Contraceptive Methods (Long-term Methods) (ကာလရှည်သားဆက်ခြားနည်းလမ်းများ)

Contraceptive Methods (Long-term Methods) (ကာလရှည်သားဆက်ခြားနည်းလမ်းများ)

သားဆက်ခြားခြင်းဆိုသည်မှာ ဆေးဝါးဖြင့်ဖြစ်စေ၊ ပစ္စည်းကိရိယာဖြင့်ဖြစ်စေ၊ နည်းလမ်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ သန္ဓေမတည်နိုင်အောင် တားဆီးထားခြင်းဖြစ်သည်။ သားဆက်ခြားနည်းလမ်းများ အမျိုးမျိုးရှိသော်လည်း သားဆက်ခြားနည်းလမ်း တစ်ခုချင်းစီ၏ အာနိသင်၊ စွမ်းဆောင်ရည်ကို သေချာစွာသိရှိထားပြီး မှန်ကန်စွာအသုံးပြုမှသာလျှင် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုမိပါက သို့မဟုတ် စနစ်တကျမသုံးမိပါက အချိန်မရွေး ကိုယ်ဝန်ရနိုင်သည်။

သားဆက်ခြားနည်းလမ်းများ၏ လုပ်ဆောင်မှုများ

သားဆက်ခြားနည်းလမ်းများ၏ လုပ်ဆောင်ချက်များသည် တစ်နည်းနှင့်တစ်နည်း အနည်းငယ်ကွဲပြားကြသည်။

  • သုက်ပိုးကို သားဥဆီသို့ မရောက်ရှိအောင် ကာကွယ်တားဆီးခြင်း
  • သားဥအိမ်မှ သားဥကြွေခြင်း မဖြစ်အောင် ပြုလုပ်ခြင်း
  • သားဥဆီသို့ ရောက်ရှိအောင် လှုပ်ရှားသွားလာရမည့်သုက်ပိုးကို ဖျက်ဆီးခြင်း
  • သားအိမ်အတွင်းသို့ သုက်ပိုးမဝင်ရောက်နိုင်ရန် သားအိမ်ခေါင်းအချွဲများ ထူပစ်အောင် ပြုလုပ်ခြင်း
  • သန္ဓေမတည်နိုင်အောင် သားအိမ်အတွင်း နံရံပါးလွှာအောင် ပြုလုပ်ခြင်း စသည့်နည်းလမ်းများဖြင့် သန္ဓေမတည်နိုင်အောင် ပြုလုပ်ထားသည်။

သားဆက်ခြားနည်းလမ်းများ

သားဆက်ခြားနည်းလမ်း အမျိုးမျိုးရှိပြီး လုပ်ဆောင်ပုံကွဲပြား၍ အားသာချက်၊ အားနည်းချက်များ အသီးသီးရှိသည်။ သားဆက်ခြားနည်းလမ်းများကို အသုံးပြုမည့် အချိန်ကာလအပေါ် မူတည်၍ ယေဘုယျအားဖြင့် ကာလတို သားဆက်ခြားနည်းလမ်းများ (Short-term methods) နှင့် ကာလရှည် သားဆက်ခြားနည်းလမ်းများ (Long-term methods) ခွဲခြားနိုင်သည်။ တစ်ဖန် သန္ဓေတားသည့် နည်းလမ်းများအပေါ် မူတည်၍ သဘာဝအတိုင်း သန္ဓေတားနည်း၊ အကာအကွယ်နည်းလမ်းများ၊ ဟော်မုန်းပါဝင် သောဆေးဝါးများ၊ သ‌န္ဓေတားပစ္စည်းအသုံးပြုသည့် နည်းလမ်းများ၊ သားကြောဖြတ်သည့် နည်းလမ်းများဟူ၍လည်း ခွဲခြားနိုင်သည်။

