Antenatal Care (ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး စောင့်ရှောက်မှု)

Antenatal Care (ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး စောင့်ရှောက်မှု)

မိခင်ဝမ်းဗိုက်တွင် စတင်သန္ဓေတည်ချိန်မှ မွေးဖွားသည့်အချိန်ထိ ကိုယ်ဝန်ဆောင်ကာလသည် ပုံမှန်အားဖြင့် ကိုးလကျော်ခန့် ကြာမြင့်သည်။ ဤကာလကို သန္ဓေသား၏ ဖွံ့ဖြိုးမှုအဆင့်ဆင့်နှင့် မိခင်၏ ခန္ဓာကိုယ်ပြောင်းလဲမှုများအရ ပထမ၊ ဒုတိယနှင့် တတိယ သုံးလပတ်ဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားသတ်မှတ်လေ့ရှိသည်။ သန္ဓေသား၏ ကြီးထွားဖွံ့ဖြိုးမှု၊ မိခင်၏ ဇီဝကမ္မဖြစ်စဉ်နှင့် ကိုယ်ခန္ဓာအပြောင်းအလဲများ၊ လိုက်နာရမည့် ကျန်းမာရေးစောင့်ရှောက်မှု ညွှန်ကြားချက်များမှာလည်း ဤကာလအပိုင်းအခြားတစ်ခုစီအလိုက် ကွာခြားမှုရှိသည်။

ကိုယ်ဝန်ပထမသုံးလပတ်

ရာသီဓမ္မတာ ပုံမှန်မလာတော့သည့် အချိန်မှစ၍ ကိုယ်ဝန်၏ ပထမ သုံးလပတ်သည် ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုများကို သိသာစွာခံစားရသော ကာလဖြစ်သည်။ ဤကာလတွင် သန္ဓေသားသည် ဦးနှောက်၊ အာရုံကြောမကြီး၊ အခြားကိုယ်တွင်းအင်္ဂါများ၊ ခြေချောင်းနှင့် လက်ချောင်းလေးများ စတင်ဖွံ့ဖြိုးလာပြီဖြစ်သည်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဟော်မုန်းများ ပြောင်းလဲမှုကြောင့် မိခင်တွင် ကိုယ်ခန္ဓာ၏ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ (ဥပမာ _ ရင်သားတင်းခြင်း၊ ပျို့အန်ခြင်း၊ မောပန်းခြင်း) နှင့် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ (စိတ်အပြောင်းအလဲမြန်ခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း) ကို ကြုံတွေ့ရနိုင်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ဤကဲ့သို့သော ပြောင်းလဲမှုဖြစ်စဉ်များကို ကြိုတင်သိရှိနားလည်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းဖြင့် ကိုယ်ဝန်၏ ကနဦးကာလကို ပိုမိုပေါ့ပါးစွာ ကျော်လွှားနိုင်မည်ဖြစ်သည်။

ကိုယ်ဝန်ပထမသုံးလပတ်အတွင်း ကြုံတွေ့နိုင်သော လက္ခဏာများ

ကိုယ်ဝန်၏ ပထမ သုံးလပတ်တွင် ခန္ဓာကိုယ်အတွင်း ဟော်မုန်းအပြောင်းအလဲများကြောင့် အောက်ပါလက္ခဏာများ ပေါ်ပေါက်နိုင်သည်။

