ဘဝနောက်ဆုံးချိန် ပြုစုစောင့်ရှောက်ခြင်းဆိုသည်မှာ လူတစ်ဦး၏ ဘဝနောက်ဆုံးကာလတွင် လိုအပ် သော ဆေးဘက်ဆိုင်ရာနှင့် အခြားစောင့်ရှောက်မှုများကို ရည်ညွှန်းသည်။ ဤကဲ့သို့ပြုစုမှုများကို လူနာ၏ နောက်ဆုံးအချိန်တွင်သာ မဟုတ်ဘဲ၊ နာတာရှည်ရောဂါသည်များ (သို့မဟုတ်) သက်ကြီးရွယ်အိုများအတွက် သေဆုံးခါနီး လပေါင်းများစွာကတည်းက စနစ်တကျပြုစုရန် လိုအပ်သည်။
မိသားစုဝင်တစ်ဦး၏ ဘဝနောက်ဆုံးကာလ အတွေ့အကြုံများသည် လူတိုင်းအတွက် တူညီမည်မဟုတ် ပါ။ ရုတ်တရက် ကွယ်လွန်သွားကြသူများ ရှိသလို၊ အချို့မှာ ရက်ရှည်လများ အိပ်ရာထဲတွင် လဲနေရသည့် အခြေအနေမျိုး ကြုံရတတ်သည်။ သက်ကြီးရွယ်အိုများတွင်လည်း အချို့မှာ ကိုယ်လက်အားနည်းပြီး အိပ်ရာ ထဲတွင် လဲနေရသော်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာမရှိဘဲ မှတ်ဉာဏ်ကောင်းနေသူများရှိသကဲ့သို့၊ အချို့တွင် ကိုယ်ခန္ဓာကျန်းမာသော်လည်း မှတ်ဉာဏ်ချို့ယွင်းခြင်း၊ သတိမေ့လျော့ခြင်းစသည့် သိမြင်မှုဆိုင်ရာ ပြဿနာများ ရှိနေတတ်သည်။
လူတစ်ဦးတစ်ယောက် ဆုံးပါးတော့မည်ဆိုလျှင် မည်သို့ နှစ်သိမ့်ပေးရမည်၊ မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ရမည် စသဖြင့် မေးခွန်းများစွာ ရှိလာသည်။ သို့ဖြစ်၍ မကြာခင်ဆုံးပါးတော့မည့် လူနာတစ်ယောက်ကို ပြုစုစောင့်ရှောက်ခြင်း၊ နှစ်သိမ့်မှုပေးခြင်းဆိုင်ရာ နည်းလမ်းများကို အောက်တွင် ဖော်ပြပေးထားသည်။ ထိုသို့ပြုစုစောင့်ရှောက်ရာတွင် မိသားစုဝင်များသာမက အချို့အဖွဲ့အစည်းများ၏ အကူအညီကိုရယူရန် လိုအပ်သည့်အခါများလည်းရှိသည်။ ယခုတင်ပြထားသည့် နည်းလမ်းများသည် လူနာ၏ လက်ရှိအခြေအနေနှင့် သင့်တော်မှု ရှိမရှိ ဆိုသည်ကို သက်ဆိုင်ရာ မိသားစုဆရာဝန်နှင့် အမြဲတိုင်ပင်ရန်လည်း လိုအပ်သည်။
ကွယ်လွန်ခါနီးလူနာများအတွက် လိုအပ်သော ပြုစုစောင့်ရှောက်မှုများ
ကွယ်လွန်ခါနီးကာလ ပြုစုစောင့်ရှောက်မှုပုံစံများသည် လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် ရွေးချယ်မှုများအပေါ် မူတည်၍ ကွဲပြားနိုင်သည်။ အချို့လူနာများသည် မိမိနေအိမ်တွင် နောက်ဆုံးအချိန်ကို ဖြတ်သန်းလိုကြပြီး၊ အချို့မှာ ဆေးရုံများတွင် ဆက်လက်ကုသမှု ခံယူလိုကြသည်။ လူနာအများစုသည် မိသားစုဝင်များနှင့် ချစ်ရသူများကို အနားတွင်ရှိစေလိုကြသည်။
ချစ်ခင်ရသူတစ်ဦး၏ နောက်ဆုံးအချိန်ကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်စေရန်၊ ၎င်းတို့၏ ဆန္ဒများကို လေးစားလိုက်နာပေးရန်နှင့် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံရန် အထူးအရေးကြီးသည်။
ယေဘုယျအားဖြင့် ကွယ်လွန်ခါနီး လူနာများတွင် အောက်ပါပံ့ပိုးမှုများ လိုအပ်သည်။
- ကိုယ်ခန္ဓာပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိစေရန် ပံ့ပိုးမှု
- စိတ်ခံစားမှုဆိုင်ရာ ပံ့ပိုးမှု
- ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ပံ့ပိုးမှုနှင့်
- လူနာသာမက အဓိကပြုစုစောင့်ရှောက်သူများအတွက် လိုအပ်သည့် ပံ့ပိုးပေးမှုများဖြစ်သည်။
ကွယ်လွန်ချိန်နီးသူအား ကိုယ်ခန္ဓာပိုင်းဆိုင်ရာ သက်သောင့်သက်သာဖြစ်အောင် ပြုစုစောင့်ရှောက်ခြင်း
ကွယ်လွန်ခါနီးအချိန်တွင် အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ကိုယ်ခန္ဓာ မအီမသာဖြစ်နိုင်သဖြင့် လူနာ ပိုမိုသက်သောင့်သက်သာဖြစ်အောင် လုပ်ဆောင်ပေးနိုင်သည့် နည်းလမ်းများ လိုအပ်သည်။
- နာကျင်ခြင်း
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ
- ယားယံခြင်းအပါအဝင် အရေပြားပြဿနာများ
- အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများ
- ပတ်ဝန်းကျင် အပူချိန်ပြောင်းလဲမှုဒဏ် ခံနိုင်ရည် အားနည်းခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
နာကျင်ခြင်း
သေဆုံးတော့မည့်သူတိုင်း နာကျင်မှုကို မခံစားရပါ။ သို့သော် နာကျင်မှုကို ခံစားနေရသော လူနာများတွင် နာကျင်မှု သက်သာစေရန် အဓိက ဦးစားပေးသင့်သည်။ နာကျင်မှုသက်သာစေသည့်ဆေးဝါးများ ရေရှည်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို မစိုးရိမ်သင့်ကြောင်း ရှင်းပြသင့်သည်။
ပြင်းထန်သောနာကျင်မှုကို ခံစားနေရခြင်းသည် လူနာကို အားအင်ကုန်ခမ်းစေပြီး ဒေါသထွက်ခြင်း၊ စိတ်အလိုမကျခြင်းများ ဖြစ်စေနိုင်သည်။ ထိုအခြေအနေမျိုးတွင် မိသားစုဝင်များနှင့် ချစ်ခင်ရသူများအတွက် လူနာနှင့် အဆင်ပြေစွာ ပြောဆိုဆက်ဆံနိုင်ရန် ပို၍ခက်ခဲလာနိုင်သည်။
လူနာကို ပြုစုစောင့်ရှောက်သူများနှင့် မိသားစုဝင်များသည် ကွယ်လွန်ခါနီးလူနာ၏ နာကျင်မှုကို သက်သာစေရန် ပြုစုရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း အနာသက်သာဆေးများကို ပေးရန် လိုအပ်သကဲ့သို့ အိပ်မပျော်ခြင်း၊ စိုးရိမ်ပူပန်မှု ပိုများလာခြင်း၊ မကြာခဏညည်းခြင်း၊ ငိုခြင်း အစရှိသော လက္ခဏာများကို သတိထားကြည့်ရန် လိုအပ်သည်။ ပြင်းထန်သောနာကျင်မှုများတွင် နာသည့်အချိန်မှ ဆေးပေးခြင်းထက် လူနာကိုမနာခင် ဆေးကြိုတင်ပေးခြင်းက ပို၍သက်သာစေသည်။ နာကျင်မှု မသက်သာပါက ဆေးပမာဏတိုးပေးခြင်း သို့မဟုတ် တခြားဆေးဝါးများ ပြောင်းပေးခြင်းတို့ လုပ်ပေးနိုင်ရန်အတွက် ဝေဒနာသက်သာရေး ကုသမှုပေးသော ဆေးပညာအထူးကုဆရာဝန်များ (Palliative medical specialists) နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။
ပြင်းထန်သော နာကျင်မှုကို သက်သာစေရန် အသုံးပြုသော မော်ဖင်း (Morphine) ဆေးသည် ပြင်းထန် သည့် ဘိန်းမူးယစ်ဆေး (Opiate) အမျိုးအစားဖြစ်သည်။ ထို့ပြင် အသက်ရှူရခက်ခဲသောလူနာများတွင်လည်း မော်ဖင်းကို တစ်ခါတစ်ရံ ပေးနိုင်သည်။ နာကျင်မှုကို သက်သာစေခြင်းနှင့် အသက်ရှူရလွယ်ကူစေခြင်းသည် ဆုံးပါးခါနီးလူနာများအတွက် အလွန်သက်သောင့်သက်သာ ဖြစ်စေသည်။ သို့သော် မော်ဖင်းသည် ဘေးထွက်ဆိုးကျိုးအနေဖြင့် စိတ်အာရုံထွေပြားခြင်း၊ ငိုက်မျဉ်းခြင်း (သို့မဟုတ်) ထင်ယောင်မြင်ယောင်မှားခြင်းများ ဖြစ်နိုင်သည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ
အသက်ရှူမဝခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းများသည် လူနာကွယ်လွန်ခါနီးအချိန်တွင် အဖြစ်များသော လက္ခဏာတစ်ခုဖြစ်သည်။ ထိုအခါ လူနာအသက်ရှူရသက်သာစေရန် ကုတင်၏ ခေါင်းရင်းဘက်ကို မြှင့်ပေးထားခြင်း၊ ပြတင်းပေါက်ဖွင့်ထားခြင်း၊ ရေငွေ့ထုတ်စက် (Humidifier) သုံးခြင်း သို့မဟုတ် အခန်းထဲ လေဝင်လေထွက်ကောင်းအောင် ပန်ကာဖွင့်ခြင်းများ ပြုလုပ်နိုင်သလို အောက်စီဂျင်ပေးခြင်း၊ မော်ဖင်းကဲ့သို့ ဆေးဝါးများပေးခြင်းဖြင့် သက်သာစေနိုင်သည်။
သေဆုံးခါနီး လူနာအချို့တွင် (Cheyne-Stokes breathing) ဟုခေါ်သော ပုံမှန်မဟုတ်သည့် အသက်ရှူပုံစံ ရှိတတ်သည်။ လူနာ၏အသက်ရှူပုံသည် ပြင်းပြင်းရှူလိုက်၊ ခပ်ဖြည်းဖြည်းရှူလိုက် အတက်အကျ ဖြစ်နေတတ်ပြီး တစ်ခါတစ်ရံ အသက်ရှူရပ်မလို ဖြစ်ခြင်း၊ အသက်ငင်ခြင်းများ ရှိနိုင်သည်။ ထိုအခြေအနေများသည် မိသားစုဝင်များကို စိုးရိမ်ထိတ်လန့်စေနိုင်သည်။ ထိုအချိန်တွင် လူနာကို ဘေးတစ်စောင်းလှဲပေးခြင်း သို့မဟုတ် ခေါင်းကို မြှင့်ပေးခြင်း စသည်တို့ပြုလုပ်ပေးနိုင်သည်။
အရေပြားပြဿနာများ
အရေပြားပြဿနာများသည် ဆုံးပါးခါနီးလူနာများအတွက် များစွာအနှောင့်အယှက်ဖြစ်စေသည်။ လူနာ၏အရေပြားကို အမြဲသန့်ရှင်းစွာထားပြီး အစိုဓာတ် ထိန်းသိမ်းပေးရန်လိုသည်။ ယားယံခြင်းနှင့် ခြောက်သွေ့ ခြင်း သက်သာစေရန် အယ်လ်ကိုဟောမပါသော လိမ်းဆေးရည်များကို ညင်သာစွာ လိမ်းပေးနိုင်သည်။
မျက်နှာတွင် နှုတ်ခမ်းပတ်လည်နှင့် မျက်လုံးများ ခြောက်သွေ့ခြင်းများအတွက် _
- နှုတ်ခမ်းဆိုးဆေးအဆီ (lip balm) လိမ်းပေးနိုင်ပြီး နူးညံ့သော အဝတ်စိုဖြင့် ပါးစပ်ကို သန့်ရှင်းပေးပါ
- မျက်လုံးပတ်လည်တွင် မျက်စိလိမ်းဆေး (eye cream) (သို့မဟုတ်) ဂျယ် (gel) ကို ညင်သာစွာ လိမ်းပေးပါ
- မှိတ်ထားသော မျက်ခွံပေါ်တွင် အဝတ်စို တင်ပေးပါ
- ပါးစပ်အတွင်း ခြောက်သွေ့နေပါက လူနာသတိကောင်းလျှင် ရေခဲတုံး အသေးများငုံစေခြင်း သို့မဟုတ် အဝတ်စို၊ ဂွမ်းလုံးများနှင့် ပါးစပ်အတွင်းပိုင်းကို သုတ်ပေးခြင်းများ လုပ်ပေးနိုင်သည်။
ပုံစံအနေအထားတစ်မျိုးတည်းဖြင့် ထိုင်ခြင်း သို့မဟုတ် အိပ်ရာထဲတွင် ကြာရှည်စွာ ပက်လက်နေခြင်း သည် နူးညံ့သောအရေပြားပေါ်တွင် ဖိအားဆက်တိုက် သက်ရောက်စေပြီး အိပ်ရာနာ (Bed sores) များကို ဖြစ်ပေါ် စေနိုင်သည်။ အိပ်ရာနာဖြစ်တတ်သော ခန္ဓာကိုယ်၏ နေရာများ၊ အထူးသဖြင့် ခြေဖနောင့်၊ တင်ပါး၊ ခါးအောက်ပိုင်းနှင့် ဦးခေါင်းနောက်ဘက်များတွင် အသားအရောင်ပြောင်းခြင်း၊ အရောင်ရင့်လာခြင်းများ၊ အနီကွက် ပေါ်ခြင်း၊ အနာဖြစ်ခြင်းများကို ဂရုတစိုက် အမြဲကြည့်ရှုပေးရန်လိုသည်။