ကာလရှည် သားဆက်ခြားနည်းလမ်းများ

နှစ်နှင့်ချီ၍ သားဆက်ခြားချင်သော အခြေအနေများတွင် ကာလရှည် သားဆက်ခြားနည်းလမ်းများကို ရွေးချယ်အသုံးပြုသင့်သည်။ ကာလရှည် သားဆက်ခြားနည်းလမ်းများမှာ ဟော်မုန်းပါဝင်သော လက်မောင်းထဲထည့် သားဆက်ခြားပစ္စည်းကို အသုံးပြုခြင်း၊ ဟော်မုန်း (သို့မဟုတ်) ကြေးနီပါဝင်သော သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်းကို အသုံးပြုခြင်းနှင့် ရာသက်ပန်သားဆက်ခြားနည်းလမ်းဖြစ်သော သားဥပြွန်ဖြတ်ခြင်း၊ ချည်ခြင်း၊ သုက်ပို့ပြွန်ဖြတ်ခြင်း အစရှိသည့် နည်းလမ်းများဖြစ်ကြသည်။ ကာလရှည် သားဆက်ခြားနည်းလမ်းများသည် အနည်းဆုံး (၃) နှစ်မှစတင်၍ သန္ဓေတားနိုင်ပြီး မိမိအသုံးပြုသောနည်းလမ်းပေါ် မူတည်၍ (၁၀) နှစ်မှရာသက်ပန်ထိ သန္ဓေတားနိုင်သည်။

လက်မောင်းထဲထည့် ‌ဟော်မုန်းသားဆက်ခြားပစ္စည်း (Hormonal Implant)

လက်မောင်းထဲထည့်သော သားဆက်ခြားပစ္စည်း (Implant) ဆိုသည်မှာ လက် (၂) ဆစ်အရွယ်ခန့်ရှိ ကွေးနိုင်၊ ဆန့်နိုင်သော ပိုက်ချောင်းလေးဖြစ်သည်။ ထိုပိုက်ထဲတွင် ပရိုဂျက်စတိုဂျင်ဟုခေါ်သော ဟော်မုန်းတစ်မျိုးပါဝင်ပြီး ထိုပိုက်ချောင်းလေးကို အမျိုးသမီး၏ လက်မောင်းအရေပြားအောက်တွင် ထည့်ထားခြင်းဖြင့် ကိုယ်ဝန်မရရန် ကာကွယ်ပေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ အမျိုးအစားနှစ်မျိုးရှိပြီး ၄င်းတို့မှာ Levonogestrel ဟော်မုန်းပါဝင်သည့် ပိုက် (၂) ချောင်းပုံစံ (၄ နှစ်ခံ၊ ၅ နှစ်ခံ) နှင့် Etonogestral ဟော်မုန်းပါဝင်သည့် ပိုက် (၁) ချောင်းပုံစံ (၃ နှစ်ခံ) တို့ဖြစ်သည်။ ရေရှည်သားဆက်ခြားရာတွင် အသုံးပြုရန် အဆင်ပြေ သက်တောင့်သက်သာရှိစေသော အမျိုးအစားဖြစ်ပြီး လိင်ဆက်ဆံရာတွင် စိတ်အနှောက်အယှက်ကင်း၍ သားဆက်ခြားနည်းလမ်းကို လျှို့ဝှက်ထားနိုင်သည်။ ဤသားဆက်ခြားနည်းလမ်းကို အသုံးပြုခြင်းကြောင့် ရာသီသွေးပေါ်လိုက်ပျောက်လိုက်ဖြစ်ခြင်း (စတင်အသုံးပြုချိန် (၆)လ မှ (၁၂)လကြာလျှင် သက်သာသွားတတ်သည်)၊ ရာသီသွေးမပေါ်ခြင်း၊ ရင်သားတင်းခြင်း၊ ခေါင်းကိုက်ခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်။

