သွားများသည် ခန္ဓာကိုယ်အစာခြေစနစ်တွင်ပါဝင်ပြီး ခန္ဓာကိုယ်တွင် အမာဆုံးသော အစိတ်အပိုင်းများဖြစ်သည်။ အစာစားခြင်း၊ စကားပြောခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာသွင်ပြင်သဏ္ဌာန်ကို မြှင့်တင်ပေးခြင်းစသည့် လုပ်ငန်းစဥ်များတွင် ပါဝင်သည်။ သွားပေါက်ခြင်းသည် ကလေးများ၏ကြီးထွားဖွံ့ဖြိုးမှုတွင် ပါဝင်သော သဘာဝဖြစ်စဥ်တစ်ခုဖြစ်သည်။ သွားပေါက်သည့်အချိန်တွင် ကလေးများ၌ အနည်းငယ် မသက်မသာ ခံစားရနိုင်သော်လည်း ကြီးမားသော နောက်ဆက်တွဲပြဿနာများမရှိပါ။
သွားများ၏ဖွဲ့စည်းတည်ဆောက်ပုံ
သွားများကို သွားဖုံးပေါ်တွင် ပေါ်နေသောအစိတ်အပိုင်း ခေါင်းပိုင်း (Crown) နှင့် သွားဖုံးတွင်းမြုပ်နေသော အစိတ်အပိုင်း _ သွားမြစ် (Root) ဟုခေါ်သော အဓိကအစိတ်အပိုင်းနှစ်ခုဖြင့် ဖွဲ့စည်းထားသည်။ သွားတစ်ချောင်းကို အောက်ပါအလွှာသုံးလွှာဖြင့် ဖွဲ့စည်းထားသည်။ အပြင်ဘက်ဆုံးအလွှာမှာ အမာဆုံးဖြစ်ပြီး ကြွေသွားလွှာ (Enamel) ဟုခေါ်သည်။ အလယ်အလွှာကို ဆင်စွယ်နှစ်လွှာ (Dentine) ဟုခေါ် ပြီး ကြွေသွားလွှာလောက် မာကျောခြင်းမရှိပါ။ အတွင်းဆုံးတွင် မွသွားလွှာ ခေါ် အသားနုလွှာ (Pulp) ရှိပြီး သွေးကြောများ၊ အာရုံကြောများပါဝင်သည်။
သွားများကို လုပ်ဆောင်ချက်နှင့် တည်နေရာပေါ်မူတည်၍ အောက်ပါအတိုင်း အဓိကအုပ်စု (၄) ခုအဖြစ် ခွဲခြားနိုင်သည်။
- ရှေ့သွား (Incisor)
- အပေါ်မေးရိုးတွင် (၄) ချောင်း၊ အောက်မေးရိုးတွင် (၄) ချောင်းစီနှင့် စုစုပေါင်း (၈) ချောင်းရှိသည်
- ပါးစပ်ထဲမှာ အမြင်သာဆုံးသွားများဖြစ်သည်
- ရှေ့သွားများသည် မျက်နှာပြင်အနားသတ်များ ပါးလွှာသောကြောင့် အစာကို တိတိကျကျကိုက်၍ ဖြတ်တောက်နိုင်သည်
- ထို့ကြောင့် အစာ (ဥပမာ _ ပန်းသီး) ကို စတင်ကိုက်ဖြတ်ရန် အဓိကအသုံးပြုသည်
- စွယ်သွား (Canine)
- အပေါ်မေးရိုးတွင် (၂) ချောင်း၊ အောက်မေးရိုးတွင် (၂) ချောင်းစီနှင့် စုစုပေါင်း (၄) ချောင်းရှိသည်
- ခွေးများ၏ အစွယ်နှင့် ပုံသဏ္ဌာန်ဆင်တူသောကြောင့် စွယ်သွားဟုခေါ်ပြီး အခြားသွားအမျိုးအစားများထက် ပိုရှည်ကာ ချွန်ထက်သည်
- အစာကို ဖြတ်တောက်ရုံသာမက ကိုက်ဖဲ့ခြင်း၊ ဆုတ်ဖြဲခြင်းများအတွက် အသုံးပြုသည်
- ထို့ကြောင့် ထုထည်ကြီးသော အသားတုံးများနှင့် ကြွပ်ဆတ်သော အသီးအရွက်များကို ကိုက်ဖဲ့စားရာတွင် အသုံးဝင်သည်
- အံရှေ့သွား (Premolar)
