစက်သော ရောဂါတစ်ခုခု ဖြစ်ပွါးမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း
  • ဆေးထိုးအပ်သုံးစွဲသူဖြစ်ပြီး အောက်ပါအချက်တစ်ခုခုနှင့်ကိုက်ညီခြင်း _
    • HIV ပိုးရှိသော ဆေးထိုးဖော်ရှိခြင်း
    • ဆေးထိုးအပ်များ (သို့မဟုတ်) အခြားဆေးထိုးပစ္စည်းများ (ဥပမာ – cooker များ) ကို မျှဝေသုံးစွဲခြင်း
  • PEP (post-exposure prophylaxis) ဆေးကို ယခင်သောက်ဖူးပြီး အောက်ပါအချက် တစ်ခုခုနှင့်ကိုက်ညီခြင်း _
    • ပိုးကူးစက်နိုင်ခြေများသော အမူအကျင့်များ ဆက်လက်ပြုလုပ်နေပါက
    • PEP ကို ယခင်က အကြိမ်များစွာ သောက်သုံးခဲ့ဖူးခြင်း
  • အထက်ဖော်ပြပါ အချက်များမရှိသော်လည်း ဆရာဝန်မှ သောက်သုံးရန် လိုအပ်သည်ဟု ဆုံးဖြတ်ခြင်း စသည်တို့ဖြစ်သည်။

ဆေးသောက်ရာတွင် လိုက်နာရမည့်အချက်များ
PrEP သောက်ရန် သင့်တော်သည်ဟု ဆရာဝန်မှ ဆုံးဖြတ်ပြီးနောက် ဆေးညွှန်းရေးပေးမည်ဖြစ်သည်။ PrEP သောက်မည့်သူများသည် အောက်ပါအချက်များကို သိရှိလိုက်နာရန် လိုအပ်သည်။

  • PrEP စတင်မသောက်မီ မိမိတွင် HIV ပိုးမရှိကြောင်း တိကျသေချာသည့် စစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်သည်
  • PrEP သောက်သုံးနေစဉ်အတွင်း ဆရာဝန် ညွှန်ကြားသည့်အတိုင်း
    • ရက်ချိန်း ပုံမှန်ပြန်ပြခြင်း
    • HIV ပိုး ပုံမှန်စစ်ဆေးခြင်း
    • ဆေးညွှန်းအသစ်များ (သို့မဟုတ်) ထိုးဆေးသို့ ပြောင်းခြင်း စသည်တို့ကို ပြုလုပ်ရမည်
  • PrEP သောက်သူများသည် ဆေးအာနိသင်ကို အပြည့်အဝရရှိရန် လမ်းညွှန်ထားသည့်အတိုင်း နေ့စဥ်သောက်ရန် လိုအပ်သည်၊ ယေဘုယျအားဖြင့် သောက်ဆေးများသည် တစ်နေ့ (၁) လုံး နေ့စဥ်ပုံမှန် သောက်ရန်လိုပြီး ထိုးဆေးများသည် ဆေးပေါ်မူတည်၍ (၂) လတစ်ခါ၊ (၆) လတစ်ခါ ထိုးရန် လိုသည်၊ ပုံမှန်မသောက်ပါက သွေးထဲတွင် ဗိုင်းရပ်စ်ကို တားဆီးရန် လုံလောက်သော ဆေးပမာဏ မရှိသောကြောင့် ရောဂါကူးစက်နိုင်ခြေများသည်
  • PrEP သောက်ခြင်းကို ရပ်လိုပါက မိမိသဘောဖြင့် ဆေးရပ်ခြင်း မပြုလုပ်သင့်ပါ၊ ဘေးကင်းစွာ ဆေးရပ်ခြင်းနှင့် ပိုမိုသင့်တော်မည့် HIV ကာကွယ်သော အခြားနည်းလမ်းများကို သုံးခြင်း စသည့်အချက်များကို မိမိဆရာဝန်နှင့် ဆွေးနွေးသင့်သည်

PrEP ၏ ဘေးထွက်ဆိုးကျိုးများ
PrEP ကို လူတိုင်း ‌ဘေးကင်းစွာ သောက်သုံးနိုင်သည်။ အချို့လူများတွင် ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်းနှင့် ဗိုက်နာခြင်းကဲ့သို့ ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိသော်လည်း အချိန်ကြာလျှင် တဖြည်းဖြည်း သက်သာသွားလေ့ရှိသည်။ သို့သော် ပြင်းထန်၍ ဆက်တိုက်ဖြစ်နေပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