လက်မောင်းထဲထည့်သွင်းပုံအဆင့်ဆင့်

  • မိမိ၏အားမသန်သောလက် (ညာသန်ဖြစ်လျှင် ဘယ်လက်၊ ဘယ်သန်ဖြစ်လျှင် ညာလက်) လက်မောင်း အရေပြားအောက်တွင် ထည့်လေ့ရှိသည်
  • စနစ်တကျ ဆေးကြောသန့်စင်ပြီးလျှင် ထည့်မည့်နေရာကို ထုံဆေးထိုးပေးသည်၊ ထုံဆေးထိုးသည့် တစ်ချက်သာ စူးကနဲခံစားရမည်ဖြစ်ပြီး ထုံဆေးအာနိသင်ရသည်နှင့် နာကျင်မှုမခံစားရတော့ပါ
  • ထည့်မည့်သားဆက်ခြားပစ္စည်းပိုက် အသင့်တွဲ၍ပါရှိသော ပိုက်ချောင်းထည့်သည့်အတံဖြင့် ထုံနေသော အရေပြားကိုဖောက်၍ အရေပြားအောက်သို့ရှပ်ပြီး ပိုက်ချောင်းကို ထည့်သည်
  • ပိုက်ချောင်းနေရာကျပြီဆိုသည်နှင့် ထည့်လိုက်သည့်အတံကို ပြန်ထုတ်ပြီး အရေပြားဖောက်သည့် နေရာကို ပိုးသတ်ဆေးနှင့် စနစ်တကျပိုးသတ်ပြီး သွေးထွက်မထွက် စောင့်ကြည့်သည်
  • အရေပြားဖောက်ထားသည့်နေရာကို ရေစိုခံပလာစတာကပ်ပေးပြီး ပတ်တီးဖြင့်စည်းပေးသည်

အကျိုးအာနိသင်

လက်မောင်းထဲထည့် သားဆက်ခြားပစ္စည်းကို အသုံးပြုလျှင် ရာနှုန်းပြည့်နီးပါး ရေရှည်သန္ဓေတားနိုင်သော အကျိုးအာနိသင်ရှိပြီး ကလေးလိုချင်လာပါက ပြန်ထုတ်လျှင် ချက်ချင်းရနိုင်သော သားဆက်ခြားနည်းလမ်းဖြစ်သည်။

သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်း (Intrauterine device)

သေးငယ်ပျော့ပျောင်းသော တီ (T-shaped) ပုံရှိ သားဆက်ခြားပစ္စည်းကို သားအိမ်အတွင်းထည့်၍ သန္ဓေမတည်နိုင်အောင် ပြုလုပ်ခြင်းဖြစ်သည်။ သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်း (၂) မျိုးရှိသည်။ ကြေးနီ (copper) ပါဝင်သော သားဆက်ခြားပစ္စည်းနှင့် ပရိုဂျက်စတင်‌ဟော်မုန်း ပါဝင်သော သားဆက်ခြားပစ္စည်းတို့ဖြစ်သည်။

  • ကြေးနီပါဝင်သော သားဆက်ခြားပစ္စည်း (Copper T380A) သည် သားအိမ်ထဲတွင် (၁၀)နှစ် ကြာသည်အထိ ထားရှိနိုင်ပြီး သုက်ပိုး သားအိမ်ကိုဖြတ်ကျော်ပြီး သားဥနှင့်ဆုံတွေ့ခြင်း မဖြစ်နိုင်အောင် ကာကွယ်ထားသည်၊ ဟော်မုန်းမပါဝင်သည့်အတွက် ‌ဟော်မုန်းမသုံးချင်သောသူများ ကြိုက်နှစ်သက်ကြပြီး နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ရာသီသွေးဆင်းများခြင်း၊ ရာသီသွေးဆင်းချိန် ကိုက်ခဲခြင်းခံစားရနိုင်သည်၊ ထို့ပြင်ကြေးနီပါဝင်သော သားဆက်ခြားပစ္စည်းကို အရေးပေါ် သန္ဓေတားနည်းအဖြစ်လည်း အသုံးပြုနိုင်သည်၊ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး (၅) ရက်အတွင်း သားအိမ်အတွင်းထည့်ပေးခြင်းဖြင့် အရေးပေါ်သန္ဓေတားနိုင်ပြီး အရေးပေါ်သန္ဓေတားဆေး အသုံးပြုခြင်းထက် အကျိုးအာနိသင် ပိုကောင်းသည်
  • ပရိုဂျက်စတင်ပါဝင်သော သားဆက်ခြားပစ္စည်းများသည် သားအိမ်အတွင်းသို့ သုက်ပိုးမဝင်ရောက်နိုင်ရန် သားအိမ်ခေါင်းအချွဲများ ထူပစ်အောင် ပြုလုပ်ခြင်း၊ သားအိမ်အတွင်းနံရံ ပါးလွှာအောင် ပြုလုပ်ခြင်းဖြင့် သန္ဓေမတည်နိုင်အောင် တားဆီးပေးသည်

ပရိုဂျက်စတင် ပါဝင်သော သားဆက်ခြားပစ္စည်းများနှင့် အသုံးပြုနိုင်သော နှစ်အပိုင်းအခြားမှာ အောက်ပါအတိုင်းဖြစ်သည်