  1. ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
    • ရင်သားတင်းခြင်း၊ နာကျင်ခြင်း _ ကိုယ်ဝန်၏ ပထမဆုံးလက္ခဏာများထဲမှ တစ်ခုဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာသွားတတ်သည်
    • အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း _ နေ့ခင်းဘက်တွင် အိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးခြင်းဖြင့် သက်သာစေနိုင်သည်
    • ပျို့အန်ခြင်း _ မနက်ခင်းအချိန်တွင် ပိုဆိုးတတ်ပြီး ကိုယ်ဝန် (၆) ပတ်ခန့်မှစတင်ကာ (၁၂-၁၄) ပတ်အထိ ကြုံတွေ့ရနိုင်သည်၊ အစာကို နည်းနည်းနှင့် ခဏခဏစားခြင်း၊ ခြောက်သွေ့ပြီး အဆီနည်းသောအစားအစာများ (ဂျုံကြွပ်၊ ဆန်ပြုတ်) စားခြင်းဖြင့် သက်သာစေနိုင်သည်
    • ဆီးမကြာခဏသွားခြင်း _ သားအိမ်ကြီးထွားလာပြီး ဆီးအိမ်ကို ဖိမိကာ ဖြစ်ပေါ်တတ်သည်
    • အခြားလက္ခဏာများ _ ခေါင်းကိုက်ခြင်း၊ ရင်ပူခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်းနှင့် အစားအသောက်ပြောင်းလဲခြင်းများ ဖြစ်ပေါ်တတ်သည်။
  2. စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ
    • စိတ်အပြောင်းအလဲမြန်ခြင်း _ ပျော်ရွှင်ဝမ်းသာမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်တိုလွယ်မှုနှင့် အားငယ်မှုတို့ကို တစ်လှည့်စီ ခံစားရနိုင်သည်
    • စိတ်လှုပ်ရှားခြင်းနှင့် ပူပန်ခြင်း _ မိမိ၏ကျန်းမာရေးနှင့် ကလေးအတွက် စိုးရိမ်စိတ်များ ဖြစ်ပေါ်တတ်သည်။

အထက်ပါလက္ခဏာများသည် ကိုယ်ဝန်ဆောင်တိုင်းတွေ့ကြုံရသည်မဟုတ်ဘဲ၊ ခံစားရသည့် အတိုင်းအတာနှင့် အချိန်ကာလသည်လည်း တစ်ဦးနှင့်တစ်ဦး ကွာခြားနိုင်သည်။ မည်သည့်လက္ခဏာမဆို ပုံမှန်မဟုတ်ဘဲ လွန်ကဲဆိုးရွားပါက ဆရာဝန်နှင့် ပြသရန် အရေးကြီးသည်။

ကိုယ်ဝန် ပထမသုံးလပတ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအနေဖြင့် မိမိတွင် ကိုယ်ဝန်ရှိနေကြောင်း သိရှိသည်နှင့်တပြိုင်နက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် အထူးလိုအပ်သည်။ မိသားစုဆရာဝန်၊ သားဖွားမီးယပ်ဆရာဝန်၊ ကျွမ်းကျင်သော သားဖွားဆရာမ တစ်ဦးဦးထံတွင် ကိုယ်ဝန်နှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျခံယူရမည်။

ပထမဆုံးအကြိမ် ကျန်းမာရေးစောင့်ရှောက်မှု (ကိုယ်ဝန်အပ်နှံခြင်း)

ပထမဆုံးအကြိမ်တွင် ကျန်းမာရေးစောင့်ရှောက်သူမှ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ကျန်းမာရေးရာဇဝင်ကို အသေးစိတ်မေးမြန်း၍ အန္တရာယ်များသော ကိုယ်ဝန်ဖြစ်နိုင်သော အချက်များ ရှိမရှိ ဆန်းစစ်ရန် လိုအပ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့်လည်း မေးမြန်းသမျှကို တိကျသေချာစွာနှင့် ပွင့်လင်းစွာ ဆွေးနွေးဖြေဆိုခြင်းဖြင့် ကိုယ်ဝန်စောင့်ရှောက်ရာတွင် အထောက်အကူပြုရာရောက်သည်။

ကျန်းမာရေးရာဇဝင်မေးမြန်းခြင်း
သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူမှ အောက်ပါအချက်အလက်များကို မေးမြန်းမှတ်တမ်းတင်ထားမည်။

  • အသက်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ စသည့် ကိုယ်ရေးအချက်အလက်
  • ဓမ္မတာရာသီ လည်ပတ်ပုံနှင့် နောက်ဆုံးဖြစ်ပေါ်ခဲ့သော ဓမ္မတာရာသီနှင့် ပတ်သက်သည့် အချက်အလက်များ
  • ယခင်ကိုယ်ဝန်ဆောင်ခဲ့ဖူးပါက ထိုကိုယ်ဝန်များနှင့် ပတ်သက်သည့် အချက်အလက်များ
  • ယခင်ဖြစ်ပွားခဲ့ဖူးသော ကျန်းမာရေးပြဿနာများ၊ ခွဲစိတ်ကုသမှုများ
  • လက်ရှိသုံးစွဲနေသော ဆေးဝါးများနှင့် ဓာတ်မတည့်သော ဆေးဝါးများ
  • မိသားစုဝင်များ၏ ကျန်းမာရေးရာဇဝင်များ
  • ကိုယ်ဝန်ဆောင်မိခင်တွင် ဆေးလိပ်၊ ကွမ်း၊ အရက်၊ မူးယစ်ဆေးဝါးများ သုံးစွဲဖူးခြင်း ရှိမရှိ