လူနာကို အိပ်ရာပေါ်တွင် နာရီအနည်းငယ်ခြားတစ်ခါ လှည့်ပေးခြင်းသည် အိပ်ရာနာများဖြစ်ခြင်းနှင့် ကိုယ်လက်တောင့်တင်းခြင်းများကို ကာကွယ်ပေးနိုင်သည်။ ရေမြုပ်ဖော့ချပ် (Foam pad) များကို လူနာ၏ ဖနောင့် (သို့မဟုတ်) တံတောင်ဆစ်အောက်တွင် ထားပြီး အိပ်ရာနှင့် အရေပြားကြားရှိ ဖိအားကို လျှော့ချပေးနိုင်သည်။ အထူးမွေ့ရာ (Special mattress) (သို့မဟုတ်) ထိုင်ခုံကူရှင် (Chair cushion) များကိုလည်း အသုံးပြုနိုင်သည်။
အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများ
ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာစားချင်စိတ် လျော့နည်းလာခြင်းများသည် ကွယ်လွန်ခါနီးအချိန်တွင် အဖြစ်များသော ပြဿနာများဖြစ်သည်။ စားချင်စိတ် လျော့နည်းလာသကဲ့သို့ အစာမျိုချရာတွင်လည်း ခက်ခဲလာသည်။ ထိုလက္ခဏာများသည် အကြောင်းရင်းအမျိုးမျိုးဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုသည်။ တစ်ခါတစ်ရံ အနာသက်သာဆေးများကြောင့် ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်းများလည်း ဖြစ်ပေါ်တတ်သည်။ စားချင်စိတ်မရှိသော လူနာများတွင် ကြိုက်တတ်သည့် အစားအစာများကို နည်းနည်းစီ ညင်သာစွာ ကျွေးကြည့်သင့်သည်။ အစာကို တစ်နပ်စီ ပမာဏများများကျွေးခြင်းထက် ပမာဏအနည်းငယ်ကို အချိန်နည်းနည်းစီခြား၍ အကြိမ်ရေများများကျွေးခြင်းသည် ပိုကောင်းသည်။
သို့သော်လည်း ဆုံးပါးခါနီးလူနာကို အတင်းအကြပ် အစာကျွေးခြင်းသည် လူနာကို ပို၍မသက်မသာ ဖြစ်စေသောကြောင့် မလုပ်သင့်ပါ။ လူနာသတိရှိနေစဥ်အတွင်း အစားမစားတော့ခြင်းသည် မိမိ၏ သေဆုံးချိန် နီးကပ်လာပြီဆိုသည်ကို တစ်နည်းအားဖြင့် လက်ခံလိုက်ခြင်းလည်း ဖြစ်နိုင်သည်။
ပတ်ဝန်းကျင်အပူချိန်ဒဏ်ပြောင်းလဲမှု ခံနိုင်ရည်အားနည်းခြင်း
လူတစ်ယောက် သေဆုံးခါနီးချိန်တွင် လက်၊ လက်မောင်း၊ ခြေထောက်များသည် အေးစက်လာနိုင်ပြီး ကိုယ်ခန္ဓာ၏ အချို့အစိတ်အပိုင်းများတွင် မည်းလာခြင်း၊ ပြာလာခြင်းမျိုးရှိနိုင်သည်။ လူနာကိုယ်တိုင် အလွန်ပူခြင်း သို့မဟုတ် အလွန်အေးခြင်းကို ပြောပြနိုင်ခြင်း မရှိသောကြောင့် လက္ခဏာများကို သတိထားကြည့်ရန်လိုသည်။ ဥပမာစောင်ကို မကြာခဏ ဖယ်ရှားဖို့ ကြိုးစားနေလျှင် ပူအိုက်သော လက္ခဏာဖြစ်သောကြောင့် စောင်ကိုဖယ်ရှားပေးပြီး အေးမြသောအဝတ်စကို လူနာ၏ နဖူးပေါ်တွင် တင်ပေးနိုင်သည်။ ပခုံးကို ကျုံ့ထားခြင်း၊ စောင်များကို ဆွဲတင်ခြင်း၊ တုန်နေခြင်းများသည် အေးနေသော လက္ခဏာများ ဖြစ်နိုင်သောကြောင့် လေအေးမတိုက်အောင် ကာပေးခြင်း၊ အပူချိန်ကိုတိုးပေးခြင်း၊ နောက်ထပ် စောင်တစ်ထည် ထပ်ခြုံပေးခြင်းများ ပြုလုပ်ပေးနိုင်သည်။
ပင်ပန်းနွမ်းနယ်ခြင်း
