Vitamin D (ဗီတာမင် ဒီ)

Vitamin D (ဗီတာမင် ဒီ)

ဗီတာမင် ဒီ သည် အရိုးကျန်းမာရေးအတွက် ခန္ဓာကိုယ်တွင် မရှိမဖြစ်လိုအပ်သော ဗီတာမင်ဖြစ်သည်။ ဗီတာမင် ဒီ ဟုခေါ်သော်လည်း အမှန်စင်စစ် ခန္ဓာကိုယ်မှထုတ်လုပ်သော ဟော်မုန်းတစ်မျိုးလည်းဖြစ်သည်။ ဗီတာမင် ဒီ သည် အဆီတွင်ပျော်ဝင်သော ဗီတာမင်အမျိုးအစားဖြစ်ပြီး အရိုးကျန်းမာရေးအပြင် ကိုယ်ခံအားကို မြင့်တက်စေ၍ ရောဂါပိုးများ ထိန်းချုပ်နိုင်ခြင်းနှင့် ရောင်ရမ်းခြင်းများကိုလည်း လျော့ကျစေသည်။ ထို့ကြောင့် ဗီတာမင် ဒီ ကို ခန္ဓာကိုယ်တွင် ကျန်းမာရေးအတွက် လိုအပ်သောပမာဏအတွင်း ထိန်းသိမ်းထားရန် အရေးကြီးသည်။

ဗီတာမင် ဒီ အရင်းအမြစ် (Source of vitamin D)

  1. နေရောင်ခြည်
    နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ ပြီး အရေပြားတွင် ဗီတာမင် ဒီ ထုတ်လုပ်ခြင်းသည် သဘာဝအလျောက် ရရှိသော မူလအရင်းအမြစ်ဖြစ်သည်။ ခန္ဓာကိုယ်အရေပြားနှင့် နေရောင်ခြည်တို့ ထိတွေ့ရာမှ Cholecalciferol ဟုခေါ်သော ဗီတာမင် ဒီ (၃) (vitamin D3) တစ်မျိုးစတင်ဖြစ်ပေါ်လာပြီး၊ ၎င်းဗီတာမင်သည် အသည်းနှင့်ကျောက်ကပ်တို့တွင် ခန္ဓာကိုယ်အတွက် အရေးကြီးသော ဗီတာမင် ဒီ (အလုပ်လုပ်ဆောင်နိုင်သည့် ပုံစံ) ကို ပြောင်းလဲဖြစ်ပေါ်စေသည်။
  2. အစားအသောက်
    အစားအသောက်နှင့် အသီးအနှံများမှလည်း ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ်ဓာတ်ကို ရရှိနိုင်သည်။ သဘာဝအလျောက် ဗီတာမင် ဒီ ပါဝင်သော အစားအသောက်အချို့မှာ အဆီများသော ငါး (ဆယ်လမွန်၊ ဆာဒင်း၊ တူနာငါး၊ မက်ကရယ်ငါး)၊ အနီရောင်ရှိသော အသားများ၊ အမဲအသည်း၊ ကြက်ဥအနှစ်၊ မှိုတို့ ဖြစ်ကြပြီး ဖြည့်စွက်စာအနေဖြင့် အားဖြည့်ထားသော အစားအသောက်များ [အားဖြည့်ထားသော နို့၊ ဖျော်ရည်၊ ဆီရီယယ် (ဥပမာ_ဆန်၊ ဂျုံ၊ ပြောင်း၊ အုတ်၊ ဘာလီ)] တို့တွင် ပါဝင်သည်။
နေ့စဥ်လိုအပ်သော ဗီတာမင် ဒီ ပမာဏ (Recommended daily intakes of vitamin D)

နေ့စဥ်လိုအပ်သော ဗီတာမင် ဒီ ပမာဏသည် အသက်အရွယ်ပေါ်မူတည်၍ အောက်ပါအတိုင်း ကွဲပြားမှုရှိသည်။

