Vaginal Hygiene (မိန်းမကိုယ် သန့်ရှင်းကျန်းမာရေး)

Vaginal Hygiene (မိန်းမကိုယ် သန့်ရှင်းကျန်းမာရေး)

မိန်းမကိုယ် (ယောနိ) ဆိုသည်မှာ အမျိုးသမီး မျိုးပွါးအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျုံ့နိုင်ဆံ့နိုင်သော ကြွက်သားများနှင့် ဖွဲ့စည်းထားသည့် ပြွန်တစ်ခုဖြစ်သည်။ ခန္ဓာကိုယ်အတွင်းတွင် သားအိမ်ခေါင်း၊ အပြင်တွင် မိန်းမကိုယ်နှုတ်ခမ်းသားနှင့် ဆက်ထားသော၊ ကလေးမွေးဖွားသည့် မွေးလမ်းကြောင်းနေရာလည်းဖြစ်သည်။ မျိုးပွါးနိုင်သော အရွယ်ရောက်ပြီး အမျိုးသမီးအားလုံးတွင် တစ်နည်းနည်းဖြင့် မိန်းမကိုယ်မှ အရည်ဆင်းခြင်းသည် ပုံမှန်အခြေအနေတစ်ခုဖြစ်သည်။ အမျိုးသမီးများ၏ မိန်းမကိုယ်သည် ပုံမှန်အားဖြင့် သဘာဝအလျောက် အကျိုးပြုဘက်တီးရီးယားများရှိခြင်းကြောင့် မိန်းမကိုယ် pH ကို ထိန်းညှိပေးသည့်အပြင် သူ့အလိုအလျောက် သန့်ရှင်းရေးပြုလုပ်နိုင်သော အင်္ဂါအစိတ်အပိုင်းဖြစ်သည်။

မိန်းမကိုယ်၏ ဇီဝကမ္မဖြစ်စဥ်

အောက်ပါဇီဝကမ္မဖြစ်စဉ်များသည် အမျိုးသမီးများတွင် သန့်ရှင်းကျန်းမာသော မိန်းမကိုယ်ဖြစ်စေရန် သဘာဝအလျောက်ပြုလုပ်ပေးသည်။

