Contraceptive Methods(Short-term and Mid-term Methods) (ကာလတို သားဆက်ခြားနည်းလမ်းများ)

Contraceptive Methods(Short-term and Mid-term Methods) (ကာလတို သားဆက်ခြားနည်းလမ်းများ)

သားဆက်ခြားခြင်းဆိုသည်မှာ ဆေးဝါးဖြင့်ဖြစ်စေ၊ ပစ္စည်းကိရိယာဖြင့်ဖြစ်စေ၊ နည်းလမ်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ သန္ဓေမတည်နိုင်အောင် တားဆီးထားခြင်းဖြစ်သည်။ သားဆက်ခြားနည်းလမ်း အမျိုးမျိုးရှိသော်လည်း သားဆက်ခြားနည်းလမ်းတစ်ခုချင်းစီ၏ အာနိသင်၊ စွမ်းဆောင်ရည်ကို သေချာစွာသိရှိထားပြီး မှန်ကန်စွာအသုံးပြုမှသာလျှင် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုမိပါက သို့မဟုတ် စနစ်တကျမသုံးမိပါက အချိန်မရွေး ကိုယ်ဝန်ရနိုင်သည်။

သားဆက်ခြားနည်းလမ်းများ၏ လုပ်ဆောင်မှုများ

သားဆက်ခြားနည်းလမ်းများ၏ လုပ်ဆောင်ချက်များသည် တစ်နည်းနှင့်တစ်နည်း အနည်းငယ်ကွဲပြားကြသည်။

  • သုက်ပိုးကို သားဥဆီသို့မရောက်ရှိအောင် ကာကွယ်တားဆီးခြင်း
  • သားဥအိမ်မှ သားဥကြွေခြင်းမဖြစ်အောင် ပြုလုပ်ခြင်း
  • သားဥဆီသို့ ရောက်ရှိအောင် လှုပ်ရှားသွားလာရမည့် သုက်ပိုးကို ဖျက်ဆီးခြင်း
  • သားအိမ်အတွင်းသို့ သုက်ပိုးမဝင်ရောက်နိုင်ရန် သားအိမ်ခေါင်းအချွဲများ ထူပစ်အောင် ပြုလုပ်ခြင်း
  • သန္ဓေမတည်နိုင်အောင် သားအိမ်အတွင်း နံရံပါးလွှာအောင် ပြုလုပ်ခြင်း စသည့်နည်းလမ်းများဖြင့် သန္ဓေမတည်နိုင်အောင် ပြုလုပ်ထားသည်။

သားဆက်ခြားနည်းလမ်းများ

သားဆက်ခြားနည်းလမ်း အမျိုးမျိုးရှိပြီး လုပ်ဆောင်ပုံကွဲပြား၍ အားသာချက်၊ အားနည်းချက်များ အသီးသီးရှိသည်။ သားဆက်ခြားနည်းလမ်းများကို အသုံးပြုမည့် အချိန်ကာလအပေါ် မူတည်၍ ယေဘုယျအားဖြင့် ကာလတို သားဆက်ခြားနည်းလမ်းများ (Short-term methods) နှင့် ကာလရှည် သားဆက်ခြားနည်းလမ်းများ (Long-term methods) ခွဲခြားနိုင်သည်။ တစ်ဖန်သန္ဓေတားသည့် နည်းလမ်းများအပေါ် မူတည်၍ သဘာဝအတိုင်း သန္ဓေတားနည်း၊ အကာအကွယ်နည်းလမ်းများ၊ ဟော်မုန်းပါဝင် သောဆေးဝါးများ၊ သ‌န္ဓေတားပစ္စည်း အသုံးပြုသည့်နည်းလမ်းများ၊ သားကြောဖြတ်သည့်နည်းလမ်းများဟူ၍လည်း ခွဲခြားနိုင်သည်။

ကာလတို သားဆက်ခြားနည်းလမ်းများ

ကာလတို သားဆက်ခြားနည်းလမ်းများသည် လိင်ဆက်ဆံခြင်း မပြုမီ (သို့မဟုတ်) ပြုပြီး အသုံးပြုရသော၊ နေ့စဥ် (သို့မဟုတ်) မကြာခဏ သုံးစွဲရသည့် နည်းလမ်းများဖြစ်သည်။ ရက်အနည်းငယ်၊ ရက်သတ္တပတ်မှ လအနည်းငယ် ကြာ သန္ဓေတားနိုင်သည့် အာနိသင်ရှိသည်။.

သဘာဝအတိုင်း သန္ဓေတားနည်း (Natural family planning)

  1. ရာသီသွေးပေါ်ရက်ကို ပြက္ခဒိန်၌ မှတ်သားပြီး သားဥကြွေရက်ကို ခန့်မှန်းရှောင်ကြဥ်ခြင်း
    ပြက္ခဒိန်၌ ရာသီသွေးပေါ်ရက်များကို သေချာမှတ်သားထားပြီး သားဥကြွေရက်ကို ခန့်မှန်း၍ ကိုယ်ဝန်ရနိုင်သောရက်များ၌ လိင်ဆက်ဆံမှုကို ရှောင်ကြဥ်ခြင်းဖြစ်သည်။ ဤနည်းလမ်းသည် ဆိုးကျိုးနှင့် ကုန်ကျစရိတ်မရှိသော်လည်း ရာသီသွေးဆင်းမမှန်သူများတွင် ဤနည်းလမ်းကို အသုံးမပြုနိုင်ပါ။

    မှန်ကန်သောအသုံးပြုပုံနည်းလမ်း
    ပြက္ခဒိန်တွင် ရာသီစပေါ်သောနေ့ကို မိမိ၏ဓမ္မတာစက်ဝန်းကို ခန့်မှန်းနိုင်သည်အထိ လစဥ်မှတ်သားထားရသည်။ ထို့နောက် သားဥကြွေမည့် ခန့်မှန်းရက်ကို တွက်ချက်၍ ထိုရက်ပတ်ဝန်းကျင် [ခန့်မှန်းသားဥကြွေရက်မတိုင်မီ အနည်းဆုံး (၅) ရက်မှ ခန့်မှန်းသားဥကြွေရက်နောက် (၃) ရက်ထိ] ကို ကိုယ်ဝန်ရနိုင်သောရက်များအဖြစ် သတ်မှတ်ပြီး လိင်ဆက်ဆံခြင်းကို ရှောင်ရသည်။