  • Mirena (၇ နှစ်အသုံးပြုနိုင်သည်)
  • Liletta (၆ နှစ်အသုံးပြုနိုင်သည်)
  • Kyleena (၅ နှစ်အသုံးပြုနိုင်သည်)
  • Skyla (၃ နှစ်အသုံးပြုနိုင်သည်)
  • ပရိုဂျက်စတင် ပါဝင်သောသားဆက်ခြားပစ္စည်းကို အသုံးပြုခြင်းကြောင့် ရာသီသွေး ပေါ်လိုက်ပျောက်လိုက်ဖြစ်ခြင်း (စတင်အသုံးပြုချိန် ၆ လ မှ ၁၂ လကြာလျှင် သက်သာသွားတတ်သည်)၊ ရာသီသွေးမပေါ်ခြင်း၊ ရင်သားတင်းခြင်း၊ ခေါင်းကိုက်ခြင်း စသည့် နောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်
  • သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်းများသည် ရာနှုန်းပြည့်နီးပါး သန္ဓေတားခြင်း အကျိုးအာနိသင်ရှိသော်လည်း ရှားရှားပါးပါးသ‌န္ဓေတည်ခဲ့လျှင် သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း (Ectopic pregnancy) ဖြစ်နိုင်ခြေများသည်
  • သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်းသည် နေ့စဥ်လစဥ် စောင့်ကြည့်ရန်မလိုဘဲ တစ်ခါထည့်ပြီးရုံဖြင့် ရေရှည်အသုံးပြုနိုင်သော သားဆက်ခြားနည်းလမ်းဖြစ်သည်

သားအိမ်အတွင်း ထည့်သွင်းပုံအဆင့်ဆင့်

  • ဒူးထောင်ပေါင်ကား လှဲလျက်အနေအထားဖြင့် ကုတင်ပေါ်တွင် နေရမည်
  • ဦးစွာသားအိမ်အနေအထားသိရန် ကျန်းမာ‌ရေးစောင့်ရှောက်သူမှ မိန်းမကိုယ်အတွင်း လက်ထည့်၍ စမ်းသပ်ပြီးနောက် မိန်းမကိုယ်အတွင်းသို့ သားအိမ်ခေါင်းအဝ ကောင်းစွာမြင်နိုင်ရန် ဘဲနှုတ်သီးကိရိယာ (Speculum) ကို ထည့်ပြီးကြည့်မည်
  • ပြီးလျှင် သားအိမ်အတွင်းထည့်မည့် သားဆက်ခြားပစ္စည်းကို သားအိမ်ထဲညင်သာစွာ ထည့်မည်
  • ထိုသို့ထည့်ခြင်းသည် နာကျင်ခြင်းမရှိပါ၊ မသက်မသာဖြစ်ခြင်း အနည်းငယ်ခံစားရနိုင်သည်
  • သားဆက်ခြားပစ္စည်း ပြန်လည်ထုတ်သည့်အခါတွင်လည်း ကျန်းမာ‌ရေးစောင့်ရှောက်သူထံ ပြန်လာ၍ ထုတ်ရမည်

အကျိုးအာနိသင်

သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်းကို အသုံးပြုလျှင် ရာနှုန်းပြည့်နီးပါး ရေရှည်သန္ဓေတားနိုင်သော အကျိုးအာနိသင်ရှိပြီး ကလေးလိုချင်လာပါက ပြန်ထုတ်လျှင် ချက်ချင်းရနိုင်သော သားဆက်ခြား နည်းလမ်းဖြစ်သည်။

သားကြောဖြတ်ခြင်း (Sterilization)

သားကြောဖြတ်ခြင်းဆိုသည်မှာ ရာသက်ပန် သားဆက်ခြားနည်းလမ်းဖြစ်သည်။ အမျိုးသမီးများတွင် သားဥပြွန်ဖြတ်ခြင်းဖြစ်ပြီး အမျိုးသားများတွင် သုက်ပို့ပြွန်ဖြတ်ခြင်းဖြစ်သည်။