ထိုအချက်အလက်များအပြင် ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအပေါ် အထောက်အကူပြုနိုင်သည်ဟု ထင်မြင်ယူဆသောအချက်များရှိပါက ပွင့်လင်းစွာ ဖွင့်ဟပြောဆိုနိုင်သည်။

ကိုယ်ဝန်ဆောင်မိခင်၏ မွေးဖွားနိုင်သည့်ရက်ကို သက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်သူမှ နောက်ဆုံးဓမ္မတာရာသီခွင်ပေါ် မူတည်၍ တွက်ချက်သတ်မှတ်ပေးလိမ့်မည်။ ထိုရက်သည် ရက်သတ္တပတ် (၄၀) ပြည့်မြောက်မည့်ရက်ကို တွက်ချက်ခြင်းဖြစ်ပြီး ထိုရက်တွင် မွေးဖွားမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထိုသို့ မွေးဖွားနိုင်သည့်ရက်သတ်မှတ်ခြင်းအားဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားတို့အား ကျန်းမာရေး စောင့်ရှောက်ရာတွင် ကိုယ်ဝန်သက်အလိုက် တိကျသော စမ်းသပ်စစ်ဆေးမှုများ၊ လိုအပ်သော ကုသမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် မိမိ၏ဓမ္မတာရာသီနှင့် ပတ်သက်၍ မသေချာမှုများရှိပါက စမ်းသပ်စစ်ဆေးခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်းတို့ဖြင့် ကိုယ်ဝန်သက်ကို သိနိုင်ပြီး မွေးဖွားမည့်ရက်ကို တွက်ချက်သတ်မှတ်မည်။

စမ်းသပ်စစ်ဆေးခြင်း
ကျန်းမာရေးရာဇဝင် မေးမြန်းပြီးနောက် ကိုယ်ဝန်ဆောင်မိခင်၏ ကိုယ်အလေးချိန်၊ အရပ်အမြင့်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အဆုတ်နှင့်နှလုံး စမ်းသပ်စစ်ဆေးခြင်း၊ ဝမ်းဗိုက်နှင့်သားအိမ်အမြင့် စမ်းသပ်ခြင်း အစရှိသည်တို့ကို စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။

ထိုသို့စမ်းသပ်စစ်ဆေးပြီးနောက် ကိုယ်ဝန်ဆောင်မိခင်၏ သွေးနှင့်ဆီးတို့ကို လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်ရန် ကျန်းမာရေး စောင့်ရှောက်သူမှ စီစဉ်ဆောင်ရွက်ပေးမည်။ ထိုစစ်ဆေးမှုများမှတစ်ဆင့် သွေးအုပ်စုအမျိုးအစား၊ သွေးအားနည်းခြင်း ရှိမရှိ၊ မိခင်မှ သန္ဓေသားသို့ ကူးစက်နိုင်သောရောဂါပိုးများ ရှိမရှိ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးတွင် အသားဓာတ်များစွာ ပါရှိခြင်း ရှိမရှိကို သိရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် သတ်မှတ်ထားသည့် ကိုယ်ဝန်သက်၌ အာထရာဆောင်းရိုက်နိုင်ရန် တွက်ချက်စီစဉ်ပေးမည်။

လိုအပ်သောကုသမှုများ
ကိုယ်ဝန်ဆောင်မိခင်အား စမ်းသပ်တွေ့ရှိချက်များကို ရှင်းလင်းပြောကြားပြီး ကိုယ်ဝန်နှင့်ပတ်သက်၍ လိုက်နာရန်နှင့် ရှောင်ရှားရန်များကို မှာကြားမည်။ ကိုယ်ဝန်ဆောင်မိခင် ခံစားနေရသော လက္ခဏာများပေါ် မူတည်၍ သောက်သုံးရန် ဆေးဝါးများ၊ သန္ဓေသားအတွက် လိုအပ်သော အားဆေးများနှင့် မေးခိုင်ကာကွယ်ဆေးထိုးခြင်းကို ညွှန်ကြားမည်။ ကိုယ်ဝန်ဆောင်မိခင်မှလည်း မိမိခံစားနေရသည်များနှင့် သိရှိလိုသည်များကို ပွင့်လင်းစွာ ဆွေးနွေးမေးမြန်းနိုင်သည်။