အခြားဆေးများနှင့် ဓာတ်ပြုခြင်း (Interactions)

  • PrEP နှင့် တားဆေးများ
    ဟော်မုန်းပါသော တားဆေးများ (သောက်ဆေး၊ ကပ်ခွာ၊ ထိုးဆေး၊ လက်မောင်းတွင်းထည့်သော ပစ္စည်း) (သို့မဟုတ်) သားအိမ်တွင်းထည့်သော သားဆက်ခြားပစ္စည်းများနှင့် ဓာတ်ပြုခြင်း မရှိခြင်းကြောင့် ဘေးကင်းစွာ အတူသုံးစွဲနိုင်သည်။
  • PrEP နှင့် ဟော်မုန်းကုထုံး
    အလားတူပင် ဓာတ်ပြုခြင်းမရှိသောကြောင့် အတူသုံးနိုင်သည်။

လိုအပ်ချိန်မှ သောက်သော PrEP (On-demand PrEP)
PrEP သောက်ဆေးများသည် ပုံမှန်အားဖြင့် နေ့စဥ်သောက်ရန် လိုသော်လည်း အချို့လူများသည် HIV ကူးစက်နိုင်ခြေရှိသော လိင်ဆက်ဆံချိန်မှသာ PrEP ဆေးများကို သောက်သုံးလိုကြသည်။ “၂-၁-၁” ဆေးသောက်ခြင်း ဟုလည်း ခေါ်ကြသည်။ လိင်မဆက်ဆံမီ (၂)နာရီ မှ (၂၄)နာရီအတွင်း PrEP ဆေး (၂) လုံးသောက်ရပြီး၊ ပထမအကြိမ် ဆေးသောက်ပြီးနောက် ‌(၂၄) နာရီအကြာတွင် ဆေး (၁) လုံးနှင့် ဒုတိယအကြိမ် ဆေးသောက်ပြီးနောက် (၂၄) နာရီအကြာတွင် ဆေး (၁) လုံး သောက်ရသည်။ ဤနည်းလမ်းကို အချို့နိုင်ငံများတွင် လိင်တူဆက်ဆံသူ အမျိုးသားများတွင် သောက်နိုင်သည်ဟု အကြံပြုထားသော်လည်း အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) နှင့် အမေရိကန်ပြည်ထောင်စု ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန (CDC) တို့မှ အတည်ပြုထားခြင်းမရှိဘဲ နေ့စဥ်ပုံမှန်ဆေးသောက်ခြင်းကိုသာ အကြံပြုထားသည်။

PEP (post-exposure prophylaxis) (ရောဂါပိုးနှင့် ထိတွေ့မှုဖြစ်ပြီးနောက် ကာကွယ်ခြင်း)

PEP (post-exposure prophylaxis) ဆိုသည်မှာ HIV ပိုးရှိသူ (သို့မဟုတ်) ပိုးရှိနိုင်ခြေများသူတို့၏ သွေး (သို့မဟုတ်) ကိုယ်ခန္ဓာအရည်များနှင့် ထိတွေ့မှုဖြစ်ပြီးနောက် မကူးစက်အောင် အေအာတီ ဆေးဖြင့် ကာကွယ်ခြင်းဖြစ်သည်။ ထိတွေ့မှု ဖြစ်ပြီးနောက် (၇၂) နာရီ (၃ ရက်) အတွင်း PEP ကို တတ်နိုင်သမျှ စောစော စတင်သောက်သုံးရမည်။

ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သည်ဟု သံသယရှိပါက မိမိဆရာဝန်နှင့် ချက်ချင်းဆွေးနွေးတိုင်ပင်ပါ။ ဥပမာ အခြေအနေများမှာ_

  • လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်သွားခြင်း
  • ဆေးထိုးအပ်များ (သို့မဟုတ်) အခြားဆေးထိုးပစ္စည်းများ မျှဝေသုံးစွဲမိခြင်း
  • လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း
  • ကျန်းမာရေးဝန်ထမ်းများတွင် လူနာ၏ သွေး၊ အရည်များနှင့် ထိတွေ့မိခြင်း စသည်တို့ဖြစ်သည်။