အသက်အရွယ်နေ့စဥ်လိုအပ်သော ပမာဏ
ကလေး အသက် (၁၂) လအထိ400 IU (10 mcg)
အသက် (၁)နှစ် မှ (၁၈)နှစ်600 IU (15 mcg)
အသက် (၇၀) အထိ600 IU (15 mcg)
အသက် (၇၀) အထက်800 IU (20 mcg)
ကိုယ်ဝန်ဆောင် (သို့မဟုတ်) နို့တိုက်မိခင်600 IU (15 mcg)
ဗီတာမင် ဒီ ၏ လုပ်ငန်းတာဝန်များ
  1. အရိုးကျန်းမာရေး
    ဗီတာမင် ဒီ သည် ကယ်လ်ဆီယမ်ဓာတ် စုပ်ယူမှုကို အားပေးသည်။ သွားနှင့် အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော သွေးတွင်းရှိ ကယ်လ်ဆီယမ်နှင့် ဖော့စ်ဖရပ်ဓာတ် လုံလောက်သော ပမာဏရရှိအောင် ကူညီထိန်းသိမ်းပေးသည်။ အရိုးတည်ဆောက်မှုကို ကူညီပြီး အရိုးပျက်စီးခြင်းကိုလည်း ကာကွယ်သည်။
  2. ကိုယ်ခံအားကောင်းစေခြင်း
    သွေးတွင်းရှိသွေးဖြူဥများ၏ လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးသောကြောင့် ရောဂါပိုးများကို တုံ့ပြန်ကာကွယ်နိုင်စွမ်း (Immune response) တိုးတက်စေသည်။ ဗီတာမင် ဒီ လုံလောက်စွာရရှိပါက ကိုယ်ခံအားကောင်းမွန်စေပြီး ရောဂါပိုးများဝင်ရောက်ခြင်းနှင့် ခုခံအားဆိုင်ရာရောဂါများဖြစ်နိုင်ခြေကို လျော့ကျစေနိုင်သည်။
  3. ကြွက်သားလှုပ်ရှားမှုများ (Muscle Function)
    ကယ်လ်ဆီယမ်သည် ကြွက်သားများ၏ လှုပ်ရှားမှုနှင့် တုံ့ပြန်မှုများအတွက် အရေးကြီးသောကြောင့် ဗီတာမင် ဒီ သည် ထိုလုပ်ငန်းကိုလည်း ထောက်ပံ့ပေးနိုင်သည်။
ဗီတာမင် ဒီ ချို့တဲ့ခြင်း (Vitamin D deficiency)

ဗီတာမင် ဒီ ချို့တဲ့ခြင်းဆိုသည်မှာ ခန္ဓာကိုယ်တွင် ဗီတာမင် ဒီ လုံလောက်စွာ မရရှိခြင်းဖြစ်ပြီး အရိုးနှင့်ကြွက်သားများကို အဓိကထိခိုက်စေနိုင်သည်။ ထို့အပြင် ဗီတာမင် ဒီ ချို့တဲ့မှုကြောင့် အာရုံကြောစနစ်နှင့် ကိုယ်ခံအားစနစ်တို့ကိုပါ ထိခိုက်နိုင်သည်။ ဗီတာမင် ဒီ ချို့တဲ့စေနိုင်သော အခြေအနေများမှာ_

  • နေရောင်ခြည်နှင့် ထိတွေ့မှု နည်းခြင်း
  • အီကွေတာနှင့်ဝေးသော အရပ်ဒေသတွင် နေထိုင်သူများ
  • အိမ်ထဲတွင် အနေများသူများ
  • နေလောင်ကာ ခရင်မ်အသုံးပြုသူများ
  • အသက်အရွယ်ကြီးသူများ (အသက် ၆၅ နှစ်နှင့်အထက်)
  • အသားရောင်ညိုသူများ (အရေပြားရှိ မယ်လနင်ရောင်ခြယ်ပစ္စည်းသည် အရေပြားမှ ဗီတာမင် ဒီ ထုတ်လုပ်မှုကို တားဆီးနိုင်သည်)
  • အသည်းနှင့် ကျောက်ကပ်ရောဂါများ
  • ဗီတာမင် ဒီ စုပ်ယူမှု အားနည်းသောအခြေအနေများ (ဥပမာ – Crohn’s disease, Cystic fibrosis, Celiac disease)
  • အချို့သောဆေးဝါးများ (ဥပမာ – laxatives, steroids, cholestyramine, colestipol, phenobarbital, rifampin, orlistat)
  • အဝလွန်ခြင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ဖြတ်တောက်ထားခြင်းစသည်တို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ

ဗီတာမင် ဒီ ချို့တဲ့သူအများစုတွင် ရောဂါလက္ခဏာပြလေ့မရှိသော်လည်း ကာလကြာရှည်စွာ ဗီတာမင် ဒီ ချို့တဲ့သူများတွင် အောက်ပါလက္ခဏာများခံစားရသည်။