    အကျိုးအာနိသင်
    ဤနည်းလမ်းကို မှန်ကန်သေချာစွာ အသုံးပြုလျှင် သန္ဓေတားနိုင်သောအကျိုးအာနိသင် (၇၅ – ၈၈) ရာခိုင်နှုန်းထိရှိသည်။
  2. သားအိမ်ခေါင်းအချွဲကိုကြည့်၍ လိင်ဆက်ဆံခြင်းကို ရှောင်ကြဥ်ခြင်း
    ဤနည်းလမ်းသည် မိန်းမကိုယ်မှဆင်းလာသော သားအိမ်ခေါင်းအချွဲသဘာဝကို ကြည့်၍ ကိုယ်ဝန်ရနိုင် သောရက်ကို ခန့်မှန်း၍ လိင်ဆက်ဆံခြင်းကို ရှောင်ကြဥ်ခြင်းဖြစ်သည်။ သားအိမ်ခေါင်းအချွဲကို လိုက်လံ ကြည့်ရှုဆန်းစစ်ရခြင်းသည် အချိန်ပေးရပြီး လိင်ဆက်ဆံခြင်းကို အများဆုံး ရက်သတ္တပတ် (၂) ပတ်ထိ ရှောင်ရနိုင်သောကြောင့် လိုက်နာရန် ခက်ခဲနိုင်သည်။

    မှန်ကန်သော အသုံးပြုပုံနည်းလမ်း
    မိန်းမကိုယ်ထဲ လက်ချောင်းထည့်၍ သားအိမ်ခေါင်းအချွဲကို တို့ယူပြီးလည်းကောင်း၊ အတွင်းခံ ဘောင်းဘီတွင် စွန်းထင်းနေသောအချွဲကို ကြည့်၍လည်းကောင်း သားအိမ်ခေါင်း အချွဲသဘာဝကို သေချာစမ်းစစ်ရသည်။ အချွဲသည် ကြက်ဥအကာကဲ့သို့ ပါးလွှာကြည်တောက်နေလျှင် ကိုယ်ဝန်ရနိုင်သောကာလဖြစ်ပြီး ကော်ကဲ့သို့ ထူပစ်နေလျှင် ကိုယ်ဝန်မရနိုင်သောကာလဖြစ်သည်။ အချွဲသဘာဝ ပြောင်းလဲမှုကို လစဥ်ကြည့်၍ သားဥကြွေမည့်ရက် (သို့မဟုတ်) ကိုယ်ဝန်ရနိုင်သောကာလကို ခန့်မှန်း၍ လိင်ဆက်ဆံခြင်းကို ရှောင်ကြဥ်ခြင်းဖြစ်သည်။

    အကျိုးအာနိသင်
    သားအိမ်ခေါင်းအချွဲသဘာဝ ခန့်မှန်းမှု မှန်ကန်၍ သေချာအသုံးပြုလျှင် သန္ဓေတားနိုင်သော အကျိုးအာနိသင် (၇၅ – ၈၈) ရာခိုင်နှုန်းထိရှိသည်။
  3. ခန္ဓာကိုယ်အပူချိန်တိုင်းတာခြင်းနည်းလမ်း
    ခန္ဓာကိုယ်၏ အခြေခံအပူချိန်ကို တိုင်းတာမှတ်သားပြီး သားဥကြွေရက်ကို ခန့်မှန်းနိုင်အောင် ပြုလုပ်ခြင်းဖြစ်သည်။ အသုံးပြုသော အပူချိန်တိုင်းကိရိယာသည် အပူချိန် အနည်းဆုံး တစ်ဒီဂရီ၏ ဆယ်ပုံတစ်ပုံ တိုင်းတာနိုင်ရမည်။ ဤနည်းလမ်းသည် ကုန်ကျစရိတ်မကြီးသော်လည်း ခန္ဓာကိုယ်အပူချိန်ကို နေ့စဥ်မနက်အိပ်ရာမှ မထမီ နားနေချိန်၌ တိုင်းတာရသည့်အတွက် အလွန်သတိထားရန်လိုသည်။

    မှန်ကန်သော အသုံးပြုပုံနည်းလမ်း
    မနက်တိုင်းအိပ်ယာမှ မထမီ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာမှတ်သားရသည်။ သားဥကြွေပြီးချိန် ခန္ဓာကိုယ် အပူချိန်သည် အခြေခံခန္ဓာကိုယ်အပူချိန်၏ ဒီကရီတစ်ဝက်ခန့် ပိုမြင့်တက်သည်။ လိင်ဆက်ဆံခြင်းကို ခန္ဓာကိုယ် အပူချိန်တက်ပြီး (၃) ရက်ထိ ရှောင်ကြဥ်ရမည်။ ခန္ဓာကိုယ်အပူချိန် တိုင်းခြင်းနည်းလမ်းကို ဓမ္မတာစက်ဝန်းအတော်များများ တိုင်းတာမှတ်သားပြီးမှ အပူချိန်တက်သည့်ရက်ကို ကြိုတင်ခန့်မှန်းနိုင်မည်။

    အကျိုးအာနိသင်
    ဤနည်းလမ်းတစ်မျိုးတည်းကို အသုံးပြုအားဖြင့် သားဥကြွေပြီးကြောင်းသာ သတ်မှတ်နိုင်သောကြောင့် သန္ဓေတားခြင်းအတွက် အကျိုးအာနိသင်မရှိပါ။ သားဥမကြွေမီ (၅) ရက်မှစပြီး လိင်ဆက်ဆံလျှင် ကိုယ်ဝန် ရနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အကာအကွယ်နည်းလမ်း (သို့မဟုတ်) ဟော်မုန်းပါဝင်သော သားဆက်ခြားနည်းလမ်းများနှင့် ယှဥ်၍ မရွေးချယ်သင့်သော နည်းလမ်းဖြစ်သည်။

အကာအကွယ်နည်းလမ်းများ – Barrier methods

  1. အမျိုးသားသုံးကွန်ဒုံး – Male condom
    အမျိုးသားသုံးကွန်ဒုံးသည် ပါးလွှာသော သားရေသား၊ ရာဘာသား (သို့မဟုတ်) ပလတ်စတစ်သားဖြင့် ပြုလုပ်ထားပြီး တောင့်တင်းသော အမျိုးသားလိင်အင်္ဂါတွင် စွပ်၍ အသုံးပြုရသည်။ ကွန်ဒုံးကို အသုံးပြုခြင်းကြောင့် သုက်ပိုး၊ သုက်ရည်များ မိန်းမကိုယ်လမ်းကြောင်းမှ သားအိမ်ထဲသို့ မရောက်ရှိအောင် ကာကွယ်ပေးသည်။ သို့သော် ကွန်ဒုံးသည် ပေါက်ပြဲလွယ်သောကြောင့် အခြားသော သားဆက်ခြားနည်းလမ်းများနှင့် ယှဥ်လျှင် သန္ဓေတားနိုင်သော အကျိုးအာနိသင်နည်းသည်။

