Right Brain Training (ညာဘက်ဦးနှောက်လေ့ကျင့်ခြင်း)

Right Brain Training (ညာဘက်ဦးနှောက်လေ့ကျင့်ခြင်း)

ညာဘက်ဦးနှောက်လေ့ကျင့်ခြင်း (Right Brain Training) ဆိုသည်မှာ ကလေးငယ်များ၏ အောက်ပါစွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် လေ့ကျင့်မှုနည်းလမ်းတစ်ရပ်ဖြစ်သည်။

  • ဖန်တီးနိုင်စွမ်း
  • စိတ်ကူးယဉ်နိုင်စွမ်း
  • စိတ်ခံစားမှုနားလည်နိုင်စွမ်း

ယခုအခါတွင် ဤနည်းလမ်းကို မိဘများနှင့် ပညာရေးနယ်ပယ်မှ ပညာရှင်များ စိတ်ဝင်စားလာကြသော်လည်း သိပ္ပံနည်းကျအချက်အလက်များအရ အကောင်းဆုံးလုပ်ဆောင်မှုများ ရရှိရန်အတွက် ဦးနှောက်၏ ဘယ်ညာနှစ်ဖက်စလုံး ဟန်ချက်ညီစွာ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း သတိပြုရမည်ဖြစ်သည်။

ဦးနှောက်သည် ခန္ဓာကိုယ်ရှိ အခြားအင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များကို ထိန်းချုပ်ညှိနှိုင်းပေးသည့် အဓိက အစိတ်အပိုင်းဖြစ်သည်။ ဦးနှောက်ကို အဓိကအားဖြင့် ဘယ်ဘက်ဦးနှောက်ခြမ်း (Left Hemisphere) နှင့် ညာဘက်ဦးနှောက်ခြမ်း (Right Hemisphere) ဟူ၍ နှစ်ပိုင်းခွဲခြားနိုင်ပြီး တစ်ခြမ်းစီတွင် သီးခြားလုပ်ဆောင်ချက်များ ရှိသော်လည်း Corpus callosum ဟုခေါ်သော အာရုံကြောမျှင်စုတန်းများဖြင့် အပြန်အလှန်ဆက်သွယ်ကာ လူသား၏ အတွေ့အကြုံများ၊ ခံစားမှုများနှင့် ဖန်တီးမှုများကို ပြည့်စုံစွာ ဖော်ဆောင်ပေးနေသည်။

ဘယ်ဘက်ဦးနှောက်၏ အဓိကလုပ်ဆောင်ချက်များ

ဘယ်ဘက်ဦးနှောက်ကို “အချက်အလက်ဆန်းစစ်မှုနှင့်ဆင်ခြင်တုံတရားဆိုင်ရာ” အပိုင်းအဖြစ် သတ်မှတ်လေ့ရှိပြီး အချက်အလက်များကို အစဉ်လိုက်နည်းလမ်းကျ လုပ်ဆောင်တတ်သည်။ ဤအပိုင်း၏ အဓိကလုပ်ဆောင်ချက်များမှာ _

  1. ဘာသာစကားဆိုင်ရာ လုပ်ဆောင်ချက်များ
    • စကားပြောနှင့် ဘာသာစကားနားလည်မှုစွမ်းရည်
    • သဒ္ဒါနှင့် ဝါကျတည်ဆောက်ပုံများ
  2. ယုတ္တိဗေဒဆိုင်ရာ စွမ်းရည်များ
    • သင်္ချာနှင့် သိပ္ပံဆိုင်ရာ လုပ်ဆောင်ချက်များ
    • အချက်အလက်များကို ဆင်ခြင်တုံတရားဖြင့် ယုတ္တိကျကျ ဆန်းစစ်နိုင်မှု
  3. အစဉ်လိုက် လုပ်ဆောင်နိုင်စွမ်း
    • ပြဿနာများကို အဆင့်ဆင့် ခွဲခြမ်းစိတ်ဖြာနိုင်မှု
  4. ခန္ဓာကိုယ်၏ ညာဘက်အစိတ်အပိုင်းများကို ထိန်းချုပ်မှု
    • ညာဘက်ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ လှုပ်ရှားမှုနှင့် အာရုံခံမှုများ
ညာဘက်ဦးနှောက်၏ အဓိကလုပ်ဆောင်ချက်များ