  1. အကျိုးပြုဘက်တီးရီးယားများ
    ကျန်းမာသော မိန်းမကိုယ်တွင် Lactobacilli ဘက်တီးရီးယားများကဲ့သို့ အကျိုးပြုပိုးမွှားမြောက်များစွာရှိပြီး ၎င်းတို့သည် လက်တစ်အက်ဆစ် ထုတ်လုပ်ပေးကာ အက်ဆစ်ဓာတ်ပါဝင်မှု (pH 3.8 – 4.5) ကို ထိန်းသိမ်းပေးသည်။ ဤဖြစ်စဉ်သည် မွေးရာပါ ကိုယ်ခံအားစနစ် (ဂလိုက်ကိုဂျင်ထုတ်လုပ်မှု၊ ဆဲလ်များကွာကျခြင်း) နှင့်အတူ ရောဂါပိုးများဝင်ရောက်ခြင်းကို တားဆီးပေးသည်။ ‌
    • ဟော်မုန်းပြောင်းလဲမှုများ (ဥပမာ _ ရာသီလာချိန်တစ်ဝိုက်၊ ကိုယ်ဝန်ဆောင်ချိန်)
    • ပိုးသတ်ဆေးများ အလွန်အကျွံသုံးခြင်း
    • အနံ့ (သို့မဟုတ်) ဓာတုပစ္စည်းများပါသော သန့်စင်ဆေးများ အသုံးပြုခြင်းကြောင့် Lactobacilli လျော့နည်းပါက အခြားဘက်တီးရီးယားပိုးဝင်ခြင်းနှင့် မှိုစွဲခြင်းကဲ့သို့သော ပြဿနာများ ဖြစ်ပွါးနိုင်သည်။
      မိန်းမကိုယ်ကျန်းမာရေးကို ထိန်းသိမ်းရန် ဒိန်ချဉ်၊ ကင်မ်ချီစသည့် ပရိုဘိုင်အိုတစ် (Probiotics) ကြွယ်ဝသော အစားအစာများ စားသုံးခြင်း၊ လေဝင်လေထွက်ကောင်းသော အတွင်းခံများ ဝတ်ဆင်ခြင်းအပြင် အနံ့ပါသော အမျိုးသမီးသန့်စင်ဆေးများသုံးခြင်းမှ ရှောင်ကြဉ်ခြင်းတို့ကို ပြုလုပ်သင့်သည်။
  2. pH အဆင့်
    မိန်းမကိုယ် pH အဆင့်သည် မိန်းမကိုယ်အတွင်းရှိ အကျိုးပြုဘက်တီးရီးယားများမှ ထုတ်သော Lactic acid စုစုပေါင်းပမာဏနှင့် ဆက်စပ်မှုရှိသည်။ မိန်းမကိုယ် pH သည် အက်ဆစ်ဓာတ်အနေဖြင့်ရှိပြီး ၄.၅ (pH ≤4.5) ပမာဏ၏ အောက်တွင် ရှိသင့်သည်။
  3. မိန်းမကိုယ်မှ အရည်ဆင်းခြင်း
    မိန်းမကိုယ်မှ အရည်ဆင်းခြင်းသည် အပျိုဖော်ဝင်စမှ သွေးဆုံးချိန်အထိ ဖြစ်ပေါ်တတ်သော ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်သည်။ ဤအရည်များတွင် သဘာဝဘက်တီးရီးယားများ၊ မိန်းမကိုယ်နံရံမှ ကွာကျသောဆဲလ်များ၊ သားအိမ်နှင့် မိန်းမကိုယ်မှထွက်သောအချွဲများ ပါဝင်သည်။
    ရာသီစက်ဝန်းအလိုက် ဤအရည်၏ အရည်အသွေးနှင့်ပျစ်ချွဲမှုများ ပြောင်းလဲနိုင်သည်။ ရာသီစက်ဝန်းအစနှင့် အဆုံးတွင် အီစတိုဂျင်ဟော်မုန်း နည်းပါးသောကြောင့် အရည်သည် ပျစ်ချွဲစေးကပ်ပြီး သုက်ပိုးများအတွက် ခက်ခဲသည်။ သားဥကြွေချိန်နီးလာသည်နှင့်အမျှ အီစတိုဂျင်ဟော်မုန်း များပြားလာခြင်းကြောင့် ဆင်းသောအရည်သည် ရေကဲ့သို့ ပိုမိုကြည်လင်လာသည်။
  4. ပိုးဝင်ခြင်းမှ ကာကွယ်ခြင်း
    ပုံမှန်မိန်းမကိုယ်အတွင်းရှိ အကျိုးပြု ဘက်တီးရီးယားများ၊ အက်ဆစ်ဓာတ်ရှိသော pH နှင့် မိန်းမကိုယ်မှ ဆင်းသောအရည်များ အားလုံးပေါင်း၍ မွေးရာပါ ကိုယ်ခံအားစနစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မိန်းမကိုယ်အတွင်းသို့ ပြင်ပမှ ရောဂါပိုးမွှားများ မဝင်ရန်ကာကွယ်ပေးသည်။
မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်စေသောအချက်များ

မိန်းမကိုယ် pH ကို မျှတအောင် ပြုလုပ်ခြင်းသည် အမျိုးသမီးများအတွက် အလွန်အရေးကြီးသော အချက်ဖြစ်သည်။ အခြားသောအချက်များမှာ _