    မှန်ကန်သောအသုံးပြုပုံနည်းလမ်း
    လိင်ဆက်ဆံခြင်းမပြုမီ အမျိုးသားလိင်အင်္ဂါ ထောင်မတ်လာအောင်ပြုလုပ်ပြီးမှ ကွန်ဒုံးကို အမျိုးသား လိင်အင်္ဂါထိပ်တွင် မှန်ကန်သောအနေအထားဖြင့် စွပ်ပါ။ ကွန်ဒုံး၏ထိပ်ကို လက်ဖြင့်ထိန်းထားပြီး လိင်အင်္ဂါအရင်းထိအောင် ကွန်ဒုံးကို ဆွဲဆန့်လိုက်ပါ။ ပြီးမှ လိင်ဆက်ဆံခြင်းပြုပါ။ လိင်ဆက်ဆံမှု တစ်ကြိမ်ပြီးတိုင်း သုက်ရည်စုထားသော ကွန်ဒုံးထိပ်ကို ပိတ်ကိုင်ပြီး လိင်အင်္ဂါမပျော့မီ ကွန်ဒုံးကို ချွတ်၍ စနစ်တကျစွန့်ပစ်ပါ။ နောက်တစ်ကြိမ် လိင်ဆက်ဆံမည်ဆိုပါက ကွန်ဒုံးအသစ်သုံးပါ။ ကွန်ဒုံးနှင့်အတူ ချောဆီများတွဲ၍ အသုံးပြုပါက K-Y Jelly ကဲ့သို့သော အရည်အခြေခံပြုလုပ်ထားသော ချောဆီများကို အသုံးပြုနိုင်သည်။ အဆီပါသောချောဆီများကို အသုံးမပြုရပါ။ ကွန်ဒုံးပေါက်ပြဲခဲ့ပါက အရေးပေါ်သန္ဓေတားနည်းကိုပါ အသုံးပြုရမည်။ အမျိုးသားသုံးကွန်ဒုံးကို ဆေးဆိုင်များ၊ စတိုးဆိုင်များတွင် လွယ်ကူစွာရရှိနိုင်သည်။

    အကျိုးအာနိသင်
    အမျိုးသားသုံးကွန်ဒုံးကို မှန်ကန်စွာ စနစ်တကျအသုံးပြုလျှင် သန္ဓေတားနိုင်သော အာနိသင် (၈၅) ရာခိုင်နှုန်း ရှိသည်။ ထို့ပြင် ကွန်ဒုံးအသုံးပြုခြင်း၏ အကောင်းဆုံးသော အကျိုးအာနိသင်မှာ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်နိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်းဖြစ်သည်။
  2. သုက်ပိုးကို ပျက်စီးစေသောဓာတုပစ္စည်းများ (Spermicide)
    သုက်ပိုးကို ပျက်စီးစေသော ဓာတုပစ္စည်းများကို ဂျယ်လ် (Gel), ခရင်မ် (Cream) သို့မဟုတ် စအိုအတွင်းထည့်သော ဆေးတောင့်ပုံစံ (Suppository) ဖြင့် ရရှိနိုင်ပြီး သုက်ပိုးကို သေကြေပျက်စီးစေခြင်း၊ သုက်ပိုးမလှုပ်ရှားနိုင်အောင် ပြုလုပ်ခြင်းတို့ကြောင့် သုက်ပိုးများသည် သားဥဆီသို့ မရောက်နိုင်တော့ဘဲ သန္ဓေတည်ခြင်းကို တားဆီးပေးသည်။ ဤနည်းကိုအသုံးပြုလျှင် လိင်ဆက်ဆံခြင်း‌ကြောင့် ကူးစက်နိုင်သောရောဂါများကို မကာကွယ်ပေးနိုင်သည့်အပြင် အသုံးပြုသော ဓာတုပစ္စည်းများသည် ယောနိလမ်းကြောင်းကို ရောဂါကူးစက်ရန်ပို၍ လွယ်ကူစေသည်။

    မှန်ကန်သောအသုံးပြုပုံနည်းလမ်း
    လိင်ဆက်ဆံခြင်းမပြုမီ (၁၅) မိနစ်မှ မိနစ် (၃၀) ကြား ကြိုတင်၍ မိန်းမကိုယ် ယောနိလမ်းကြောင်းထဲ၌ သုက်ပိုးကို ပျက်စီးသော ဓာတုပစ္စည်း (ဥပမာ_ဂျယ်လ်) ကိုထည့်ထားပါ။ အကျိုးအာနိသင်သည် တစ်နာရီကြာသည်အထိ ရှိနေမည်ဖြစ်ပြီး ထို့ထက်ပို၍ လိင်ဆက်ဆံချိန်ကြာလျှင် ဂျယ်လ်ထပ်မံထည့်ပေးရမည်။ လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ် ယောနိလမ်းကြောင်းကို ဆေးကြောခြင်းမပြုရပါ။ လိင်ဆက်ဆံချိန်တိုင်း ဂျယ်လ်ကို အသုံးပြုရမည်။