  • အရိုးပါးခြင်း (osteomalacia)
  • အရိုးများနာကျင်ခြင်း
  • အဆစ်များ နာကျင်ခြင်း
  • ကြွက်သားများနာကျင်တောင့်တင်းခြင်း
  • နုံးနယ်ခြင်း
  • စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်း (စိတ်ကျခြင်း) တို့ ခံစားရနိုင်သည်။

အချိန်ကြာလာသောအခါ အရိုးအားနည်းခြင်းကြောင့် အရိုးသိပ်သည်းဆလျော့နည်း၍ အရိုးပွလာပြီး အရိုးကျိုးနိုင်ခြေကို မြင့်တက်စေသည်။ ကလေးများတွင်မူ အရိုးပျော့ရောဂါ (Rickets) ဖြစ်ပေါ်၍ အရပ်ပုခြင်း၊ ဖွံ့ဖြိုးမှုနှေးခြင်း၊ လေးကိုင်းသဏ္ဌာန် ခြေထောက်ခွင်ခြင်းနှင့် သွားဖွံ့ဖြိုးမှုနှောင့်နှေးခြင်း ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။

ဗီတာမင် ဒီ စစ်ဆေးခြင်း

အများစုတွင် ဗီတာမင် ဒီ ချို့တဲ့ခြင်းကို ကြိုတင်ရှာဖွေစစ်ဆေးရန် မလိုအပ်ပါ။ သို့သော် အထက်တွင်ဖော်ပြထားသော ဗီတာမင် ဒီ ချို့တဲ့စေနိုင်သော အခြေအနေရှိသူများ သို့မဟုတ် ဗီတာမင် ဒီ ချိုတဲ့သည့် လက္ခဏာရှိသူများတွင် သွေးဖောက်၍ စစ်ဆေးကြည့်ရန် လိုအပ်သည်။ ဗီတာမင် ဒီ ချို့တဲ့ခြင်းကို သိရှိနိုင်ရန် သွေးတွင်း ဗီတာမင် ဒီ ပမာဏ (25-hydroxyvitamin D) ကို တိုင်းတာခြင်းဖြင့် သိရှိနိုင်သည်။
ဗီတာမင် ဒီ ပမာဏသည် 30ng/ml အထက်ရှိလျှင် ဗီတာမင် ဒီ ဓာတ်လုံ‌လောက်သောကြောင့် ဖြည့်စွက်ကုသရန်မလိုအပ်ပါ။ ဗီတာမင် ဒီ ပမာဏသည် 20 နှင့် 30 ng/ml အကြားဖြစ်လျှင် လုံလောက်မှုမရှိသောကြောင့် နေ့စဥ် ဗီတာမင် ဒီ 800 IU ကို ဖြည့်စွက်သောက်သုံးရန် လိုအပ်သည်။ ဗီတာမင် ဒီ ချို့တဲ့သည့် ပမာဏပေါ်မူတည်၍ အောက်ပါအတိုင်းအမျိုးအစားခွဲထားသည်။

  • သာမန် ချို့တဲ့ခြင်း (Mild deficiency) – 20 ng/ml အောက်နည်းခြင်း
  • အသင့်အတင့် ချို့တဲ့ခြင်း (Moderate deficiency) – 10 ng/ml အောက်နည်းခြင်း
  • ပြင်းထန်သော ချို့တဲ့ခြင်း (Severe deficiency) – 5 ng/ml အောက် နည်းခြင်း
ဗီတာမင် ဒီ ဖြည့်စွက်ကုသခြင်း

ဗီတာမင် ဒီ ချို့တဲ့သူများတွင် ခန္ဓာကိုယ်အတွက် လုံလောက်သော ပမာဏကို ရောက်ရှိထိန်းသိမ်းနိုင်ရန်_

  1. ဗီတာမင် ဒီ ပြည့်ဝသော အစားအသောက်များ စားသောက်ခြင်း
  2. နေ‌ရောင်ခြည်ရရှိအောင် နေထိုင်ခြင်း
  3. ဖြည့်စွက် ဗီတာမင် ဒီ ကို သောက်သုံးခြင်းတို့ လိုအပ်သည်။

ဖြည့်စွက် ဗီတာမင် ဒီ (Vitamin D supplements) ကို ဗီတာမင် ဒီ (၂) (vitamin D2 – ergocalciferol or pre-vitamin D) နှင့် ဗီတာမင် ဒီ (၃) (vitamin D3 – cholecalciferol) ပုံစံ (၂)မျိုးဖြင့် ရရှိနိုင်သည်။ ဗီတာမင် ဒီ (၃) ကို ခန္ဓာကိုယ်မှ ပို၍ လွယ်ကူစွာ စုပ်ယူနိုင်သည်။ ဗီတာမင် ဒီ ချို့တဲ့ခြင်းကို ကုသရာတွင် ချို့တဲ့သည့် ပမာဏနှင့် ဗီတာမင် ဒီ ချို့တဲ့စေနိုင်သည့် အခြေအနေရှိခြင်းအပေါ်တွင် မူတည်၍ ဆရာဝန် ညွှန်ကြားသည့် အတိုင်းသောက်သုံးရန် လိုအပ်သည်။