PEP ဆေးသည် စောစော စသောက်လေ၊ ကာကွယ်နိုင်မှုပိုမြင့်လေ ဖြစ်သောကြောင့် ထိတွေ့မိသည်ဟု သံသယရှိပါက ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်၍ လိုအပ်ပါက ဆေးသောက်သင့်သည်။ PEP ဆေးများသည် HIV ကုသရာတွင် သုံးသော အေအာတီဆေးများပင်ဖြစ်ပြီး ဆေးကို (၂၈) ရက်ကြာ နေ့စဥ် သောက်သုံးရန်လိုသည်။ မိမိနှင့်သင့်တော်သော PEP ဆေးအမျိုးအစားကို ဆရာဝန်မှ ရွေးချယ်ညွှန်ကြားပေးမည်။ များသောအားဖြင့် PEP သည် ဘေးကင်းသော်လည်း အချို့လူများတွင် ပျို့အန်ခြင်းကဲ့သို့ မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်သည်။ PEP သည် HIV ပိုးကို ကာကွယ်နိုင်သည် ဆိုသော်လည်း ရောဂါပိုးနှင့် မကြာခဏ ထိတွေ့နိုင်ခြေများသူများအတွက် သုံးစွဲခြင်း မပြုလုပ်ရပါ။ ထိုသူများတွင်မူ လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးစွဲခြင်းနှင့် ဘေးကင်းစွာ မူးယစ်ဆေးထိုးခြင်းကဲ့သို့ ထိရောက်သော HIV ကာကွယ်ရေးနည်းလမ်းများကိုသာ ဦးစားပေး လမ်းညွှန်သင့်သည်။ ထို့ပြင် HIV ပိုးနှင့် မကြာခဏ ထိတွေ့နိုင်ခြေရှိပါက PrEP (pre-exposure prophylaxis) သောက်ခြင်းက ပို၍ အကျိုးရှိနိုင်သောကြောင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်။

လုပ်ငန်းခွင်အတွင်း HIV ပိုးနှင့် ထိတွေ့မိခြင်း

ကျန်းမာရေးဝန်ထမ်းများ (သို့မဟုတ်) လူ၏ သွေး၊ ခန္ဓာကိုယ်အရည်များနှင့် ထိတွေ့လုပ်ကိုင်ရသော လုပ်ငန်းခွင်ဝန်ထမ်းများ အနေဖြင့် HIV ပိုးနှင့် ထိတွေ့မိသည်ဟု သံသယရှိပါက အောက်ပါအတိုင်း လိုက်နာဆောင်ရွက်သင့်သည်။

  1. ချက်ချင်းပြုလုပ်ရန်
    • ထိတွေ့ခဲ့သော နေရာကို ရေနှင့် ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောပါ
    • မျက်လုံးထဲသို့ စင်ခဲ့ပါက သန့်ရှင်းသောရေဖြင့် မျက်လုံးကို ခဏခဏ ဆေးကြောပါ
  2. ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ
    • ကူးစက်ရောဂါ အထူးကုဆရာဝန် (သို့မဟုတ်) ကျွမ်းကျင်ပညာရှင်နှင့် ချက်ချင်းဆွေးနွေးပါ။
  3. PEP ကုထုံး စတင်ပါ
    • လိုအပ်သော အခြေခံသွေးစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် PEP (Post-Exposure Prophylaxis) ဆေးကို ထိတွေ့မှုဖြစ်ပြီး (၇၂) နာရီအတွင်း စတင်သောက်သုံးရန် အရေးကြီးသည်
    • စောစောစတင်လေလေ၊ ရောဂါကူးစက်ခံရမှုအန္တရာယ် လျော့နည်းလေလေ ဖြစ်သည်
  4. ပုံမှန်ကြိုတင်ကာကွယ်မှုများကူးစက်ရောဂါများအတွက် ပုံမှန်ကြိုတင်ကာကွယ်မှုများ (Standard precautions) ကို စနစ်တကျ လေ့ကျင့်လိုက်နာခြင်းဖြင့် HIV ပိုးနှင့် ထိတွေ့မှုအန္တရာယ်ကို အကောင်းဆုံး ကာကွယ်နိုင်သည်
ရောဂါပိုးရှိသူမှ အခြားသူသို့ မကူးစက်အောင် ကာကွယ်ခြင်း