    အကျိုးအာနိသင်
    သုက်ပိုးကို ပျက်စီးသော ဓာတုပစ္စည်းတစ်မျိုးတည်းကို မှန်ကန်စွာ စနစ်တကျအသုံးပြုလျှင် သန္ဓေတားနိုင်သောအာနိသင် (၇၀) ရာခိုင်နှုန်းရှိသည်။ အကယ်၍ အကာအကွယ်နည်းလမ်းဖြင့် တွဲသုံးလျှင် သန္ဓေတားနိုင်သောအာနိသင်သည် (၉၄) ရာခိုင်နှုန်းထိရှိလာမည်။ မိန်းမကိုယ်ယောနိလမ်းကြောင်းထဲထည့်ရသော ဂျယ်လ်၏ သန္ဓေတားနိုင်သောအာနိသင်သည် (၈၅) မှ (၉၃) ရာခိုင်နှုန်းထိရှိသည်။
  3. မိန်းမကိုယ် ယောနိလမ်းကြောင်းထဲထည့်ရသော ခွက်ပုံရှိအကာအကွယ်ပစ္စည်း (Diaphragm)
    မိန်းမကိုယ် ယောနိလမ်းကြောင်းထဲထည့်ရသော ခွက်ပုံရှိအကာအကွယ်ပစ္စည်းသည် ပျော့ပျောင်းပုံသွင်းလွယ်၍ ပြန်အသုံးပြုနိုင်သည်။ လိင်ဆက်ဆံသည့်အခါ ဤပစ္စည်းကို မိန်းမကိုယ်ယောနိလမ်းကြောင်း ထဲထည့်သွင်းထားခြင်းဖြင့် သုက်ပိုးသည် သားအိမ်တွင်းသို့မရောက်နိုင်တော့ပါ။ အရည်အခြေခံ ပြုလုပ်ထားသော သုက်ပိုးပျက်စီးစေသော ဂျယ်လ်နှင့်တွဲ၍ အသုံးပြုနိုင်သည်။ ဤအကာအကွယ်ပစ္စည်းသည် မိန်းမကိုယ် ယောနိလမ်းကြောင့်နှင့် ကွက်တိကျရန် အရေးကြီးသည်။ တချို့အမျိုးအစားသည် အရွယ်အစားအမျိုးမျိုးရှိသဖြင့် မိမိ၏ မိန်းမကိုယ်ယောနိလမ်းကြောင်းနှင့် ကွက်တိကျရန် ကျန်းမာရေးစောင့်ရှောက်သူ၏ အကူအညီယူ၍ ရွေးချယ်ရတတ်သည်။ သတိပြုရန်မှာ မိမိ၏ကိုယ်အလေးချိန် (၁၀ – ၁၅‌) ပေါင်ကြား လျော့ကျသွားလျှင် ကွက်တိကျရန် အရွယ်အစား ပြန်လည်ရွေးချယ်ရနိုင်သည်။ တချို့အမျိုးအစားများမှာမူ မည်သည့်အရွယ်မဆို အမြဲကွက်တိကျရန် ပြုလုပ်ထားခြင်းလည်းရှိသည်။ မိန်းမကိုယ် ယောနိလမ်းကြောင်းထဲထည့်ရသော ခွက်ပုံရှိအကာအကွယ်ပစ္စည်းသည် လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို မကာကွယ်နိုင်ပါ။

    မှန်ကန်သောအသုံးပြုပုံနည်းလမ်း
    ဦးထုပ် (သို့မဟုတ်) ခွက်ပုံရှိ သန္ဓေတားပစ္စည်းကို လိင်မဆက်ဆံမီ တစ်နာရီမှ နှစ်နာရီကြို၍ မိန်းမကိုယ် ယောနိလမ်းကြောင်းထဲထည့်ပါ။ လိင်ဆက်ဆံပြီးနောက် (၆)နာရီ မှ (၂၄)နာရီခန့်ကြာမှ ဖယ်ရှားပါ။ သန္ဓေတားခြင်းအာနိသင် အကောင်းဆုံးရရှိစေရန် လိင်မဆက်ဆံမီ ဦးထုပ် (သို့မဟုတ်) ခွက်ပုံအနားများကို သုက်ပိုးပျက်စီးစေသောဂျယ်လ် (spermicide) ကို လိမ်းပြီးအသုံးပြုပါ။

    အကျိုးအာနိသင်
    မိန်းမကိုယ် ယောနိလမ်းကြောင်းထဲထည့်ရသော ခွက်ပုံရှိ အကာအကွယ်ပစ္စည်းသည် မှန်ကန်စွာ စနစ်တကျအသုံးပြုလျှင် သန္ဓေတားနိုင်သောအာနိသင် (၈၇) ရာခိုင်နှုန်းရှိပြီး အကယ်၍ သုက်ပိုးပျက်စီးစေသော ဂျယ်လ် (spermicide) ဖြင့် တွဲသုံးလျှင် သန္ဓေတားနိုင်သောအာနိသင်သည် (၉၄) ရာခိုင်နှုန်းထိရှိလာမည်။
  4. သားအိမ်ခေါင်းအစွပ် (Cervical cap)
    သားအိမ်ခေါင်းအစွပ်သည် ဆီလီကွန် (သို့မဟုတ်) ရာဘာသားအပျော့ဖြင့်ပြုလုပ်ထားပြီး သားအိမ်ခေါင်းကို အံဝင်ခွင်ကျကွက်တိစွပ်ရသည်။ သို့ဖြစ်၍ ကျန်းမာရေးစောင့်ရှောက်သူ၏အကူအညီကိုယူ၍ မိမိ၏သားအိမ်ခေါင်းနှင့် ကွက်တိကျသောအရွယ်အစားကို ရွေးချယ်ရသည်။ သို့မှသာ သန္ဓေတားနိုင်သော အာနိသင်ကို ပြည့်ပြည့်ဝဝရရှိမည်။ ကွန်ဒုံးကဲ့သို့မဟုတ်ဘဲ လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို မကာကွယ်နိုင်ပါ။

    မှန်ကန်သောအသုံးပြုပုံနည်းလမ်း
    လိင်မဆက်ဆံမီ (၆) နာရီကြိုတင်၍ သားအိမ်ခေါင်းအစွပ်ကို သုက်ပိုးပျက်စီးစေသောဂျယ်လ် (Spermicide) လိမ်းပြီးနောက် မိန်းမကိုယ် ယောနိလမ်းကြောင်းမှတစ်ဆင့် သားအိမ်ခေါင်းကို စွပ်ထားပါ။ သုက်ပိုးများသည် လိမ်းထားသောဂျယ်လ်ကြောင့် မလှုပ်ရှားနိုင်ဘဲ ပျက်စီးပြီး သားအိမ်ခေါင်းအစွပ်ကြောင့် သားအိမ်ထဲသို့မရောက်ရှိနိုင်တော့ပါ။ လိင်ဆက်ဆံပြီးနောက် (၈) နာရီအတွင်း မဖယ်ရှားရပါ။ သားအိမ်ခေါင်းအစွပ်ကို (၄၈) နာရီကြာသည်အထိ ထားရှိနိုင်သည်။ သုက်ပိုးပျက်စီးစေသောဂျယ်လ်ကို ညွှန်ကြားသည့်အတိုင်း သေချာစွာသုံးစွဲပါ။