ကွယ်လွန်ခါနီးသူများတွင် ပင်ပန်းနွမ်းနယ်ပြီး အားအင်နည်းခြင်း၊ အားလုံးဝမရှိခြင်းတို့လည်း အဖြစ်များသည်။ သို့ဖြစ်၍ နိစ္စဒူဝလုပ်ငန်းများကို လွယ်ကူစွာလုပ်နိုင်အောင်ပြင်ဆင်ပေးရန် လိုအပ်သည်။ ဥပမာ_အိမ်သာအထိ လမ်းလျှောက်မည့်အစား ကုတင်ဘေးတွင် အလွယ်တကူသွားနိုင်သော လူနာသုံး ကမုတ်အိမ်သာ (Bedside commode) များ သုံးသင့်သည်။ ရေချိုးခန်းထဲတွင် လူနာကို ထိုင်ခုံဖြင့်ထိုင်စေပြီးမှ ရေချိုးပေးခြင်း (သို့မဟုတ်) ကုတင်ပေါ်တွင် ရေပတ်ဝတ်တိုက်ပေးခြင်းများလည်း ပြုလုပ်နိုင်သည်။
ကွယ်လွန်ချိန်နီးသူ၏ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း
ဘဝနောက်ဆုံးချိန် ပြုစုစောင့်ရှောက်ခြင်းတွင် ဆုံးပါးခါနီးလူနာအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုသည်လည်း အရေးပါသောအပိုင်းဖြစ်သည်။ ကွယ်လွန်ခါနီးအချိန် သတိကောင်းနေသူတစ်ဦးသည် စိတ်ဓာတ်ကျခြင်း (သို့မဟုတ်) စိုးရိမ်ပူပန်ခြင်းများ ရှိနေနိုင်သဖြင့် စိတ်ပိုင်းဆိုင်ရာဝေဒနာများကို ကုသပေးရန် အရေးကြီးသည်။ လူနာတွင် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း လက္ခဏာများတွေ့ရပါက စိတ်ကျန်းမာရေး ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးစေခြင်း၊ လိုအပ်လျှင် ဆေးဝါးကုသမှုခံယူခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။
ဆုံးပါးခါနီးသူများသည် နောင်အနာဂတ်၏ မသိနိုင်သောအရာများကို ကြောက်ရွံ့ခြင်း (သို့မဟုတ်) ကျန်ရစ်သူမိသားစုများအတွက် စိုးရိမ်ခြင်းများ ခံစားရနိုင်သည်။ သူတို့မရှိတော့လျှင် စီးပွားရေး၊ လူမှုရေး ကိစ္စများကို မိသားစုဝင်များက မည်သို့ဆောင်ရွက်ကြမည်ဆိုသည်ကို စိုးရိမ်ပူပန်ကြသည်။ အချို့မှာမူ နောက်ဆုံးအချိန်တွင် မိမိတစ်ယောက်တည်း ဖြစ်နေမည်ကို ကြောက်ရွံ့ကြသည်။ တစ်ခါတစ်ရံ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဆေးကုသပေးသူများ၏ မရည်ရွယ်သော အပြုအမူများကြောင့်လည်း လူနာ၏ စိတ်ခံစားမှုကို ပိုဆိုးစေနိုင်သည်။ အချို့လူနာများတွင်မူ စိတ်အာရုံထွေပြားခြင်းကြောင့် ပုံမှန်မဟုတ်သော အပြုအမူများ ရှိလာသဖြင့် မိသားစုဝင်များနှင့် ပြောဆိုဆက်သွယ်ရန် ပို၍ခက်ခဲစေသည်။
လူနာ၏ အထီးကျန်ခံစားမှုများကို လျှော့ချရန် ဆုံးပါးခါနီးလူနာဘေးတွင် ပြုစုစောင့်ရှောက်သူတစ်ဦး အမြဲထားပေးနိုင်သည်။ ထိုသို့ ဆုံးပါးခါနီးလူနာ၏ ဘေးနားတွင် နေ့ညအချိန်မလပ် အမြဲနေပြီး စောင့်ရှောက်မှုပေးခြင်းကို (Keeping a vigil) ဟုခေါ်သည်။ ပြုစုစောင့်ရှောက်သူ (သို့မဟုတ်) မိသားစုဝင်တစ်ဦး လူနာဘေးတွင် အမြဲတမ်းရှိနေပေးခြင်း သို့မဟုတ် ဆွေမျိုးများ၊ မိတ်ဆွေများနှင့် အလှည့်ကျလူနာစောင့်ခြင်းများ ပြုလုပ်နိုင်သည်။