- အပေါ်မေးရိုးတွင် (၄) ချောင်း၊ အောက်မေးရိုးတွင် (၄) ချောင်းစီနှင့် စုစုပေါင်း (၈) ချောင်းရှိသည်
- သွားများသည် အဖျားတွင် ပြား၍ ပါးသွားသည့် ပုံသဏ္ဌာန်ရှိပြီး အဖျားနှစ်ခွပုံစံရှိသောကြောင့် Bicuspids ဟုလည်းခေါ်သည်
- စွယ်သားနှင့်အံသွား နှစ်မျိုးစလုံး၏ လုပ်ဆောင်ချက်များကို လုပ်နိုင်သည်
- အစာကို ကိုက်ဖဲ့ခြင်း၊ ဆုတ်ဖြဲခြင်းအပြင် အစာချေရာတွင် လွယ်ကူစေရန် ပိုမိုသေးငယ်သော အစိတ်အပိုင်းများဖြစ်အောင် ကြိတ်ချေပေးခြင်းကိုလည်း လုပ်ဆောင်သည်
- အံသွား (Molar)
- အံသွားများသည် အကြီးဆုံးသွားများဖြစ်ပြီး ပါးစပ်၏ အနောက်ဖက်ပိုင်းတွင် တည်ရှိသည်
- အံသွားများသည် မျက်နှာပြင်ကျယ်၍ ပြားသည့်ပုံသဏ္ဌာန်ရှိပြီး အဖျားများသည် လုံးဝန်းနေသောကြောင့် အစားအစာများကို ကြိတ်ဝါးရန်အတွက် အကောင်းဆုံးဖြစ်သည်
- ကလေးများတွင် အံဆုံးသွား (၄) ချောင်း မပေါက်သေးသောကြောင့် အပေါ်မေးရိုးတွင် (၄) ချောင်း၊ အောက်မေးရိုးတွင် (၄) ချောင်းစီနှင့် စုစုပေါင်း (၈) ချောင်းရှိသည်
- လူကြီးများတွင် အံဆုံးသွားအပါအဝင် အပေါ်မေးရိုးတွင် (၆) ချောင်း၊ အောက်မေးရိုးတွင် (၆) ချောင်းစီနှင့် စုစုပေါင်း (၁၂) ချောင်းရှိသည်
- အံသွားများ၏ အဓိကလုပ်ငန်းသည် အစားအစာများကို ဝါးစားရန်အတွက် ဖြစ်သောကြောင့် အစာကိုကြိတ်ဝါးခြင်းနှင့် သေချာအောင် ကြေညက်စေရန်အတွက် အရေးပါသည်
သွားဖွံ့ဖြိုးမှုအဆင့်များ
ကလေးသွားများ/ငယ်သွားများ (Primary dentition)
ကလေးသွား (သို့မဟုတ်) နို့သွားဟုလည်းခေါ်ပြီး ယေဘုယျအားဖြင့် အသက် (၆)လ မှ (၃)နှစ်အတွင်း ပေါက်သည်။ ကလေးအများစုသည် အသက် (၃) နှစ်ပြည့်သည့်အချိန်တွင် ငယ်သွားများအားလုံး ပေါက်ပြီးဖြစ်နေသင့်သည်။ အပေါ်သွား (၁၀) ချောင်းနှင့် အောက်သွား (၁၀) ချောင်းရှိပြီး စုစုပေါင်းငယ်သွား အချောင်း (၂၀) ရှိသည်။ တစ်တန်းချင်းစီတွင် ရှေ့သွား (၄) ချောင်း၊ စွယ်သွား (၂) ချောင်းနှင့် အံသွား (၄) ချောင်းရှိသည်။ ကလေးတစ်ဦးနှင့်တစ်ဦး သွားစတင်ပေါက်သည့်အချိန်သည် ကွာခြားမှုရှိသော်လည်း သွားပေါက်သည့်အစဥ်သည် တူညီမှုရှိသည်။
သွားအမျိုးအစားများ | အပေါ်သွားပေါက်ချိန် | အောက်သွားပေါက်ချိန် |
---|---|---|
အလယ်ရှေ့သွား | အသက် (၈)လ မှ (၁၂)လ | အသက် (၆)လ မှ (၁၀)လ |
ဘေးရှေ့သွား | အသက် (၉)လ မှ (၁၃)လ | အသက် (၁၀)လ မှ (၁၆)လ |
စွယ်သွား | အသက် (၁၆)လ မှ (၂၂)လ | အသက် (၁၇)လ မှ (၂၃)လ |