    အကျိုးအာနိသင်
    သားအိမ်ခေါင်းအစွပ်အကာအကွယ်ပစ္စည်းသည် မှန်ကန်စွာ စနစ်တကျအသုံးပြုလျှင် သန္ဓေတားနိုင် သောအာနိသင် (၇၈) ရာခိုင်နှုန်းရှိပြီး သုက်ပိုးပျက်စီးစေသော ဂျယ်လ် (spermicide) ဖြင့် တွဲသုံးလျှင် သန္ဓေတားနိုင်သောအာနိသင်သည် (၈၅) ရာခိုင်နှုန်းထိရှိလာမည်။
  5. အမျိုးသမီးကွန်ဒုံး (Female condom)
    အမျိုးသမီးကွန်ဒုံးသည် ချောဆီပါသော တစ်ဖက်ပိတ်ပလတ်စတစ်ပြွန်ဖြစ်ပြီး တစ်ဖက်တစ်ချက်တွင် ပုံသွင်းရလွယ်သောကွင်း ပါရှိသည်။ အမျိုးသမီးကွန်ဒုံးသည် အမျိုးသားကွန်ဒုံးကဲ့သို့ လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို ကာကွယ်ပေးနိုင်သည်။

    မှန်ကန်သောအသုံးပြုပုံနည်းလမ်း
    လိင်ဆက်ဆံမှု မစမီ အမျိုးသမီးကွန်ဒုံးကို မိန်းမကိုယ် ယောနိလမ်းကြောင်းထဲထည့်ပါ။ ကွန်ဒုံး၏ တစ်ဖက်ပိတ်သောအပိုင်းသည် သားအိမ်ခေါင်းဘက် ထားရှိရမည်။ ပွင့်နေသောအပိုင်းသည် မိန်းမကိုယ်နှုတ်ခမ်းသားပေါ်တွင်ရှိမည်။ သုက်ပိုးကို သားအိမ်ထဲမရောက်အောင် ကာကွယ်ထားပြီး လိင်ဆက်ဆံမှုပြီးနောက် ချက်ချင်းဖယ်ရှားပစ်ရမည်။

    အကျိုးအာနိသင်
    အမျိုးသမီးကွန်ဒုံးအသုံးပြုလျှင် သန္ဓေတားနိုင်သောအာနိသင် (၇၉) ရာခိုင်နှုန်းရှိသည်။
  6. မိန်းမကိုယ် ယောနိလမ်းကြောင်းထဲထည့်ရသော ဒိုးနတ်ပုံ အကာအကွယ်ပစ္စည်း (Sponge)
    သေးငယ်၍ ဒိုးနတ်ပုံရှိသော အကာအကွယ်ပစ္စည်းတွင် သုက်ပိုးပျက်စီးစေသော ဓာတုပစ္စည်းများ ပါဝင်ပြီး သားအိမ်ခေါင်းကို သုက်ပိုးဖြတ်မဝင်နိုင်အောင် ကာကွယ်ထားသည်။ ဒိုးနတ်ပုံအကာအကွယ်ပစ္စည်းသည် လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို မကာကွယ်ပေးနိုင်သည့်အပြင် မိန်းမကိုယ် ယောနိလမ်းကြောင်းအတွင်း ရောဂါပိုးဝင်နိုင်ခြေ ပိုများသည်။

    မှန်ကန်သောအသုံးပြုပုံနည်းလမ်း
    ဒိုးနတ်ပုံအကာအကွယ်ပစ္စည်းကို ‌ရေစိုအောင်ပြုလုပ်ပြီး ယောနိလမ်းကြောင်းထဲထည့်၍ သားအိမ်ခေါင်းကို ဖုံးအုပ်ပေးပါ။ ရေစိုသည်နှင့်တစ်ပြိုင်နက် သုက်ပိုးပျက်စီးစေသော ဓာတုပစ္စည်းများ စတင်ထွက်လာပြီး (၂၄) နာရီကြာသည်အထိ ထုတ်လွှတ်ပေးနိုင်သည်။ လိင်ဆက်ဆံပြီးနောက် (၆) နာရီအကြာတွင် ဖယ်ရှားလေ့ရှိပြီး နာရီ (၃၀) ထက်ကျော်လွန်အောင် ယောနိလမ်းကြောင်းတွင်း မထားရှိရပါ။

    အကျိုးအာနိသင်
    ဒိုးနတ်ပုံအကာအကွယ်ပစ္စည်းကို နည်းလမ်းမှန်ကန်စွာ သေချာအသုံးပြုလျှင် သန္ဓေတားနိုင်သော အာနိသင် (၇၆ – ၉၁) ရာခိုင်နှုန်းထိရှိသည်။

ဟော်မုန်းပါဝင်သောဆေးဝါးများ အသုံးပြုခြင်း

  1. ဟော်မုန်း (၂) မျိုးပါဝင်သော သားဆက်ခြားဆေးများ
    အီစတိုဂျင်ဟော်မုန်းပါဝင်သော သားဆက်ခြားသောက်ဆေးများ (Birth control pills)၊ မိန်းမကိုယ် ယောနိလမ်းကြောင်းထည့်ရသော ကွင်းများ (Vaginal ring)၊ အ‌ရေပြားကပ်ခွာများ (Transdermal patch) ပါဝင်ပြီး သားဥကြွေခြင်းကို တားဆီးပေး၍ သားဆက်ခြားပေးသည်။ ဟော်မုန်း (၂) မျိုးပါ သားဆက်ခြား သောက်ဆေးသည် စတင်အသုံးပြုပြီး လအတော်ကြာ ရင်သားတင်းခြင်း၊ ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရာသီသွေးဆင်းမမှန်ခြင်း အစရှိသည်တို့ ကြုံတွေ့ရနိုင်သည်။ အီစတိုဂျင်ပါဝင်သော သားဆက်ခြား နည်းလမ်းများကြောင့် သွေးကြောထဲ သွေးခဲခြင်းဖြစ်ပေါ်နိုင်သည်။ ရာသီသွေးဆင်း ပမာဏနည်းခြင်း၊ ရာသီသွေးမှန်မှန်ပေါ်ခြင်း၊ ရာသီသွေးဆင်းကိုက်ခဲခြင်းမှ သက်သာခြင်း၊ ဝက်ခြံထွက်ခြင်းမှ သက်သာခြင်း၊ ရာသီမပေါ်မီ တွေ့ကြုံခံစားရသော ‌ဝေဒနာလက္ခဏာစုမှ သက်သာခြင်း အစရှိသော ကောင်းသော အကျိုးကျေးဇူးလည်းရရှိနိုင်သည်။