လူနာ၏ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုကို သက်သာစေသော အကြံပြုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- လက်ကို အသာဆုပ်ကိုင်၍ အားပေးခြင်း သို့မဟုတ် ညင်သာစွာ နှိပ်နယ်ပေးခြင်းများ ပြုလုပ်ပေးပါ
- စိတ်သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင် ဖန်တီးပေးပါ၊ တချို့သူများသည် လူနည်းနည်းနှင့် တိတ်တိတ်ဆိတ်ဆိတ်နေရခြင်းကို ပိုနှစ်သက်ကြသည်၊ အခန်းထဲတွင် အလင်းရောင်ခပ်ဖျော့ဖျော့ကို အသုံးပြုပါ
- သာယာသောတေးဂီတသံကို ခပ်တိုးတိုးဖွင့်ပေးပါ၊ စိတ်ပြေလက်ပျောက်ဖြစ်စေပြီး နာကျင်မှုကို လျှော့ချပေးနိုင်သည်
- လူနာသည် သတိကောင်းပြီး စကားပြောဆိုနိုင်လျှင် လိုအပ်ချက်နှင့် ဆန္ဒများကို မေးမြန်းပြီး ဂရုတစိုက် နားထောင်ပေးပါ၊ လူနာ၏ ဆန္ဒများကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါ
- လူနာနောက်ဆံတင်းသော လုပ်ငန်းဆောင်တာများ ရှိပါက မိသားစုဝင်များက မည်သို့စနစ်တကျ စီမံခန့်ခွဲပေးထားကြောင်း စိတ်အေးစေရန် ပြောပြပေးပါ
- လူနာ ဘေးတွင် ရှိနေပေးပါ၊ လူနာကို မကြာခဏ လာရောက်တွေ့ဆုံပါ၊ လူနာမှ စကားပြန်မပြောနိုင် သည့်တိုင် စကားပြောပေးခြင်း၊ စာဖတ်ပြခြင်းများ လုပ်ပေးပါ၊ အနားတွင်ရှိနေပေးခြင်းသည် လူနာအတွက် အလွန်တန်ဖိုးရှိသောအချက် ဖြစ်နေနိုင်သည်
ကွယ်လွန်ချိန်နီးသူ၏ ယုံကြည်ကိုးကွယ်ခြင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း
လူနာများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများကဲ့သို့ ယုံကြည်ကိုးကွယ်ခြင်းဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးပေးခြင်းသည်လည်း အရေးကြီးသည်။ ထိုလိုအပ်ချက်များတွင် ဘဝ၏အဓိပ္ပာယ်ကို ရှာဖွေခြင်း၊ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် သဘောထားမတိုက်ဆိုင်မှုများကို ဖြေရှင်းခြင်း၊ နေထိုင်ဖြတ်သန်းခဲ့သောဘဝနှင့် ပတ်သက်၍ စိတ်ငြိမ်းချမ်းမှု ရယူခြင်းများ ပါဝင်သည်။
လူနာအများစုသည် မိမိယုံကြည်ကိုးကွယ်သော ဘာသာတရားတွင် နှစ်သိမ့်မှု ရှာဖွေတတ်သည်။ ဆုတောင်းခြင်း၊ ဘာသာရေး ဓမ္မစာပေများဖတ်ခြင်း (သို့မဟုတ်) ဘာသာရေးတေးဂီတ နားထောင်ခြင်းများသည် လူနာအတွက် အကူအညီဖြစ်နိုင်သည်။ လူနာကို သံဃာတော်များ၊ ဓမ္မဆရာ၊ ဘုန်းတော်ကြီး စသဖြင့် သက်ဆိုင်ရာ ဘာသာရေးပုဂ္ဂိုလ်များနှင့် တွေ့ဆုံပေးခြင်းဖြင့်လည်း စိတ်အေးချမ်းမှု ရစေနိုင်သည်။
မိသားစုနှင့် မိတ်ဆွေများမှ ကွယ်လွန်ခါနီးလူနာနှင့် သူတို့၏ ဆက်ဆံရေးအကြောင်း ထုတ်ဖော်ပြောပြခြင်းများကိုလည်း ပြုလုပ်နိုင်သည်။ ဥပမာ _ သားသမီးများမှ မိဘကို မည်မျှအတုယူလေးစားကြောင်း၊ ဘဝတွင် မည်မျှအရေးပါကြောင်းကို မျှဝေနိုင်သကဲ့သို့ မိတ်ဆွေသူငယ်ချင်းများမှလည်း မိတ်ဆွေသက်တမ်း နှစ်ပေါင်းများစွာရှိ၍ မည်မျှတန်ဖိုးရှိကြောင်း ပြောပြနိုင်သည်။ တန်ဖိုးရှိသော လူတစ်ယောက်အနေဖြင့် ဘဝကို နေထိုင်ခဲ့ကြောင်း လူနာခံစားရအောင် ပြောပြခြင်း၊ ပျော်ရွှင်စရာ အမှတ်တရများကို မျှဝေခြင်းသည်လည်း ဆုံးပါးခါနီးအချိန်တွင် တချို့လူများအတွက် ငြိမ်းချမ်းမှုရှာတွေ့သော နည်းလမ်းနောက်တစ်ခုဖြစ်သည်။