  1. သားဥပြွန်ဖြတ်ခြင်း (Salpingectomy)
    သားဥပြွန်ဆိုသည်မှာ သုက်ပိုးနှင့် သားဥဆုံတွေ့ပြီး သန္ဓေအောင်သောနေရာဖြစ်သည်။ သားဥပြွန်ဖြတ်ခြင်းကြောင့် သုက်ပိုးနှင့် သားဥဆုံတွေ့နိုင်ခြင်းမရှိတော့သည့်အတွက် ကိုယ်ဝန်မရနိုင်တော့ပါ။ အကယ်၍ သားဥပြွန်တစ်စိတ်တစ်ပိုင်းကို ဖြတ်ထားပြီး နောင်တွင် ကလေးလိုချင်လာပါက မလွယ်ကူသော်လည်း ကြိုးစား၍ သားဥပြွန်ပြန်ဆက်နိုင်သည်။
    သားဥပြွန်ဖြတ်ပုံအဆင့်ဆင့်
    သားကြောဖြတ်ခြင်းကို သင့်တော်သောထုံဆေး (သို့မဟုတ်) မေ့ဆေးအသုံးပြု၍ ခွဲစိတ်ခန်းတွင် ပြုလုပ်ရသည်။ ဝမ်းဗိုက်တွင် သေးငယ်သောအပေါက်ကလေးများဖောက်၍ မှန်ပြောင်း (Laparoscope)ဖြင့် သားဥပြွန်နှစ်ဖက်ကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ သားဥပြွန်တစ်ခုလုံးကိုဖြစ်စေ ဖြတ်ထုတ်ခြင်း သို့မဟုတ် ဝမ်းဗိုက် ဆီးခုံအထက်နားတွင် သေးငယ်သော အလျားလိုက်ခွဲကြောင်းပေး၍ သားဥပြွန်နှစ်ဖက်လုံးကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ သားဥပြွန်တစ်ခုလုံးကိုဖြစ်စေ ဖြတ်ထုတ်ခြင်း ပြုလုပ်သည်။
    အကျိုးအာနိသင်
    သားဥပြွန်ဖြတ်ခြင်း သားဆက်ခြားနည်းလမ်း၏ ရာနှုန်းပြည့်နီးပါး သန္ဓေတားနိုင်သော အကျိုးအာနိသင်ရှိသည်။
  2. သားဥပြွန်ချည်ထားခြင်း (Tubal ligation)
    သားဥပြွန်နှစ်ဖက်စလုံးကို ညှပ်ဖြင့်သော်လည်းကောင်း၊ ကြိုးဖြင့် ချည်ထားခြင်းဖြင့်သော်လည်းကောင်း၊ သားဥပြွန်ကို ပိတ်လိုက်ခြင်းဖြစ်ပြီး သားဥပြွန်ဖြတ်ခြင်းနည်းလမ်းအစား အသုံးပြုနိုင်သည်။ သားဥပြွန် မဖြတ်ထားသည့်အတွက် မတော်တဆ ကိုယ်ဝန်ရခဲ့ပါက သားအိမ်ပြင်ပ သန္ဓေတည်ခြင်းဖြစ်နိုင်သည်။
    အကျိုးအာနိသင်
    သားဥပြွန်ချည်ထားခြင်းသည် သန္ဓေတားနိုင်သောအာနိသင် ရာနှုန်းပြည့်နီးပါးရှိသည်။
  3. သုက်ပို့ပြွန်ဖြတ်ခြင်း (Vasectomy)
    သုက်ပိုးပို့ဆောင်ပေးသော သုက်ပို့ပြွန်ကို ဖြတ်ခြင်းဖြစ်သည်။ လိင်ဆက်ဆံသော်လည်း သုက်ရည်တွင် သုက်ပိုးမပါသည့်အတွက် ကိုယ်ဝန်မရနိုင်တော့ပါ။
    သုက်ပို့ပြွန်ဖြတ်ပုံအဆင့်ဆင့်
    သုက်ပို့ပြွန်ဖြတ်ခြင်းကို သင့်တော်သော ထုံဆေးပေး၍ ခွဲစိတ်ခန်း၌ ပြုလုပ်ရသည်။ ကပ်ပယ်အိတ်တွင် သေးငယ်သောခွဲကြောင်းရာပေးပြီး သုက်ပို့ပြွန်ကို ရှာဖွေ၍ ချုပ်ကြိုးဖြင့် ချည်ပြီး ဖြတ်ခြင်းဖြစ်သည်။
    အကျိုးအာနိသင်
    သုက်ပို့ပြွန်ဖြတ်ခြင်းသည် သန္ဓေတားနိုင်သောအာနိသင် ရာနှုန်းပြည့်နီးပါးဖြစ်သည်။ သတိပြုရမည့်အချက်မှာ သုက်ပို့ပြွန်ဖြတ်ပြီးသော်လည်း လအနည်းငယ်အထိ သုက်ရည်တွင် သုက်ပိုးပါရှိနိုင်သေးသည့်အတွက် သန္ဓေတားခြင်းအာနိသင် ချက်ချင်းမရရှိနိုင်ပါ။ သုက်ရည်ကို စစ်ဆေးပြီး သုက်ပိုးမတွေ့ ရှိတော့မှသာလျှင် သန္ဓေတားခြင်းအာနိသင် အပြည့်အဝရမည်ဖြစ်သည်။
contraceptive method long term image 1
သားဆက်ခြားနည်းလမ်းရွေးချယ်ရာတွင် ထည့်သွင်းစဥ်းစားရမည့်အချက်များ