  1. သန့်စင်ဆေးကြောခြင်း
    • မိန်းမကိုယ်အား သန့်ရှင်းစွာထိန်းသိမ်းရန် အပြင်ပိုင်းကို ပုံမှန်အတိုင်းအတိုင်း ရေဖြင့် ဆေးကြောပေးရန် လိုအပ်သည် (အတွင်းပိုင်းကို ဆေးကြောရန် မလိုအပ်ပါ)
    • ရေသည် အကောင်းဆုံးသန့်စင်ဆေးရည်ဖြစ်ပြီး အပျော့စားဆပ်ပြာအနည်းငယ်သာ လိုအပ်သည်
    • မိန်းမကိုယ်တွင်း ဆေးကြောခြင်း (Douching) ကို လုံးဝရှောင်ကြဉ်သင့်သည်၊ ၎င်းသည် pH ဓာတ်မျှခြေကို ပျက်စီးစေပြီး အကျိုးပြုဘက်တီးရီးယားများကို ဆုံးရှုံးစေနိုင်ကာ ပိုးဝင်လွယ်စေသည်။
  2. လိင်ဆက်ဆံခြင်း
    • အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းသည် လိင်မှတစ်ဆင့်ကူးစက်သောရောဂါများနှင့် မလိုလားအပ်သော ကိုယ်ဝန်ရနိုင်ခြေကို မြင့်တက်စေသည်၊ ထို့ကြောင့် အမျိုးသားနှင့် အမျိုးသမီးသုံး ကွန်ဒုံးကို အသုံးပြုရန် အရေးကြီးသည်
    • အတင်းအဓမ္မ လိင်ဆက်ဆံခံရပါက မိန်းမကိုယ်တွင် ဒဏ်ရာရရှိခြင်း၊ စိတ်ဒဏ်ရာရခြင်းနှင့် ရောဂါပိုးဝင်ခြင်းစသည့် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်
    • ပြင်းထန်သော လိင်ဆက်ဆံမှု (သို့မဟုတ်) မတော်တဆထိခိုက်မှုများကြောင့် တင်ပါးဆုံရိုးကွင်းနှင့် မိန်းမကိုယ် ဒဏ်ရာရနိုင်သည်။
  3. အချို့သော ရောဂါများနှင့် ကုသမှုများ
    • သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း၊ တင်ပါးဆုံရိုးကွင်း အတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်း၊ တင်ပါးဆုံရိုးကွင်း ခွဲစိတ်မှုမှ အမာရွတ်ဖြစ်ခြင်းနှင့် အမျိုးသမီး မျိုးပွါးအင်္ဂါများတွင် ကင်ဆာဖြစ်ခြင်း စသည့်အခြေအနေများသည် မိန်းမကိုယ်ကို ထိခိုက်စေသည်
    • အချိူ့သော ပဋိဇီဝပိုးသတ်ဆေးများကြောင့်လည်း မိန်းမကိုယ် pH မျှခြေပျက်ယွင်း၍ မှိုပိုးများကို ဖြစ်ပေါ်စေသည်
  4. သားဆက်ခြားပစ္စည်းများနှင့် မိန်းမကိုယ်သန့်ရှင်းရေးသုံး ပစ္စည်းများ
    • သားဆက်ခြား ပစ္စည်းများဖြစ်သော အမျိုးသားနှင့် အမျိုးသမီးသုံး ကွန်ဒုံးနှင့် သုက်ပိုးသတ်ဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်မှုရှိပါက မိန်းမကိုယ်ယားယံနိုင်သည်
    • မိန်းမကိုယ်သန့်ရှင်းစေရန် သုံးသောဖျန်းဆေးများ၊ အနံ့ပျောက်ဆေးများ အသုံးပြုခြင်းနှင့် မိန်းမကိုယ်အတွင်း ဆေးကြောခြင်း စသည်တို့သည် မိန်းမကိုယ် ယားယံမှုကို ဖြစ်ပေါ်စေသည်။
  5. ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်း
    • ကိုယ်ဝန်ဆောင်ချိန်တွင် မိန်းမကိုယ် အရည်ဆင်းခြင်းကို ပို၍တွေ့ရတတ်သည်
    • သဘာဝအတိုင်း ရိုးရိုးမွေးဖွားချိန်တွင် မိန်းမကိုယ် စုတ်ပြဲခြင်း အတန်အသင့် အဖြစ်များသည်၊ ထို့ပြင် မိန်းမကိုယ်ရှိ ကြွက်သားတင်းအားကို လျော့နည်းစေနိုင်သည်။
  6. စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
    • စိတ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း ဖြစ်ပေါ်နေချိန်တွင် လိင်ဆက်ဆံမှု ပြုလုပ်ပါက မိန်းမကိုယ် သဘာဝဖြစ်စဉ်များ လျော့နည်းစေသောကြောင့် မိန်းမကိုယ်နာကျင်မှု ဖြစ်နိုင်သည်။
  7. ဟော်မုန်းဆိုင်ရာ ပြဿနာများ
    • ဟော်မုန်းပမာဏ ပြောင်းလဲမှုများကြောင့်လည်း မိန်းမကိုယ်ကျန်းမာ‌ရေးကို သက်ရောက်မှုရှိသည်
      (ဥပမာ_သွေးဆုံးပြီးချိန်နောက်ပိုင်းတွင် ခန္ဓာကိုယ်ထဲတွင် အီစတိုဂျင်ပမာဏ နည်းပါးသောကြောင့် မိန်းမကိုယ်သေး၍ ကျုံ့သွားပြီး မိန်းမကိုယ် ထိခိုက်နိုင်သည်)
မိန်းမကိုယ်တွင်တွေ့ရသောပြဿနာများ