ညာဘက်ဦးနှောက်ကို “ဖန်တီးမှုနှင့် အလိုလိုသိမြင်နိုင်စွမ်းဆိုင်ရာ”အပိုင်းအဖြစ် သတ်မှတ်လေ့ရှိသည်။ ဤအပိုင်းသည် အသေးစိတ်အချက်များထက် အားလုံးကိုခြုံ၍ မြင်နိုင်စွမ်းရှိသည်။ ဤအပိုင်း၏ အဓိကလုပ်ဆောင်ချက်များမှာ_

  1. ဖန်တီးမှုနှင့် စိတ်ကူးစွမ်းရည်
    • အနုပညာနှင့် ဂီတဆိုင်ရာ စွမ်းရည်များ
    • စိတ်ကူးယဉ်နိုင်စွမ်း
  2. စုစည်းမြင်နိုင်စွမ်း
    • အလားတူပုံစံများကို သိမြင်နိုင်ခြင်း
    • အကြောင်းအရာများကို ခြုံငုံနားလည်နိုင်ခြင်း
  3. စိတ်ခံစားမှုဆိုင်ရာ စွမ်းရည်
    • မျက်နှာအမူအရာနှင့် အသံအနိမ့်အမြင့်များကို နားလည်ခြင်း
    • စိတ်ခံစားချက်များကို ဖော်ပြနိုင်ခြင်း
  4. နေရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိဉာဏ်
    • ကိုယ်တိုင်ရှိနေသောနေရာကို သိမြင်မှတ်မိခြင်း
    • မျက်နှာများကို မှတ်မိနိုင်ခြင်း
  5. ခန္ဓာကိုယ်၏ ဘယ်ဘက်အပိုင်းများကို ထိန်းချုပ်မှု
    • ဘယ်ဘက်ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ လှုပ်ရှားမှုနှင့် အာရုံခံမှုများ
ဦးနှောက်၏ ဘယ်ညာ ပေါင်းစပ်လုပ်ဆောင်မှုများ

ဦးနှောက်လုပ်ဆောင်ချက်များသည် အထက်ပါအတိုင်းတစ်ဖက်စီတွင် ပိုမိုထင်ရှားစွာ တည်ရှိနေသော်လည်း၊ ဦးနှောက်နှစ်ဖက်စလုံးသည် အများစုသော လုပ်ငန်းဆောင်တာများကို ပူးပေါင်းလုပ်ဆောင်ကြောင်း သတိရှိရန် အရေးကြီးသည်။
ဥပမာအားဖြင့်_

  1. ဘာသာစကား
    • ဘယ်ဘက်ဦးနှောက်သည် သဒ္ဒါနှင့် အဓိပ္ပါယ်မှန်သောစကားလုံးများကို ဖော်ဆောင်သည်
    • ညာဘက်ဦးနှောက်သည် စိတ်ခံစားမှုဆိုင်ရာ အသံ၊ စည်းချက်အနိမ့်အမြင့်ကို ဖန်တီးသည်
  2. ဂီတ
    • ဘယ်ဘက်ဦးနှောက်သည် ဂီတသင်္ကေတများနှင့် စည်းချက်၊ စကားလုံးများကို စနစ်တကျ ဖော်ဆောင်သည်
    • ညာဘက်ဦးနှောက်သည် သီချင်း၏ လေယူလေသိမ်းနှင့် အနုပညာရှုထောင့်မှ နားလည်ခံစားမှုကို ဖန်တီးပေးသည်