ထပ်မံချိန်းဆိုမှုများ
ကိုယ်ဝန်အပ်နှံပြီးနောက် ကိုယ်ဝန် ပထမ သုံးလပတ်အတွင်း အနည်းဆုံး ရက်သတ္တ လေးပတ်လျှင် တစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လိုအပ်သည်။ ကျန်းမာရေးစောင့်ရှောက်သူမှ ချိန်းဆိုသည့်အတိုင်း မပျက်မကွက်သွားရောက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ကိုယ်ရောစိတ်ပါ လုံခြုံပြီး ကျန်းမာပျော်ရွှင်သော ကိုယ်ဝန် ပထမ သုံးလပတ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

ကိုယ်ဝန်ဒုတိယသုံးလပတ်

ကိုယ်ဝန်၏ လေးလမြောက် မှ ခြောက်လအထိ၊ ဒုတိယ သုံးလပတ်သည် ပုံမှန်အားဖြင့် ပေါ့ပါးသက်သာသော ရက်အပိုင်းအခြားများဖြစ်သည်။ ကိုယ်ဝန်လေးလကျော်တွင် ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် မိမိသန္ဓေသား၏ လှုပ်ရှားမှုကို ပထမဆုံးအကြိမ်အဖြစ် သိသာစွာ ခံစားရနိုင်သည်။

ကိုယ်ဝန်ဒုတိယသုံးလအတွင်း ကြုံတွေ့နိုင်သော လက္ခဏာများ

ကိုယ်ဝန်၏ ဒုတိယသုံးလပတ်သည် ကိုယ်ဝန်ဆောင်ဘဝ၏ “ရွှေရောင်ကာလ”ဟု တင်စားခေါ်ဆိုကြသော်လည်း ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများနှင့်အတူ လက္ခဏာအသစ်များ ခံစားရနိုင်သည့်ကာလလည်းဖြစ်သည်။

  • ဝမ်းဗိုက်ပူလာခြင်း _ သန္ဓေသား ဆက်လက်ကြီးထွားလာသည်နှင့်အမျှ သားအိမ်သည်လည်း သိသိသာသာ ကြီးထွားလာကာ ဝမ်းဗိုက်ပူလာသည်ကို သတိထားမိလာသည်
  • ရင်သားကြီးထွားခြင်း _ ရင်သားများသည် ဆက်လက်ကြီးထွားပြီး ပိုမိုတင်းလာကာ နာကျင်မှုခံစားရနိုင်သည်၊ ကိုယ်ဝန်ဆောင်အတွက် သင့်တော်သော အတွင်းခံအင်္ကျီများ ပြောင်းလဲဝတ်ဆင်ရန် လိုအပ်လာမည်
  • ခါးနာခြင်း _ ကိုယ်ဝန်ဆောင်ဟော်မုန်းများကြောင့်လည်းကောင်း၊ သားအိမ်ကြီးထွားလာ၍ ခန္ဓာကိုယ်အနေအထား ပြောင်းလဲလာခြင်းကြောင့်လည်းကောင်း ခါးနာခြင်းဝေဒနာကို စတင်ခံစားလာရနိုင်သည်၊ ခြေဖနောင့်အနည်းငယ်မြင့်သော သက်တောင့်သက်သာရှိသည့် ဖိနပ်များ စီးခြင်းဖြင့် ဤဝေဒနာကို သက်သာစေနိုင်သည်
  • ခြေသလုံးကြွက်တက်ခြင်း _ ညဘက်တွင် ပိုမိုဖြစ်ပွားတတ်ပြီး နာကျင်မှုကို ခံစားရနိုင်သည်၊ အိပ်ယာမဝင်မီ ခြေထောက်ဆန့်တန်းလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ရေများများသောက်ခြင်းနှင့် ပုံမှန်လမ်းလျှောက်ခြင်းတို့ဖြင့် ကာကွယ်ကုသနိုင်သည်
  • အသားအရောင်ပြောင်းခြင်း _ ဟော်မုန်းအပြောင်းအလဲကြောင့် အရေပြားဆဲလ်များ ပိုမိုအလုပ်လုပ်ရသည့်အတွက် နို့သီးခေါင်းပတ်လည်၊ ဂုတ်ပိုး၊ ပေါင်ခြံနှင့် လိင်အင်္ဂါကြားတစ်လျှောက်ရှိ အရေပြားများ ပိုမိုညိုမည်းလာတတ်သည်
  • တင်းတိပ်နှင့် အရေးအကြောင်းများ _ မျက်နှာတွင် တင်းတိပ်ဟုခေါ်သော အညိုရောင် အစက်အပြောက်များ ပေါ်လာတတ်ပြီး ဝမ်းဗိုက်ကြီးထွားလာသည်နှင့်အမျှ ဗိုက်တွင် အရေးအကြောင်းများ (Stretch marks) ပေါ်လာတတ်သည်၊ ဤပြောင်းလဲမှုများသည် မီးဖွားပြီးနောက် အလိုလိုသက်သာပျောက်ကင်းသွားတတ်သည်
  • မူးဝေထိုင်းမှိုင်းခြင်း _ ကိုယ်အနေအထား အမြန်ပြောင်းလဲမိပါက သွေးခုန်နှုန်းမမှန်ခြင်း၊ မူးဝေခြင်း သို့မဟုတ် သွေးပေါင်ကျခြင်းတို့ ဖြစ်ပေါ်တတ်သည်၊ ထိုသို့မဖြစ်စေရန် ဖြည်းဖြည်းချင်း ထခြင်း၊ ထိုင်ခြင်းများ ပြုလုပ်သင့်သည်
  • နှာခေါင်းနှင့် ခံတွင်းပြဿနာများ _ နှာခေါင်းပိတ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း စသည့် ဝေဒနာများ ခံစားရနိုင်သည်၊ ထိုသို့သော ဝေဒနာများ ဆိုးရွားပါက ဆရာဝန်နှင့် တိုင်ပင်ပြသရန် လိုအပ်သည်။