လူကြီးများတွင် ဗီတာမင် ဒီ ဖြည့်စွက်ကုသခြင်း
ဗီတာမင် ဒီ 6000 IU ကို နေ့စဥ်သောက်သုံးခြင်း (သို့မဟုတ်) 50000 IU ကို တစ်ပတ်တွင် တစ်ကြိမ်သောက်သုံးခြင်းဖြင့် ဗီတာမင် ဒီ ပမာဏ 30 ng/ml အထက်သို့ ပြန်လည်ရောက်ရှိအောင် ကုသနိုင်သည်။ ထို့နောက် နေ့စဥ် 1000 မှ 2000 IU ကို ဆက်လက်ဖြည့်စွက်သောက်သုံးရန် လိုအပ်သည်။

ကလေးများတွင် ဗီတာမင် ဒီ ဖြည့်စွက်ကုသခြင်း
ဗီတာမင် ဒီ 2000 IU ကို နေ့စဥ်သောက်သုံးခြင်း သို့မဟုတ် 50000 IU ကို တစ်ပတ်တွင် တစ်ကြိမ်သောက်သုံးခြင်းဖြင့် ဗီတာမင် ဒီ ပမာဏ 30 ng/ml အထက်သို့ ပြန်လည်ရောက်ရှိအောင် ကုသနိုင်သည်။ ထို့နောက် နေ့စဥ် 400 မှ 1000 IU ကို ဆက်လက်ဖြည့်စွက်သောက်သုံးရန် လိုအပ်သည်။

ဗီတာမင် ဒီ ပမာဏသည် ပုံမှန်ပမာဏသို့ ပြန်လည်ရောက်ရှိနိုင်ရန် ယေဘုယျအားဖြင့် အချိန် (၆)ပတ် မှ (၈)ပတ်အထိကြာမြင့်နိုင်သည်။ ဗီတာမင် ဒီ ပမာဏ ပုံမှန်သို့ ပြန်လည်ရောက်ရှိသည့်တိုင်အောင် ဗီတာမင် ဒီ ဖြည့်စွက်ခြင်းကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆက်လက်သောက်သုံးရန် လိုအပ်သည်။

ဗီတာမင် ဒီ ချို့တဲ့ခြင်းကို ကာကွယ်ခြင်း

ဗီတာမင် ဒီ လုံလောက်စွာ ရရှိနိုင်အောင် ပြုလုပ်နိုင်သော နည်းလမ်းများမှာ_

  • ဗီတာမင် ဒီ ပြည့်ဝသော အစားအသောက်များကို စားသောက်ခြင်း
  • နေရောင်ရရှိနိုင်သောနေရာတွင် တစ်ရက်လျှင် (၅)မိနစ် မှ (၃၀)မိနစ်ကြာ နေထိုင်ခြင်း
  • အစားအသောက်နှင့် နေရောင်ခြည်တို့မှ ဗီတာမင် ဒီကို လုံလောက်စွာ မရရှိနိုင်သောသူဖြစ်ပါက ဗီတာမင် ဒီ ဖြည့်စွက်သောက်သုံးရန် လိုအပ်သည်။ အသက် (၇၀) နှစ်အောက် ဖြစ်ပါက နေ့စဥ် ဗီတာမင် ဒီ 600 – 800 IU သောက်ရန်လိုအပ်ပြီး အသက် (၇၀) နှစ်အထက်ဖြစ်ပါက နေ့စဥ် 800 – 1000 IU ဖြည့်စွက်သောက်သုံးရန် လိုအပ်သည်။
ဗီတာမင် ဒီ အဆိပ်အတောက်ဖြစ်စေခြင်း (Vitamin D toxicity)

လူကြီးတစ်ယောက်အတွက် နေ့စဥ် အများဆုံးသောက်သုံးနိုင်သော ဗီတာမင် ဒီ ပမာဏသည် 4000 IU ဖြစ်သည်။ ဗီတာမင် ဒီကို အလွန်အကျွံသောက်သုံးမိပါက သွေးတွင်း ကယ်လ်ဆီယမ်ဓာတ်များ၍ အားနည်းခြင်း၊ နုံးနယ်ခြင်း၊ အရိုးများနာကျင်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ပို၍ပြင်းထန်သော လက္ခဏာများမှာ_