    မှန်ကန်သောအသုံးပြုနည်းလမ်း
    ဟော်မုန်း (၂) မျိုးပါသော သားဆက်ခြားသောက်ဆေးကို နေ့စဥ်မပျက်မကွက် အချိန်မှန်မှန်သောက်ပေးရန် လိုအပ်ပြီး ဆေးလုံးဖွဲ့စည်းပုံ အမျိုးမျိုးရှိကြသည်။ ယောနိလမ်းကြောင်းထည့်ရသော ဟော်မုန်းကွင်းများမှာ တစ်လတစ်ကြိမ်ထည့်ရန် လိုအပ်သည်။ အရေပြားဟော်မုန်းကပ်ခွာများသည် အ‌ရေပြားကိုဖြတ်၍ ဟော်မုန်းများ ခန္ဓာကိုယ်ထဲ‌ရောက်ရှိပြီး တစ်ပတ် တစ်ကြိမ် လဲပေးရသည်။ မည်သည့်နည်းလမ်းကိုမဆို မှန်မှန်နှင့်ဆက်တိုက် အသုံးပြုရန် အရေးကြီးသည်။ အသုံးပြုရန် မေ့လျော့ခဲ့လျှင် ရာသီသွေးဆင်းမမှန်ခြင်းဖြစ်ပေါ် ပြီး ကိုယ်ဝန်ရနိုင်သည်။

    အကျိုးအာနိသင်
    ဟော်မုန်း (၂) မျိုးပါဝင်သော သားဆက်ခြားဆေးများကို မှန်ကန်စွာသေချာအသုံးပြုလျှင် (၉၉) ရာခိုင်နှုန်းထိ သန္ဓေတားခြင်းအာနိသင်ရှိပြီး သုံးစွဲမှုမမှန်ကန်ပါက အာနိသင်သည် (၉၁) ရာခိုင်နှုန်းထိ လျော့ကျသွားနိုင် သည်။ သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်း၊ လက်မောင်းထဲထည့် သားဆက်ခြားပစ္စည်း အစရှိသော‌ ရေရှည်သန္ဓေတားနိုင်သော သားဆက်ခြားနည်းလမ်းကဲ့သို့ အကျိုးအာနိသင်မရနိုင်သော်လည်း ကွန်ဒုံးကဲ့သို့သော အကာအကွယ်သားဆက်ခြားနည်းလမ်းထက် အကျိုးအာနိသင်ပိုကောင်းမွန်သည်။
  2. ပရိုဂျက်စတင်‌ဟော်မုန်း တစ်မျိုးတည်းပါသောသောက်ဆေး (Progestin only pills)
    ပရိုဂျက်စတင်ဟော်မုန်း တစ်မျိုးတည်းပါသော သားဆက်ခြား သောက်ဆေးဖြစ်သည်။ ပရိုဂျက်စတင်ဟော်မုန်းသည် သားအိမ်အတွင်းသို့ သုက်ပိုးမဝင်ရောက်နိုင်ရန် သားအိမ်ခေါင်းအချွဲများထူပစ်အောင် ပြုလုပ်ခြင်း၊ သားအိမ်အတွင်းနံရံ ပါးလွှာအောင် ပြုလုပ်ခြင်းဖြင့် သန္ဓေမတည်နိုင်အောင် တားဆီးပေးသည်။ ရာသီသွေး ပေါ်လိုက်ပျောက်လိုက်ဖြစ်ခြင်း၊ ရာသီသွေးမပေါ် ခြင်းအစရှိသော နောက်ဆက်တွဲဆိုးကျိုးများဖြစ်တတ်ပြီး စတင်အသုံးပြုချိန် (၆)လ မှ (၁၂)လကြာလျှင် သက်သာသွားတတ်သည်။

    မှန်ကန်သောအသုံးပြုပုံနည်းလမ်း
    နေ့စဥ်အချိန်မှန်မှန် မပျက်မကွက် သောက်သုံးပေးရန် လိုအပ်ပြီး နို့တိုက်မိခင်များအတွက် အထူးသင့်လျော်သည်။

    အကျိုးအာနိသင်
    နေ့စဥ်မှန်မှန် မပျက်မကွက် သောက်သုံးလျှင် သန္ဓေတားနိုင်သောအာနိသင် (၉၉) ရာခိုင်နှုန်းနီးပါးရှိပြီး သုံးစွဲမှုမမှန်ကန်ပါက (၉၁) ရာခိုင်နှုန်းသာ အကျိုးအာနိသင်ရနိုင်သည်။
  3. ဒက်ပိုထိုးဆေး (သို့မဟုတ်) ၃လခံထိုးဆေး (Depo-provera)
    ဒက်ပိုထိုးဆေး (Depo) သည် ပရိုဂျက်စတင် ဟော်မုန်းထိုးဆေးဖြစ်သည်။ သားဥကြွေခြင်းကို တားဆီးခြင်း၊ သားအိမ်ခေါင်းအချွဲကို ထူပစ်စေခြင်းဖြင့် သန္ဓေမတည်နိုင်အောင် တားဆီးပေးသည်။

    မှန်ကန်သောအသုံးပြုပုံနည်းလမ်း
    ဒက်ပိုထိုးဆေးသည် သားဆက်ခြားရန် (၁၂) ပတ် တစ်ကြိမ် (သို့မဟုတ်) (၃) လတစ်ကြိမ်၊ တင်ပါး (သို့မဟုတ်) လက်မောင်းတွင် ထိုးနိုင်သည်။ တစ်ချို့သောဒက်ပိုထိုးဆေးသည် အိမ်၌ မိမိကိုယ်တိုင် ထိုးနိုင်ရန် ထုတ်လုပ်ပေးထားသည်။ ဒက်ပိုထိုးခြင်းကြောင့် ရာသီသွေး ပေါ်လိုက်ပျောက်လိုက်ဖြစ်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဆေးဖြတ်ပြီးနောက် ကိုယ်ဝန်ပြန်ရနိုင်ချိန် ခန့်မှန်းရခက်ခြင်းများရှိသည်။