ဤလက္ခဏာအများစုသည် ကိုယ်ဝန်ဆောင်ကာလ၏ ပုံမှန်ဖြစ်စဉ်များဖြစ်သော်လည်း မည်သည့်ဝေဒနာကိုမဆို ပုံမှန်မဟုတ်ဘဲ ဆိုးရွားပါက ဆရာဝန်နှင့် တိုင်ပင်ပြသသင့်သည်။

ကိုယ်ဝန်ဒုတိယသုံးလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ

ကိုယ်ဝန်၏ ဒုတိယသုံးလပတ်သည် မိခင်နှင့် သန္ဓေသားအတွက် အရေးကြီးသော စောင့်ကြည့်မှုများ ပြုလုပ်ရန် အချိန်ကာလဖြစ်သည်။ သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူမှ ချိန်းဆိုသည့်အတိုင်း ပုံမှန်ပြသပြီး စောင့်ရှောက်မှုခံယူရန် အလွန်အရေးကြီးသည်။

စမ်းသပ်စစ်ဆေးမှုများ

  • ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ _ သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်းနှင့် သားအိမ်အမြင့်ကို တိုင်းတာ၍ သန္ဓေသား၏ ကြီးထွားမှုအား စစ်ဆေးမည်ဖြစ်သည်
  • ဓာတ်မှန်ရိုက်ခြင်း (Ultrasound) _ ဒုတိယ သုံးလပတ်အတွင်း အာထရာဆောင်း (Ultrasound) ရိုက်ခြင်းဖြင့် သန္ဓေသား၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ (ဦးနှောက်၊ နှလုံး၊ ကျောရိုးမကြီး၊ ခြေလက်အင်္ဂါများ) ပုံမှန်ဖွံ့ဖြိုးမှု ရှိမရှိ စစ်ဆေးနိုင်သည်၊ ထို့အပြင် သန္ဓေသား၏ လိင်အမျိုးအစားကိုလည်း သိရှိနိုင်သည့်အချိန်ဖြစ်သည်
  • သွေးစစ်ဆေးမှုများ _ ယခင်စစ်ဆေးထားသော သွေးအဖြေများကို ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ပြန်လည်စစ်ဆေးခြင်း၊ ကုသခြင်းတို့ ပြုလုပ်ပေးမည်ဖြစ်သည်၊ သွေးနှင့်အခြားစစ်ဆေးမှုများ ပြုလုပ်၍ သန္ဓေသားတွင် မွေးရာပါ ချို့ယွင်းချက်များ (ဥပမာ _ ဒေါင်းရောဂါစု) ရှိမရှိကိုလည်း စမ်းသပ်စစ်ဆေးနိုင်သည်
  • ကိုယ်ဝန်ဆောင်ဆီးချို (Gestational Diabetes) စစ်ဆေးခြင်း _ ကိုယ်ဝန်ဆောင်အမျိုးသမီးထံတွင် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ပွါးနိုင်သော အကြောင်းရင်းများရှိပါက သွေးသကြားဓာတ်စစ်ဆေးမှု (Glucose Challenge Test) ပြုလုပ်မည်ဖြစ်သည်

ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ကိုယ်ခန္ဓာပြောင်းလဲမှုများ အနည်းငယ် လျော့ပါးသက်သာသွားသော်လည်း မိမိခံစားနေရသည်များ၊ စိတ်ဖိစီးမှုများရှိပါက ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ရန် လိုအပ်ပြီး သိလိုသမျှကိုလည်း မေးမြန်းရန် လိုအပ်သည်။

ကိုယ်ဝန်တတိယသုံးလပတ်

ကိုယ်ဝန်သက် (၇) လမှ မွေးဖွားသည်အထိ နောက်ဆုံးသုံးလပတ်သည် ကိုယ်ဝန်ဆောင်မိခင်အတွက် ကိုယ်ခန္ဓာနှင့် စိတ်ခံစားမှုများဆိုင်ရာ ပြောင်းလဲမှုအများဆုံးနှင့် စိန်ခေါ်မှု အကြီးမားဆုံး ကာလများဖြစ်သည်။ သန္ဓေသားသိသာစွာ ကြီးထွားဖွံ့ဖြိုးလာမှုနှင့် မိမိခန္ဓာကိုယ်၏ တုံ့ပြန်ပြောင်းလဲမှုများကြောင့် ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် မွေးဖွားရန် နီးကပ်လာသည်နှင့်အမျသည်နှင့်အမျှ ကိုယ်ရောစိတ်ပါ ပင်ပန်းစိုးရိမ်မှုများကို ခံစားရစမြဲပင်ဖြစ်သည်။

ကိုယ်ဝန်တတိယသုံးလပတ်အတွင်း ကြုံတွေ့နိုင်သော လက္ခဏာများ

ကိုယ်ဝန်၏ နောက်ဆုံးသုံးလပတ်သည် မွေးဖွားချိန်နှင့် နီးကပ်လာသည်နှင့်အမျှ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများကြောင့် စိတ်ရော ကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုများ ခံစားရနိုင်သော ကာလဖြစ်သည်။