ပထမအံသွား | အသက် (၁၃)လ မှ (၁၉)လ | အသက် (၁၄)လ မှ (၁၈)လ |
ဒုတိယအံသွား | အသက် (၂၅)လ မှ (၃၃)လ | အသက် (၂၃)လ မှ (၃၁)လ |
ရောနှောသွားများ (Mixed dentition)
ကလေးသွားများနှင့် လူကြီးသွားများရော၍ ရှိနေသည့်အဆင့်ဖြစ်သည်။ လူကြီးသွားများသည် အသက် (၆) နှစ်ခန့်မှ စတင်၍ပေါက်တတ်ပြီး အသက် (၂၀) ကျော်အရွယ်အထိ ဆက်လက်ပေါက်နိုင်သည်။ ယေဘုယျအားဖြင့် အသက် (၁၂)နှစ် မှ (၁၄)နှစ်တွင် ငယ်သွားများအားလုံးကျွတ်ပြီး ကြီးသွားများဖြင့် အစားထိုးပြီးဖြစ်သည်။
လူကြီးသွားများ (Permanent dentition)
သွားပေါက်ခြင်း၏နောက်ဆုံးအဆင့်ဖြစ်ပြီး အံဆုံးအပါအဝင် လူကြီးသွားအားလုံးနီးပါး ပေါက်သည်။ လူကြီးသွားများသည် ပုံမှန်အားဖြင့် စုစုပေါင်း (၃၂) ချောင်းရှိသည်။ အများအားဖြင့် အသက် (၂၅) နှစ်တွင် သွားများအားလုံးပေါက်ပြီးဖြစ်သော်လည်း တစ်ခါတစ်ရံတွင် အံဆုံးသည် အသက် (၃၀) ဝန်းကျင်အထိ ဆက်လက်ပေါက်နိုင်သည်။
သွားပေါက်ချိန်တွင် ယှဥ်တွဲလာတတ်သောလက္ခဏာများ
သွားပေါက်ချိန်တွင် ကလေးများသည် အောက်ပါအချက်များကို ခံစားရနိုင်သည်။
- သွားဖုံးများရောင်ရမ်းခြင်း၊ နာကျင်ခြင်း
- ဂျီကျခြင်း၊ ပုံမှန်ထက်ပို၍ငိုခြင်း
- အပူချိန်အနည်းငယ်တက်ခြင်း
- ပစ္စည်းများကိုကိုက်ခြင်း၊ ဝါးခြင်း
- သွားရည်ကျခြင်း
- ချောင်းဆိုးခြင်း
- ပါးများကိုပွတ်ခြင်း
- လက်ကိုက်ခြင်း
- အစားနည်းသွားခြင်း
- အိပ်ရန်ခက်ခဲခြင်း စသည်တို့ဖြစ်နိုင်သည်။
သွားပေါက်ခြင်းသည် နာကျင်ခြင်းကိုခံစားရစေနိုင်သော်လည်း ဖျားနာခြင်းကိုမဖြစ်စေပါ။ အဖျားအနည်းငယ် ရှိနိုင်သော်လည်း အဖျားကြီးခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ အနီပြင်များထွက်ခြင်းစသည့် လက္ခဏာများရှိပါက သွားပေါက်ခြင်းနှင့် မသက်ဆိုင်ဘဲ အခြားရောဂါပိုးများကြောင့်ဖြစ်နိုင်၍ မိသားစုဆရာဝန်နှင့် ချက်ချင်းပြသရမည်ဖြစ်သည်။
သွားပေါက်ချိန်နောက်ကျရသောအကြောင်းရင်းများ
အချို့သောကလေးများတွင် သွားပေါက်ချိန်နောက်ကျတတ်သည်။ ထိုအခြေအနေများသည် ပုံမှန်သဘာဝဖြစ်စဥ် ဖြစ်နိုင်သကဲ့သို့ နောက်ခံရောဂါအခြေအနေများကြောင့်လည်း ဖြစ်နိုင်သည်။
- မျိုးဗီဇအခြေအနေ _ သွားပေါက်နောက်ကျခြင်းသည် မိသားစုမျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ အချို့သောမျိုးဗီဇရောဂါများကြောင့်လည်း ဖြစ်နိုင်သည် (ဥပမာ _ ဒေါင်းစင်ဒရုန်း)