စိတ်အာရုံထွေပြားနေသော ကွယ်လွန်တော့မည့်သူတစ်ဦးသည် ရုတ်တရက် ရှင်းရှင်းလင်းလင်း စဥ်းစားတွေးတောနိုင်သော အချိန်မျိုး ရောက်လာနိုင်သည်။ သို့သော် ထိုအချိန်သည် ယာယီသာဖြစ်ပြီး ပိုကောင်းလာသော လက္ခဏာမဟုတ်ကြောင်း မိသားစုများမှ သိရှိနားလည်ထားရန် လိုအပ်သည်။ တစ်ခါတစ်ရံ မရှိသောသူ တစ်ယောက်ကို မြင်နေရသည် (သို့မဟုတ်) စကားပြောနေသည်ဟု ထင်ယောင်ထင်မှား ဖြစ်နိုင်သည်။ တချို့ လူနာများသည် ကွယ်လွန်ပြီးသား ဆွေမျိုးများ၊ သူငယ်ချင်းများ (သို့မဟုတ်) ဘာသာရေးပုဂ္ဂိုလ်များနှင့် တွေ့ဆုံရသော အိပ်မက်မက်သည်ဟု ပြောပြတတ်ကြသည်။ ထိုအခါတွင် စကားစဖြတ်တောက်ပစ်ခြင်း (သို့မဟုတ်) အမှန်မဟုတ်ဘဲ စိတ်ကူးယဉ်နေခြင်း၊ ထင်ယောင်ထင်မှား ဖြစ်နေခြင်းဟု လူနာအားပြောဆိုခြင်းမျိုးကို မလုပ်သင့်ပါ။ လူနာအတွက် ထိုသို့မြင်ရခြင်းများ၊ အိပ်မက်မက်ခြင်းများသည် တစ်ခါတစ်ရံ နှစ်သိမ့်မှုဖြစ်စေသည်။
လူနာသာမက အဓိကပြုစုစောင့်ရှောက်သူအတွက် လက်ငင်းလိုအပ်နေသော ပံ့ပိုးပေးမှုများ
ကွယ်လွန်ချိန်နီးသော လူတစ်ဦးကို စောင့်ရှောက်မှုပေးခြင်းသည် အနီးကပ် ပြုစုပေးရသူများအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး ပင်ပန်းစေနိုင်သည်။ လူနာပြုစုရသဖြင့် ရက်ရှည်အိပ်ရေးပျက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မိမိ၏ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ အိမ်မှုကိစ္စများကို မဆောင်ရွက်နိုင်ခြင်းတို့အပြင် အချိန်ကြာလာသည်နှင့်အမျှ စိတ်ပင်ပန်းခြင်း၊ စိတ်ဓာတ်ကျခြင်းများကိုပါ ခံစားရနိုင်သည်။ ထိုအခြေအနေများတွင် အခြားမိသားစုဝင်များက လူနာအလှည့်ကျ စောင့်ပေးခြင်း၊ အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ပေးခြင်းစသဖြင့် ပံ့ပိုးပေးနိုင်သည်။ အဓိကပြုစုသူအား ရက်ပိုင်းမျှ အနားယူစေခြင်း၊ ခနတစ်ဖြုတ် အပြင်ထွက်စေခြင်း စသည်တို့ဖြင့် ကိုယ်ရောစိတ်ပါ ခေတ္တအနားရအောင် စီစဥ်ပေးသင့်သည်။ ထို့ပြင် မကြာခဏ စကားပြောပေးခြင်း၊ ခံစားနေရသည့် အတွေးများကို နားထောင်ပေးခြင်း၊ လိုအပ်ချိန်တွင် အရေးပေါ် ဆက်သွယ်နိုင်ရန် စီစဥ်ပေးထားခြင်း စသည့်အချက်များသည်လည်း ပြုစုသူ၏ စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်သည်။