  1. ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ
    • ခါးနာခြင်း _ ဤကာလ၏ အဖြစ်အများဆုံး ဝေဒနာဖြစ်သည်၊ ကိုယ်ဝန်ဟော်မုန်းများ၊ ဝမ်းဗိုက်ကြီးထွားလာမှုနှင့် ခန္ဓာကိုယ်အနေအထား ပြောင်းလဲမှုတို့က ခါးကို ဖိအားပေးသောကြောင့် ဖြစ်သည်၊ ပုံမှန်လမ်းလျှောက်ခြင်း၊ သက်သောင့်သက်သာရှိသော ဖိနပ်စီးခြင်း၊ ထိုင်သည့်အခါ ခါးအောက်တွင် ခေါင်းအုံးအပါးလေးခုထားခြင်း၊ ခါးနောက်ကျောကို ရေနွေးအိတ်ကပ်ပေးခြင်းတို့ ပြုလုပ်နိုင်သည်၊ ဆေးသောက်ရန် လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ပါ
    • ဗိုက်တင်းပြီး နာကျင်ခြင်း _ သားအိမ်အနည်းငယ်ညှစ်လာခြင်းကြောင့် ဗိုက်နာသော ခံစားမှုမျိုးကို ဝမ်းဗိုက်တွင်း ခံစားလာရခြင်းဖြစ်သည်၊ နေ့လည်ပိုင်းနှင့် ညနေပိုင်းများတွင် ပိုမိုသိသာသော်လည်း ပုံမှန်အားဖြင့် စက္ကန့်ပိုင်းလောက်မျှသာ အနည်းငယ်နာကျင်တတ်ပြီး အလိုအလျောက် ပြန်လည်သက်သာသွားသည်၊ မွေးဖွားရန် ရက်နီးကပ်လာလေ၊ ထိုသို့သားအိမ်ညှစ်သည့် ခံစားမှုမျိုးကို တိုး၍ တိုး၍ သိသာစွာ ခံစားရတတ်ပြီး တစ်နာရီတွင် ခြောက်ကြိမ်ထက် ပိုများလာလျှင်သော်လည်းကောင်း၊ နာကျင်မှု ဝေဒနာပို၍ တိုးမြင့်လာလျှင်သော်လည်းကောင်း သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူထံ အမြန်ဆက်သွယ်သင့်ပြီး မွေးဖွားနိုင်ခြေ ရှိမရှိကို ဆုံးဖြတ်ချက်ခံယူရသည်
    • အသက်ရှူကျပ်ခြင်း _ ကြီးထွားလာသော သားအိမ်သည် အဆုတ်ကို ဖိမိသဖြင့် မောပန်းခြင်း၊ အသက်ရှူမဝခြင်းများ ဖြစ်စေနိုင်သည်
    • အစာခြေခြင်းဆိုင်ရာ ပြဿနာများ _ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ရင်ပူခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဆက်လက်ခံစားရနိုင်သည်
    • ဆီးမကြာခဏသွားခြင်း _ သားအိမ်မှ ဆီးအိမ်ကို ဆက်လက်ဖိမိနေသောကြောင့် ဖြစ်သည်
    • ခြေထောက်ဖောရောင်ခြင်း _ ခန္ဓာကိုယ်တွင်း ရေဓာတ်စုပြုံမှုနှင့် သားအိမ်၏ဖိအားကြောင့် ဖြစ်တတ်သည်၊ အနားယူစဉ် ခြေထောက်များကို မြှင့်ထားခြင်းဖြင့် သက်သာစေနိုင်သည်
  2. စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ
    • စိုးရိမ်ပူပန်မှုများခြင်း _ မွေးဖွားစဉ်ကြုံတွေ့ရနိုင်သည်များကို ကြိုတင်စဉ်းစားခြင်း၊ နာကျင်မှုကို ကြောက်ရွံ့ခြင်း၊ ရင်သွေးအတွက် မပြည့်မစုံဖြစ်မည်ကို ပူပန်ခြင်းတို့ကြောင့်ဖြစ်သည်၊ အသေးစိတ် စဉ်းစားလျက် အရာရာကို တွေးတောပူပန်နေတတ်သော ကာလများဖြစ်သည်
    • စိတ်လှုပ်ရှားခြင်း _ ရင်သွေးငယ်နှင့် မကြာမီတွေ့ရမည်ကို ကြိုတင်စိတ်လှုပ်ရှားခြင်းမျိုးဖြစ်သည်
  3. အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ
    အထက်ပါ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာအားလုံး၏ ရလဒ်အနေဖြင့် အိပ်ပျော်ရန် ခက်ခဲခြင်း၊ ညဘက် ဆီးသွားချင်စိတ်များခြင်း၊ အိပ်နေစဉ် သက်တောင့်သက်သာရှိရန် ခက်ခဲခြင်းတို့ ကြုံတွေ့ရနိုင်သည်

ဤလက္ခဏာများသည် ပုံမှန်ဖြစ်စဉ်များဖြစ်သော်လည်း အောက်ပါလက္ခဏာများ ပေါ်ပေါက်ပါက ဆရာဝန်နှင့် အမြန်ပြသရန် လိုအပ်သည်။

  • သွေးဆင်းခြင်း
  • ရေမြွှာရည်ယိုစိမ့်ခြင်း
  • သန္ဓေသား၏ လှုပ်ရှားမှု သိသိသာသာ နည်းသွားခြင်း (သို့) ရပ်တန့်သွားခြင်း
  • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
  • မျက်နှာ၊ လက်များ ရုတ်တရက် ဖောရောင်ခြင်း၊ မောပန်းခြင်း
  • အမြင်ဝေဝါးခြင်း
ကိုယ်ဝန်တတိယသုံးလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ

ကိုယ်ဝန်တတိယသုံးလတွင် နှစ်ပတ်လျှင် တစ်ကြိမ်မှ စတင်၍ မီးဖွားခါနီး တစ်လတွင် တစ်ပတ်လျှင် တစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်လိုအပ်သည်။ ကိုယ်ဝန်ဆောင်မိခင်အား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကို စမ်းသပ်ခြင်းနှင့် နှလုံးခုန်သံနားထောင်ခြင်းများ ဆောင်ရွက်မည်။