အမျိူးသမီးများအတွက် ဘဝတစ်လျှောက်လုံးတွင် အမျိုးမျိုးသော မိန်းမကိုယ်ပြဿနာများကို ခံစားရနိုင်သည်။ ထိုသို့ ခံစားရပါက နေ့စဥ်သက်သောင့်သက်သာမရှိခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းကျန်းမာရေးထိခိုက်ခြင်း စသည်တို့ကြုံတွေ့နိုင်သည်။ ထို့ကြောင့် မိန်းမကိုယ်ပြဿနာများ ပေါ်ပေါက်လာပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသ၍ တိုင်ပင်ဆွေးနွေးရန်လိုသည်။ အဖြစ်များသော မိန်းမကိုယ်ပြဿနာများမှာ_

  • မိန်းမကိုယ် ပိုးဝင်ရောင်ရမ်းခြင်း (Vaginitis)
    မိန်းမကိုယ် ပိုးဝင်ခြင်းကြောင့် မိန်းမကိုယ် pH ဓာတ်မျှခြေပျက်ယွင်း၍ ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ အဖြစ်များသော ပိုးဝင်ခြင်းများမှာ မှိုပိုးများ၊ ဘက်တီးရီးယားပိုးများနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးများ [ဥပမာ_ကယ်လ်မိုင်းဒီးယား (Chlamydia)၊ ဆီးပူ‌‌ညောင်းကျရောဂါ (Gonorrrhoea)၊ ရေယုန် (Herpes) နှင့် ကြွက်နို့ဗိုင်းရပ်စ်ပိုး (Human Papilloma Virus)] စသည်တို့ဖြစ်သည်။
  • မိန်းမကိုယ် ခြောက်သွေ့ခြင်း (Vaginal dryness)
    မိန်းမကိုယ်ခြောက်သွေ့ခြင်းသည် အီစတိုဂျင်ဟော်မုန်း လျော့နည်းခြင်းကြောင့်ဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် အီစတိုဂျင်ဟော်မုန်း လျော့နည်းနိုင်သည်။ (ဥပမာ_မီးယပ်သွေးဆုံးပြီးချိန်၊ ကလေးနို့တိုက်နေစဥ်ကာလ၊ ဟော်မုန်းပါသော သားဆက်ခြားဆေးများသုံးခြင်း၊ ဆီးချိုရောဂါနှင့် Sjogren’s syndrome ကဲ့သို့ ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းနှင့်ဆိုင်သည့်ရောဂါများ)
  • မိန်းမကိုယ်သေး၍ ကျုံ့ခြင်း (Vaginal atrophy)
    မိန်းမကိုယ် ခြောက်သွေ့ခြင်းနှင့် သဘောတရားချင်း တူညီသည်။ အီစတိုဂျင်ဟော်မုန်း နည်းခြင်းကြောင့် ဖြစ်ပြီး သွေးမဆုံးမီနှင့် သွေးဆုံးပြီးအမျိုးသမီးများတွင် တွေ့ရနိုင်သော်လည်း သွေးဆုံးပြီးအမျိုးသမီးများတွင် ပို၍တွေ့ရသည်။ မိန်းမကိုယ်ခြောက်သွေ့ခြင်းနှင့် တွဲ၍တွေ့ရှိရသည်။
  • တင်ပါးဆုံရိုးကွင်းအတွင်းမှ အင်္ဂါများကျွံကျခြင်း
    တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများ အားလျော့လာသောကြောင့် တင်ပါးဆုံရိုးကွင်းအတွင်းရှိ အင်္ဂါများ မိန်းမကိုယ်ထဲသို့ ကျွံကျလာနိုင်သည်။ မိန်းမကိုယ်ကြွက်သား အားလျော့ခြင်းကြောင့်လည်း ကျွံကျနိုင်သည်။
  • ဘာသိုးလင်းအရည်အိတ်ဖြစ်ခြင်း
    ပိုးဝင်ရောင်ရမ်းခြင်းနှင့် မိန်းမကိုယ်ထိခိုက်မိခြင်းကြောင့် ဘာသိုးလင်းဂလင်း ထွက်ပေါက်ပိတ်ကာ အရည်အိတ်တည်နိုင်သည်။
မိန်းမကိုယ်ကျန်းမာစေရန် ပြုလုပ်ရမည့်အချက်များ

သင့်လျော်သော မိန်းမကိုယ်သန့်ရှင်းရေးနှင့် ကျန်းမာရေးသည် အမျိုးသမီးတစ်ဦးအတွက် အလွန်အရေးကြီးသောကြောင့် ကောင်းမွန်စွာ ထိန်းသိမ်းရန်လိုအပ်သည်။