    အကျိုးအာနိသင်
    ဒက်ပိုထိုးဆေးသည် အချိန်မှန်ထိုးလျှင် သန္ဓေတားနိုင်သောအာနိသင် (၉၉) ရာခိုင်နှုန်းရှိပြီး အချိန်မှန် မထိုးသောကြောင့် အသုံးပြုသောအမျိုးသမီး (၆) ရာခိုင်နှုန်းသည် ကိုယ်ဝန်ရနိုင်သည်။

အရေးပေါ်သန္ဓေတားနည်း (Emergency contraception)

အရေးပေါ်သန္ဓေတားနည်းသည် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် နာရီ (၂၀) သို့မဟုတ် (၅) ရက်အတွင်း ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်သည်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး (၃) ရက်အတွင်း အသုံးပြုလျှင် သန္ဓေတားခြင်းအကျိုးအာနိသင် ပိုမိုကောင်းမွန်စွာရရှိမည်။

  1. အရေးပေါ်သန္ဓေတားဆေး – Emergency contraceptive pills
    သန္ဓေတားဆေးလုံးများသည် အမျိုးသမီးများ သားဥကြွေခြင်းဖြစ်စဥ်ကို နှောင့်နှေးစေခြင်းဖြင့် ကိုယ်ဝန်မရအောင် တားဆီးပေးသည်။ အရေး‌ပေါ်သန္ဓေတားဆေးလုံး (၂) မျိုးရှိသည်။ လီဗိုနိုဂျက်စထွေး (levonorgestrel) ဟုခေါ်သော ပရိုဂျက်စတင်‌ (Progestin) ဟော်မုန်း (၁.၅) မီလီဂရမ်ပါဝင်သော အရေးပေါ်သန္ဓေတားဆေးလုံးနှင့် ယူလီပရစ်စတဲလ် (Ulipristal) (၃၀) မီလီဂရမ် ပါဝင်သော အရေးပေါ်သန္ဓေတားဆေးလုံးတို့ဖြစ်သည်။ အရေးပေါ်သန္ဓေတားနည်းလမ်းကို အသုံးပြုလျှင် ရာသီသွေးဆင်းမူမမှန်ခြင်း အဖြစ်များသည်။ အရေးပေါ်သန္ဓေတားဆေးလုံး သောက်ပြီးနောက် (၅) ရက်အတွင်း လိင်ဆက်ဆံမှု ရှောင်ပါ။ မရှောင်နိုင်ပါက ကွန်ဒုံးအသုံးပြုပါ။ မိမိမျှော်မှန်းထားသော ရာသီသွေးပေါ်ရက်ထက် တစ်ပတ်ကျော်လျှင် ကိုယ်ဝန် ရှိမရှိ စစ်ဆေးသင့်သည်။ အရေးပေါ်သန္ဓေတားဆေးလုံးကို သောက်သုံးရန် အကြိမ်အရေအတွက် ကန့်သတ်ထားခြင်း မရှိသော်လည်း ပုံမှန်သန္ဓေတားရန်အတွက် အသုံးမပြုသင့်ပါ။

    မှန်ကန်သော အသုံးပြုပုံနည်းလမ်းနှင့် အကျိုးအာနိသင်
    အရေးပေါ်တားဆေးလုံးများကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး (၇၂) နာရီအတွင်း သောက်သုံးလျှင် သန္ဓေတားနိုင်သောအကျိုးအာနိသင် (၉၀) ရာခိုင်နှုန်းရှိသည်။ သားဥကြွေချိန်နှင့် တိုက်ဆိုင်ပြီး လိင်ဆက်ဆံမိပါက အရေးပေါ်တားဆေးလုံးများသည် ကိုယ်ဝန်မရအောင် တားဆီးနိုင်မည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြီးပြီးချင်းသောက်သုံးရန် အရေးကြီးသည်။
  2. သားအိမ်ထဲထည့် သားဆက်ခြားပစ္စည်း
    ကြေးနီပါဝင်သော သားဆက်ခြားပစ္စည်းသာမက ပရိုဂျက်စတင်ပါဝင်သော သားဆက်ခြားပစ္စည်းဖြစ်သည်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် နာရီ (၁၂၀) သို့မဟုတ် (၅) ရက်အတွင်း အရေးပေါ်သန္ဓေတားရန် အသုံးပြုနိုင်သည်။ အရေးပေါ်သန္ဓေတားနိုင်သော အကျိုးအာနိသင်ကောင်းပြီး ရေရှည်ကိုယ်ဝန်တားရန်အတွက်လည်း အသုံးပြုနိုင်သည်။

    မှန်ကန်သော အသုံးပြုပုံနည်းလမ်းနှင့် အကျိုးအာနိသင်
    အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး (၅) ရက်အတွင်း သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်းကို အသုံးပြုလျှင် ရာနှုန်းပြည့်နီးပါး သန္ဓေတားနိုင်သော အကျိုးအာနိသင်ရှိသည်။

ပဋိသန္ဓေကို ရာနှုန်းပြည့်ကာကွယ်နိုင်သောနည်းလမ်းမှာ လိင်ဆက်ဆံခြင်း မပြုလုပ်ခြင်းဖြစ်သည်။ လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ မိမိထံမကူးစက်နိုင်အောင်လည်း ကာကွယ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

contraceptive methods short term image 1
သားဆက်ခြားနည်းလမ်းရွေးချယ်ရာတွင် ထည့်သွင်းစဥ်းစားရမည့်အချက်များ

လက်တွဲဖော်နှစ်ယောက်စလုံးအတွက် သားဆက်ခြားနည်းလမ်း ရွေးချယ်ရာတွင် အကောင်းဆုံးဖြစ်စေရန် အောက်ပါအချက်များကို ထည့်သွင်းစဥ်းစားရမည်။