လက်တွဲဖော်နှစ်ယောက်စလုံးအတွက် သားဆက်ခြားနည်းလမ်းရွေးချယ်ရာတွင် အကောင်းဆုံးဖြစ်စေရန် အောက်ပါအချက်များကို ထည့်သွင်းစဥ်းစားရမည်။

  • မိမိရွေးချယ်မည့် သားဆက်ခြားနည်းလမ်းသည် အသုံးပြုရန်လွယ်ကူခြင်း သို့မဟုတ် အသုံးပြုရန် သက်သောင့်သက်သာရှိခြင်း
  • မှန်ကန်စွာအသုံးပြုလျှင် အကောင်းဆုံးသန္ဓေတားနိုင်သော အကျိုးအာနိသင်ရရှိခြင်း (ကိုယ်ဝန်ရနိုင်ခြေအနည်းဆုံးဖြစ်ခြင်း)
  • လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ ကာကွယ်နိုင်ခြင်း
  • မိမိ၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေ
  • သန္ဓေတားချင်သောကာလ (သို့မဟုတ်) ကလေးယူရန် ရည်မှန်းထားသောကာလ
  • အသုံးပြုသော သားဆက်ခြားနည်းလမ်း၏ ဆိုးကျိုးအန္တရာယ်များ
  • လိင်ဆက်ဆံနိုင်သောအကြိမ် (သို့မဟုတ်) လိင်ဆက်ဆံဖော်အရေအတွက်၊ လိင်ဆက်ဆံဖော် ကြိုက်နှစ်သက်မှု
  • မိမိအသုံးပြုသော သားဆက်ခြားနည်းလမ်းကို လျှို့ဝှက်ထားချင်သောဆန္ဒ
  • ရာသီသွေးပေါ်ချင်သောဆန္ဒ (သို့မဟုတ်) ရာသီသွေးနည်းချင်သော အခြေအနေ
  • မိမိကိုးကွယ်ရာဘာသာ၊ ယဥ်ကျေးမှုဓလေ့ထုံးစံ
  • အသုံးပြုသောနည်းလမ်းကုန်ကျစရိတ်

အကောင်းဆုံးသားဆက်ခြားနည်းလမ်း

သားဆက်ခြားနည်းလမ်းများ၏ အာနိသင်အပြည့်အဝရရှိရန် ဂရုတစိုက် မှန်ကန်စွာ အသုံးပြုရန် လိုအပ်သည်။ သုံးစွဲရန်လွယ်ကူ အဆင်ပြေပြီး သက်သောင့်သက်သာဖြစ်စေသော၊ အမြဲသတိရှိရမည့် အခြေအနေမှ လွတ်ကင်းသော သားဆက်ခြားနည်းလမ်းများဖြစ်သည့် လက်မောင်းထဲ သားဆက်ခြားပစ္စည်းထည့်ခြင်း၊ သားအိမ်ထဲ သားဆက်ခြားပစ္စည်းထည့်ခြင်းနှင့် သားဥပြွန်ဖြတ်ခြင်း သို့မဟုတ် သုက်ပို့ပြွန်ဖြတ်ခြင်းသည် အကျိုးအာနိသင်အကောင်းဆုံးသားဆက်ခြားနည်းလမ်းများ ဖြစ်သည်။