ဘယ်ဘက်ဦးနှောက်သည် အသေးစိတ်စီစဉ်သူနှင့် အချက်အလက်စစ်ဆေးသူဖြစ်ပြီး၊ ညာဘက်ဦးနှောက်သည် ဘယ်ဘက်ခြမ်းမှ စီစဉ်ပေးသော အချက်အလက်များပေါ် မူတည်၍ ပိုမိုအနုပညာမြောက်စေရန်၊ ထူးခြားအောင်မြင်မှုရှိစေရန် ဖန်တီးပေးသည်။ ထို့ကြောင့် အောင်မြင်မှုအတွက် နှစ်ဖက်စလုံး အရေးကြီးသည်။ လူတိုင်းသည် ဦးနှောက်နှစ်ဖက်စလုံးကို တစ်ပြိုင်နက်အသုံးပြုခြင်းဖြင့် ကျွမ်းကျင်မှုအမျိုးမျိုး ဖွံ့ဖြိုးလာခြင်းဖြစ်သည်။

ညာဘက်ဦးနှောက်လေ့ကျင့်မှု (Right Brain Training) ၏ သမိုင်းကြောင်းအကျဉ်း

ညာဘက်ဦးနှောက်လေ့ကျင့်မှုအယူအဆသည် ၁၉၆၀-၇၀ ပြည့်နှစ်များက Roger Sperry နှင့် Michael Gazzaniga တို့၏ split-brain သုတေသနများမှ စတင်ခဲ့သည်။ ဤသုတေသနများအရ ညာဘက်ဦးနှောက်သည် ဖန်တီးမှု၊ ခြုံငုံနားလည်မှု၊ စိတ်ခံစားမှုစသည်တို့တွင် ပိုမိုပါဝင်ကြောင်း တွေ့ရှိခဲ့သည်။

ဤနယ်ပယ်တွင် ထင်ရှားသော နောက်ပုဂ္ဂိုလ်တစ်ဦးမှာ Dr. Betty Edwards ဖြစ်ပြီး၊ သူမသည် ၁၉၇၀ ခုနှစ်များတွင် “Drawing on the Right Side of the Brain”စာအုပ်ကို ရေးသားခဲ့သည်။ သူမ၏လုပ်ဆောင်ချက်များသည် အနုပညာဖော်ပြမှုနှင့် အသိပညာတွင် ညာဘက်ဦးနှောက်၏လုပ်ဆောင်နိုင်စွမ်းများအပေါ် အလေးပေးခဲ့သည်။

ဂျပန်ပညာရှင် မာကိုတိုရှီချီဒါ (Makoto Shichida) သည် ရှီချီဒါလေ့ကျင့်နည်း (Shichida Method) ကို ဖော်ထုတ်ခဲ့ပြီး ကလေးငယ်များတွင် ညာဘက်ဦးနှောက်လေ့ကျင့်မှုဖြင့် ဖန်တီးမှု၊ မှတ်ဉာဏ်နှင့် သင်ယူမှုစွမ်းရည်များ တိုးတက်စေနိုင်ကြောင်း ဆိုခဲ့သည်။ သူသည် ၁၉၅၀ ခုနှစ်များတွင် ညာဦးနှောက်ပညာရေး (right-brain education) ကို စတင်သုတေသနပြုခဲ့သည်။ ပထမဆုံး Shichida Child Academy ကို ၁၉၇၆ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ ရှီမာနေးစီရင်စု၊ Gotsu City တွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ နောက်ပိုင်းမှစ၍ ဤနည်းလမ်းသည် ဂျပန်တစ်ဝှမ်းသို့ ပျံ့နှံ့ခဲ့ပြီး နိုင်ငံတကာအထိ ကျယ်ပြန့်လာခဲ့သည်။

ဤနည်းလမ်းမှ ဆင်းသက်လာသော Heguru နှင့် Glenn Doman သင်ကြားမှုအစီအစဉ်များတွင် အမြန်ပြသသည့်ရုပ်ပုံကားချပ် (flashcard) များ၊ ဂီတနှင့် ပုံဖော်ခြင်းများ ပါဝင်သည်။