HIV ရောဂါပိုးရှိပါက ထိရောက်သော ကုသမှုခံယူခြင်းသည် အရေးကြီးဆုံး အချက်ဖြစ်သည်။ HIV ဗိုင်းရပ်စ်ပွါးများခြင်းကို တားဆီးသော အေအာတီဆေးများကို သောက်သုံးပြီးနောက် ဗိုင်းရပ်စ်ပိုးပမာဏကို တိုင်းတာ၍မရသော ပမာဏ (Undetectable viral load) ထိ လျှော့ချထားသူများသည် အခြားသူများကို ရောဂါကူးစက်စေခြင်း မရှိသောကြောင့် အေအာတီ (ART) သောက်သုံးခြင်းသည် ထိရောက်သော ရောဂါကာကွယ်ခြင်း နည်းလမ်းတစ်ခုဖြစ်သည်။

မိခင်မှ ကလေးသို့ မကူးစက်အောင် ကာကွယ်ခြင်း

ကိုယ်ဝန်ဆောင်မိခင်တိုင်းသည် HIV ပိုးစစ်ဆေးမှုကို တတ်နိုင်သမျှ စောစောခံယူရန် လိုအပ်သည်။

  • ရောဂါပိုးရှိနေပါက ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားနေချိန်နှင့် ကလေးမွေးပြီးချိန်အထိ အေအာတီဆေးများကို သောက်သုံးခြင်းဖြင့် ဗိုင်းရပ်စ်ပိုးကောင်ရေပမာဏ လျှော့ချနိုင်ပြီး၊ မွေးကင်းစကလေးကို ART ဆေးများ သတ်မှတ်ချိန်အတိုင်း တိုက်ကျွေးခြင်းဖြင့် ကလေးထံသို့ HIV မကူးစက်အောင် ကာကွယ်နိုင်သည်၊ ကလေးမွေးပြီးနောက်ပိုင်းတွင်လည်း ART ဆေးကို ဆက်လက်သောက်သုံးနေရန် လိုအပ်သည်
  • စစ်ဆေးမှုရလဒ်သည် ပိုးမရှိသော်လည်း မိမိ၏ အိမ်ထောင်ဖက်တွင် HIV ကူးစက်နိုင်ခြေကို များစေသော အလေ့အကျင့်များ ရှိနေပါက ကိုယ်ဝန်၏ တတိယ (၃) လပတ်တွင် နောက်တစ်ကြိမ် ထပ်မံစစ်ဆေးသင့်သည်
  • အကယ်၍ မိမိခင်ပွန်းသည် HIV ပိုးရှိသူဖြစ်နေပြီး မိမိသည် ကိုယ်ဝန်ဆောင်ရန် စဉ်းစားနေပါက HIV ပိုးကို ဆေးဖြင့်ကာကွယ်ခြင်း (PrEP) သောက်ရန် လိုမလို မိမိဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်

References:

  1. HIVinfo. (n.d.-a). The basics of HIV prevention. Retrieved August 1, 2025, from https://hivinfo.nih.gov/understanding-hiv/fact-sheets/basics-hiv-prevention
  2. HIVinfo. (2025). Pre-exposure prophylaxis (PrEP). Retrieved August 1, 2025, from https://hivinfo.nih.gov/understanding-hiv/fact-sheets/pre-exposure-prophylaxis-prep
  3. HIVinfo. (2025). Post-exposure prophylaxis (PEP). Retrieved August 1, 2025, from https://hivinfo.nih.gov/understanding-hiv/fact-sheets/post-exposure-prophylaxis-pep
  4. Centers for Disease Control and Prevention. (2024). Preventing HIV. Retrieved August 1, 2025, from https://www.cdc.gov/hiv/prevention/index.html
  5. Centers for Disease Control and Prevention. (2024). Preventing HIV with PrEP. Retrieved August 1, 2025, from https://www.cdc.gov/hiv/prevention/prep.html
  6. Centers for Disease Control and Prevention. (n.d.). Clinical guidance for PEP. Retrieved August 1, 2025, from https://www.cdc.gov/hivnexus/hcp/pep/index.html
  7. Cleveland Clinic. (n.d.). Post-exposure prophylaxis (PEP): Benefits & side effects. Retrieved August 1, 2025, from https://my.clevelandclinic.org/health/treatments/post-exposure-prophylaxis
  8. WebMD. (2024). Post-exposure prophylaxis (PEP). Retrieved August 1, 2025, from https://www.webmd.com/hiv-aids/post-exposure-prophylaxis

Published: 13 September 2025

Share

13 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.