- လမစေ့သောကလေးများ သို့မဟုတ် ပေါင်မပြည့်သောကလေးများ _ ထိုကလေးများတွင် သွားပေါက်နောက်ကျခြင်းကို အခြားဖွံ့ဖြိုးမှုနောက်ကျခြင်းများစွာနှင့် တွဲ၍တွေ့နိုင်သည်
- ဗီတာမင်ချို့တဲ့ခြင်း _ အာဟာရချို့တဲ့ခြင်း၊ ဗီတာမင်ချို့တဲ့ခြင်းများသည် သွားပေါက်နောက်ကျခြင်းတွင် အရေးကြီးသော အပိုင်းတွင်ပါဝင်သည် (ဥပမာ _ ဗီတာမင် ဒီ ချို့တဲ့ခြင်းကြောင့်ဖြစ်သော အရိုးပျော့ခြင်း)
- ဟော်မုန်းဆိုင်ရာရောဂါများ _ မွေးရာပါ သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း၊ ကြီးထွားမှုဟော်မုန်းကို ထုတ်ပေးသော ပီကျူထရီဂလင်းဆိုင်ရာရောဂါများတွင် ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်းနှင့်အတူ သွားပေါက်ချိန်နောက်ကျခြင်းကိုပါ တွဲ၍တွေ့ရသည်
သွားပေါက်ချိန်နောက်ကျခြင်းကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ
- သွားမညီမညာဖြစ်ခြင်း _ လူကြီးသွားပေါက်ချိန် နောက်ကျခြင်း သို့မဟုတ် ပုံမှန်မဟုတ်သည့် အနေအထားဖြင့် ပေါက်ခြင်းများဖြစ်ပါက သွားများညီညာမှုမရှိတော့ဘဲ သွားထပ်ခြင်း၊ သွားခေါခြင်းများ ဖြစ်ပေါ်နိုင်သည်၊ သွားညှိကုသမှုများ ပြုလုပ်ရန်လိုအပ်နိုင်သည်
- အစာဝါးခြင်းနှင့် စကားပြောဆိုရာတွင် အခက်အခဲများရှိခြင်း _ သွားပေါက်ချိန်နောက်ကျပါက အစာကိုကောင်းစွာမဝါးနိုင်ခြင်းနှင့် စကားလုံးများကို ရှင်းလင်းစွာ အသံမထွက်နိုင်ခြင်းကြောင့် စကားပြောရာတွင် အခက်အခဲရှိ နိုင်သည်၊ အာဟာရချို့တဲ့ခြင်းနှင့် လူမှုဆက်ဆံရေးတွင် နှောင့်နှေးခြင်းများလည်း ဖြစ်နိုင်သည်
- မိမိကိုယ်ကိုယုံကြည်မှုနည်းပါးခြင်း _ သွားဖွံ့ဖြိုးမှုနောက်ကျသည့် ကလေးများနှင့် ဆယ်ကျော်သက်များသည် သွားထပ်ခြင်း၊ သွားမညီညာခြင်းစသည့် သွားအခြေအနေများကြောင့် မိမိကိုယ်ကိုယုံကြည်မှု နည်းပါးနိုင်သည်
- သွားနှင့်ခံတွင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ _ သွားပေါက်ချိန်နောက်ကျခြင်းကြောင့် သွားအခေါင်းပေါက်များဖြစ်ခြင်းနှင့် သွားဖုံးရောဂါများ ဖြစ်နိုင်ခြေကို ပိုများစေသည်၊ သွားများမညီညာခြင်းများကြောင့် သွားနှင့်ခံတွင်းသန့်ရှင်းရေးပြုလုပ်ချိန်တွင် အခက်အခဲများရှိသောကြောင့် သွားပိုးစားခြင်းများနှင့် သွားဖုံးရောင်ခြင်းများကို ပိုဖြစ်စေသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သွားဘက်ဆိုင်ရာဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ကုသခြင်း