  • ပျို့အန်ခြင်း
  • ရေဓာတ်ခမ်းခြောက်ခြင်း
  • ရေအလွန်အမင်း ငတ်ခြင်း
  • ဆီးသွားများခြင်း
  • ကျောက်ကပ် ကျောက်တည်ခြင်း၊ ကျောက်ကပ် ထိခိုက်ပျက်စီးခြင်း
  • နှလုံးခုန်စည်းချက် မမှန်ခြင်း
  • သတိလစ်ခြင်းတို့ ဖြစ်ကြသည်။

အလွန်ဆိုးရွားသော အခြေအနေများတွင် သွေးကြောနှင့် တစ်ရှူးများ မာကြောတောင့်တင်းခြင်း၊ ကာလရှည် မေ့မျောခြင်းများ ဖြစ်ပေါ်၍ အသက်အန္တရာယ်ထိခိုက်နိုင်သောကြောင့် အ‌ရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သည်။

အချုပ်အားဖြင့်ဆိုသော် ဗီတာမင် ဒီ သည် အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သောကြောင့် ခန္ဓာကိုယ်တွင် လုံလောက်သော ပမာဏရှိရန် အလွန်အရေးကြီးသည်။ ထို့ကြောင့် ဗီတာမင် ဒီ ပြည့်ဝသော အစားအသောက်များ စားသောက်ပြီး နေရောင်ခြည် လုံလောက်စွာ ရရှိအောင် နေထိုင်ပြီး၊ လိုအပ်လျှင် ဗီတာမင် ဒီ ဖြည့်စွက်သောက်သုံးနိုင်သည်။ သို့သော် လိုအပ်သည်ထက် ပိုမိုဖြည့်တင်းမိပါက အဆိပ်အတောက်ဖြစ်စေ၍ အသက်အန္တရာယ်ရှိနိုင်သောကြောင့် ဗီတာမင် ဒီ ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်သုံးသင့်သည်။

References:

  1. LD, M. W. R. (2024). What is vitamin D and why does the body need it? Retrieved July 1, 2025, from https://www.medicalnewstoday.com/articles/161618
  2. Watson, S. (2024). Vitamin D deficiency. WebMD. Retrieved July 1, 2025, from https://www.webmd.com/diet/vitamin-d-deficiency
  3. Otis, B. O. (2024). Vitamin D – the nutrition source. The Nutrition Source. Retrieved July 1, 2025, from https://nutritionsource.hsph.harvard.edu/vitamin-d/
  4. MSc, S. D. R. C. (2024). Your guide to vitamin D benefits. Healthline. Retrieved July 1, 2025, from https://www.healthline.com/health/food-nutrition/benefits-vitamin-d
  5. Tangpricha, V., MD PhD. (n.d.). Vitamin D Deficiency and Related Disorders: practice essentials, background, pathophysiology. Retrieved July 1, 2025, from https://emedicine.medscape.com/article/128762-overview
  6. Midlands and Lancashire Commissioning Support Unit. (2018). Treatment of vitamin D deficiency in adults. https://pathlabs.rlbuht.nhs.uk/vitdmerseyguidelines.pdf

Published: 11 July 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

11 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

See also
Exercise is Medicine (လေ့ကျင့်ခန်းသည် ဆေးစွမ်းတစ်လက်)
Aug 18, 2025
Healthy Lifestyles

Exercise is Medicine (လေ့ကျင့်ခန်းသည် ဆေးစွမ်းတစ်လက်)

ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းသည်...

Intermittent fasting (အချိန်ပိုင်းအစာရှောင်ခြင်း)
Aug 11, 2025
Healthy Lifestyles

Intermittent fasting (အချိန်ပိုင်းအစာရှောင်ခြင်း)

မိမိနှင့်ကိုက်ညီသော အချိန်ပိုင်းအစာရှောင်ခြင်းအမျိုးအစားကို...

End of Life Care (ဘဝနောက်ဆုံးချိန် ပြုစုစောင့်ရှောက်ခြင်း)
Jul 29, 2025
Healthy Lifestyles

End of Life Care (ဘဝနောက်ဆုံးချိန် ပြုစုစောင့်ရှောက်ခြင်း)

သက်ကြီးရွယ်အိုများ၏ ဘဝနောက်ဆုံးအချိန် (သို့မဟုတ်) ရောဂါကြောင့်...