အရေးကြီးသော နောက်ထပ်အချက်တစ်ခုမှာ လူနာဆုံးပါးပြီးနောက်ပိုင်း အဓိကပြုစုသူ၏ စိတ်ပိုင်းစိတ်ရာ ထိခိုက်မှုကို သတိမထားမိခြင်းဖြစ်သည်။ လူတိုင်းတွင် မဖြစ်သော်လည်း အချို့သူများတွင် ကာလကြာရှည်စွာ ဝမ်းနည်းပူဆွေးခြင်း (Grief reaction)၊ မိမိကိုယ်ကို အပြစ်တင်ခြင်းနှင့် နောက်ဆက်တွဲ စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကို အဆုံးစီရင်ရန် ကြံစည်တွေးတောသည့် အခြေအနေအထိ ဖြစ်တတ်သည်။ သို့ဖြစ်၍ လူနာဆုံးပါးပြီးနောက်ပိုင်းတွင်လည်း အနီးကပ်ပြုစုခဲ့သူကို မကြာခဏတွေ့ဆုံ၍ စကားစမြည် ပြောပေးခြင်း၊ နှစ်သိမ့်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ပြင်းထန်သည်ဟု ထင်မိပါက စိတ်ကျန်းမာရေး ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ရန် အကြံပေးခြင်း၊ ရက်ချိန်းယူပေးခြင်း ပြုလုပ်နိုင်သည်။ ထို့ကြောင့် ပြုစုသူများအနေဖြင့်လည်း မိမိ၏ ကိုယ်နှင့် စိတ်ပင်ပန်းမှုအခြေအနေများကို သိရှိလက်ခံ၍ လိုအပ်ချိန်တွင် အကူအညီတောင်းရန် ဝန်မလေးသင့်ကြောင်း၊ မိသားစုဝင်များနှင့် မိတ်ဆွေများသည် မိမိကို ကူညီပေးရန် အဆင်သင့်ရှိကြောင်း နားလည်ထားရန် အရေးကြီးသည်။
နိဂုံးချုပ်အားဖြင့်ဆိုသော် “ပြီးပြည့်စုံသော သေဆုံးခြင်း” ဆိုသည်မှာမရှိနိုင်ဟု ဆိုကြသကဲ့သို့ မိမိချစ်ခင်ရသူ၏ နောက်ဆုံးအချိန်အတွက် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးရန်သာဖြစ်သည်။ မိမိချစ်ခင်ရသော လူတစ်ယောက် ကွယ်လွန်ခါနီးချိန်တွင် လိုအပ်သောအရာများကို တတ်နိုင်သမျှ ဖြည့်ဆည်းလုပ်ဆောင်ပေးခဲ့ကြောင်း ပြန်လည်အမှတ်ရခြင်းအားဖြင့် အဆိုပါပုဂ္ဂိုလ်ကို ရာသက်ပန်ဆုံးရှုံးလိုက်ရခြင်း၏ နက်ရှိုင်းသောနာကျင်မှုနှင့် စပ်လျဉ်းပြီး အနည်းငယ်မျှ စိတ်ဖြေဆည်၍ စိတ်သက်သာရာရနိုင်မည်ဖြစ်သည်။
References:
- National Institute on Aging. (n.d.). Providing care and comfort at the end of life. U.S. Department of Health & Human Services. Retrieved May 30, 2025, from https://www.nia.nih.gov/health/end-life/providing-care-and-comfort-end-life#:~:text=Visit%20with%20the%20person.,give%20to%20a%20dying%20person
- National Institute on Aging. (n.d.). What are palliative care and hospice care? U.S. Department of Health & Human Services. Retrieved May 30, 2025, from https://www.nia.nih.gov/health/hospice-and-palliative-care/what-are-palliative-care-and-hospice-care
- Mayo Clinic. (n.d.). End-of-life care: Helping with comfort and dignity. Retrieved May 30, 2025, from https://www.mayoclinic.org/healthy-lifestyle/end-of-life/basics/endoflife-care/hlv-20049403
- Mayo Clinic. (n.d.). Grief: Coping with the loss of your loved one. Retrieved May 30, 2025, from https://www.mayoclinic.org/healthy-lifestyle/end-of-life/basics/grief/hlv-20049403
Published: 29 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.