အိမ်တွင်ကုသခြင်း
သွားပေါက်ခြင်းကြောင့် သွားနာခြင်းကိုခံစားရပါက သက်သာစေရန်အောက်ပါတို့ကို ပြုလုပ်ပေးနိုင်သည်
- သွားဖုံးကို သန့်ရှင်းသောလက်ချောင်း သို့မဟုတ် သန့်ရှင်း၍ ရေစွတ်ထားသော ပဝါ သို့မဟုတ် အအေးခံထားသော ဇွန်းဖြင့် ညင်သာစွာပွတ်ပေးခြင်း
- နာကျင်မှုသက်သာစေရန် ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက်ဆေးများတိုက်ခြင်း
- နာကျင်မှုကြောင့် သွားရည်များကျနေပါက သေချာစွာသန့်ရှင်းရေးပြုလုပ်ပေးခြင်းတို့ ပြုလုပ်ရမည်
- သို့သော် သွားဖုံးကိုထုံကျဥ်စေသော ဂျဲလ်များသုံးခြင်း၊ ခရင်မ်များ သုံးခြင်းကို ရှောင်ကြဥ်ရမည်
သွားပေါက်ချိန်နောက်ကျခြင်းအတွက် ကုသခြင်း
အာဟာရချို့တဲ့ခြင်း၊ နောက်ခံရောဂါများကြောင့် သွားပေါက်ချိန်နောက်ကျခြင်းမှလွဲ၍ ကုသမှုပေးရန် မလိုအပ်ပါ။
ယေဘုယျအားဖြင့် ကလေးများသည် အသက် (၆)လ မှ (၁၂) လအတွင်း သွားပေါက်လေ့ရှိသည်။ အသက် (၁၈) လအထိ သွားမပေါက်သေးပါက သွားဘက်ဆိုင်ရာဆရာဝန်များဖြင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ လိုအပ်ပါက စမ်းသပ်စစ်ဆေးခြင်း၊ သွားဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ရန် လိုအပ်နိုင်သည်။
သွားကျန်းမာရေးအတွက် ပြုလုပ်သင့်သည့် အလေ့အထများ
- သွားမပေါက်မီတွင် မိခင်များသည် နို့တိုက်ပြီးတိုင်း ကလေး၏ပါးစပ်ကို သန့်ရှင်းရေး ပြုလုပ်ပေးသင့်သည်၊ သန့်ရှင်းရေးပြုလုပ်ရာတွင် မိခင်ရော ကလေးပါ သက်သောင့်သက်သာရှိ၍ ကလေး၏ပါးစပ်ကို အလွယ်တကူမြင်နိုင်သော အနေအထားဖြင့် ပြုလုပ်ရမည်
- သွားမပေါက်မီတွင် သန့်ရှင်းသော ဂွမ်းစ (သို့မဟုတ်) နူးညံ့သောအဝတ်ကို လက်ချောင်းတွင်ပတ်၍ သန့်ရှင်းရေးပြုလုပ်ရမည်၊ သန့်ရှင်းရေးပြုလုပ်မည့် ဂွမ်း (သို့မဟုတ်) အဝတ်စကို စိုစွတ်အောင်ပြုလုပ်၍ သွားဖုံးကိုညင်သာစွာ ပွတ်ပေးရမည်
- သွားစတင်ပေါက်သည်နှင့် အသက် (၂) နှစ်အောက် ကလေးများအတွက် ရည်ရွယ်၍ထုတ်လုပ်ထားသော နူးညံ့သည့်သွားတိုက်တံဖြင့် သွားကိုသန့်ရှင်းရေးပြုလုပ်ပါ၊ စက်ဝိုင်းပုံစံ ညင်ညင်သာသာ ပွတ်တိုက်ပါ
- သွား၏ ရှေ့၊ နောက်၊ အပေါ်၊ အောက်ဘက်များကို သေချာတိုက်ပါ
- နောက်ဆုံးတွင် လျှာကိုလည်း ညင်သာစွာ ပွတ်တိုက်ပေးပါ
- ထိစပ်နေသောသွားများကြားတွင် သွားပွတ်ကြိုးဖြင့် သန့်ရှင်းရေးလုပ်ပေးရမည်