  • မိမိရွေးချယ်မည့် သားဆက်ခြားနည်းလမ်းသည် အသုံးပြုရန်လွယ်ကူခြင်း သို့မဟုတ် အသုံးပြုရန် သက်သောင့်သက်သာရှိခြင်း
  • မှန်ကန်စွာအသုံးပြုလျှင် အကောင်းဆုံးသန္ဓေတားနိုင်သော အကျိုးအာနိသင်ရရှိခြင်း (ကိုယ်ဝန်ရနိုင်ခြေအနည်းဆုံးဖြစ်ခြင်း)
  • လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ ကာကွယ်နိုင်ခြင်း
  • မိမိ၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေ
  • သန္ဓေတားချင်သောကာလ (သို့မဟုတ်) ကလေးယူရန် ရည်မှန်းထားသောကာလ
  • အသုံးပြုသော သားဆက်ခြားနည်းလမ်း၏ ဆိုးကျိုးအန္တရာယ်များ
  • လိင်ဆက်ဆံနိုင်သောအကြိမ် (သို့မဟုတ်) လိင်ဆက်ဆံဖော်အရေအတွက်၊ လိင်ဆက်ဆံဖော် ကြိုက်နှစ်သက်မှု
  • မိမိအသုံးပြုသော သားဆက်ခြားနည်းလမ်းကို လျှို့ဝှက်ထားချင်သောဆန္ဒ
  • ရာသီသွေးပေါ်ချင်သောဆန္ဒ (သို့မဟုတ်) ရာသီသွေးနည်းချင်သော အခြေအနေ
  • မိမိကိုးကွယ်ရာဘာသာ၊ ယဥ်ကျေးမှုဓလေ့ထုံးစံ
  • အသုံးပြုသောနည်းလမ်း၏ ကုန်ကျစရိတ်

အကောင်းဆုံးသားဆက်ခြားနည်းလမ်း

သားဆက်ခြားနည်းလမ်းများ၏ အာနိသင်အပြည့်အဝရရှိရန် ဂရုတစိုက် မှန်ကန်စွာ အသုံးပြုရန် လိုအပ်သည်။ သုံးစွဲရန်လွယ်ကူ အဆင်ပြေပြီး သက်သောင့်သက်သာ ဖြစ်စေသော၊ အမြဲသတိရှိရမည့် အခြေအနေမှလွတ်ကင်းသော သားဆက်ခြားနည်းလမ်းများဖြစ်သည့် လက်မောင်းထဲ သားဆက်ခြားပစ္စည်းထည့်ခြင်း၊ သားအိမ်ထဲ သားဆက်ခြားပစ္စည်းထည့်ခြင်းနှင့် သားဥပြွန်ဖြတ်ခြင်း (သို့မဟုတ်) သုက်ပို့ပြွန်ဖြတ်ခြင်းသည် အကျိုးအာနိသင်အကောင်းဆုံး သားဆက်ခြားနည်းလမ်းများဖြစ်သည်။

ဟော်မုန်းပါဝင်သော သားဆက်ခြားဆေးသုံးခြင်းနှင့်အတူ အကာအကွယ်ပစ္စည်း (ကွန်ဒုံး) သုံးခြင်းသည် သားဆက်ခြားခြင်းအပြင် လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သောရောဂါများကိုပါ ကာကွယ်ပေးနိုင်သည့်အတွက် အကောင်းဆုံးသော သားဆက်ခြားနည်းလမ်းဖြစ်သည်။

သိရှိထားရမည့်အချက်များ
  • မည်သည့်သားဆက်ခြားနည်းလမ်းကိုမဆို မရွေးချယ်မီ လက်တွဲဖော်နှစ်ယောက်စလုံးသည် မိမိ၏မိသားစုဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးပြီး မိမိတို့နှင့်အသင့်တော်ဆုံးဖြစ်၍ မှန်ကန်စွာ နားလည်အသုံးပြုနိုင်မည့် နည်းလမ်းကို ရွေးချယ်သင့်သည်
  • အမျိုးသားကွန်ဒုံး (သို့မဟုတ်) အမျိုးသမီးကွန်ဒုံး အသုံးပြုခြင်းမှလွဲ၍ မည်သည့်နည်းလမ်းမဆို လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို မကာကွယ်နိုင်ပါ
  • သုက်ထွက်ခါနီး လိင်ဆက်ဆံခြင်းကိုရပ်၍ အမျိုးသားလိင်အင်္ဂါကိုထုတ်ပြီး မိန်းမကိုယ်ပြင်ပ၌ သုက်ရည်ထုတ်သော နည်းလမ်းကို အသုံးပြုပါက သန္ဓေတားနိုင်သော အကျိုးအာနိသင်နည်းသည်၊ ထို့သို့ပြုလုပ်ရန် ခက်ခဲခြင်း၊ သုက်ရည်အနည်းငယ်မျှဖြင့်ပင် ကိုယ်ဝန်ရနိုင်ခြေရှိသောကြောင့် ဤနည်းဖြင့် သားဆက်ခြားသောသူများ၏ (၂၀) ရာခိုင်နှုန်းသည် ကိုယ်ဝန်ရတတ်သည်
  • ရေတိုသားဆက်ခြားပြီး ကလေး အလျင်အမြန်ပြန်ယူမည်ဆိုလျှင် ဟော်မုန်းပါဝင်သော သားဆက်ခြားသောက်ဆေး အသုံးပြုခြင်း သို့မဟုတ် အကာအကွယ်နည်းလမ်းကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်၊ ရေရှည်သားဆက်ခြားပြီး ကလေးပြန်ယူမည်ဆိုလျှင် သားအိမ်အတွင်း သားဆက်ခြားပစ္စည်းထည့်ခြင်းနည်းလမ်း သို့မဟုတ် လက်မောင်းထဲ သားဆက်ခြားပစ္စည်းထည့်ခြင်း နည်းလမ်းကို သုံးသင့်သည်
  • လုံလောက်သော မိသားစုဝင်အရေအတွက် ရရှိပြီးပါက ရာသက်ပန် သားဆက်ခြားနည်းလမ်းဖြစ်သော သားကြောဖြတ်ခြင်းနည်းလမ်းကို ‌ရွေးချယ်ပါ
  • အချို့မှာ ဘာသာရေးနှင့်ယဥ်ကျေးမှုကြောင့် တချို့သောသားဆက်ခြားနည်းလမ်းများကို ရွေးချယ်မရနိုင်သော်လည်း မိမိ၏ယုံကြည်မှုနှင့်ယှဥ်ပြီး ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆသင့်သည်

References:

  1. Birth control options: Things to consider. (n.d.). Mayo Clinic. Retrieved June 18, 2025, from https://www.mayoclinic.org/healthy-lifestyle/birth-control/in-depth/birth-control-options/art-20045571
  2. Cleveland Clinic. (n.d.). Birth control: Forms, options, risks & effectiveness. Retrieved June 18, 2025, from https://my.clevelandclinic.org/health/articles/11427-birth-control-options

Published: 4 July 2025

Share

4 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.