ညာဘက်ဦးနှောက်လေ့ကျင့်မှုနည်းလမ်းများ၏ အခြားအမျိုးအစားများမှာ _

  • အနုပညာဆိုင်ရာ လှုပ်ရှားမှုများ
  • ဂီတနှင့် ကိုယ်လက်လှုပ်ရှားမှု
  • ပုံပြင်ပြောခြင်းနှင့် စိတ်ကူးယဉ်မှု
  • သဘာဝနှင့် ထိတွေ့မှု
  • စိတ်တည်ငြိမ်မှုလေ့ကျင့်ခန်းများ
  • ပဟေဠိနှင့် ကစားနည်းများ
  • အမြင်ဆိုင်ရာ သင်ယူမှုများစသည်တိူ့ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်များတွင် ညာဘက်ဦးနှောက်လေ့ကျင့်မှု (Right Brain Training) သည် အရှေ့အာရှနှင့် အရှေ့တောင်အာရှတွင် ရေပန်းစားလာခဲ့သည်။ သို့ရာတွင် ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ သိပ္ပံပညာအရ ညာဘက်ဦးနှောက်ကိုသာ လေ့ကျင့်ခြင်းဖြင့် ထူးကဲသောစွမ်းရည်များ ဖွံ့ဖြိုးလာနိုင်ကြောင်း ခိုင်မာသော သက်သေအထောက်အထား မရှိပါ။ အများစုသော စွမ်းရည်များသည် ဦးနှောက်နှစ်ဖက်လုံး ပူးပေါင်းလုပ်ဆောင်မှုအပေါ် သာ မူတည်နေသည်။

ကလေးငယ်များအတွက် ညာဘက်ဦးနှောက်လေ့ကျင့်မှု

ကလေးဘဝသည် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အချိန်ကောင်းတစ်ခုဖြစ်ပြီး၊ ညာဘက်ဦးနှောက်လေ့ကျင့်မှုများသည် ကလေးငယ်များ၏ ဖန်တီးနိုင်စွမ်း၊ စိတ်ခံစားမှုနားလည်နိုင်စွမ်းနှင့် ခြုံငုံမြင်နိုင်စွမ်းဆိုင်ရာ ဉာဏ်ရည်များကို မြှင့်တင်ပေးနိုင်သည်ဟု ယူဆကြသည်။

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအချို့တွင် “Right Brain Training” အစီအစဉ်များဖြင့် ဤလေ့ကျင့်မှုများကို စနစ်တကျ အကောင်အထည်ဖော်လျက်ရှိသည်။ ဤနည်းလမ်းများသည် မှတ်ဉာဏ်၊ ဖန်တီးနိုင်စွမ်းနှင့် လူမှုရေးစွမ်းရည်များကို တိုးတက်စေနိုင်သော်လည်း လုံလောက်သော သိပ္ပံနည်းကျသက်သေများ မရှိသေးသည့်အတွက် မိဘများအနေဖြင့် အလွန်အမင်းမျှော်လင့်ထားခြင်းမျိုး မပြုသင့်ပါ။

ညာဘက်ဦးနှောက် လေ့ကျင့်မှုကိုသာ အလွန်အကျွံ အာရုံစိုက်မထားဘဲ၊ ဘယ်ဘက်ဦးနှောက်ဆိုင်ရာ လေ့ကျင့်မှုများနှင့် ချိန်ညှိပေါင်းစပ်သင့်သည်။ အကောင်းဆုံးလေ့ကျင့်နည်းမှာ ကလေးငယ်များ၏ သဘာဝကစားခြင်း၊ စာဖတ်ခြင်း၊ အနုပညာလုပ်ဆောင်ခြင်းနှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများကို အခြားသော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအလေ့အကျင့်များနှင့် ဟန်ချက်ညီစွာ ပေါင်းစပ်ပေးခြင်းဖြစ်သည်။ ဤသို့ လုပ်ဆောင်ပါမှ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ကျန်းမာရေး ဘက်စုံဖွံ့ဖြိုးသော ဘဝကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