ဟော်မုန်းပါဝင်သောသားဆက်ခြားဆေးသုံးခြင်းနှင့်အတူ အကာအကွယ်ပစ္စည်း (ကွန်ဒုံး) သုံးခြင်းသည် သားဆက်ခြားခြင်းအပြင် လိင်ဆက်ဆံခြင်းမှ ကူးဆက်နိုင်သောရောဂါများကိုပါ ကာကွယ်ပေးနိုင်သည့်အတွက် အကောင်းဆုံးသောသားဆက်ခြားနည်းလမ်းဖြစ်သည်။

သိရှိထားရမည့်အချက်များ
  • မည်သည့်သားဆက်ခြားနည်းလမ်းကိုမဆို မရွေးချယ်မီ လက်တွဲဖော်နှစ်ယောက်စလုံးသည် မိမိ၏မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးပြီး မိမိတို့နှင့်အသင့်တော်ဆုံးဖြစ်၍ မှန်ကန်စွာ နားလည်အသုံးပြုနိုင်မည့် နည်းလမ်းကို ရွေးချယ်သင့်သည်
  • အမျိုးသားကွန်ဒုံး (သို့မဟုတ်) အမျိုးသမီးကွန်ဒုံး အသုံးပြုခြင်းမှလွဲ၍ မည်သည့်နည်းလမ်းမဆို လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို မကာကွယ်နိုင်ပါ
  • သုက်ထွက်ခါနီး လိင်ဆက်ဆံခြင်းကိုရပ်၍ အမျိုးသားလိင်အင်္ဂါကိုထုတ်ပြီး မိန်းမကိုယ်ပြင်ပ၌ သုက်ရည်ထုတ်သော နည်းလမ်းကို အသုံးပြုပါက သန္ဓေတားနိုင်သော အကျိုးအာနိသင်နည်းသည်၊ ထို့သို့ပြုလုပ်ရန် ခက်ခဲခြင်း၊ သုက်ရည်အနည်းငယ်မျှဖြင့်ပင် ကိုယ်ဝန်ရနိုင်ခြေရှိသောကြောင့် ဤနည်းဖြင့် သားဆက်ခြားသောသူများ၏ (၂၀) ရာခိုင်နှုန်းသည် ကိုယ်ဝန်ရတတ်သည်
  • ရေတိုသားဆက်ခြားပြီး ကလေး အလျင်အမြန်ပြန်ယူမည်ဆိုလျှင် ဟော်မုန်းပါဝင်သော သားဆက်ခြားသောက်ဆေး အသုံးပြုခြင်း သို့မဟုတ် အကာအကွယ်နည်းလမ်းကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်၊ ရေရှည်သားဆက်ခြားပြီး ကလေးပြန်ယူမည်ဆိုလျှင် သားအိမ်အတွင်း သားဆက်ခြားပစ္စည်းထည့်ခြင်းနည်းလမ်း သို့မဟုတ် လက်မောင်းထဲ သားဆက်ခြားပစ္စည်းထည့်ခြင်း နည်းလမ်းကို သုံးသင့်သည်
  • လုံလောက်သော မိသားစုဝင်အရေအတွက် ရရှိပြီးပါက ရာသက်ပန် သားဆက်ခြားနည်းလမ်းဖြစ်သော သားကြောဖြတ်ခြင်းနည်းလမ်းကို ‌ရွေးချယ်ပါ
  • အချို့မှာ ဘာသာရေးနှင့်ယဥ်ကျေးမှုကြောင့် တချို့သောသားဆက်ခြားနည်းလမ်းများကို ရွေးချယ် မရနိုင်သော်လည်း မိမိ၏ယုံကြည်မှုနှင့်ယှဥ်ပြီး ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆသင့်သည်

References:

  1. Birth control options: Things to consider. (n.d.). Mayo Clinic. Retrieved June 18, 2025, from https://www.mayoclinic.org/healthy-lifestyle/birth-control/in-depth/birth-control-options/art-20045571
  2. Cleveland Clinic. (n.d.). Birth control: Forms, options, risks & effectiveness. Retrieved June 18, 2025, from https://my.clevelandclinic.org/health/articles/11427-birth-control-options

Published: 5 July 2025

Share

5 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.