- သွားတိုက်ရာတွင် ကလေးများအတွက်ထုတ်လုပ်ထားသော ဖလိုရိုက်ပါဝင်မှုနည်းသော သွားတိုက်ဆေးကို အသုံးပြုရမည်၊ အသက် (၃) နှစ်အောက် ကလေးများတွင် ဆန်စေ့ပမာဏခန့် ထည့်၍ သန့်ရှင်းရေးပြုလုပ်ရမည်၊ အသက် (၃) နှစ်အထက်ကလေးများတွင် ပဲစေ့ပမာဏခန့် ထည့်၍ သန့်ရှင်းရေးပြုလုပ်ရမည်
- အသက် (၂) နှစ်အရွယ်မှစတင်၍ သွားကိုကိုယ်တိုင်တိုက်တတ်စေရန် လေ့ကျင့်သင်ကြားပေးရမည်
- အသက် (၁၀) နှစ်အရွယ်တွင် ကလေးသည် သွားကို တစ်ဦးတည်း ကောင်းစွာသန့်ရှင်းရေး ပြုလုပ်နိုင်စေရန်၊ သွားပွတ်ကြိုးကို ကောင်းစွာအသုံးပြုတတ်စေရန် လေ့ကျင့်သင်ကြားပေးရမည်
- ကျန်းမာသောသွားများရှိစေရန် အသက် (၁) နှစ်မှစ၍ သို့မဟုတ် ပထဆုံးသွားစတင်ပေါက်ချိန်မှစ၍ သွားဘက်ဆိုင်ရာဆရာဝန်များနှင့်ပြသ၍ ညွှန်ကြားချက်များကို သေချာစွာလိုက်နာရန် လိုအပ်သည်
References:
- Professional, C. C. M. (2025). Teething/Teething syndrome. Cleveland Clinic. Retrieved April 2, 2025, from https://my.clevelandclinic.org/health/articles/11179-teething-teething-syndrome
- Professional, C. C. M. (2025). Teeth. Cleveland Clinic. Retrieved April 2, 2025, from https://my.clevelandclinic.org/health/body/24655-teeth
- Dental: teeth and gum care for infants and toddlers. (n.d.). Retrieved April 2, 2025, from https://www.nationwidechildrens.org/family-resources-education/health-wellness-and-safety-resources/helping-hands/dental-teeth-and-gum-care-for-infants-and-toddlers
- Specialties, W. D. (2022). Delayed tooth Eruption: A Parents’ guide to baby teeth. Woodhill Dental Specialties • Pediatric Dentistry & Orthodontics • Dallas & Rockwall, TX. Retrieved April 2, 2025, from https://www.woodhilldentalspecialties.com/delayed-tooth-eruption-what-to-expect/#:~:text=Other%20genetic%20conditions%20may%20also,can%20be%20one%20of%20them.
- Dr Joy Dental Clinic. (2023). What are the causes of delayed dental development? Dr Joy Dental Clinic. Retrieved April 2, 2025, from https://www.drjoydentalclinic.com/what-are-the-causes-of-delayed-dental-development/
Published: 26 May 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.