မိဘများအတွက် အကြံပြုချက်များ
  1. ကလေးများကို တစ်ဦးချင်းစီ၏သဘာဝအတိုင်း လွတ်လပ်ခွင့်ပေးပါ။ အနုပညာ၊ ဂီတ၊ ကစားခြင်း၊ ပုံဆွဲခြင်း၊ စာဖတ်ခြင်းစသည့် စိတ်ဝင်စားမှုများကို အားပေးပါ။ အပြုသဘောဆောင်သော ချီးမွမ်းမှုများဖြင့် ပံ့ပိုးပေးပါ။
  2. ဘယ်ဘက်နှင့် ညာဘက်ဦးနှောက် ဖွံ့ဖြိုးမှုကို ဟန်ချက်ညီပါစေ။ ဖန်တီးမှုဆိုင်ရာ လှုပ်ရှားမှုများနှင့်အတူ သင်္ချာ၊ ဘာသာစကားနှင့် သိပ္ပံဘာသာရပ်များတွင်လည်း အခွင့်အလမ်းများ ဖန်တီးပေးပါ။
  3. ကလေးများကို ဖိအားမပေးပါနှင့်။ “ညာဘက်ဦးနှောက်လေ့ကျင့်မှု” သည် အထောက်အကူဖြစ်နိုင်သော်လည်း အလွန်အမင်း မျှော်လင့်ချက်များ မထားပါနှင့်။ သင့်ကလေး ပျော်ရွှင်စွာနှင့် ကိုယ်ပိုင်အရှိန်ဖြင့် ကြီးပြင်းလာစေရန် အာရုံစိုက်ပါ။
  4. နေ့စဉ်လုပ်ငန်းဆောင်တာများတွင် လေ့ကျင့်မှုများကိုပေါင်းစပ်ပေးပါ။ ဂီတနားထောင်ခြင်း၊ ပုံဆွဲခြင်းနှင့် သဘာဝနှင့်ထိတွေ့ခြင်းကဲ့သို့သော လှုပ်ရှားမှုများကို နေ့စဉ်ပြုလုပ်ခြင်းဖြင့် ကလေးဘဝဖွံ့ဖြိုးမှုကို ပိုမိုတိုးတက်စေနိုင်သည်။
  5. လူမှုရေးဆက်ဆံမှုကို အားပေးပါ။ မိသားစုအတူတကွ စကားပြောဆိုခြင်းနှင့် ကလေးများအချင်းချင်း ကစားခြင်းတို့သည် စိတ်ခံစားမှုနားလည်နိုင်စွမ်းနှင့် ပေါင်းသင်းဆက်ဆံရေး စွမ်းရည်များကို မြှင့်တင်ပေးသည်။
  6. ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရ၊ ကိုယ်လက်လှုပ်ရှားမှုနှင့် အနားယူချိန်များကို မျှတစွာစီစဉ်ပေးပါ။ အိပ်ရေးဝအောင် အိပ်စက်ခြင်းကိုလည်း အားပေးပါ။

References:

  1. Goette, W. (2020). Reconsidering the RBANS factor structure: A systematic literature review and meta-analytic factor analysis. Neuropsychology Review, 30(4), 425–442. https://doi.org/10.1007/s11065-020-09447-3
  2. Howard-Jones, P. A. (2014). Neuroscience and education: Myths and messages. Nature Reviews Neuroscience, 15(12), 817–824. https://doi.org/10.1038/nrn3817
  3. Nielsen, J. A., Zielinski, B. A., Ferguson, M. A., Lainhart, J. E., & Anderson, J. S. (2013). An evaluation of the left-brain vs. right-brain hypothesis with resting state functional connectivity magnetic resonance imaging. PLOS ONE, 8(8), e71275. https://doi.org/10.1371/journal.pone.0071275
  4. Shichida Australia. (2025). History of the Shichida Method. Retrieved August 16, 2025, from https://www.shichida.com.au/about-shichida/history/
  5. Sperry, R. W. (1981). Nobel lecture: Some effects of disconnecting the cerebral hemispheres. NobelPrize.org. https://www.nobelprize.org/prizes/medicine/1981/sperry/lecture/
  6. Springer, S. P., & Deutsch, G. (1998). Left brain, right brain: Perspectives from cognitive neuroscience (5th ed.). W. H. Freeman.

Published: 29 August 2025

Share

29 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.