မွေးဖွားရန် တစ်လခန့်အလိုတွင် ကိုယ်ဝန်ရာဇဝင်နှင့် သန္ဓေသားစမ်းသပ်စစ်ဆေးမှုများကို အခြေခံ၍ မွေးဖွားရန် နည်းလမ်းကို ဆွေးနွေးမည်ဖြစ်သည်။ ခွဲစိတ်မွေးဖွားရန်လိုအပ်သော ကိုယ်ဝန်များအတွက် မွေးဖွားရန်အစီအစဉ်များ တိုင်ပင်ရန်လိုအပ်ပြီး သဘာဝအတိုင်းမွေးဖွားမည့် မိခင်များအတွက် မီးဖွားခါနီး ပြသသောလက္ခဏာများကို ရှင်းလင်းပြောကြားပေးမည်။ မွေးဖွားရန်သတ်မှတ်ထားသောရက်ထက် ကျော်လွန်သွားသော ကိုယ်ဝန်များအတွက်လည်း သက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်သူမှ လိုအပ်သောစမ်းသပ်စစ်ဆေးမှုများထပ်မံပြုလုပ်ပြီး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။

လိုအပ်သော ပြင်ဆင်မှုများနှင့် ကုသမှုများ
ကိုယ်ဝန်၏ တတိယသုံးလပတ်တွင် ကြုံတွေ့ရနိုင်သော လက္ခဏာများမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးအများစုတွင် ဖြစ်ပေါ်တတ်မြဲဖြစ်သဖြင့် သက်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်သူမှ ကြိုတင်ပြင်ဆင်သင့်သည့်အချက်များ၊ လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များကို ကြိုတင်မှာကြားထားလေ့ရှိသည်။ ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာများဖြစ်သော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် မိမိခံစားရသည်တို့ကို ပွင့်လင်းစွာတိုင်ပင်ဆွေးနွေးလျှင် သက်သာနိုင်သည့်အပြင် စိတ်ပင်ပန်းစိုးရိမ်မှုများကိုလည်း လျှော့ချနိုင်သည်။

မီးဖွားရန်အတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်သည့်အချက်များကို မေးမြန်းဆွေးနွေးမှတ်သား၍ ပြင်ဆင်ထားရန်လည်း လိုအပ်သည်။ မီးဖွားခါနီး ဖြစ်ပေါ်တတ်သောလက္ခဏာများကို သတိပြုပြီး ဖြစ်ပေါ်လာပါကလည်း အရေးပေါ်ဆောင်ရွက်ရမည့် အစီအမံများကိုလည်း ကြိုတင်စီမံဆောင်ရွက်ထားရန် အရေးကြီးသည်။

ကျန်းမာရေးစောင့်ရှောက်သူများကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများခံစားနေရသော လက္ခဏာ ပြင်းထန်မှုများပေါ်မူတည်၍ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်သောကုသမှုများ ဆောင်ရွက်မည် ဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ကျန်းမာရေးစောင့်‌ရှောက်သူများ၏ ညွှန်ကြားအကြံပေးချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် နှစ်သက်ပျော်ရွှင်ရသော ကိုယ်ဝန်ဆောင်ဘဝကိုဖြတ်သန်းရမည်ဖြစ်သည်။

References:

  1. Mayo Clinic. (n.d.). Healthy lifestyle: Pregnancy week by week — Prenatal care. Mayo Clinic. Retrieved September 1, 2025, from https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/prenatal-care/art-20044882
  2. Cleveland Clinic. (n.d.). Pregnancy: Gestation, trimester & what to expect. Retrieved September 1, 2025, from https://my.clevelandclinic.org/health/articles/pregnancy
  3. National Institute for Health and Care Excellence. (2012). Antenatal care. NICE Quality Standard [QS22]. Retrieved September 1, 2025, from https://www.nice.org.uk/guidance/qs22/resources/antenatal-care-pdf-2098542418117
  4. Royal College of Obstetricians and Gynaecologists. (n.d.). Antenatal care for uncomplicated pregnancies. Retrieved September 1, 2025, from https://www.rcog.org.uk/for-the-public/browse-our-patient-information/antenatal-care-for-uncomplicated-pregnancies

Published: 12 September 2025

Share

12 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.