  • လိင်မှတစ်ဆင့် ကူးစက်သောရောဂါများမှ ကာကွယ်ရန်နှင့် ဘေးကင်းစိတ်ချရစေရန် လိင်ဆက်ဆံပါက ကွန်ဒုံးကိုအသုံးပြုရန် လိုသည်၊ လိင်ဆက်ဆံဖော်များခြင်းကို ရှောင်ကြဥ်ရန်လည်း လိုသည်
  • လိင်ဆက်ဆံပြီးပါက ဆီးသွားခြင်း၊ ရေဖြင့်ဆေးကြောခြင်းများ ပြုလုပ်ပါ
  • လိင်အင်္ဂါကြွက်နို့ဖြစ်ခြင်းမှ ကာကွယ်ရန် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးခြင်းနှင့် လိင်ဆက်ဆံရာမှ ကူးစက်တတ်သော အသည်းရောင်အသားဝါ ဘီ ပိုးမှ ကာကွယ်ရန် အသည်းရောင်အသားဝါ ဘီ ပိုးကာကွယ်ဆေးကို ကြိုတင်ထိုးနှံရန် လိုအပ်သည်
  • တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားတင်းရင်းစေသော လေ့ကျင့်ခန်းများ (Kegel exercise) ပြုလုပ်ခြင်းဖြင့် မိန်းမကိုယ်နံရံ ကြွက်သားများ လျော့တွဲခြင်းကို သက်သာစေပြီး ဆီးလမ်းကြောင်းပြဿနာများ ဖြစ်ပွါးမှုကိုပါ လျော့ကျစေသည်‌
  • မိန်းမကိုယ်အတွင်း ဆေးကြောခြင်းကို ရှောင်ကြဥ်ရန်လိုသည်၊ ထို့ပြင် မိန်းမကိုယ် သန့်ရှင်းရေးပစ္စည်းများ သုံးရာတွင် ရနံ့ပါသောအရည်များ၊ အနံ့ပြင်းသော ဆပ်ပြာများ၊ ပေါင်ဒါများနှင့် ရေမွှေးများသုံးခြင်းမပြုရပါ
  • အိမ်သာအသုံးပြုပြီးပါက စအိုမှ ဘက်တီးရီးယားများ မိန်းမကိုယ်သို့ မကူးစက်စေရန် အရှေ့မှ အနောက်သို့ သန့်ရှင်းရေး ပြုလုပ်ပါ
  • လေဝင်လေထွက်ကောင်းသော ချည်သားအတွင်းခံများကို ရွေးချယ်ဝတ်ဆင်ခြင်းဖြင့် စိုထိုင်းဆနှင့် ပိုးမွှားများပေါက်ပွါးမှုကို ‌လျော့ကျစေသည်
  • ချွေးထွက်များ‌သော၊ ရေစိုနေသော၊ တင်းကျပ်နေသော အဝတ်အစားများကို အချိန်ကြာမြင့်စွာ ဝတ်ဆင်ခြင်းမှ ရှောင်ကြဥ်ပါ
  • ရာသီလာနေစဥ် အမျိုးသမီးလစဥ်သုံးပစ္စည်းများ၊ ဂွမ်းတောင့်များ (Tampon) များကို မကြာခဏလဲပေးရန်လည်း လိုအပ်သည်

References:

  1. Chen, Y., Bruning, E., Rubino, J., & Eder, S. E. (2017). Role of female intimate hygiene in vulvovaginal health: Global hygiene practices and product usage. Retrieved June 4, 2025, from Women S Health, 13(3), 58–67. https://doi.org/10.1177/1745505717731011
  2. Clinic, C. (2025). 9 tips to keep your vagina and vulva healthy. Cleveland Clinic. Retrieved June 4, 2025, from https://health.clevelandclinic.org/how-to-keep-your-vagina-happy-healthy
  3. How to keep your vagina healthy. (n.d.). Mayo Clinic. Retrieved June 4, 2025, from https://www.mayoclinic.org/healthy-lifestyle/womens-health/in-depth/vagina/art-20046562
  4. Anadolu Sağlık Merkezi. (n.d.). Genital area hygiene. Retrieved June 4, 2025, from https://www.anadolumedicalcenter.com/health-guide/genital-area-hygiene
  5. Team, A. (2024). Physiological (normal) vaginal discharge. GPnotebook. Retrieved June 4, 2025, from https://gpnotebook.com/pages/gynaecology/physiological-normal-vaginal-discharge
  6. ObGyn, B., & ObGyn, B. (2024). Vaginal hygiene – do’s and don’ts. Retrieved June 4, 2025, from Bloom Ob/Gyn Washington DC ObGyn ›. https://bloom-obgyn.com/vaginal-hygiene-dos-and-donts/

Published: 23 June 2025

Share

23 June 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.